ဆလာဗင်ဒါ ဒရာကူလစ်ချ် (၁၉၄၉- )
ဂိုရန်ယဲလ်လီဆစ်ချ် – အေးဆေးတည်ငြိမ်သော ငါးမျှားသမားနှင့် စစ်ရာဇဝတ်သား
ဘော့စနီးယားနိုင်ငံ၊ ဘီယဲလ်ယင်းနားမြို့ဇာတိ ဆာ့ဗ်လူမျိုး ဂိုရန်ယဲလ်လီဆစ်ချ် (Goran Jelisić) ကို ၁၉၉၂ ခုနှစ် မေလအတွင်း အကျဉ်းသား ၁၃ ယောက်ကို သတ်ဖြတ်မှုဖြင့် သည်ဟိဂ်အခြေစိုက် “ယခင်ယူဂိုဆလားဗီးယားအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး” (International Criminal Tribunal for the former Yugoslavia – ICTY) က ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သည်။ ဘော့စနီးယားနိုင်ငံ ဘာ့ဂျ်ကောရဲစခန်းနှင့် ဘာ့ဂျ်ကောအနီးရှိ လုခါအကျဉ်းစခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ အသတ်ခံရသူ အရေအတွက်က တကယ်တမ်း တစ်ရာကျော်ကျော် ရှိသည်ဟု ယူဆရသည်။ အကျဉ်းသားအများစုက မွတ်စလင်ဘာသာဝင်များ ဖြစ်ကြသည်။
ဂိုရန်ယဲလ်လီဆစ်ချ်ကို ကြည့်လိုက်ရင် ရှင်တို့ ကျွန်မတို့ ယုံကြည်ကိုးစားလို့ရတဲ့ လူတစ်ယောက်အဖြစ် မြင်မိမှာပါပဲ။ အသက်သုံးဆယ်အရွယ် လူငယ်တစ်ဦး၊ မျက်နှာက ကြည်ကြည်လင်လင် ကျက်သရေရှိရှိ၊ မျက်လုံးတွေက သက်ဝင်လှုပ်ရှားလို့။ သူ့အပြုံးက အားရပါးရ။ ညအချိန် မီးရထားတစ်တွဲထဲ ရှင်တို့ ကျွန်မတို့နဲ့ အတူတူ စိတ်ချလက်ချ ခရီးသွားနိုင်မည့် လူမျိုး။ ဒီလိုမျက်နှာနှင့် လူက အဖွားကြီးတွေ လမ်းဖြတ်ကူးတဲ့အခါ အကူအညီပေးမည့်သူ ဖြစ်မည်။ ဘတ်စကားပေါ်က နေရာလွတ်တွေမှာ မမာသူတွေ ထိုင်နိုင်ဖို့ မတ်တတ်ရပ်စီးမည့်သူ ဖြစ်မည်။ ဆူပါမားကက်ကြီးတွေက ငွေရှင်းကောင်တာ တန်းစီရာမှာ သင့်ကို သူ့ရှေ့ကျော်ခွင့်ပေးမည့်သူ ဖြစ်သည်။ ပိုက်ဆံအိတ်ကောက်ရလျှင် ပိုင်ရှင်ထံ ပြန်ပေးမည့်သူ ဖြစ်သည်။ ဂိုရန်က သင်၏ အခင်မင်ဆုံး သူငယ်ချင်း၊ သင်၏ စိတ်အချရဆုံး အိမ်နီးချင်း၊ သင်၏ စံပြသားမက် ဖြစ်မည်။ အရောင်းသမား ဖြစ်ခဲ့လျှင်လည်း သူ၏ အပြစ်ကင်းစင်သော မျက်နှာလေးနှင့် အောင်မြင်မှု အကြီးအကျယ်ရသော အရောင်းသမား ဖြစ်မည်။
ပြဿနာက သူက အပြစ်ကင်းစင်သူ မဟုတ်ခြင်းပါပဲ။
ကျွန်မတို့တတွေက ရုပ်ရည်ရူပကာယ တင့်တယ်သူများကို လူကောင်းဟု ယုံတတ်ကြသလို ရုပ်ဆိုးအကျည်းတန်သူများကို ယုတ်ညံ့သူဟု ယုံတတ်ကြသည်။ တကယ်တော့ ဒါတွေက အဖြစ်မှန်နှင့် စပ်ဟပ်ခြင်းမရှိ။ သို့ပေမဲ့ ဒီလောက် ကလေးဆန်တဲ့ သန့်စင်မျက်နှာလေးနှင့်လူက လူသတ်သမား ဖြစ်နေတာ ကျွန်မဘဝမှာ တစ်ကြိမ်တစ်ခါမှ မကြုံစဖူး။ အံ့အားသင့်ခြင်းက ကျွန်မကို ဖုံးလွှမ်းအနိုင်ယူသွားသည်ဟု ပြောရမည်။
ဂိုရန်ယဲလ်လီဆစ်ချ်က ၁၉၆၈ ခုနှစ်ဖွား။ ကျွန်မသမီးနှင့် သက်တူရွယ်တူ။ သူတို့က မျိုးဆက်တစ်ခုတည်း။ သူတို့နှစ်ယောက် တစ်ကျောင်းတည်း တက်နိုင်သည်။ သူတို့နှစ်ယောက် သူငယ်ချင်း ဖြစ်နိုင်သည်။ တစ်ခုသော ဆောင်းညနေခင်း ကျွန်မမီးဖိုချောင်ထဲမှာ ဂိုရန်တစ်ယောက် ကော်ဖီတစ်ခွက် သောက်ရင်း ထိုင်နေနိုင်သည်။ ကျောင်းစာအုပ်တစ်အုပ်ကို ငုံ့ကြည့်လို့။ သမီးက သူ့ကို သမိုင်းဘာသာ အိမ်စာတွေ ရှင်းပြလို့။ (သူက စာတော်သော ကျောင်းသားတော့ မဟုတ်ခဲ့ပါ။ အထက်တန်းကျောင်းမှာ တစ်နှစ်ပဲနေပြီး ကျောင်းထွက်ခဲ့သည်။)

ကျွန်မ စိတ်ကူးကြည့်သည်။ သမီးနှင့် သူတို့နှစ်ယောက် ရုပ်ရှင်အတူကြည့်မည်။ ဒစ္စကိုကလပ် အတူတက်မည်။ ဒါကို ကျွန်မ ကန့်ကွက်မိမည် မဟုတ်။ သူက ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်။ ဒီလို လူငယ်လေးတွေ ကျွန်မမီးဖိုခန်းထဲ ဖြတ်သန်းသွားတာ မြင်ဖူးလှပြီ။ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာလေးတွေ၊ ကျောင်းစာကို စိတ်မဝင်စားသူလေးတွေ။ သို့ပေမဲ့ သူတို့လေးတွေက ဆက်ဆံရေးပြေပြစ်သည်။ မွန်မွန်ရည်ရည်ရှိသည်။ ဂိုရန်ယဲလ်လီဆစ်ချ်က ဘီယဲလ်ယင်းနားဆိုတဲ့ မြို့သိမ်ကလေးမှာနေတော့ နိုင်ငံရပ်ခြားခရီး သိပ်ရောက်ဖူးမည် မဟုတ်။ နိုင်ငံခြားဘာသာစကား တစ်ခုခု ပြောတတ်မည် မဟုတ်။ နောက်ဆုံးပေါ် တေးဂီတကို နားထောင်ဖူးမည် မဟုတ်။
သို့ပေမဲ့ သူက ကျွန်မသမီးနှင့် သမီးသူငယ်ချင်းများနှင့် မျိုးဆက်တစ်ခုတည်းကနေ ပေါက်ပွားလာသူတွေ။ သူတို့က ကျန်းမာသန်စွမ်းစွာ လူဖြစ်ခဲ့ရတဲ့ မျိုးဆက်။ သူတို့ခေတ်က ကလေးနို့မှုန့်မရှိ၊ ကလေးဖြည့်စာမရှိ။ မိခင်ကိုယ်နှိုက် ကိုယ့်ကလေးအတွက် စွပ်ပြုတ်ပြုတ်ရသည်။ ဟင်းနုနွယ်ရွက်၊ မုန်လာဥဝါ၊ သစ်သီးဖျော်ရည် အမျိုးမျိုးကို ပြင်ဆင်ရသည်။ ကလေးခါးတောင်းကျိုက် ကောင်းကောင်းက မပေါ်သေး။ ချည်ထည်ခါးတောင်းကျိုက်တွေက စိုစွတ်တဲ့အခါ နေရတာ အတော်ဆိုးသည်။ ဒါကြောင့် ကလေးတွေက ခါးတောင်းကျိုက်အစား အိုးပဲတောင်းသည်။ ကလေးကြီးတွေ ဖြစ်လာတဲ့အခါ အိမ်အပြင်မှာ သူတို့ဆော့ကြသည်။ အိမ်ဝင်းကျယ်ကြီးထဲမှာ၊ အများပြည်သူ ပန်းခြံထဲမှာ၊ အိမ်ရှေ့လူသွားလမ်းတွေပေါ်မှာ သူတို့ဆော့ကစားကြသည်။ အဲဒီအချိန် ကျွန်မတို့ သတိထားမိသလောက် သူတို့လေးတွေအတွက် ဘယ်လိုအန္တရာယ်မျိုးမှ မရှိ။
အရွယ်ရောက်လာတဲ့အခါ အနောက်နိုင်ငံက ရွယ်တူတွေနှင့် သူတို့ကြား ဘာမှမကွာခြားတာ သူတို့ သဘောပေါက်လာသည်။ သူတို့တတွေ ယူတူး (U2) နှင့် မက်ဒေါနားကို နားထောင်သည်။ အမေရိကန်ရုပ်ရှင်တွေ၊ တီဗွီတွေ ကြည့်သည်။ အင်္ဂလိပ်စာရေးဆရာ တိုကင်း (J.R.R. Tolkien, 1892-1973) ၏ စာအုပ်တွေ ဖတ်သည်။ ဂျင်းဘောင်းဘီ ဝတ်သည်။ ယူဂိုဆလားဗီးယားနိုင်ငံထဲ ဒီလိုနေတာ ထိုင်တာက ပုံမှန်ပဲဆိုတဲ့အချိုး။ ကွန်မြူနစ်စနစ်အောက်မှာ နေခဲ့ရတဲ့ ကျွန်မတို့ မျိုးဆက်အဖို့ ဂျင်းဘောင်းဘီဆိုတာ အနောက်နိုင်ငံ အရင်းရှင်လူ့အဖွဲ့အစည်းက ထုတ်လုပ်လိုက်တဲ့ ပစ္စည်း၊ ယဉ်ကျေးမှု ဆုတ်ယုတ်ခြင်းရဲ့ အမှတ်လက္ခဏာတစ်ခု။ ကျွန်မ ဂျင်းဘောင်းဘီဝတ်ဖို့ရာ အဖေက မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်။
