The Corner

The Corner

cropped-Logo_round_grey-background.png

ပေါ်သစ်၊ ခင်ဝမ်းနှင့် ဂါးနီးကား 

Share မယ်

ဂွာရာနီကာလား၊ ဂွာယာနီးကားလား၊ ဂါးနီးကားလား 

စပိန်လူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီး ပတ်ဘလိုပီကာဆိုအကြောင်းပြောလျှင် ဂွာရာနီကာနှင့် ငြိမ်းချမ်းရေးချိုးဖြူငှက်အကြောင်းက အမြဲလိုလိုပါသည်။ တစ်ခုက စစ်ဆန့်ကျင်ရေးပန်းချီကား၊ တစ်ခုက ငြိမ်းချမ်းရေးသရုပ်ဖော်ပန်းချီ။ စပိန်နိုင်ငံမြောက်ပိုင်း ဂွာရာနီကာရွာ၏အဖြစ်အပျက်ကို ဖတ်ရှုခံစားပြီး ခြယ်မှုန်းထားသည့်အတွက် ဒီပန်းချီကားက ဂွာရာနီကာအမည်တွင်သွားတာ ဖြစ်သည်။ စပိန်နိုင်ငံမြောက်ပိုင်းနှင့် ပြင်သစ်နိုင်ငံ အနောက်တောင်အစပ်တွင် ဘတ်စ်ခ် (Basque) လူမျိုးတို့ နေထိုင်ရာ Basque Country (ဘတ်စ်ခ်နယ်မြေ) ရှိသည်။ ဂွာရာနီကာက ထိုနယ်ထဲက တောမကမြို့မကျ မြို့ငယ်လေး။ စစ်ရေးအရ မည်သို့မျှအရေးပါအရာရောက်သည့်ရွာ မဟုတ်လေ။ 

Guernica ကို ဂွာရာနီကာ / ဂွာယာနီးကားဟု ရေးကြ၊ ဖတ်ကြတာများသည်။ ဒီနာမည်ကို ဘတ်စ်ခ် (Basque) လို၊ စပိန်လို ဘယ်လိုအသံထွက်သလဲ။ သူတို့အသံထွက်ကို မိမိနားထောင်ကြည့်သော်လည်း အသံကိုသေချာဖမ်း၍မရ။ အင်္ဂလိပ်အသံထွက်ကတော့ လွယ်သည်။ ဂါးနီးကား / ဂဲရ်နီးကား (/ɡɜːrˈniːkə/) ပါတဲ့။ Guernica စကားလုံးထဲက u က အသံတိတ် (silent) ဖြစ်သည်။ ဒီနာမည်က ဂွာရာနီကာဆိုတာကြီးထက် အသံထွက်ရလွယ်သည်။ သို့ပေမဲ့ ဂွာရာနီကာသမားတွေ အားမငယ်နဲ့ဗျ။ အမေရိကန်တွေက တစ်ခါတလေ ဂွဲရ်နီးကား (gwair-NEE-kah) လို့ ထွက်ကြတုန်းပါတဲ့ခင်ဗျာ။ 

အလှရှာတော်ပုံထဲက ဂါးနီးကား 

၁၉၆၇ ခုနှစ်မှာ ပေါ်သစ် (ဦးဝင်းတင်) ၏ အလှရှာတော်ပုံစာအုပ် (ပင်မရေစီးစာပေ) ထွက်လာသည်။ ကမ္ဘာ့ပန်းချီအကြောင်း၊ မြန်မာ့ပန်းချီအကြောင်း ဆောင်းပါးတွေကို စုစည်းထုတ်ဝေထားတာ။ ကိုယ်တိုင် ပန်းချီဆရာမဟုတ်ပေမဲ့ ဆရာက ပန်းချီကို ချစ်မြတ်နိုးသူ။ တရှိုက်မက်မက်ခံစားသူ။ အစဉ်တစိုက် လေ့လာမှတ်သားနေသူ။ အမှတ်အသား၊ အစုအဆောင်းကောင်းသူ။ ဒီစာအုပ်ကို ပန်းချီလောကရော၊ ပန်းချီချစ်သူတွေပါ ဝမ်းပန်းတသာ ကြိုဆိုကြသည်။

အလုပ်ခန်းထဲက ပီကာဆို၏ ဂါးနီးကား (Credit: Amazon.au)

ထိုစာအုပ်ထဲ ကျူဘစ်ဇင်နည်း ခေါင်းစဉ်ငယ်အောက်မှာ ပီကာဆို၏ ဂါးနီးကား (ဂွာယာနီးကား) ပန်းချီအကြောင်း ဆရာကဤသို့ရေးသည်။ 

………. 

