The Corner

The Corner

cropped-Logo_round_grey-background.png

“လီ” မျိုးဆက် မပါတော့တဲ့  စင်ကာပူရွေးကောက်ပွဲ… CWM

Share မယ်

လာမယ့် မေလ(၃)ရက်မှာ စင်ကာပူမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စင်ကာပူလွှတ်တော်(ပါလီမန်)ကို ဧပြီ(၁၅)ရက်က ဖျက်သိမ်းလိုက်ပါပြီ။ ခု ကျင်းပမယ့် စင်ကာပူရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် လောရင့်စ် ဝေါင်း ရဲ့ အရည်အချင်းကို စမ်းသပ်မယ့်ပွဲ ဖြစ်သလို စင်ကာပူ လွတ်လပ်ရေး ရပြီး ကတည်းက အစဉ်အဆက် အုပ်ချုပ်လာခဲ့တဲ့ “လီ” မျိုးဆက်နောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲလည်း ဖြစ်တယ်။ လီကွမ်ယူ၊ ဂိုချောက်တောင် နဲ့ လီကွမ်ယူရဲ့သား လီရှင်လွန်း အစရှိတဲ့ စင်ကာပူခေါင်းဆောင်တွေ မရှိတော့တဲ့နောက် ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်။ 

            လက်ရှိ ဝန်ကြီးချုပ် လောရင့်စ် ဝေါင်း က ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ မေလ ၁၅ ရက်မှာ ဝန်ကြီးချုပ် လီရှင်လွန်း အနား ယူပြီးတဲ့နောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ သူက လီရှင်လွန်း လက်အောက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် ၂၀၂၂ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်နေခဲ့သူပါ။ ဗြိတိသျှ Westminster system အရ ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ် တာဝန်ပေးရပါတယ်။ လီရှင်လွန်းအနားယူတဲ့အခါ စင်ကာပူအာဏာရ ( PAP) ပါတီက လောရင့်စ်ဝေါင်းကို ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ကြတယ်။ လောရင့်စ်ဝေါင်းဟာ PAP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်တယ်။ (ဗြိတိသျှ Westminster စနစ်အရ အင်အားအကြီးဆုံးပါတီရဲ့ ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးပြီး  ဒီစနစ်ကို ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ မလေးရှား၊ အိန္ဒိယ နဲ့ ဗြိတိန် နိုင်ငံတွေမှာလည်း ကျင့်သုံးကြတယ်။) 

            ခု ကျင်းပမယ့် ရွေးကောက်ပွဲက ဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန်တွေကြောင့် ကမ္ဘာ့ ကုန်သွယ်ရေး ကမောက်ကမဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေလို့ လောရင့်စ် ဝေါင်း အတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့ ရွေးကောက်ပွဲလည်းဖြစ်တယ်။ 

            မြို့ပြကျွန်းနိုင်ငံသေးသေးလေးက ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးကို အဓိက အားထားနေရလို့ ခုလို အမေရိကန် နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ် အကြီးအကျယ်ဖြစ်လာချိန် မတည်မငြိမ် ဖြစ်လာတဲ့ ကုန်သွယ်ရေးစနစ်က စင်ကာပူ စီးပွားရေးကို ရိုက်ခတ်မှု ရှိလာပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ စင်ကာပူ ကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းကို မူလ ၃% အထိ မှန်းထားရာက သုညကနေ ၂% အထိပဲ မှန်းထားတော့တယ်လို့ ထုတ်ပြန်ခဲ့တယ်။ 

            စင်ကာပူ ရွေးကောက်ပွဲက စိတ်ဝင်စားစရာ မရှိပါဘူးလို့ ဆိုရင်လည်းရတယ်။ ဘယ်အချိန်ပြိုင်ပြိုင်၊ ဘယ်တော့ ပြိုင်ပြိုင် လက်ရှိအာဏာရ PAP (People Action Party) ကပဲ အနိုင်ရနေတာ မဟုတ်လား။ မှန်ပါတယ်။ PAP ဟာ စင်ကာပူဖခင်ကြီး လီကွမ်းယူ ဦးဆောင်ခဲ့တဲ့ သက်တမ်းရင့်ပါတီတစ်ခုဖြစ်ပြီး ၁၉၅၉ ခုနှစ်ကနေ ဒီနေ့အထိ အာဏာရနေတဲ့ ပါတီလည်းဖြစ်တယ်။ စင်ကာပူက မလေးရှားနိုင်ငံရဲ့ တောင်ဘက်စွန်းပြည်နယ်ကနေ မြို့ပြ ကျွန်းနိုင်ငံ ဖြစ်လာခဲ့တာဖြစ်ပြီး စတင် ထူထောင်ခဲ့တဲ့ လီကွမ်ယူက စင်ကာပူကို ဩဇာလွှမ်းမိုးခဲ့တဲ့PAP ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ 