သမီးတို့မျိုးဆက်အဖို့ ကွန်မြူနစ်ဝါဒဆိုတာ ဘာကမှ အဓိပ္ပာယ်မရှိ။ တီးတိုး (Tito) ဆို ပိုလို့ဝေးသေးသည်။ တီးတိုးသေတဲ့ ၁၉၈၀ ခုနှစ်က သူတို့မျိုးဆက်က ချာတိတ်အရွယ်လေးတွေ ရှိသေးသည်။ သူ့အကြောင်း ဘာဆိုဘာမှ သူတို့မမှတ်မိတော့။ တီးတိုးကို အထွတ်အမြတ်ထား ကိုးကွယ်မှုက ကျွန်မတို့အပေါ် သက်ရောက်ခဲ့သလို သူတို့အပေါ် သက်ရောက်ခဲ့ခြင်း မရှိ။ ကျွန်မတို့မျိုးဆက်က (ပုဂ္ဂလိက ဝိသေသလက္ခဏာထက်) အစုအဖွဲ့ ဝိသေသလက္ခဏာ အားကောင်းသည်။ နှစ်စဉ်နှစ်တိုင်း မေလ ၂၅ ရက် တီးတိုးမွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်း၌ ကျင်းပသည့် လူငယ်ပွဲတော်ကို အလေးအနက်ထား ဆင်နွှဲရင်း ကြီးပြင်းလာရတဲ့ မျိုးဆက်။ ယူဂိုဆလားဗီးယား နိုင်ငံတော်အတွက် တီးတိုး မည်ရွေ့မည်မျှ အရေးကြီးပုံကို ကျွန်မတို့ ယုံကြည်ကြောင်း ဖော်ထုတ်ပြသတဲ့ပွဲ။ ကျွန်မတို့ဟာ သူ့ရဲ့ သားသမီးတွေ၊ သူ့ရဲ့ ရှေ့ဆောင်လူငယ်တွေ ဖြစ်ကြောင်း အသင်ကြားခံခဲ့ရသည်။
၁၉၇၀ ခုနှစ်ဝင်ခါနီး ၁၉၆၀ ခုနောက်ပိုင်း ကာလမွေးဖွားခဲ့ကြတဲ့ ကလေးတွေကို ‘ပုံမှန်’ မျိုးဆက်ဟု ဆိုရမည်။ သူတို့ဘိုးဘွားတွေက ဒုတိယကမ္ဘာစစ်ကြီးထဲ ဝင်တိုက်ခဲ့ရသည်။ သူတို့မိဘတွေက ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသည်။ သူတို့မျိုးဆက်ကျတော့ လုံလုံခြုံခြုံ ပေါပေါများများခေတ်မှာ ကြီးပြင်းခဲ့သည်။ ကျွန်မက ပန်းကန်ပြားထဲက ပေါင်မုန့်ကို တစ်စမကျန်အောင် စားသည်။ သို့ပေမဲ့ ကျွန်မသမီးက ဘယ်တော့မှ ကုန်စင်အောင် မစား။ သူတို့အဖို့ စစ်ပွဲဆိုတာ ကျောင်းက သမိုင်းစာအုပ်ထဲ သင်ရသလောက်၊ ရုပ်ရှင်ထဲ ကြည့်ရသလောက်သာ။ ဒီစစ်ပွဲဆိုတာကြီးက သူတို့တတွေ မမွေးဖွားခင် နှစ် ၂၀ ကျော်ကတည်းက ဖြစ်ခဲ့တာ။ ဒီတော့ ဒုတိယကမ္ဘာစစ်ကြီးက သူတို့အဖို့ တကယ်မဟုတ်သလို။ ကျွန်မတို့မျိုးဆက်အဖို့ စစ်ပွဲဆိုတာ အတော်ကြီး နီးနီးစပ်စပ် ရှိတဲ့အရာ။ ကျွန်မတို့၏ မိဘများက စစ်ပွဲအကြောင်း မပြောသည့်တိုင် ယခုအချိန်အထိ စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်တွေနှင့် သူတို့နေနေကြတာ ကျွန်မတို့ သိသည်။ ကျွန်မအဖေအပေါ် ဂျာမန်တွေ လုပ်ခဲ့သည့်လုပ်ရပ်အတွက် သူတို့ကို ကျွန်မမုန်းသည်။ ကျွန်မသမီးတို့ မျိုးဆက်ကတော့ ဂျာမန်တွေအပေါ် ဘယ့်နှယ်မှ မရှိ။
သူတို့မျိုးဆက်က နိုင်ငံရေးကိုလည်း စိတ်ဝင်စားခြင်း မရှိ။ နိုင်ငံရေးဆိုတာ လူကြီးတွေရဲ့ အလုပ်ဟု သူတို့ နားလည်ထားသည်။ ရှေ့မျိုးဆက်တွေက လူငယ်တွေကို နိုင်ငံရေးနယ်ပယ် အပြင်ဘက်မှာ နေအောင် ရည်ရွယ်ချက်ရှိရှိ စည်းတားထားတာလည်း ပါသည်။ ကျွန်မတို့မျိုးဆက်လည်း ဒီဒဏ်ခံရတာပါပဲ။ ကွန်မြူနစ်ဝါဒဆိုတာကြီးကလည်း ဘယ်တော့မှ သေဆုံးဖွယ်မမြင်။ ဒီတော့ ဘာ့ကြောင့် နိုင်ငံရေးဝင်လုပ်နေတော့မလဲ။ သူတို့တတွေက ပုန်ကန်တော်လှန် မျိုးဆက်အဖြစ် ကြီးပြင်းခဲ့သည် မဟုတ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ မိဘတွေဖြစ်တဲ့ ကျွန်မတို့တတွေက တီးတိုးဝါဒကြီးကို အမှန်တကယ် ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ခဲ့ကြလို့ပါပဲ။ လူကြီးတွေပြောတဲ့ “လူသားမျက်နှာနှင့် ဆိုရှယ်လစ်ဝါဒ” ဆိုတာ ဖြစ်နိုင်သည်ဟု ကျွန်မတို့က ယုံသည်။ ဒီမိုကရေစီလမ်းကြောင်းလို အခြားတပါးသော လမ်းကြောင်းတစ်ခု တည်ဆောက်ရမှန်း ကျွန်မတို့ မတွေးမိခဲ့။
ဒီတော့ ကွန်မြူနစ်ဝါဒကြီး ကျဆုံးသွားတဲ့အခါ ဒီမိုကရေစီ စိတ်ကူးစိတ်သန်းရှိတဲ့ ခေါင်းဆောင်တွေ ကျွန်မတို့မှာ အဆင်သင့် မရှိခဲ့။ ဒီကွက်လပ်ကြီးကို အမျိုးသားရေးဝါဒီ ခေါင်းဆောင်တွေက ဝင်နေရာယူသည်။ ဒါမှမဟုတ် ဆလိုဘိုဒန် မီလိုဆေဗစ်ချ် (Slobodan Milošević) လို အာဏာလက်ရှိ ကွန်မြူနစ်ခေါင်းဆောင်တွေက အမျိုးသားရေးဝါဒီအဖြစ် အသွင်ပြောင်းပြီး နေရာယူသည်။ ဒါမှ သူတို့အာဏာဆက်ကိုင်ဖို့ လွယ်ပေမပေါ့။ မိဘဖြစ်တဲ့ ကျွန်မတို့တတွေက ဒီနိုင်ငံရေး အရှုပ်အထွေးကြီးကို ဖြေရှင်းသွားမှာဟု ကလေးတွေက ယုံသည်။ သို့ပေမဲ့ သူတို့ယုံကြည်သလို ကျွန်မတို့ မလုပ်ခဲ့။ ဒီတော့ ပြည်တွင်းစစ်ကြီး ဖြစ်ပွားတဲ့အခါ ၁၉၆၀ နောက်ပိုင်း၊ ၁၉၇၀ အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့တဲ့ သူတို့တတွေကို ဒီစစ်ပွဲကြီးထဲ ဝင်နွှဲဖို့ရာအတွက် လူကြီးပိုင်းက ဘာ့ကြောင့် မျှော်လင့်နေမှန်း သူတို့ နားမလည်နိုင်။ စစ်ပွဲကြီးထဲ သူတို့ဝင်မတိုက်ရင် ဘယ်သူတွေ ဝင်တိုက်မလဲ။ ဒါက တကယ့်ဝိရောဓိ။ သူတို့ဘိုးဘွားတွေကြား ဖြစ်တဲ့စစ်ပွဲထဲ သူတို့မျိုးဆက်က ဝင်တိုက်ပေးရတာမျိုး။ ဒီအတွက် ပေးဆပ်ရသည့် တန်ဖိုးကကြီးသည်။ သူတို့မျိုးဆက် အတော်များများ စစ်ပွဲမှာ စတေးခံရသည်။ ဒဏ်ရာရသည်။ ဒုက္ခိတဖြစ်သွားသည်။ အတော်တော်များများ တိုင်းပြည်မှ ထွက်ပြေးသည်။
ဂိုရန်ယဲလ်လီဆစ်ချ်က ငါးမျှားတာ ဝါသနာပါသည်။ မိန်းမပျိုလေးတွေနှင့် တွဲကရတာ၊ သူငယ်ချင်းတွေနှင့် ဘီယာအတူသောက်ရတာ သူကြိုက်သည်။ သို့ပေမဲ့ ဒါတွေအားလုံးထဲ ငါးမျှားရတာကို သူအနှစ်သက်ဆုံး။ မြစ်ကမ်းဘေးမှာ နေ့စဉ်နေ့တိုင်း အချိန်ဖြုန်းသည်။ ငါးမျှားဖို့ သူစိတ်ကြိုက် ရွေးထားတဲ့ နေရာတော်တော်များများ ရှိသည်။ ဒီနေရာတွေကို သူတစ်ယောက်တည်း သိသည်။ တစ်ယောက်တည်း အေးအေးဆေးဆေး ငါးမျှားချင်တဲ့အခါ ဒီနေရာတွေ သူသွားသည်။ သူက အဖော်မကြိုက်သူလား ဆိုတော့လည်း မဟုတ်ပြန်။ အဖော်ကြိုက်သမှ ငါးမျှားပြိုင်ပွဲတွေမှာ အသင်းဖော်တွေနှင့်အတူ ဝင်ပြိုင်ရတာ သူပျော်သည်။ သို့ပေမဲ့ တစ်ခါတရံ တစ်ကိုယ်တည်း နေရတာ သူပိုသဘောတွေ့သည်။ ငါးမျှားအသင်းက သူငယ်ချင်းတွေက နိုင်ငံရေးအကြောင်းပဲ ပြောသည်။ ဘီယာသောက်သည်။ သူတို့က ငါးမျှားတံကို ယောင်လို့မှ စောင်းငဲ့မကြည့်ကြ။ ဂိုရန်အဖို့ ငါးမျှားခြင်းအမှုက သူ့နေ့စဉ်ဘဝထဲက ခဏထွက်ပြီး အပန်းဖြေတာ ဖြစ်သည်။
ဒါက ငါးမျှားခြင်းကရတဲ့ အကောင်းဆုံး ရလဒ်ဖြစ်သည်။ ကမ္ဘာလောကကြီးကို သင်မေ့ထားနိုင်သည်။ သင့်အကြောင်းကိုပင်လျှင် သင်မေ့ထားနိုင်သည်။ ရေမျက်နှာပြင်နှင့် နိုင်လွန်ကြိုးမျှင်လေးအပေါ်မှာပဲ သင်အာရုံစိုက်ဖို့ လိုသည်။ လောကကြီးထဲ သင်မရှိတော့သလိုလို။ သင်က သစ်ပင်တစ်ပင်လို၊ သစ်ရွက်တစ်ရွက်လို၊ မြက်ပင်တစ်စလို ဖြစ်သွားသည်။ ဂိုရန်က ဒီစိတ်ခံစားမှုကို သဘောကျသည်။ သင်ဘာကောင်လဲဆိုတာ အရေးမပါတော့တဲ့အခါ လောကကြီးမှာ ဘာဆိုဘာမှ အရေးမဟုတ်တော့ပါကလား ဆိုသည့်ခံစားမှု။ ကိုယ်ဘာကောင်လဲဆိုတာကို မြစ်က ပေယျာလကန်ထားသလို မြစ်ထဲကငါးကလည်း အရေးဂရုပြုသည် မဟုတ်။ ဒီအခါမှာ သင်ဘာကောင်လဲဆိုတာ ဘာဆိုဘာကမှ အရေးမပါတော့ပြီ။