၁၉၃၀ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ၌ စီးပွားရေးပျက်ကပ်ကြီးဆိုက်သည်။ အီတလီ၊ ဂျာမနီတို့တွင် ဖက်ဆစ်နာဇီများ ခေါင်းပြူလာသည်။ သူ့ဇာတိစပိန်ပြည်တွင် ပြည်တွင်းစစ်ဖြစ်သည်။ တကမ္ဘာလုံးမှ ဒီမိုကရေစီနှင့် လွတ်လပ်ရေးကိုမြတ်နိုးသူတိုင်း စပိန်သို့လာရောက်ပြီး နိုင်ငံတကာတပ်များဖွဲ့ကာ ဖက်ဆစ်အာဏာရှင် ဖရန်ကို၏တပ်များကို တိုက်ခိုက်သည်။ ထိုအချိန်တွင် ဖက်ဆစ်အင်အားစုထိပ်သီး ဂျာမနီနာဇီအစိုးရက ဖရန်ကိုဘက်မှဝင်ကူသည်။ စပိန်ပြည် ဂွာယာနီးကားမြို့ကို ဗုံးကြဲသည်။ အပြစ်မဲ့သော အရပ်သူအရပ်သားများ သေကြေပျက်စီးကြရသည်။ 

၁၉၃၇ ခုနှစ်တွင် ပီကာဆိုသည် ပဲရစ်မြို့ကမ္ဘာ့ကုန်စည်ပြပွဲမှ စပိန်သမ္မတနိုင်ငံပြခန်းအတွက် ပန်းချီကားကြီး တချပ်ရေးပေးသည်။ ထိုပန်းချီကားကြီးကား ကမ္ဘာ့ပန်းချီလောကတွင် ကျော်ကြားသော ဂွာယာနီးကား ပန်းချီကားကြီးဖြစ်သည်။ ကျူဘစ်ဇင်နည်းဖြင့် ရေးဆွဲထားသည်။ နွားရုပ်ကြီးသည် စပိန်ပြည်ကို တင်စားသည်။ မြင်း၊ မိန်းမ၊ စစ်သားရုပ်တို့သည် စပိန်ပြည်သူတို့၏ စစ်ဒဏ်လူးလွန့်ခံစားကြရပုံကို တင်စားသည်။ မီးအိမ်နှင့်လျှပ်စစ်မီးသည် အမှန်တရား၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာဆိတ်သုဉ်းမည့်အရေးကို ဖော်ညွှန်းသည်။ အချို့က နွားရုပ်သည် ရက်စက် ကြမ်းကြုတ် ရိုင်းစိုင်းယုတ်မာမှုကို တင်စားသည်ဟု ယူဆသည်။ (မူရင်းသတ်ပုံ) 

ဂွာယာနီးကားပန်းချီကားအောက်မှ အညွှန်းစာ 

၁၉၃၇ ခုနှစ်တွင် ရေးဆွဲသည်။ စပိန်ပြည်တွင်းစစ်တွင် နာဇီဖက်ဆစ်တို့က ပြည်သူ့ဆန့်ကျင်ရေးအင်အားစုများဘက်မှ ဝင်လာပြီး ဂွာယာနီးကားရွာကလေးအပေါ် ဗုံးကြဲချခြင်းကို သရုပ်ဖော်သည်။ ၂၅ ပေရှည်လျားသော ဧရာမ ပန်းချီကားကြီးဖြစ်သည်။ အဖြူ၊ အနက်နှင့် မီးခိုးရောင်များကိုသာ အသုံးပြုသည်။ စစ်၏ကြမ်းကြုတ်ရက်စက်မှု၊ သေကြေပျက်စီးမှုသရုပ်ကို အစွမ်းကုန်ဖွင့်ပြသောလက်ရာဖြစ်၍ ကမ္ဘာကျော်သည်။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ် စသည်တို့သည် ကျူဘစ်ဇင်းနည်းအတိုင်း စစ်၏အဖျက်အဆီးကို အဖက်ဖက်မှ မြင်ရပုံသဘောဖြစ်သည်။ လျှပ်စစ်မီးနှင့် မီးအိမ်သည် သိပ္ပံပညာနှင့် လူ့ယဉ်ကျေးမှုကို ရည်ညွှန်းသည်။ (စာ – ၂၆၃-၂၆၅) ………. 