            မေလ ၃ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာ ၉၇ နေရာ အတွက် အဓိကပါတီကြီး PAP အပါအဝင် ပါတီသုံးခု ယှဉ်ပြိုင်ကြပါမယ်။ စင်ကာပူရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အတိုက်အခံပါတီတွေက အင်အားမကောင်းလှပါဘူး။ ခု ၂၀၂၅ ရွေးကောက်ပွဲမှာလည်း ၂၀၂၀ တုန်းကလို WP (Workers Party) နဲ့ PSP (Progress Singapore Party) တို့ ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ပရီတမ် ဆင်း ဦးဆောင်တဲ့ Workers Party က အရင်ရွေးကောက်ပွဲတုန်းက ရှစ်နေရာ အနိုင်ရထားပြီး PSP က နှစ်နေရာ အနိုင်ရထားတယ်။ အခု လာမယ့် ရွေးကောက်ပွဲမှာလည်း အာဏာရ PAP ပါတီကပဲ နေရာအများဆုံးနဲ့ အနိုင်ရဦးမှာပါ။ 

            စင်ကာပူ လွတ်လပ်ရေးရခဲ့တာ ဒီနှစ် ၂၀၂၅ ဆိုရင် နှစ်ပေါင်း ၆၀ ရှိပါပြီ။ ၁၉၆၅ ခုနှစ်၊ ဩဂုတ် (၉) ရက်နေ့မှာ မလေးရှားလွှတ်တော်က စင်ကာပူပြည်နယ်ကို မလေးရှားဖက်ဒရယ် ပြည်ထောင်စုကနေ ဖယ်ရှားလိုက်ကြောင်း ကန့်ကွက်သူ မရှိ မဲခွဲအတည်ပြုလိုက်ချိန်မှာ စင်ကာပူ ခေါင်းဆောင် လီကွမ်းယူဟာ မျက်ရည်ကျခဲ့တယ်လို့ ဆိုတယ်။ တကယ်တော့ လီကွမ်းယူက မလေးရှားဖက်ဒရယ်ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ဆန္ဒမရှိခဲ့သူတစ်ဦးပါ။ 

            လွတ်လပ်ရေးရကာစ စင်ကာပူဟာ အခွံချည်းသက်သက်ပါ။ ဘာသယံဇာတမှမရှိ၊ ဆင်းရဲပြီး အလုပ် လက်မဲ့ ပေါများ၊ အခြေခံအဆောက်အအုံ မည်မည်ရရ မရှိတဲ့အပြင် တရုတ်-မလေး လူမျိုးရေးအဓိကရုဏ်းတွေ တခြိမ်းခြိမ်း ဖြစ်နေခဲ့တယ်။ ဒီလို ဘာသယံဇာတမှ မရှိ။ ဆင်းရဲတဲ့ ကျွန်းနိုင်ငံကလေးဟာ နှစ်ပေါင်း(၆၀) ကြာတဲ့အခါ ကမ္ဘာမှာ တဦးချင်း ပျမ်းမျှဝင်ငွေအများဆုံး ငါးနိုင်ငံထဲက တစ်နိုင်ငံဖြစ်လာပြီး ထိပ်တန်းစီးပွါးရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဖြစ်လာတယ်။ ၁၉၆၅ ခုနှစ်က စင်ကာပူက လူတစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ၅၀၀ သာရှိခဲ့ရာက ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၆၉၀၀၀ အထိ ရှိလာတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ တစ်ဦးချင်း ပျမ်းမျှဝင်ငွေထက် ပိုများတယ်။ 

            အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်မှု၊ စီးပွားရေး မူဝါဒကောင်းများ ချမှတ်ခြင်း၊ ပညာရေးနဲ့ ကျွမ်းကျင်မှုအခြေခံ လူသားအရင်းအမြစ်တည်ဆောက်မှု၊ သမားရိုးကျ ကုန်ထုတ်လုပ် မှုပုံစံကနေ ဘဏ္ဍာရေးနဲ့ နည်းပညာအခြေခံ ကုန်ထုတ်လုပ်မှု ပြောင်းလဲကျင့်သုံးခြင်း စတဲ့ အကျိုးဆက် အောက်မှာ ဒီနေ့ အာရှမှာ အဖွံ့ဖြိုးဆုံး၊ လုံခြုံစိတ်ချရဆုံး နိုင်ငံဖြစ်လာခဲ့တာပါ။ စင်ကာပူရဲ့ လက်ရှိ နိုင်ငံခြားသုံးအရန်ငွေက ဒေါ်လာ ဘီလျံ ၃၀ ရှိတယ်လို့ ဆိုတယ်။  