စစ်ပွဲကြီးမစခင်ဆိုတော့ အဲဒီအချိန်က သူ့မှာ မေ့ဖျောက်ပစ်စရာ များများစားစား မရှိသေး။ သူ့ဘဝက ရိုးရိုးစင်းစင်း၊ အများသူငါ လူတကာဘဝနှင့် ဘာမှထူးထွေ ခြားနားခြင်းမရှိ။ သူက ဘယ်နေရာမှာမှ ထူးထူးချွန်ချွန် ရှိသူမဟုတ်။ အင်း… ငါးမျှားတာကလွဲရင်ပေါ့။ ဂိုရန်က ငါးမျှားသမားကောင်း။ ပြီးတော့ သူက မျှတဝေခြမ်းရန် ဝန်လေးသူမဟုတ်။ သူမျှားလို့ရတဲ့ ငါးတွေကို သူငယ်ချင်းတွေ၊ အိမ်နားနီးချင်းတွေကို ဝေတတ်သည်။ လုခါအကျဉ်းထောင်က ထွက်လာပြီးတဲ့နောက် သူငှားနေတဲ့အိမ်က အိမ်ရှင်လူကြီးကိုလည်း ပေးတတ်သည်။ သူက ငါးမျှားရတာ ပျော်မွေ့လို့ကို ငါးမျှားနေတာ။ သို့ပေမဲ့ သူ့တစ်ဗိုလ်တည်း (သို့မဟုတ် တစ်ဘို့တည်း) အတွက် ငါးမျှားနေတာလို့လည်း သူ့ကို မည်သူမျှ မပြောနိုင်ပြန်။ ဘယ်နေရာ ငါးကျတတ်တယ်၊ ဘယ်နေရာ ငါးအကျနည်းတယ်ဆိုတာ သူသိသည်။ ဒါ့ကြောင့် နေရာရွေးတဲ့ကိစ္စက အလွန်အရေးကြီးသည်။ ကျန်တာကတော့ ကံပါပဲ။
မြစ်ဘေးမှာ အမြဲအေးချမ်းသည်။ သဘာဝ၏ ရင်ခွင်ထဲ တစ်ကိုယ်တည်း နေရတာ ခံစားမှုတစ်မျိုးပဲ။ လောကကြီးထဲ သင်တစ်ဦးတည်း အသက်ရှင်နေသလိုမျိုး။ သင်ဘာလုပ်ရမည်ဆိုတာ ပြောမည့်သူမရှိ။ သင်သာလျှင် သင့်အရှင်သခင် ဖြစ်သွားသည်။ တစ်ခါသား ဂိုရန်တစ်ယောက် မြက်တောထဲ အိပ်ပျော်သွားသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူဘယ်ရောက်နေမှန်း သူ့ဘာသာ မသိ။ သူ့ခန္ဓာကိုယ်ကိုလည်း သူမသိတော့။ သူမြင်သမျှက အပြာရင့်ရင့် ကောင်းကင်ကြီး။ သူချောက်ချားသွားသည်။ သေများသွားသလားဆိုတဲ့ အတွေး သူ့ခေါင်းထဲ စက္ကန့်ပိုင်းမျှ ဝင်လာသည်။ သေတဲ့အခါ ဒီလိုမျိုး ခံစားရမှာ၊ ဘာဆိုဘာမှ တစ်စမကျန် မရှိတော့သလိုမျိုးဟု သူတွေးသည်။ သူသတိရလာတဲ့အခါမှ သူအသက်ရှင်နေသေးတယ်ဆိုတဲ့ အသိဝင်လာသည်။ ငါးတွေမျှားနေရတာကို သူဝမ်းသာသည်။
တစ်ခါက တစ်စုံတစ်ဦး (အမျိုးသမီးတစ်ဦး ဖြစ်မည်) က သူ့ကိုမေးဖူးသည်။ ငါးတွေကို သနားစိတ်မဝင်မိဘူးလားတဲ့။ သနားစိတ်တဲ့။ အတော်ထူးဆန်းတဲ့ အတွေးပဲ။ ငါးတွေအပေါ် ခံစားချက်တစ်ခုခု ရှိသလားဆိုတဲ့ အတွေးမျိုး သူ့ခေါင်းထဲ တစ်ခါမှ ဝင်မလာစဖူး။ ဒါက သဘာဝရဲ့ ဥပဒေပဲ။ အားလုံးက သူ့ရဲ့ ကြီးစိုးမှုအောက်မှာ နေရတာလေ။ “ငါးတွေက အဆင့်နိမ့်သတ္တဝါတွေဗျ၊ မဟုတ်ရင် ဒီငါးတွေက ကျုပ်တို့ကို ဖမ်းစားနေမှာပေါ့” ဟု သူမကို ပြောမိသည်။
နေကုန်နေခန်း ငါးမျှားနိုင်ဖို့ရာအတွက် သင်ဟာ အလွန်စိတ်ရှည်သည်းခံသူ တစ်ယောက်ဖြစ်ရမည်။ ငါးမျှားခြင်းကိစ္စက ဂနာမငြိမ်သော၊ ကြမ်းကြုတ်သောသူတွေအတွက် မဟုတ်လေ။ ငါးမျှားခြင်းကို ဝါသနာထုံလှတဲ့ ဂိုရန်ယဲလ်လီဆစ်ချ်အကြောင်း သိရတော့ ကျွန်မသားမက်ဖြစ်သူကို သတိရမိသည်။ သူကလည်း ဂိုရန်လိုပါပဲ။ ဘောလုံးပွဲထက်၊ ရုပ်ရှင်ထက် ငါးမျှားခြင်းကို မွေ့လျော်သူ။ ငါးမမျှားခင် သူက သေသေချာချာ ပြင်ဆင်သည်။ ငါးမျှားတံတွေ၊ ငါးမျှားချိတ်တွေ၊ ငါးစာတွေ၊ ရေပုံးတွေ၊ ပိုက်ကွန်တွေ အကုန်လုံးပြင်သည်။ ငါးမျှားဖို့ အဆင်သင့်ဖြစ်ပြီဆိုလျှင် သူက တက်ကြွတဲ့ ဖိုးကြက်ဖ ဖြစ်သွားသည်။ ပြီးတော့ ပင်လယ်ကမ်းစပ်မှာ နာရီပေါင်းများစွာ စကားတစ်ခွန်းမှ မဟဘဲ သူထိုင်မည်။ ငါးမျှားခြင်းအပေါ်မှာပဲ သူ့အာရုံကို လုံးဝဥဿုံ စူးစိုက်ထားသည်။ သူ့ဘေးဝန်းကျင်က ကမ္ဘာကြီးကို သူသတိမမူမိတော့။ ဒီအခါ သူက ဈာန်ဝင်စားနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် တူသွားသည်။ ငါးမျှားခြင်းက သူ့ကို အပန်းပြေစေ၊ ပျော်ရွှင်စေသည်။
ငါးမျှားခြင်းက အများထင်သလို အပြစ်ကင်းစင်သည့် ကစားနည်းမျိုးတော့ မဟုတ်။ ငါးမျှားပြီး ရလာတဲ့ငါးကို သတ်ရသည်။ သူ့ငါးမျှားတံမှာ ငါးတစ်ကောင် ဟပ်ပြီလို့ သိလိုက်ရတဲ့အချိန်လေးကို ငါးမျှားသမား အားလုံးနည်းတူ ယဲလ်လီဆစ်ချ်လည်း နှစ်ခြိုက်သည်။ မိတဲ့ငါးက ရေပေါ်ပေါ်လာပြီး ငါးမျှားချိတ်မှာ မရှူနိုင်မရှိုက်နိုင် တွန့်လိမ်ရုန်းကန်သည်။ ငါးကို သူ့လက်နဲ့ ငါးမျှားချိတ်ကနေဖြုတ်ပြီး မြက်ခင်းပေါ် လွင့်ပစ်လိုက်ပုံကို ကျွန်မ စိတ်ကူးကြည့်သည်။ မြက်ခင်းပေါ်ရောက်သွားတဲ့ ငါးနောက်ဆုံးပင့်သက်ရှိုက်တာကို သူကြည့်နေမည်။ ငါးတွေရဲ့ ဘဝဒီလိုနည်းနှင့် အဆုံးသတ်သွားတာမျိုးလည်း ဟုတ်ချင်မှ ဟုတ်မည်။ ငါးတွေကို အဆုံးသတ်တဲ့ တခြားနည်းတွေ ရှိသေးသည်။ ငါးကြီးကြီးတစ်ကောင် ဖမ်းမိလျှင် ငါးမျှားသမားက ငါးပါးစပ်ထဲ သူ့လက်မကြီးကို ထည့်ပြီး လည်ပင်းကို လှန်ချိုးတတ်သည်။ ဒီအခါ စိတ်မချမ်းမြေ့ဖွယ် ဂျွတ်ခနဲအသံ ကြားရမည်။ သို့တည်းမဟုတ် ငါးကို ရေပုံးထဲ ပစ်ထည့်ထားမည်။ အဆုံးစီရင်မည့်အချိန်ကို ခဏရွှေ့ဆိုင်းထားသည့် သဘော။ ဂိုရန်က သိမ်မွေ့သူတစ်ဦး။ ငါးတွေကို ဒီလိုစီရင်မည့်သူ ဖြစ်နိုင်သည်။
ဘဝကို ဘယ်လိုကုန်ဆုံးချင်သလဲဟု တစ်စုံတစ်ဦးက သူ့ကိုမေးလာရင် ဂိုရန့်အနေနှင့် အဖြေပေးဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်။ သို့ပေမဲ့ သူဘာလိုချင်သလဲဆိုတာ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုလာမေးခြင်း မရှိ။ ဘဝဆိုတာ ငါးမျှားဖို့ကိစ္စ တစ်ခုတည်းမဟုတ်ကြောင်း သူသိသည်။ သူ့အဖို့ လူတွေက ငါးတွေပါပဲ။ ကြီးကြီးသေးသေး။ အချင်းချင်းဖမ်း၊ အချင်းချင်းစားနေကြတာ။ ဒီပွဲမှာ သူအစားမခံချင်။ လုခါအကျဉ်းထောင်က ထွက်လာတဲ့ နောက်ပိုင်း မြစ်ကမ်းဘေးကို လဲလျောင်းရုံသက်သက် သူလာတတ်သည်။ နွေဦးရာသီ ပြန်ရောက်ရင်ကောင်းမှာ၊ ဒီကြားထဲ (မဟုတ်တာတွေ) ဘာမှမဖြစ်ခဲ့ရင်ကောင်းမှာဟု သူ့တောင့်တသည်။ ဒီလိုနေလိုက်တဲ့အခါ တစ်ခါတရံ သူစိတ်သက်သာရာ ရသည်။
သူ့အမှုမှာ သူ့ဖက်က ထွက်ဆိုပေးတဲ့ သက်သေတစ်ဦးက ဒေသခံ ငါးမျှားသမားအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သည်။ အနှီပုဂ္ဂိုလ်က ဘာ့ချ်ကောမှာ ယဲလ်လီဆစ်ချ်လုပ်ခဲ့တယ်ဆိုတာတွေကို လက်မခံနိုင်သူ ဖြစ်သည်။ သူလုပ်ခဲ့တယ်ဆိုတာတွေက သူရဲ့ ငါးမျှားသမားပုံရိပ်နှင့် မည်သို့မျှ စပ်ဟပ်၍မရ။ သူသိတဲ့ ယဲလ်လီဆစ်ချ်က ဆားဗမြစ်ကမ်းပါးမှာ ထိုင်ပြီး မြစ်ရေကို စိုက်ကြည့်နေတတ်သူ ဒါမှမဟုတ် နေဆာလှုံနေတတ်သူ။ တစ်ချီတစ်ချီ ငါးမျှားတံကြည့်လိုက်၊ ငါးအဟပ်ကို စောင့်ကြည့်လိုက် လုပ်တတ်သူ။ ခုံရုံးမှာ ပြောနေကြတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေက ဒီလိုလူမျိုးနှင့် မည်သို့မှ မပတ်သက်နိုင်။ ယဲလ်လီဆစ်ချ်က လူကောင်းတစ်ယောက်၊ အေးဆေးငြိမ်သက်သူတစ်ယောက် ဖြစ်ကြောင်း၊ လူကိုမဆိုထားဘိ ယင်တစ်ကောင်ကိုပင်လျှင် အန္တရာယ်ပြုမည့်သူ မဟုတ်ကြောင်း သူကအာမခံသည်။