ခင်ဝမ်း၏တုံ့ပြန်ချက် 

အလှရှာတော်ပုံထွက်ပြီး ၄ နှစ်အကြာ ၁၉၇၁ ခုမှာ ခင်ဝမ်း၏ စိတ္တဇပန်းချီ (နိုင်ငံစာပေ) ထွက်လာသည်။ ဒီစာအုပ်ထုတ်ချိန် ပန်းချီဆရာ၊ စာရေးဆရာခင်ဝမ်းက ၂၄ နှစ်သာရှိသေးသည်။ ဒီတော့ အတွေးရဲရဲအရေးရဲရဲ လက်ကုန်ဖွင့်ရေးထားတဲ့ သူ့စာတွေဖတ်ရသည်။ သူ့စာက အကြမ်း၊ အနု၊ အမာ၊ အပျော့ရောနေသည်။ သေချာတာကတော့ စိမ်းစိုလတ်ဆတ်သည်။ တိုက်ရိုက်ကျသည်။ သူပြောချင်တာ လွတ်လွတ်လပ်လပ်ပြောသည်။ သူ့ကိုစိုးမိုးထား၊ ဖိစီးထားတာ ဘာတစ်ခုမှမရှိ။ သူ့ရည်ရွယ်ချက်က စိတ္တဇပန်းချီအကြောင်းတင်ပြချင်တာရော၊ စိတ္တဇပန်းချီအပေါ် အများစုက အလွဲလွဲအမှားမှားရှုမြင်သုံးသပ်၊ ပြောဆိုဝေဖန်ရေးသားနေတာတွေကို ရှင်းလင်း ချင်တာ ရောပါသည်။ စိတ္တဇပန်းချီကားတစ်ချပ်ကြည့်ပြီး ဝေဖန်တဲ့အခါ တင်စားမှုဆိုတဲ့စကားလုံးကို အရမ်းကာရောသုံးပြီး ပြောဆိုနေကြ၊ ဝေဖန်နေကြတာကိုလည်း သူနားကြားပြင်းကပ်ဟန်တူသည်။ ဒါကြောင့် တင်စားမှုဆိုတဲ့စကားလုံးကို သူပြင်းပြင်းထန်ထန် ဝေဖန်သည်။ 

ဒီအကြောင်းပြောရင်း ပေါ်သစ်ရဲ့ ဂွာယာနီးကားပန်းချီကားမှတ်ချက်အကြောင်း ရောက်သွားသည်။ ခင်ဝမ်းက ပေါ်သစ်၏အမြင်ကို သို့ကလို တုံ့ပြန်ဝေဖန်သည်။ 

……ဗမာပြည်ရဲ့ စိတ္တဇပန်းချီအသိုင်းအဝိုင်းမှာ တင်စားမှု တင်စားမှုနဲ့ ခဏခဏကြားနေရတယ်။ တချို့ပန်းချီသမားတွေကလဲ ဟုတ်သယောင် သံယောင်လိုက်နေကြတယ်။ ဒါဟာ ပြည်သူကို လမ်းလွဲလိုက်စေတာပဲ။ 