            ဧရိယာမကျယ်ဝန်းလှတဲ့ ကျွန်းနိုင်ငံလေးဟာ ၂၁ရာစုမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးနဲ့ သံတမန်ရေးအရ လေးစား ခံလာရတဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်။ PAP ကသာ ရွေးကောက်ပွဲတိုင်းအနိုင်ရလို့ စင်ကာပူကို တစ်ပါတီ စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံလို့ ဆိုမယ်ဆိုရင် ဆိုနိုင်တယ်။ ဒါပေမယ့် လီကွမ်းယူ ဦးဆောင်ခဲ့တဲ့ PAP ဟာ စင်ကာပူကို စီးပွားရေး၊ လူနေမှုစနစ် အကောင်းဆုံး၊ အတည်ငြိမ်ဆုံးဖြစ်အောင် စနစ်တကျ တည်ဆောက် ခဲ့တယ်။ လီကွမ်းယူ အနားယူသွား ချိန်မှာ ဂိုချောက်တောင်က ဦးဆောင်ခဲ့ပြီး ဂိုချောက်တောင် နားချိန်မှာ လီကွမ်ယူရဲ့သား လီရှန်လွန်းက ဦးဆောင် ခဲ့တယ်။ လီရှန်လွန်း နားတဲ့အခါ လက်ရှိဝန်ကြီးချုပ် လောရင့်စ်ဝေါင်းက ဆက်လက်တာဝန်ယူခဲ့တယ်။ 

            အသက်(၅၂) နှစ်သာရှိသေးတဲ့ လောရင့်စ်ဝေါင်းက စင်ကာပူရဲ့ စတုတ္ထမျိုးဆက်ခေါင်းဆောင်ပါ။ ငယ်ရွယ် တယ်။ ပညာတတ်တယ်။ ဟားဗတ် နဲ့ မီချီဂမ် စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ အစိုးရဝန်ထမ်းအဖြစ် နှစ်ပေါင်း အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံရင့်ကျက်တယ်။ 

            လာမယ့်ရွေးကောက်ပွဲဟာ လောရင့်စ်ဝေါင်းအတွက် စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲ အလွန်မှာ ဝေါင်း ဆက်လက်ရင်ဆိုင်ရမယ့် ကမ္ဘာကြီးဟာ မှန်းဆမရတဲ့ ကမ္ဘာကြီးဖြစ်နေတယ်။  ဒေါ်နယ် ထရမ့်ရဲ့ ကုန်သွယ်ခွန်စစ်ပွဲဟာ စင်ကာပူကို သေချာပေါက် ရိုက်ခတ်လာပါတော့မယ်။

            “လွတ်လပ်တဲ့ ကုန်သွယ်ရေးစနစ်နဲ့ ဥပဒေအခြေပြု ကမ္ဘာလုံးဆိုင်ရာခေတ်ဟာ ကုန်ဆုံးသွားပါပြီ။ ကျွန်တော်တို့ဟာ အနိုင်အထက်ပြုခံရမှု၊ နေရာပျောက်ဆုံးမှုနဲ့ နောက်ကျကျန်နေခဲ့ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ” လို့ မကြာသေးခင်က စင်ကာပူလွှတ်တော်မှာ လောရင့်စ်ဝေါင်းက သတိပေးပြောကြားသွားခဲ့တယ်။ 

            စင်ကာပူရွေးကောက်ပွဲမှာ လက်ရှိအာဏာရ PAP ပါတီပဲ အများစုနဲ့ အနိုင်ရမယ်ဆိုပေမယ့် အတိုက်အခံပါတီ တွေလည်း ထိုက်သင့်တဲ့ မဲဆန္ဒနယ်အရေအတွက်နဲ့ အနိုင်ရလာတာကို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တွေ့ရတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ခံအစိုးရအတွက် ကိုဗစ်ကပ်ဘေးစိန်ခေါ်မှုဖြစ်ခဲ့ရင် ခုတစ်ခါရွေးကောက်ပွဲအပြီး အစိုးရရဲ့ စိန်ခေါ်မှုဟာ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန် စစ်ပွဲ နောက်ဆက်တွဲပဲ ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ဗဟိုချက် စင်ကာပူကို ဦးဆောင်မယ့် ခေါင်းဆောင် ဟာ ဒီအခြေအနေကို ရင်ဆိုင်ဖို့ အသင့် ရှိနေရပါ လိမ့်မယ်။

Click to rate this post!
[Total: 1 Average: 5]