ယဲလ်လီဆစ်ချ်အကြောင်း အကောင်းပြောတာတွေ များလွန်းသဖြင့် ငါးမျှားသမားအသင်း ဥက္ကဋ္ဌကြီးအနေနှင့် ကိုယ်ကျင့်သီလကိစ္စကို မိတ်ဆွေဖြစ်ခြင်း၊ ငါးမျှားခြင်းကိစ္စများ၏ နောက်ကွယ်မှာ ထားသည်ဟု တရားသူကြီးတစ်ဦးက သူ့ကို ဒေါသတကြီး ပြစ်တင်ဝေဖန်သည်။ သို့ကလို အဆူခံရသော်လည်း ဥက္ကဋ္ဌကြီးက မဖြုံ။ “ဒါက ငါးမျှားသမားတိုင်းအပေါ်မှာ ထားရမယ့် ကျွန်တော့်ရဲ့ ကျင့်ဝတ်နဲ့ ဝတ္တရားပဲ” ဟု သူက တုံ့ပြန်သည်။
ဂိုရန်ယဲလ်လီဆစ်ချ်က ဘီယဲလ်ယင်းနားမြို့ အလုပ်သမားလူတန်းစား မိသားစု၌ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ မြို့ကလေး၏ လူဦးရေ ၄၀ ရာနှုန်းက မွတ်စလင်ဘာသာဝင်များ ဖြစ်ကြသည်။ အမေက အလုပ်သမဆိုတော့ အဖွားလက်ပေါ် သူကြီးပြင်းခဲ့ရသည်။ ဆာ့ဗ်တွေ၊ မွတ်စလင်တွေ အတူယှဉ်တွဲ နေထိုင်သော လမ်းပေါ်မှာ သူအရွယ်ရောက်ခဲ့သည်။ သူ့မိသားစု၏ မိတ်ဆွေတော်တော်များများက မွတ်စလင်တွေ။ သူတို့အတူတူ ကစားကြသည်။ ကျောင်းအတူတူ၊ အရက်ဆိုင်အတူတူ၊ ဘောလုံးပွဲအတူတူ သွားကြသည်။ သူတို့ကို မွတ်စလင်မှန်း သူ့စိတ်ထဲမရှိသလို သူဟာ ဆားဘီးယားတစ်ယောက်ပါကလား ဆိုတာကိုလည်း သူတို့စိတ်ထဲမှာ မထား။ ဘယ်သူတစ်ဦးတစ်ယောက် အပေါ်ကိုမှ သူစော်ကားမော်ကား ပြောတာဆိုတာကို မကြားဖူးကြ။ သူဟာ မိကောင်းဖခင်သားဖြစ်ကြောင်း၊ ယဉ်ကျေးသိမ်မွေ့သူဖြစ်ကြောင်း သူ့အိမ်နီးချင်းများက ပြောသည်။ သူက မွန်ရည်သူ၊ သစ္စာရှိသူ၊ သူငယ်ချင်းကောင်းဖြစ်သည်။
၁၉၈၀ ခုနှစ်နှောင်းပိုင်း ကာလများအတွင်း ဆားဘီးယား အမျိုးသားရေးစိတ်ဓာတ် ဆိုသည်ကို သူ့အနေနှင့် လေးလေးနက်နက် ခံယူခြင်းမရှိသေး။ ဆာ့ဗ်လူမျိုးအားလုံး နိုင်ငံတစ်ခုထဲမှာ နေသင့်တယ်ဆိုတာကိုလည်း သူအလေးပေး စဉ်းစားထားခြင်းမရှိ။ ပြောရရင် နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့ ကိစ္စဟု သူသဘောထားသည်။ ဒါကြီးက သူ့ဘဝနှင့် မဆိုင်၊ သူ့သူငယ်ချင်းများနှင့် မဆိုင်၊ သူ့ငါးမျှားခြင်းအမှုနှင့် မဆိုင်။ ဒီနေရာမှာ သူအမှားကြီး မှားသွားသည်။
ကျောင်းကထွက်တော့ ဂိုရန်တစ်ယောက် လယ်ယာလုပ်ငန်းတစ်ခုမှာ စက်ပြင်အလုပ်ရသည်။ ဒီအလုပ်က လခမကောင်းလှ။ သို့ပေမဲ့ သူငယ်ချင်းအများစု အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ သူရတဲ့အလုပ်က အလုပ်ကြီးတစ်ခုဟု ပြောရမည်။ အလုပ်က ပိုက်ဆံနည်းနည်းလေးပဲ ဝင်တာကို သူမကျေနပ်။ သူ့လက်ထဲ ပိုက်ဆံသာရှိခဲ့လျှင် သူ့ဘဝကို တစ်မျိုးတစ်ဖုံ သူကျောင်းမည်။ သူလွတ်လွတ်လပ်လပ် နေမည်။ စီးပွားရေးလုပ်ငန်း အသေးစားလေးတစ်ခု ထောင်မည်။ မြို့ကိုလွမ်းသော်ငြား ဘီယဲလ်ယင်းနားမြို့ကိုပင် သူစွန့်ခွာချင်ခွာမည်။ ငွေကိုဘယ်လို ဖန်တီးရမလဲဆိုတဲ့ အကြံသူ့မှာရှိသည်။ သူငွေစက္ကူအတု ထုတ်မည်။ ဒီကိစ္စကြောင့် သူအဖမ်းခံရပြီး ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခံရသည်။
ဘော့စနီးယားကျေးရွာ ဆလဲဘီချီလူသတ်မှု တရားခံ အက်ဆဒ်လန်ဂျို၏ အမှုစစ်ဆေးရာ၌ ယဲလ်လီဆစ်ချ်က တရားခံအကျင့်စာရိတ္တကောင်းကြောင်း သက်သေအဖြစ် ထောက်ခံထွက်ဆိုရသည်။ အက်ဆဒ်လန်ဂျို ဘယ်လောက်ကောင်းကြောင်း ဂိုရန်က တရားသူကြီးများကို အကျယ်တဝင့် ရှင်းပြသည်။ ထောင်ထဲမှာ တခြားအကျဉ်းသားတွေကို သူဘယ်လို ကူညီကြောင်း ဥပမာတွေပေးပြီး ပြောသည်။ ကွန်ပျူတာကို ဘယ်လိုကိုင်တွယ်ရကြောင်း သူတို့ကို သင်ပေးသည်။ သူတို့အတွက် ဟင်းချက်ပေးသည်။ အကျဉ်းထောင်ထဲ ဘယ်လိုနေရထိုင်ရမည်ကို အကြံပေးသည်။ တကယ်တော့ မွတ်စလင်တစ်ဦးဖြစ်သည့် လန်ဂျိုကိုယ်နှိုက်က စစ်ရာဇဝတ်သားတစ်ဦး။ စွဲဆိုချက်အရဆိုလျှင် သူအထူးကျွမ်းကျင်တဲ့ အလုပ်က ဆားဘီးယား စစ်သုံ့ပန်းတွေကို မီးလောင်တိုက်သွင်းတဲ့ အလုပ်။ သက်သေအဖြစ် ထွက်ဆိုတဲ့ ယဲလ်လီဆစ်ချ်အသံက နှစ်လိုဖွယ်ရှိသည်။ ပုံပန်းကြည့်လိုက်ရင် တစ်ချိန်မှာ သူကိုယ်နှိုက် စစ်ရာဇဝတ်မှုနှင့် စွဲချက်တင်ခံရမည့်သူတစ်ဦး၏ အမှတ်လက္ခဏာရယ်လို့ ဘာတစ်ခုမှ သူ့မှာ မတွေ့ရ။
အခုလို တရားရုံးထဲ၌ပင်လျှင် ဂိုရန့်ကို ကျွန်မသမီးတို့ရဲ့ မျိုးဆက်တစ်ဦးအဖြစ်ပဲ ကျွန်မ မြင်နေမိသည်။ ဒါကို ကျွန်မဘယ်လိုမှ မတတ်နိုင်။ သူ့ဘဝ အတွေ့အကြုံတွေက သူ့ကို စစ်ပွဲကြီးအတွက် ပြင်ဆင်ပေးလိုက်ခြင်းမရှိ။ ငွေစက္ကူအတုလုပ်မှုဖြင့် ဘော့စနီးယား အကျဉ်းထောင်ထဲမှာ လပေါင်းများစွာ သူကျခံရသည်။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ သူထောင်ကလွတ်ခဲ့ခြင်းမှာ အပျော်တမ်းတပ်သားအဖြစ် စစ်ထဲဝင်တိုက်ဖို့ရာအတွက် ဒေသအာဏာပိုင်တွေက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်၍ဖြစ်သည်။
ယဲလ်လီဆစ်ချ်က ရဲတပ်ဖွဲ့ထဲဝင်သည်။ မေလအတွင်း ဘာ့ချ်ကောရဲစခန်းသို့ သွားရောက်တာဝန် ထမ်းဆောင်ရသည်။ ဒီမှာ သူ့ရဲ့ ကျဆုံးခြင်းစတော့တာ။ ကျွန်မအထင် သူအပျော်တမ်းရဲတပ်သား ဖြစ်လာတာက ကာလရှည်ကြာ ချုပ်တီးထားခဲ့တဲ့ သူ့ရဲ့ သတ်ချင်ဖြတ်ချင်စိတ်တွေကြောင့် ဟုတ်ဟန်မတူ။ တကယ်တော့ ဒီကိစ္စက သူဘယ်လိုမှ ရှောင်လို့လွှဲလို့မရလို့ ဝင်လုပ်ရတာ ဖြစ်မည်။ နောက်ပြီး အပျော်တမ်းတပ်သားဆိုတာ ဘာမှန်းဆိုတာတောင် သူသေသေချာချာ သိမည်မထင်။ သို့ပေမဲ့ အဲဒီဘာ့ချ်ကောရဲစခန်း ရောက်သွားတဲ့အခါ သူ့အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်။
သူဟာ ငါးတွေကို ရက်ရက်စက်စက် လုပ်ရတာကို ပျော်မွေ့သူလို့ တစ်ဦးတစ်ယောက်က သက်သေထွက်ဆိုခဲ့ရင်ဖြင့် ရဲစခန်းက အချုပ်သားတွေကို သူရိုက်နှက်ခဲ့တာ၊ သတ်ဖြတ်ခဲ့တာတွေ မလုပ်ခင် ကာလရှည်ကြာကတည်းက သူ့မှာ ဗွေဆိုးရှိကြောင်းပြတဲ့ လက္ခဏာလေးတစ်ခုဟု ပြော၍ရသည်။ သို့ပေမဲ့ ငါးမျှားဖော်တွေက ဒါမျိုးတစ်ခွန်းမျှ မဟခဲ့။ စစ်ကြီးမဖြစ်ခင်ကာလက သူ့ဘဝနှင့် သူနေပုံထိုင်ပုံ ကြည့်လိုက်လျှင် ဘာကမှ ဆိုးဆိုးဝါးဝါး လွန်ကျူးခြင်း မရှိခဲ့။ သူ့ဖက်က ကာကွယ်ထွက်ဆိုတဲ့ သက်သေတွေ ရေးခြယ်ပြတဲ့ သူ့ပုံရိပ်က ကောင်းမွန်လှပလွန်းသမို့ သူတို့အနေနှင့် လူသတ်မှုအတွက် တရားရင်ဆိုင်နေရသူရဲ့ ပုံကို အမှန်တကယ် ဖော်ကျူးနေတာမှ ဟုတ်ပါလေစဟု သင်သံသယဝင်သွားနိုင်သည်။