ဥပမာ – ပီကာဆိုရဲ့ ဂွာရာနီကာဆိုတဲ့ ပန်းချီကားကို ပေါ်သစ်က ဝေဖန်ထားတယ်။ 

‘နွားရုပ်ကြီးသည် စပိန်ပြည်ကို တင်စားသည်။ မြင်း၊ မိန်းမ၊ စစ်သားရုပ်တို့သည် စပိန်ပြည်သူတို့၏ စစ်ဒဏ်လူးလွန့် ခံစားကြရပုံကို တင်စားသည်။ မီးအိမ်နှင့် လျှပ်စစ်မီးသည် အမှန်တရား၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာ ဆိတ်သုဉ်းမည့် အရေးကို ဖော်ညွှန်းသည်။ အချို့က နွားရုပ်သည် ရက်စက်ကြမ်းကြုတ်ရိုင်းစိုင်းယုတ်မာမှုကို တင်စားသည်ဟု ယူဆသည်။’ (အလှရှာတော်ပုံ၊ ၂၆၅) 

ဒီလိုပေါ်သစ်က ရေးခဲ့တယ်။ ပေါ်သစ်ဟာ ပန်းချီကို သံယောဇဉ်ကြီးခဲ့တယ်။ ပန်းချီအပေါ် စေတနာထားခဲ့တယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် ဗမာပြည်ရဲ့တစ်အုပ်တည်းသော ခေတ်မီပန်းချီဝေဖန်ရေးစာအုပ်ဖြစ်လာလို့လဲ ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုရေးသားမှုတွေက မှားနေတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲသူမဟုတ်တော့ သူလဲ လက်လှမ်းမီရာ ဖတ်ရင်း ရေးလိုက်ဟန်တူတယ်။ 

ဝေဖန်ကြည့်ရအောင်။ သူက တင်စားမှုတွေရေးသွားတယ်။ နွားရုပ်က စပိန်ပြည်ကို တင်စားတယ်တဲ့။ ဒါကို ဘယ်သူသတ်မှတ်သလဲ။ ဘယ်သူက သိသလဲ။ ဒါကိုစဉ်းစားရမယ်။ နွားရုပ်ဟာ စပိန်ပြည်ကို တင်စားတာဖြစ်ကြောင်း ဘာကိုကြည့်ပြီး သိနိုင်မလဲ။ ဘယ်လိုမှ မသိနိုင်ဘူး။ နွားရုပ်ဟာ နွားရုပ်ပါပဲ။ စပိန်ပြည်မဖြစ်နိုင်ပါဘူး။ ဆွဲထားတာက နွားရုပ်။ ဒါကို စပိန်ပြည်ပါလို့ ကျွန်တော်တို့ ဘယ်သူမှသိမှာ မဟုတ်ဘူး။ မသိတာပြောရင်တော့ ပန်းချီဟာ ‘စကားထာဝှက်နည်း’ တစ်မျိုးဖြစ်သွားမယ်။ အောက်ပိုင်းမှာလဲ ‘အချို့က နွားရုပ်သည် ရက်စက်ကြမ်းကြုတ် ရိုင်းစိုင်းယုတ်မာမှုကို တင်စားသည်ဟု ယူဆသည်။’ လို့ ရေးထားပြန်တယ်။ နှစ်မျိုးဖြစ်ရုံတင်မကဘူး။ ဆန့်ကျင်လဲနေပြန်တယ်။ နွားရုပ်ဟာ ရက်စက်ကြမ်းကြုတ် ရိုင်းစိုင်းယုတ်မာမှုတင်စားတယ်ဆိုရင် သူ့မှာရက်စက်တဲ့ သင်္ကေတသဘောရှိနေရမယ်။ ဥပမာ – မြေခွေး။ ဒီလိုရက်စက်တဲ့သဘောကိုဆောင်တဲ့ သင်္ကေတဟာ စပိန်ပြည်ကို တင်စားလို့မရဘူး။ စပိန်ပြည်ဟာ စစ်ဒဏ်ကို ခံနေရတာ။ ဒီလိုပဲ အဓိပ္ပာယ်အမျိုးမျိုးထွက်တဲ့ တင်စားမှုမျိုး၊ နှစ်ဖက်ချွန်သင်္ကေတမျိုးဟာ ရှိနိုင်ပါ့မလား။ ရှိကိုမရှိနိုင်ပါဘူး။ ဒီလိုတင်စားမှုဟာလဲ မဖြစ်နိုင်ပါဘူး။ 