သူတို့အဆိုအရ ယဲလ်လီဆစ်ချ်က သစ္စာရှိတဲ့ မိတ်ဆွေကောင်း။ တခြားလူတွေကို ကူညီဖို့ရာအတွက် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုပင် ဝန်မလေးသူ။ ခုံရုံးအနေနှင့် အလွန်ထူးခြားသော အခြေအနေနှင့် ကြုံရသည်။ တရားခံရှေ့နေ ထောက်ပြသလို ဆားဘီးယားတွေရဲ့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူမျိုးစုဝင်အရေအတွက် အတော်များများက ဆားဘီးယားတရားခံတစ်ဦးဖက်ကနေ ကာကွယ်ထွက်ဆိုနေကြခြင်း။ ဒီလိုအမှုမျိုး သူတို့တွေ တစ်ခါမှ မကြုံဖူး၊ မကြားဖူးခဲ့။ သူ့ဖက်က ထောက်ခံထွက်ဆိုသူတွေက သူ့အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ။ ငါးမျှားသမားအသင်း ဥက္ကဋ္ဌ အပါအဝင် လူအတော်များများက မွတ်စလင်တွေ။ ယဲလ်လီဆစ်ချ် ဒီလိုသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတာကို သူတို့က မယုံကြည်နိုင်ကြ။ ယဲလ်လီဆစ်ချ် ကိုယ်နှိုက်က ဒီရာဇဝတ်မှုတွေ လုပ်ခဲ့ကြောင်း ဝန်ခံထားသည်ကို သိထားပြီးသူများ ပင်လျှင် ဒီအဖြစ်ကို မယုံနိုင်ကြ။ သူတို့သိတဲ့ ယဲလ်လီဆစ်ချ်က တခြားသော ယဲလ်လီဆစ်ချ်။ ငါးမျှားသမား ယဲလ်လီဆစ်ချ်။
သူက အေးဆေးငြိမ်သက်သူ၊ ရှက်တတ်သူဟု သက်သေတစ်ဦးက ထွက်ဆိုသည်။ လူတိုင်းကို ကူညီသည်ဟု နာမည်ထွက်သည်။ စစ်ကြီးအတွင်း လမ်းတစ်လမ်းထဲတွင် နေထိုင်သော မိသားစုအနည်းဆုံး ၇ စု သို့မဟုတ် ၈ စုကို သူကူညီစောင့်ရှောက်ခဲ့သည်။ မွတ်စလင် အဘွားကြီးတစ်ဦး၏ အိမ်ခြံဝင်းထဲ ဗုံးတစ်လုံးကျကွဲခဲ့ရာ သူမအိမ် ပြတင်းပေါက်တွေ ပျက်စီးသွားသည်။ ပြတင်းပေါက်တွေ ပြင်ဆင်ဖို့ စရိတ်စကအားလုံး ယဲလ်လီဆစ်ချ် ကျခံခဲ့တာကို သက်သေတစ်ဦးက မှတ်မိနေသည်။ သူနှင့် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သည့် မွတ်စလင် သူငယ်ချင်းတစ်ဦးကလည်း စစ်ကြီးအတွင်းမှာရော၊ စစ်ကြီးအပြီးမှာရော သူနှင့် သူ့မိသားစုကို ယဲလ်လီဆစ်ချ် ဘာတွေလုပ်ပေးခဲ့ကြောင်း တရားသူကြီးများကို တင်ပြသည်။ သူအဖမ်းခံနေရချိန် သူ့မိန်းမကို ယဲလ်လီဆစ်ချ်က ငွေကြေးထောက်ပံ့ခဲ့သည်သာမက နောက်ပိုင်းကာလ သူလွတ်မြောက်ချိန်မှာ သူတို့မောင်နှံ ဆားဘီးယားနိုင်ငံ နယ်နိမိတ်ကို ဖြတ်ပြီး နိုင်ငံခြားသို့ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီခဲ့ပုံများကိုပါ သူကတင်ပြသည်။ သူ့နှမနှင့် သူ့ခင်ပွန်းတို့ စစ်ကြီးအပြီး ဆားဘီးယားမှ ထွက်ပြေးနိုင်အောင်လည်း ယဲလ်လီဆစ်ချ်ပဲ ကူညီခဲ့သည်တဲ့။
ဒေသဆိုင်ရာ စစ်အာဏာရှင်တစ်ဦး၏ ခါးပိုက်ဆောင် လက်နက်ကိုင်တပ်ဖွဲ့က ယဲလ်လီဆစ်ချ်၏ မိတ်ဆွေမွတ်စလင်တစ်ဦးကို သူတို့မွေးရပ်မြေ ဘီယဲလ်ယင်းနားမြို့မှာ သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်စဉ်တုန်းကလည်း ယင်းသူငယ်ချင်းနှင့် သူ့ဇနီးသည်တို့ကို ယဲလ်လီဆစ်ချ်ကပဲ ကယ်ထုတ်ခဲ့သည်။ သူ့သူငယ်ချင်း၏ မိခင်ကြီးပင်လျှင် ယဲလ်လီဆစ်ချ်တို့အိမ်မှာ သူ့မိဘများနှင့် ရက်အနည်းငယ် နေထိုင်သွားခဲ့သေးသည်။ သူငယ်ချင်းတစ်ဦး၏ သားဖြစ်သူ သရက်ရွက်ကွဲသွားသည့်အတွက် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည်ကိုလည်း ယဲလ်လီဆစ်ချ် ဝင်ကူခဲ့သည်။ ဒီကလေးကို ဆေးရုံခေါ်သွားသူကလည်း ယဲလ်လီဆစ်ချ်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံးခံသူကလည်း ယဲလ်လီဆစ်ချ်ပဲ ဖြစ်သည်။ သူ့ကြောင့် ဒီကလေးအသက် ချမ်းသာရာရသွားသည်။
သက်သေတစ်ဦးက သူ့ကို “ရည်မွန်ရိုးသားတဲ့ ကောင်လေး” ဟု ပြောသည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးက သူဟာ “လမ်းပေါ်မှာရော၊ ကျောင်းမှာရော၊ အိမ်မှာရော ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတဲ့ ကလေးတစ်ဦး ဖြစ်ပါတယ်။ အနေအထိုင်၊ အပြောအဆို အမြဲမွန်ရည်တယ်” ဟု ပြောသည်။
ဒီလို ရည်မွန်တဲ့ ငါးမျှားသမားလေးက နောက်ဆုံးမတော့ မွတ်စလင်အကျဉ်းသားတွေကို သတ်ဖြတ်သုတ်သင်တဲ့ ဘူတာကို ဘာ့ကြောင့် ဆိုက်ခဲ့ရပါလိမ့်။
ကျွန်မရှေ့မှာ ဓာတ်ပုံနှစ်ပုံရှိသည်။ ကမ္ဘာအနှံ့ ပုံနှိပ်ဖြန့်ဝေခဲ့ရသည့် နာမည်ကျော် ဓာတ်ပုံနှစ်ပုံ။ ယူနီဖောင်းဝတ်ထားသူ တစ်ဦးက အကျဉ်းသားတစ်ဦးကို သတ်ဖြတ်သုတ်သင်နေသည့်ပုံ။ ဒီပုံတွေက ဗီယက်နမ်စစ်ပွဲအတွင်း ဆိုင်ဂုံရဲတပ်ဖွဲ့အကြီးအကဲက ဗီယက်ကောင်း စစ်သားတစ်ဦး၏ ခေါင်းကို သေနတ်နှင့်တေ့ပစ်နေသည့် ရက်စက်ကြမ်းကြုတ်လှတဲ့ပုံနှင့် နှိုင်းယှဉ်၍ ရလောက်သည်။ ဓာတ်ပုံနှစ်ခုကြား တစ်ခုသော ခြားနားချက်က ယခုသတ်ဖြတ်နေသည့်ပုံက ဗီယက်နမ်ဇာတ်လမ်းအပြီး နှစ်ပေါင်းသုံးဆယ်သာသာ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့က ဘော့စနီးယားမှာ ဖြစ်ခဲ့ခြင်းပါပဲ။
သတ်ဖြတ်သူက ရဲဝတ်စုံနှင့်၊ သူက ဓာတ်ပုံဆရာကို ကျောပေးထားသည်။ သူက သူ့ရှေ့ ၃ ပေသာသာမှာ လမ်းလျှောက်နေတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ဦးခေါင်းကို ပစ္စတိုသေနတ်နှင့် ချိန်ထားသည်။ အကျဉ်းသားက သူ့ခေါင်းကို ငုံ့ထားသည်။ သူ့ဆီ ကျည်ဆန်တစ်တောင့် အချိန်မရွေး ရောက်လာတော့မည်ကို သိနေသည့်ပုံ။ နောက်တစ်ပုံက အကျဉ်းသား၏ နောက်စိသေနတ်နှင့် အပစ်ခံရပြီးပုံ။ သေနတ်နှင့် ပစ်ခတ်သူမှာ သူပင်ဖြစ်ကြောင်း ယဲလ်လီဆစ်ချ်က စစ်ရာဇဝတ်ခုံရုံး၌ အတည်ပြု ထွက်ဆိုသည်။
ဓာတ်ပုံထဲပါတဲ့သူရဲ့ အနာဂတ်ဘဝကိုရော၊ သူ့ရဲ့ အနာဂတ်ဘဝကိုပါ အဆုံးအဖြတ်ပေးမည့် လက်မောင်းကိုမြှောက်ပြီး ပစ္စတိုသေနတ်မောင်းဖြုတ်ခဲ့သည့် အမှုကြီးကို သူ မကျူးလွန်မီ သူ့စိတ်ထဲ ဘာတွေများ ဖြစ်ပျက်ခဲ့ပါလိမ့်။ ဘာ့ကြောင့်လဲဆိုတော့ ဒီသေနတ်မောင်းဖြုတ်ပြီးခဲ့တဲ့နောက် ယဲလ်လီဆစ်ချ်တစ်ယောက် နောက်ကြောင်းပြန်လှည့်၍ မရတော့ပြီ။ မေလရဲ့ ထိုတစ်နေ့မှာ သူစလျှောက်ခဲ့တဲ့လမ်းက နောင်ခြောက်နှစ်အကြာမှာ သည်ဟိဂ်မြို့က စစ်ရာဇဝတ်ခုံရုံးသို့ သူ့ကို ပို့ဆောင်ခဲ့သည်။ လူသားတစ်ဦးက တခြားလူသားတစ်ဦးကို သွေးအေးအေးနှင့် သတ်ဖြတ်နိုင်လောက်အောင် သူဘာတွေများ ဖြစ်ခဲ့ပါလိမ့်။
ယဲလ်လီဆစ်ချ်က ကြုံရာကျပန်းသတ်သည်။ စိတ်ကူးပေါ်ရာသတ်သည်။ ပြီးတော့ ဒီလိုသတ်ရတာ သူပျော်သည်။ စွဲဆိုချက်များအရ သတ်ဖြတ်မှုကို သူလိုလိုလားလား လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဤကဲ့သို့ အားကြိုးမာန်တက် လုပ်ဆောင်သူများ မရှိဘဲ လူမျိုးတုံးသတ်ဖြတ်မှု ဆိုသည်မှာ မဖြစ်နိုင်ကြောင်း စွဲချက်တင်သူ တစ်ဦးကဆိုသည်။ သို့ပေမဲ့ ယဲလ်လီဆစ်ချ်တစ်ယောက် ဘယ်လိုကဘယ်လို လူသတ်သမားဖြစ်သွားရသည့် အကြောင်းကိုဖြင့် စွဲချက်တင်သူဖက်ကရော၊ ခုခံကာကွယ်သူဖက်ကပါ သဲလွန်စ တစ်စိုးတစ်စိမျှ ပေးနိုင်ခြင်းမရှိ။