‘မီးအိမ်နှင့် လျှပ်စစ်မီးသည် အမှန်တရား၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာဆိတ်သုဉ်းမည့်အရေးကို ဖော်ညွှန်းသည်။’ လို့လဲ ဆိုထားပြန်တယ်။ အမှန်တရား၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာဟာ မီးအိမ်တို့၊ လျှပ်စစ်မီးတို့နဲ့ ဘယ်လိုဆက်သွယ်နေသလဲ။ မီးအိမ်တို့၊ လျှပ်စစ်မီးတို့ထည့်ဆွဲထားရင် အမှန်တရား၊ ယဉ်ကျေးမှုနဲ့ သိပ္ပံပညာဆိတ်သုဉ်းမဲ့အရေးပဲလို့ တသမတ်တည်း သတ်မှတ်ထားကြသလား။ ဒီလိုစဉ်းစားကြည့်တော့ ဒါတွေဟာ အဓိပ္ပာယ်မဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပဲလို့ တွေ့လာတယ်။ လူတွေအနေနဲ့ ဒီလိုအဓိပ္ပာယ်ဖွင့်မှုတွေ၊ တင်စားမှုတွေကြောင့် ပန်းချီကားလာပြီး ကြည့်ကြတာမဟုတ်ဘူး။ ပန်းချီကားဟာလဲ အဘိဓာန်မဟုတ်ဘူး။ တင်စားမှုတွေ၊ အဓိပ္ပာယ်ဖွင့်မှုတွေဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ 

ဂွာယာနီကာလို အမျိုးအစားက သရုပ်ဖော်မှုမျိုးပဲ။ ဂွာယာနီကာမှာ ဗုံးကြဲတဲ့အခါ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ပြေးကြ၊ လွှားကြ၊ အော်ဟစ်ကြ ဖြစ်ကုန်တယ်။ ဒီသဘောကို သရုပ်ဖော်ဖို့ ပန်းချီကားကို ရုတ်ရုတ်သဲသဲဖြစ်အောင် ရေးပြလိုက်တာ။ ဂွာယာနီကာမှာတော့ တကယ့်လူတွေက ပြေးကြလွှားကြတယ်။ အော်ဟစ်ကြတယ်။ ဒါပေမယ့် ဒါကို ပန်းချီသမားက ပိုပြီးအားကောင်းအောင် လူတွေကို အချိုးအစားတွေပြောင်းပစ်တယ်။ မြင်းတွေ နွားတွေထည့်လာတယ်။ ဒါက ပန်းချီသမားရဲ့ အနုပညာပဲ။ ဒီပန်းချီကားဟာ ဖွဲ့စည်းမှုကောင်းတယ်။ ပါဝင်တဲ့ ဒြပ်ထုတွေရဲ့အချိုးအစား ညှိနှိုင်းမှုပြည့်ဝတယ်။ ပရိသတ်မမျှော်လင့်တဲ့ သင်္ကေတတွေဟာ စစ်ကာလဗုံးကြဲခံရတဲ့ ဂွာယာနီကာမြို့ရဲ့ ခံစားရမှုအဖြစ်အပျက်တွေကို ‘စိတ်ကူးညီမျှချက်’ (Imaginative Equivalent) သရုပ်ဖော်တာပဲ ဖြစ်တယ်။ 

ဒြပ်ထုခွဲထုတ်မှုတွေမှာလဲ အားကောင်းတယ်။ ဒါတွေကြောင့် စစ်သရုပ်ဖော် ဒီပန်းချီကားဟာ ကမ္ဘာကျော်ခဲ့တယ်။ စစ်သရုပ်ကိုလဲ ဖော်နိုင်စွမ်းရှိတယ်။ အနုပညာရပ်ပရိသတ်ကို ချုပ်ကိုင်နိုင်စွမ်းရှိတယ်။ ဒီလိုနှစ်ဖက်ခွပြီး အားကောင်းတဲ့အတွက် ဒီပန်းချီကားရဲ့တန်ဖိုးမြင့်မားတာပဲ။ ဒီလို သရုပ်ဖော်ပန်းချီတိုင်းကို ပေါ်သစ်က တင်စားမှုလို့ပြောခဲ့တယ်။ ပန်းချီကို အရမ်းအထင်ကြီးပြီး တွယ်တာတတ်တဲ့သဘောလို့ပဲ ကျွန်တော်ထင်ပါတယ်။ …… (စာ – ၈၃-၈၆) 

ခင်ဝမ်း၏ စိတ္တဇပန်းချီစာအုပ်ကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် အလင်းသစ်စာပေက ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်၌ အလှရှာတော်ပုံထဲက ပေါ်သစ်၏ရေးသားချက်အပေါ် ခင်ဝမ်း၏ တုံ့ပြန်ဝေဖန်ချက်ကို ချန်လှပ်ခဲ့သည်။ ဒီစာအုပ်ထဲမှာ ခင်ဝမ်း၏ဇနီးဖြစ်သူ ဒေါ်ခင်လေးမြင့်၏အမှာစကား ပါသည်။ 

..….ဒီစာအုပ်ကိုရေးစဉ်တုန်းက ကိုခင်ဝမ်းဟာ ပန်းချီတစ်ခုတည်းကိုပဲ တစိုက်မတ်မတ်လေ့လာနေတဲ့အချိန်ဖြစ်နေလို့ သူ့ရဲ့ရင်ထဲမှာ ပန်းချီအာရုံတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် ပန်းချီကို လောဘတက်ပြီး သူ့ရဲ့အသုံးအနှုန်းတွေဟာ မာနေခဲ့ပါတယ်။ ဒါပေမဲ့ စေတနာ၊ ကရုဏာတွေအပြည့်နဲ့ဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ……. 

ဒီစာအုပ်က ခင်ဝမ်းကွယ်လွန်ပြီး ၁၀ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တာ။ ဒီအချိန်ဆရာပေါ်သစ်က မြန်မာပြည်ရဲ့နိုင်ငံရေးအိုင်ကွန်တစ်ခု ဖြစ်နေပြီ။ ထို့ကြောင့် ဒေါ်ခင်လေးမြင့်နှင့် ထုတ်ဝေသူများက ခင်ဝမ်း၏ “ပန်းချီလောဘကြောင့် မာနေတဲ့အသုံးအနှုန်းတွေ” ကို တမင်ချန်လှပ်ခဲ့တာဖြစ်မည်။ ဒီအတွက် သာဓုခေါ်ပါ၏။ သို့ပေမဲ့ တချို့သောထုံးတွေစံတွေကို ချိုးဖောက်ဖို့ဦးမလေးတဲ့ ခင်ဝမ်းတစ်ယောက်သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင်ဖြင့် သူ့စာတွေဖြုတ်ပစ်တာကို သဘောတူလက်ခံလေမလား။ တကယ်တော့ သူ့အချိန်၊ သူ့အခါ၊ သူ့အရွယ်၊ သူ့အကြောင်းနှင့်သူ ရေးခဲ့တယ်ဆိုတာ စာဖတ်သူအများစုက သဘောပေါက်လက်ခံပါသည်။ အသက်ငယ်နုသေးတဲ့ ခပ်တင်းတင်းပြောတတ်တဲ့ စိတ်အားထက်သန်တဲ့ ပန်းချီဆရာပေါက်စ ခင်ဝမ်းက ပန်းချီဝေဖန်ရေးဆရာ ပေါ်သစ်ကို ပြောခဲ့တာ၊ ရေးခဲ့တာဖြစ်ကြောင်း သတိချပ်ဖို့လိုပါသည်။