ဓာတ်ပုံထဲပါတဲ့ အကျဉ်းသားကို သတ်ဖြတ်စဉ်က ယဲလ်လီဆစ်ချ်မှာ အသက် ၂၃ နှစ်သာ ရှိသေးသည်။ သူ့မျက်နှာက ဒီလောက်တောင် လိမ်ညာဖုံးဖိနိုင်သလား။ တရားရုံးတော်ထဲက ဒီသူငယ်ကို ကြည့်ပြီး ကျွန်မ အတွေးဝင်မိသည်။ သူ့ကြည့်လိုက်ရင် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးရဲ့ အင်္ဂါလက္ခဏာ တစ်စိုးတစိမျှ မတွေ့ရ။ သူကြည့်ပုံရှုပုံကအစ၊ သူ့အမူအရာကအစ။ သူ့အကြောင်းသူ ဖော်ပြပြောဆိုနေတဲ့အခါမှာပင်လျှင် ဒီအင်္ဂါရပ်ကို မတွေ့ရ။ အင်း… ရုံးခန်းထဲ တည်တည်ငြိမ်ငြိမ် မျက်နှာပေးနှင့် ထိုင်ရင်း စားပွဲအောက်ရောက်နေတဲ့ သူ့ခြေထောက် တစ်ချောင်းက ဂနာမငြိမ်ဘဲ လှုပ်နေတဲ့သူ ဖြစ်နိုင်သည်။ သူ့ခြေထောက် တစ်ချိန်လုံး လှုပ်နေနိုင်သည်။ ဒါက သူ့စိတ်ဝေဒနာစုရဲ့ လက္ခဏာတစ်ခုများ ဖြစ်လေမလား။
သူ့ပင်ကိုယ်သဘာဝက ဘာလဲ။ ငါးမျှားသမားဘဝက သူ့ပင်ကိုယ်သဘာဝအစစ်နှင့် ပိုလို့နီးစပ်သလား။ သူအမှုရင်ဆိုင်နေရချိန် သည်ဟိဂ်မြို့ စကေးဗင်နီဂင် အကျဉ်းထောင်ထဲ ရှိနေစဉ်အတွင်း တာဝန်ရှိသူများက စိတ်ကျန်းမာရေး ဆရာဝန်ကြီးနှစ်ဦးကို ခေါ်ယူ၍ သူ့ကို စမ်းသပ်အကဲခတ်စေသည်။ စမ်းသပ်စစ်ဆေးမှုအပြီးမှာ ယဲလ်လီဆစ်ချ်က လူမှုရေးခေါင်းပါးသော ကိုယ်ရည်ကိုယ်သွေး (Antisocial personality) ရှိသူ၊ မိမိအတ္တကို လွန်ကဲစွာ တပ်မက်သူ၊ မရင့်ကျက်သူ၊ အသိအမှတ်ပြုခံလိုသူဟု ဆရာဝန်များက ကောက်ချက်ချသည်။ သူတို့အမြင်မှာ ယဲလ်လီဆစ်ချ်က ပုံမှန်စိတ်-ပုံမမှန်စိတ် နယ်ခြားသတ်မျဉ်းပေါ် ခွနေသူပါတဲ့။
စိတ်ကျန်းမာရေး ဆရာဝန်ကြီးများက လုခါအကျဉ်းထောင်စခန်းအတွင်း အကျဉ်းသားများအပေါ် ပြုမူခဲ့သော သူ့အပြုအမူကို ဖော်ပြရာ၌ “ရွံရှာစက်ဆုပ်စရာလူ” “ကြမ်းကြုတ်သူ” “တစ်ပါးသူအပေါ် ရက်စက်ခြင်း၌ သာယာသူ” ဟူသော စကားလုံးများကို သုံးစွဲခဲ့သည်။ သူ့ကို စီရင်ချက်ချသော တရားသူကြီးများက စီရင်ချက်နိဂုံး၌ ယဲလ်လီဆစ်ချ်သည် စိတ်ဝေဒနာသည် တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး (Disturbed personality) ရှိသူဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
သည်ဟိဂ်မြို့ ရုံးတော်၌ သက်သေထွက်ဆိုရန် လာကြသော အသက်မသေကျန်ရှိသည့် အကျဉ်းသားများကတော့ ယဲလ်လီဆစ်ချ်အပေါ် စိတ်ကျန်းမာရေး ဆရာဝန်တွေလို ပြင်းပြင်းထန်ထန် စကားလုံးများ အသုံးပြုခဲ့ခြင်းမရှိ။ သူ၏ အကျင့်စရိုက်အပေါ်လည်း ဘာထင်မြင်ချက်မှ မပေးခဲ့ကြ။ သို့ပေမဲ့ သက်သေအတော်များများကတော့ သူ့မျက်လုံးတွေအကြောင်း ပြောသည်။ “လူက ပါးရိုးမြင့်မြင့်နဲ့၊ မျက်လုံးတွေက နောက်ကျိနေတဲ့ ရေလိုပဲ။ လူမျက်လုံးနဲ့ မတူဘူး” ဟု သက်သေတစ်ဦးက ပြောသည်။
“သူက စိတ်ကြွဆေး ဒါမှမဟုတ် စိတ်ကြွဆေးဆန်ဆန် ဆေးတစ်ခုခု သုံးထားပုံရတယ်။ သူ့မျက်လုံးနဲ့ ဆိုင်မိတဲ့လူတိုင်း ကျွန်တော့်အထင် သူ့ကို နောက်တစ်ကြိမ် ကြည့်မိဖို့ ရှောင်ရှားကြလိမ့်မယ်။ ကျွန်တော်ထင်တယ်.. သူက သူ့အကြည့်နဲ့ ကျွန်တော်တို့ကို အကြောက်တရား သွင်းပေးလိုက်တာ။ အထူးသဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပြီးတဲ့နောက် ဒါမျိုးလုပ်တတ်တယ်။ ဒါကို ဘယ်လိုပြောရမှန်း ကျွန်တော်မသိဘူး… ကျွန်တော်ဆိုချင်တာက ကျွန်တော်တို့မှာ ရှိနှင့်နေတဲ့ အကြောက်တရားက အတော်ကြီးကြီးလှပြီ။ သူ့မျက်လုံး အကြည့်ခံရပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ အကြောက်တရားက ကျွန်တော့်အထင် သုံးဆလောက် ထိုးတက်သွားတယ်။ ဒါ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ပြောကြည့်တာ” ဟု သူကဆက်ပြောသည်။
“ယဲလ်လီဆစ်ချ်၏ အကြည့်က အားပါပြီး အညှာအတာကင်းတယ်။ သူ့ပါးစပ်က ရယ်နေပေမယ့် သူ့မျက်လုံးတွေက ရယ်မနေဘူး။ ကျွန်တော် ဒါမျိုးကို ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတယ်” ဟု သက်သေတစ်ယောက်က ပြောသည်။
အကျဉ်းသားများနှင့် တွေ့ဆုံရာ၌ “ဟစ်တလာက ပထမမြောက် အားဒေါ့ဖ်၊ ကျုပ်က ဒုတိယမြောက် အားဒေါ့ဖ်ပဲ” ဟု ယဲလ်လီဆစ်ချ်က သူ့ကိုယ်သူ မိတ်ဆက်တတ်သည်။ ဘာ့ဂျ်ကောအနီးရှိ လုခါအကျဉ်းစခန်းမှာ သူ့အသံကြားရပြီဆိုလျှင် သူတို့တုန်လှုပ်ချောက်ချားရသည်။ သူ့အသံက သူတို့အဖို့ သေမင်းခေါ်သံပဲ။ သူက အကျဉ်းသားတွေထားတဲ့ ခန်းမကြီးထဲ ဝင်လာပြီး ကြုံရာလူ လက်ညှိုးထိုးခေါ်သွားတတ်သည်။ သူပြောတာက “မင်းရယ်၊ မင်းရယ်၊ နောက်ပြီး မင်းရယ်” ဒါပဲ။ ဘာနာမည်မှ မခေါ်၊ ဘာစွဲချက်မှ မတင်၊ ဘာစီရင်ချက်မှ မချ။
ပထမဦးစွာ သူက အကျဉ်းသား၏ ငွေ၊ နာရီနှင့် လက်ဝတ်လက်စားတွေကို သိမ်းသည်။ အကျဉ်းသားတွေကို မကြာခဏ သူရိုက်နှက်တတ်သည်။ ဒါတွေကို သူ့ရည်းစားဖြစ်သူ မော်နီခရှေ့မှာ လုပ်တာ။ သူ့ရည်းစားသည်၏ အစ်ကိုက အကျဉ်းစခန်း၏ အကြီးအကဲဖြစ်သမို့ အကျဉ်းထောင်ကို မော်နီခ မကြာမကြာ လိုက်လာတတ်သည်။ ပစ္စည်းတွေ သိမ်းပြီးတဲ့အခါ သူရွေးကောက်ထားတဲ့ အကျဉ်းသားတွေကို တစ်ယောက်ချင်း ခန်းမထဲမှ ဆွဲထုတ်သည်။
ပြီးတော့ အကျဉ်းသားကို မြေပြင်တွင် ဒူးထောက်ခိုင်းပြီး သူ့ခေါင်းကို သတ္တုရေနုတ်မြောင်း ဆန်ခါပေါ် တင်စေသည်။ ဒီ့နောက် ယဲလ်လီဆစ်ချ်က သူ့ပစ္စတိုကို အကျဉ်းသား၏ နောက်စေ့နားကပ်ပြီး ကျည်ဆန်နှစ်တောင့် ပစ်သွင်းလိုက်သည်။ သူ့ပစ္စတိုမှာ အသံတိတ်ကိရိယာ တပ်ဆင်ထားသည်။ အသတ်မခံရခင် အချိန်ပိုင်းကလေးမှာ အကျဉ်းသားက သူ့အသက်ချမ်းသာပေးပါမည့်အကြောင်း တောင်းပန်တိုးလျှိုးတတ်သည်။ “ကျုပ်ကို ဒီလိုမလုပ်ပါနဲ့ဗျာ။ ဘာ့ကြောင့် ကျုပ်ကို ရွေးသတ်ရတာတုံး။ ကျုပ်ဘာမှ လုပ်ခဲ့တာမဟုတ်ဘူး” စသည်ဖြင့်။
ဒီလိုပြောလည်း ဘာကမှ အကြောင်းမထူး။ အကျဉ်းသားကို မသတ်မီ ယဲလ်လီဆစ်ချ်က အကျဉ်းသား၏ မွတ်စလင်မိခင်ကို ဆဲရေးတိုင်းထွာလိုက်သေးသည်။ တကယ်တော့ သေရမည့်လူက ကြောက်ပြလေလေ၊ ယဲလ်လီဆစ်ချ်အဖို့ သူ့ကို သတ်ရတာ ပျော်လေလေ။ သေသွားတဲ့ အလောင်းကို အကျဉ်းသားနှစ်ဦးက အအေးခံ ထရပ်ကားဆီ သယ်သွားရသည်။ စုပေါင်းမြှုပ်နှံသည့် သင်္ချိုင်းကို သယ်သွားဖို့။ အားလုံးပြီးစီးတဲ့အခါ သံဆန်ခါပေါ်က သွေးတွေကို ဆေးကြောပစ်ဖို့ ယဲလ်လီဆစ်ချ်က အမိန့်ပေးသည်။ သူက ညစ်ပေတာကို မုန်းသည်။