သူ့ပန်းချီကားအပေါ် ပီကာဆိုဘာပြောသလဲ 

“ပန်းချီကားဟာလဲ အဘိဓာန်မဟုတ်ဘူး။ တင်စားမှုတွေ၊ အဓိပ္ပာယ်ဖွင့်မှုတွေဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။” ဟု ခင်ဝမ်းကရေးခဲ့သည်။ ဒါကော လုံးဝဥဿုံမှန်ရဲ့လား။ ခင်ဝမ်းရဲ့စေတနာက ပန်းချီကို တင်စားမှုတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ဘောင်ခတ်မကြည့်စေချင်တာ။ ပန်းချီမှာ ကြည့်စရာ၊ ခံစားစရာတွေက တစ်ပုံတစ်ပင်။ ပန်းချီကားရဲ့ ဖွဲ့စည်းမှုတွေ၊ ကားထဲပါတဲ့ ဒြပ်ထုတွေရဲ့အချိုးအစားကို ကစားထားတာတွေ၊ အချိုးအစားကို ဖျက်ထားတဲ့ကြားက ကားတစ်ခုလုံးအနေနှင့် ပြေပြစ်အောင်ပြန်ညှိထားတာတွေ၊ ထောင့်တွေယူထားတာ၊ အလင်းအမှောင်ယူထားတာ၊ အရောင်သုံးထားတာ၊ အရောင်မသုံးဘဲ အဖြူအမည်းနှင့်ဆွဲထားတာ ….. ဒါမျိုးတွေကို ဦးစားပေးစေချင်တာ။ 

သို့သော်လည်း ခင်ဝမ်းပြောသလို “တင်စားမှုတွေ၊ အဓိပ္ပာယ်ဖွင့်မှုတွေဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။” ဆိုတာကျတော့လည်း တစ်ဖက်စွန်းရောက်သွားသည်ထင်သည်။ ပန်းချီကားထဲပုံတွေ (လူ၊ တိရစ္ဆာန်၊ အရာဝတ္ထု) ပါလာရင် ကြည့်သူက “ဒါတွေက ဘာတွေပါလိမ့်၊ ဘာအဓိပ္ပာယ်နဲ့ ထည့်ဆွဲထားတာပါလိမ့်” ဆိုတာ သူ့ဘာသာမေးခွန်းထုတ်မိ၊ သူ့ဘာသာအဖြေထုတ်မိတတ်တာပါပဲ။ ဒါလည်း မွေးရာပါလူ့သဘာဝတစ်ခုဆိုတာ ခင်ဝမ်းမေ့လျော့သွားလေသလား။ 

ပီကာဆိုကိုယ်နှိုက် ဒီပန်းချီကားနှင့်ပတ်သက်ပြီး “ခင်ဗျားရဲ့ပန်းချီက ဘာကိုဆိုလိုတာလဲ။ ဘာကိုတင်စားတာလဲ” ဟု အမေးခံရဖူးသည်။ ပီကာဆိုပြန်ပြောတာရိုးရိုးလေးပါပဲ။ ဒီပန်းချီက အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့လူတွေ၊ တိရစ္ဆာန်တွေရဲ့အဖြစ်ဆိုးကို လူတွေအားလုံးသိအောင် တင်ပြတာပါတဲ့။ စပိန်နိုင်ငံကို ဒုက္ခနှင့်သေခြင်း သမုဒ္ဒရာထဲ နှစ်မြှုပ်ပစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ်အပေါ် မိမိရဲ့စက်ဆုပ်မုန်းတီးမှုကို ပြတ်ပြတ်သားသားဖော်ကျူးတာပါတဲ့။ သူ့ကားထဲက မြင်းနှင့်နွားသိုးက သူတစ်သက်တာလုံး ရေးဆွဲခဲ့သည့်ကားတွေထဲ မကြာမကြာ ပါနေကျအကောင်တွေ။ ကလေးဘဝကတည်းက ကြည့်ခဲ့ရတဲ့ စပိန်နွားရိုင်းနှင့်လူသတ်ပွဲပုံရိပ်တွေ။ အသက်ရှင်သန်ခြင်း၊ သေခြင်းနှစ်ခုလုံးကို ထွန်းပြတဲ့ သင်္ကေတတွေ။ အချို့ပညာရှင်တွေက မြင်းနှင့်နွားကို သမ္မတဘက်တော်သား (မြင်း) နှင့် ဖရန်ကို၏ ဖက်ဆစ်တပ် (နွား) တို့၏တိုက်ပွဲဟု အဓိပ္ပာယ်ကောက်သည်။ 