သူစိတ်ကောင်းဝင်နေတဲ့အခါ လူသတ်ရတာ ဘယ်လောက်ကောင်းကြောင်း ယဲလ်လီဆစ်ချ်က ရှင်းပြတတ်သည်။ “ခင်ဗျား ကြောက်နေတာ ကျုပ်မြင်နေရတယ်။ ဒီလိုလူတွေကို သတ်ရတာ အရသာရှိတယ်။ သူတို့လိုလူတွေကို ကျုပ်ကောင်းကောင်းမွန်မွန် သတ်ပါတယ်။ ဒီအတွက် ကျုပ်ဘာမှ မခံစားရဘူး” ဟု ပြောတတ်သည်။
စစ်ရာဇဝတ်ရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ လုခါစခန်းက အကျဉ်းသားဟောင်းများက လူသတ်ပွဲတစ်ခုကို မှတ်မိနေသည်။ အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း ခရိုအေးရှားလူမျိုး တစ်ယောက်ကို ယဲလ်လီဆစ်ချ် သတ်ဖြတ်ခဲ့ပုံ။ ပထမဦးစွာ အကျဉ်းသား၏ နားရွက်ကို ဖြတ်လိုက်သည်။ ပြီးတော့ သူ့ကို ခန်းမကြီးထဲ ပြန်ဝင်စေပြီး ကျန်အကျဉ်းသားများ မြင်စေရန် လမ်းလျှောက်ခိုင်းသည်။ အကျဉ်းသားခမျာ သူ့နားရွက်ကို လက်ထဲကိုင်ရင်း မိမိကိုသတ်ရတဲ့ အရသာ ယဲလ်လီဆစ်ချ် မရစေချင်လို့ မိမိကို သတ်ပစ်ဖို့ရာ ကျန်အကျဉ်းသားများကို တောင်းပန်တိုးလျှိုးသည်။ ယဲလ်လီဆစ်ချ်က သူ့ပစ္စတိုကို ထုတ်ပြီး အကျဉ်းသားတွေကို ပေးလိုက်သည်။ ဒီအကျဉ်းသားကို ပစ္စတိုနှင့် ပစ်သတ်ဖို့ တိုက်တွန်းသည်။ ဘယ်အကျဉ်းသားမှ ဗော်လံတီယာ မလုပ်ကြ။ “မင်းတို့က နေခွင့်ပေးဖို့ မထိုက်တန်သူတွေပဲ” ဟု ယဲလ်လီဆစ်ချ်က အကျဉ်းသားတွေကို သရော်လှောင်ပြောင်သည်။ နောက်ဆုံးမတော့ ဒီခရိုအေးရှားသားကြီးကို အခြားသူများနည်းတူ သံဆန်ခါပေါ်မှာ သူသုတ်သင်လိုက်သည်။
လက်ညှိုးညွှန်ကာမျှနှင့် လူတစ်ဦးတစ်ယောက် နေရမလား၊ သေရမလားဆိုတာ သူဆုံးဖြတ်သည်။ သူက သက်ကြီးရွယ်အိုရော၊ ငယ်ရွယ်သူရော သတ်သည်။ အသက် ၁၈ နှစ်အရွယ် မွတ်စလင် မိန်းမပျိုကို သူသတ်သည်။ အဘိုးကြီးတစ်ဦးကို သူသတ်သည်။ အဘိုးကြီးရဲ့ ပြစ်မှုက ရေပုလင်း လွှတ်ချမိလို့။ ခပ်ရွယ်ရွယ် လူငယ်တစ်ဦးကို သူသတ်သည်။ ဒီသူငယ်က ဆားဘီးယား အမျိုးသမီးကို လက်ထပ်ခဲ့လို့။ သူသတ်ခဲ့သမျှ လူစာရင်းကို ယဲလ်လီဆစ်ချ်က အသံကျယ်ကျယ် ရေရွတ်တတ်သည်။ ၆၈ ယောက်၊ ၇၉ ယောက်၊ ၈၃ ယောက်….။ စွဲချက်တွေအရ ၁၉၉၂ မေလ ဆယ့်ရှစ်ရက် ကာလအတွင်း အကျဉ်းသားပေါင်း တစ်ရာကျော်ကျော်ကို သူတစ်ယောက်တည်း သတ်ခဲ့သည်တဲ့။ “အကျဉ်းသား နှစ်ဆယ်ကနေ သုံးဆယ်အထိ သတ်ပြီးမှ မနက်ခင်းကော်ဖီသောက်တယ်” ဟု သူက ကြွားသည်။ သူပြစ်ဒဏ်စီရင်ခံရတဲ့ အကြောင်းက သူသတ်ခဲ့သမျှအနက် ၁၃ မှုက သက်သေအထောက်အထား ခိုင်လုံ၍ဖြစ်သည်။
ယဲလ်လီဆစ်ချ်က သူ့သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေအတွက် လူကောင်းတစ်ယောက် ဆိုတာ ဟုတ်ပါလိမ့်မည်။ သူငါးမျှားသမားကောင်း တစ်ယောက်ဆိုတာ သေချာပါသည်။ သို့ပေမဲ့ သူကိုယ်တိုင် ဝန်ခံထားသည့်အတိုင်း သူက လူသတ်သမားတစ်ဦးလည်း ဖြစ်နေသည်။ စစ်ရာဇဝတ်မှုကြောင့် စွပ်စွဲခံရသူများအနက် စစ်ရာဇဝတ်ခုံရုံး ရှေ့တော်မှာ သူတို့ပြစ်မှုများကို ဝန်ခံထွက်ဆိုခဲ့သူ သုံးဦးထဲမှာ သူက တစ်ဦးအပါအဝင်ဖြစ်သည်။ စွဲချက် ၃၁ ချက်အတွက် သူ့မှာ အပြစ်ရှိကြောင်း သူကပြောသည်။ သို့ပေမဲ့ ဒီအတွက် သူက သိသိသာသာ နောင်တရပုံမပြ။ (စွဲချက် ၁၃ ခုပဲ အချက်အလက်နှင့် သက်သေပြနိုင်ခဲ့သည်။) သူသတ်ဖြတ်သူ အများစုက မွတ်စလင်တွေ ဖြစ်သော်လည်း သူ့ပြစ်မှုက လူမျိုးတုံး သတ်ဖြတ်မှုဟု ပြောနိုင်တဲ့ သက်သေသက္ကာရ အပြည့်အဝမရှိကြောင်း တရားသူကြီးများက ကောက်ချက်ချသည်။ မွတ်စလင်တွေ မျိုးပြုတ်အောင် စနစ်တကျ သိသိသာသာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု အဓိပ္ပာယ်ထွက်သည်။
ပုံမှန်မဟုတ်တဲ့ စရိုက်လက္ခဏာအရ သူက မည်သည့်မျိုးနွယ်စုဝင်မဆို စိတ်ပါလက်ပါ သတ်ဖြတ်မည့်လူစားဟု တရားသူကြီးများက ပြောသည်။ ထို့ကြောင့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွဲချက်ကို ရုပ်သိမ်းခဲ့ပြီး စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် ဥပဒေ/ဓလေ့ထုံးတမ်းများ ချိုးဖောက်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ယဲလ်လီဆစ်ချ်အား ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခဲ့သည်။
ယဲလ်လီဆစ်ချ်က ထိုမေလ ဆယ့်ရှစ်ရက်တာ ကာလအတွင်းမှာပဲ လူသတ်မှုများကို ကျူးလွန်ခဲ့ပြီး ယင်းကာလမတိုင်မီကရော၊ ယင်းကာလနောက်ပိုင်းမှာပါ မည်သည့်လူသတ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း တရားခံရှေ့နေက ထောက်ပြသည်။ “ဒီလိုလူမျိုးက ၁၈ ရက်ကာလတာကလေးပဲ သရဲသဘက်အဖြစ် အသွင်ပြောင်းသွားခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ဟု သူ့ရှေ့နေတွေက မေးခွန်းထုတ်သည်။ သူတို့အဖို့ ကြောင်းကျိုးဆီလျော်တဲ့ ရှင်းလင်းချက်က ယဲလ်လီဆစ်ချ်ဟာ အဲဒီကာလအတွင်း ဖိအားပေးမှု တစ်ခုခုကြောင့် လုပ်ခဲ့တာဖြစ်မည်။ အထက်အမိန့်အရ လူသတ်ခဲ့တာဖြစ်မည်။ အမိန့်နာခံခဲ့တာဖြစ်မည်။ သူ့အသက်ဘေးအတွက် ကြောက်ရွံ့၍ လုပ်ခဲ့တာဖြစ်မည်။
ဒီရှင်းလင်းချက်ကလည်း ဖြစ်နိုင်တာပါပဲ။ ဒါက ငါးမျှားဝါသနာပါသည့်၊ တည်ငြိမ်အေးချမ်းသည့် သူ့စိတ်ထားနှင့် ကွက်တိဖြစ်သည်။ သို့ပေမဲ့ သူဟာ အမိန့်အရ လုပ်ရတာပါဆိုတဲ့ ချေပချက်ကို ထောက်ခံဖို့ရာအတွက် သူ့ဘက်က သက်သေလုံလုံလောက်လောက်မရှိ။ ထို့ကြောင့် ရာဇဝတ်ခုံရုံးက ယင်းချေပချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့် အဆိုကို လက်ခံလိုက်သည်။ ယဲလ်လီဆစ်ချ်က အကျဉ်းသားတွေကို သူ့စိတ်ဆန္ဒနှင့်သူ လွတ်လွတ်လပ်လပ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ခုံရုံးက အတည်ပြုသည်။
အထောက်အထား ခိုင်လုံဖို့အရေးထက် အခြားစဉ်းစားစရာတွေ ရှိသေးသည်။ ယဲလ်လီဆစ်ချ်အနေနှင့် လူသတ်ရတာကို သိသိသာသာကြီး ပျော်နေကြောင်း အကျဉ်းသား အတော်များများက ထောက်ပြသည်။ သူသတ်ခဲ့သမျှ စာရင်းကို ရေရွတ်ရင်း ကြွားနေပုံ၊ လူသတ်ပုံသတ်နည်းကို ရှင်းပြနေပုံ၊ သူလုပ်နေတာကို သူနှစ်သက်ကြောင်း အတည်ပေါက် ပြောဆိုနေပုံများ။ အကျဉ်းသားက သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်လေ၊ ယဲလ်လီဆစ်ချ်အနေနှင့် အဲဒီလူကို သတ်ဖြတ်ရတာ အရသာယူလေ ဖြစ်ကြောင်း သက်သေများက ထွက်ဆိုသည်။
သူနှစ်သက်တာက သတ်ဖြတ်ရတဲ့ အလုပ်သက်သက် ဟုတ်ဟန်မတူ။ သတ်ဖြတ်တယ်ဆိုတာက ပေပေရေရေ ညစ်ညစ်ပေပေအလုပ်။ သူက ပေပေရေရေ ညစ်ညစ်ပေပေကို မုန်းသည်။ သန့်သန့်ရှင်းရှင်းကို အင်မတန် ကြိုက်သည်။ လူတစ်ယောက် သတ်ပြီးတိုင်း သံဆန်ခါကို ချက်ချင်း ဆေးကြောသန့်စင်ခိုင်းသည်။
ဒီလိုဆိုရင် ဒီအသည်းအသန် ၁၈ ရက်တာကာလမှာ ဘာတွေဖြစ်ပျက်ခဲ့ပါလိမ့်။ ဒါကို မည်သူမျှ သေသေချာချာ ရှင်းမပြနိုင်။ ယဲလ်လီဆစ်ချ်ကိုယ်တိုင်ပင်လျှင် ဤအခြင်းအရာကို ရှင်းမပြနိုင်ပါ။
ဒီကာလအတွင်း ပြောင်းလဲသွားတာက လူပုဂ္ဂိုလ်မဟုတ်ဘဲ ပတ်ဝန်းကျင်များ ဖြစ်နေမလား။ အဲဒီကာလက ငြိမ်းချမ်းသော ကာလမဟုတ်တော့။ စစ်ပွဲကြီးဖြစ်နေပြီ။ ယဲလ်လီဆစ်ချ်အဖို့ မြက်တောထဲ လဲလျောင်းနေဖို့ အခွင့်အလမ်းမရတော့။ သူ့ဘေးမှာ တေးသံညည်းနေသည့်မြစ်၊ သူ့ပတ်ဝန်းကျင်တစ်ခိုမှာ ရပ်တန့်နေသည့် ကမ္ဘာကြီး—ဒါတွေ မရှိတော့။ စစ်ပွဲကြီးက အရာရာကို ပြောင်းလဲပစ်ခဲ့ပြီ။ ဂိုရန်တစ်ယောက် ဘာ့ချ်ကော (Brčko) သို့ ထွက်ခွာသွားချိန်မှာ ကျွန်မသားမက်ဖြစ်သူက သူချစ်သော အေဒရီယတစ်ပင်လယ်တွင်း ငါးမျှားခြင်းအမှုကို စွန့်လွှတ်ပြီး ကနေဒါနိုင်ငံသို့ ထွက်ခွာသွားသည်။ စစ်ပွဲကြီးက သူတို့ဘဝတွေကို ပြောင်းလဲပစ်လိုက်သည်။ ပြောင်းလဲသွားတာချင်း တူသော်လည်း ပြောင်းလဲပုံပြောင်းလဲနည်းက တစ်ဦးနှင့်တစ်ဦး မတူကြ။
ဒီအပြောင်းအလဲဖြစ်ရတဲ့ အကြောင်းရင်းမှာ မိမိဘာသာ သိသိကြီးနှင့် ဆုံးဖြတ်ခဲ့တာက ဘယ်လောက်၊ အကြောင်းတိုက်ဆိုင်မှုကြောင့်က ဘယ်လောက်ဖြစ်မလဲ။ တစ်ယောက်က ကနေဒါရောက်သွားပြီး နောက်တစ်ယောက်က ဘာ့ချ်ကော ရောက်သွားတာ ဘာကြောင့်ပါလိမ့်။ သူတို့နှစ်ယောက် သွားတဲ့နေရာ ပြောင်းပြန်ဖြစ်မသွားနိုင်ဘူးလား။ ကျွန်မသားမက်ကရော ခရိုအေးရှားရဲဌာနမှာ အပျော်တမ်းရဲ ဝင်မလုပ်နိုင်ဘူးလား။ သူ မလုပ်နိုင်ဘူးဆိုတာ ကျွန်မယုံသည်။ ယဲလ်လီဆစ်ချ် ဝင်လုပ်နိုင်တဲ့အလုပ်ကို ဘာကြောင့် သူဝင်မလုပ်နိုင်ရတာလဲ။ ဒီမေးခွန်းရဲ့အဖြေကို ကျွန်မမသိ။ သာမန်လူတွေလို့ ထင်ရတဲ့လူတွေက အခြေအနေတစ်ခုခုအောက်မှာ—ပြောရရင် စစ်ပွဲကာလတွေမှာ—သူတို့ရဲ့ ဆိုးဝါးယုတ်ညစ်တဲ့ စိတ်ဓာတ်တွေ ရှေ့တန်းရောက်လာပြီး အပြုအမူအားလုံးကို လွှမ်းမိုးသွားတတ်သည်။ ဒီလိုဆိုးဝါးယုတ်ညစ်တဲ့ စိတ်ဓာတ်က ယဲလ်လီဆစ်ချ်ဆီမှာ အစဉ်အမြဲရှိနေပြီး အခြေအနေအချိန်အခါရောက်မှ ငုပ်လျှိုးရာကနေ ခေါင်းပြူလာတာများ ဖြစ်လေမလား။
သူ့ဘဝတိုတိုလေးမှာ အာဏာပါဝါရှိသည့် အနေအထားကို ပထမဦးဆုံးအကြိမ် သူရောက်သွားသည်။ ဘီယဲလ်ယင်းနား (Bijeljina) မြို့ကလေးက လူငယ်လေးတစ်ယောက်၊ လောလောလတ်လတ် ထောင်ကထွက်လာတဲ့ လယ်ယာလုပ်ငန်း မက္ကနစ်တစ်ဦး၊ ငါးမျှားသူတစ်ဦး၊ အညတရတစ်ဦး။ ဒီလိုလူလက်ထဲ လက်ငင်းချက်ချင်း အကြွင်းမဲ့အာဏာ ရောက်သွားသည်။ သူ့ကို ပစ္စတိုတစ်လက်ပေးသည်။ ပစ္စတိုကို ကြိုက်သလိုသုံးခွင့်ပေးသည်။ ဘာမဆိုဖြစ်နိုင်တဲ့ အခွင့်အလမ်းသစ်တွေထဲ သူယစ်မူးသွားသည်။ သူ့ကြည့်ရတာ၊ သူပြုမူနေတာ ဆေးချထားသည့်သူနှင့် တူကြောင်း လူတွေက ပြောသည်။ သူ့မျက်လုံးတွေက ကြောင်တောင်တောင်။ လူက လှုပ်လှုပ်ခတ်ခတ် ချောက်ချောက်ချားချား။ တကယ်တော့ လူတစ်ဦးတစ်ယောက်၏ အသက်နှင့်သေခြင်းအပေါ် အစိုးရခြင်းက လူပုဂ္ဂိုလ်တစ်ဦးအဖို့ အစွမ်းအထက်ဆုံး ဆေးတစ်ဖုံ ဖြစ်မည်။ အကျဉ်းသားတွေအဖို့ သူက နတ်ဘုရားတစ်ပါးလို။ အကျဉ်းသားတွေကို ကွပ်မျက်ပြီး သူ့အာဏာပါဝါကို ပြစားရသည့်အခါ ဆေးချလိုက်သလို သူခံစားရသည်။ ဒီလူငယ်လူရွယ် လူချောကလေး ဂိုရန်က ကျွန်မသမီးတို့ရဲ့ မျိုးဆက်က ဂိုရန်ပါပဲ။
ကျွန်မဆက်တွေးကြည့်သည်။ ဂိုရန်တစ်ယောက် ပါးကွက်သားဖြစ်သွားပြီဟု ဆိုရသော်လည်း နက်နက်နဲနဲ တွေးကြည့်လိုက်လျှင် သူကိုယ်တိုင်က သားကောင်ဖြစ်သွားသည်။ သူတို့မျိုးဆက်သစ်တစ်ခုလုံးနှင့်အတူ ဂိုရန်သည်လည်း ခေတ်စနစ်နှင့် မျိုးဆက်ဟောင်းတို့၏ လိမ်ညာလှည့်စားခြင်းကို ခံခဲ့ရသူဖြစ်သည်။ သူတို့မိဘမျိုးဆက် အတော်များများ (ကျွန်မတို့မျိုးဆက်ပေါ့) က အမျိုးသားရေးဝါဒကို ပွေ့ပိုက်ခဲ့ကြသည်။ ဒီအမျိုးသားရေးဝါဒကနေ ထွက်ပေါ်လာခဲ့သည့် စစ်ပွဲကြီးကို တားဆီးဖို့ သူတို့ (ကျွန်မတို့) ဘာတစ်ခုမှ မလုပ်ခဲ့ကြ။ သူတို့ (ကျွန်မတို့) က အခွင့်အရေးသမားတွေ။ သူတို့ကို လေ့ကျင့်ပုံသွင်းထားသည့်အတိုင်း ခေါင်းဆောင်တွေနောက်ကို လိုက်ကြသည်။ ဒီခေါင်းဆောင်တွေနောက် မလိုက်ဘဲ တောင့်ခံနေဖို့ သူတို့မှာ သတ္တိမရှိကြ။ သူတို့အခွင့်အလမ်းတွေကို အဆုံးရှုံးမခံချင်ကြ။ မိဘများ၏ မိုက်မဲမှုအတွက် ကလေးတွေက ပေးဆပ်ရခြင်းပဲဖြစ်သည်။ တစ်ခါတရံ သူတို့အသက်နှင့် ပေးလျော်ရသည်။ ဂိုရန်ယဲလ်လီဆစ်ချ်လို သူ့လက်ကျန်ဘဝကို ထောင်ထဲအချိန်ကုန်ရမည့် လူသတ်သမားပင်လျှင် မိဘမျိုးဆက်၏ အမှားအတွက် ပေးဆပ်ရသည့်အထဲ ပါသွားသည်။
Slavenka Drakulic (1949- ) They Would Never Hurt a Fly: War Criminals on Trial in The Hague. 2004. Viking. စာအုပ်မှ အခန်း (၆) He Would Never Hurt a Fly ကိုဘာသာပြန်ဆိုသည်။
မှတ်စု
ဆလာဗင်ခါ ဒရာကူလစ်ချ် (Slavenka Drakulić)

ခရိုအေးရှားလူမျိုး သတင်းစာဆရာမ၊ စာရေးဆရာနှင့် အက်ဆေးဆရာ ဖြစ်သည်။ ဣတ္ထိယဝါဒ (Feminism)၊ ကွန်မြူနစ်ဝါဒနှင့် ကွန်မြူနစ်လွန်ခေတ် အကြောင်းအရာများကို ရေးသားခြင်းဖြင့် ထင်ရှားသူဖြစ်သည်။ ၎င်း၏ စာအုပ်များကို ဘာသာစကား ပေါင်းများစွာသို့ ပြန်ဆိုပြီး ဖြစ်သည်။
Adolf = အားဒေါ့ဖ် (သို့မဟုတ်) အဒေါ့ဖ်။ “မြင့်မြတ်သော ဝံပုလွေ”၊ “တောက်ပသော ဝံပုလွေ” သို့မဟုတ် “ဝံပုလွေ၏ အစွမ်းသတ္တိ” ဟု အဓိပ္ပာယ်ရသည်။
တီးတိုး (၁၈၉၂–၁၉၈၀) = ယူဂိုဆလားဗီးယား ဆိုရှယ်လစ် ဖက်ဒရယ် သမ္မတနိုင်ငံ၏ ခေါင်းဆောင်။
ယူဂိုဆလားဗီးယားနိုင်ငံ
သမ္မတနိုင်ငံ ခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် ယူဂိုဆလားဗီးယား နိုင်ငံတော်ကို ၁၉၉၀–၁၉၉၂ ကာလအတွင်း သီးခြားလွတ်လပ်သော နိုင်ငံများအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၁–၁၉၉၂ ခုနှစ်အတွင်း နိုင်ငံအချင်းချင်းကြား ခွဲထွက်ရေးစစ်ပွဲ၊ လူမျိုးရေးစစ်ပွဲနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးနှင့် အကြမ်းကြုတ်ဆုံး စစ်ပွဲများအဖြစ် မှတ်တမ်းတင်ခံရသည်။