ပီကာဆိုက သူ့ပန်းချီကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ရှင်းလင်းခြင်းမပြုခဲ့။ ဒါက ပန်းချီဆရာအလုပ်မဟုတ်။ သူက တစ်ခုပဲပြောသည်။ “နွားသိုးကြီးက ရက်စက်ကြမ်းကြုတ်မှုနဲ့ အမှောင်ထုကို ကိုယ်စားပြုတာပါ။ သင်္ကေတတွေကို အဓိပ္ပာယ်ထုတ်ဖို့ဆိုတာ ပန်းချီဆရာရဲ့အလုပ်မဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ရင် စကားလုံးတွေအများကြီးသုံးပြီး ရေးပြရတော့မှာလေ။ ပန်းချီကားကြည့်တဲ့ပရိသတ်က ဒီသင်္ကေတတွေကို ကိုယ်နားလည်သလို အဓိပ္ပာယ် ကောက်ယူရမှာဖြစ်ပါတယ်” တဲ့။ 

ဒီအရုပ်တွေကို ဒီလိုဒီလိုပဲ အဓိပ္ပာယ်ကောက်ရတယ်၊ ဖွင့်ဆိုရတယ် ဆိုတာမျိုးကို ခင်ဝမ်းမကြိုက်တာဖြစ်မည်။ သို့သော်လည်း ရေးချင်ဇောနှင့် ဘာဆိုဘာမှအဓိပ္ပာယ်ကောက်မနေနှင့်၊ ဘာတင်စားမှုမဟုတ်ဘူး၊ ဒါတွေက ဘာမှအဓိပ္ပာယ်မရှိဘူးဟု (အလွန်အကျွံ) ရေးဖြစ်သွားပုံရသည်။ ရှေ့က ရေလာမြောင်းပေး အဓိပ္ပာယ် ကောက်ပြခြင်းအားဖြင့် ပန်းချီကားကြည့်ရှုသူတွေရဲ့ အာရုံခံစားမှု၊ အဓိပ္ပာယ်ကောက်ယူမှုကို ကန့်သတ် ချုပ်ချယ်လိုက်သလို ဖြစ်သွားမှာ ခင်ဝမ်းကြောင့်ကြဟန်တူသည်။ 

တကယ်တော့ ဒီပန်းချီကားကြီးယခုထက်တိုင် ကမ္ဘာကျော်နေရခြင်းရဲ့အကြောင်းရင်းတွေထဲ ကြည့်ရှု ခံစားသူများ အနေနှင့် မိမိတို့ကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုလို့ရတာက တစ်ကြောင်းဖြစ်မည်။ (There is no exclusive meaning.) ထို့ပြင် စပိန်နိုင်ငံ ဂါးနီးကားမြို့အကြောင်း ရေးခြယ်ထားတာဖြစ်သော်လည်း ဂါးနီးကားအငွေ့အသက်ရယ်လို့ သတ်သတ်မှတ်မှတ်ဘာတစ်ခုမှမပါရှိသည့်အတွက် ကမ္ဘာပေါ်ရှိမည်သည့်ဒေသနှင့်မဆို သက်ဆိုင်သွားသည်။ စစ်ပွဲတွေ၊ ဂါးနီးကားဗုံးကြဲမှုထက်ပိုမိုဆိုးရွားတဲ့ အရပ်သားတွေအပေါ် ဗုံးကြဲသတ်ဖြတ်မှုကြီးတွေက ယနေ့တိုင်ဤမြေချာမှာ ခိုင်ခိုင်မြဲမြဲတပ်စွဲနေလေတော့ ဒီပန်းချီကားက ကာလလွန်၊ ဒေသလွန်ဖြစ်သွားသည်။ ၁၉၃၇ ခုနှစ်ကဖြစ်ပွားခဲ့သော စစ်၏ရက်စက်ကြမ်းကြုတ်မှုကို သရုပ်ဖော်ထားသည့်ပန်းချီက ယနေ့ခေတ်ယနေ့အချိန်အထိ ကမ္ဘာအရပ်ရပ်မှ လူသားတွေ၊ သက်ရှိသတ္တဝါတွေနှင့် ဆက်စပ်ခံစားလို့ရနေသေးသည်။ သြော် … ပီကာဆို၏ အနုပညာက နှစ်ပေါင်း ၈၀ ကျော် ၉၀ အထိ အရောင်မမှိန်ဘဲ လင်းလက်နေဆဲပါကလား။ 

၁၂-၃-၂၀၂၃ 

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *