“စဘိုင်ဒီကျော့မောင်ရေ…”
“သန်း စဘိုင်ဒီ…”
ကိုကျော့မောင်တစ်ယောက် အိမ်ရှေ့အထွက်တွင် ရုံးစာရေးကြီး သူရိန်က လှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး လက်အုပ်ကလေးချီလျက်။ ကိုကျော့မောင်၏ လက်အုပ်ကလေးက နှုတ်ခမ်းနားတွင်ရှိပြီး ရုံးစာရေးကြီး လက်အုပ်က မေးစေ့နားတွင် ရှိနေလေသည်။ ကိုကျော့မောင်က ဈေးရောင်းသူဖြစ်သဖြင့် ရုံးစာရေးကြီးက လက်အုပ်ကို မေးစေ့နားတွင် ထားခြင်းဖြစ်သည်။ ရုံးစာရေးကြီးမှာ ရာထူးအရာခံနှင့် ဖြစ်၍ ကိုကျော့မောင်၏ လက်အုပ်မှာ နှုတ်ခမ်းနားသို့ ကပ်ထားခြင်းဖြစ်သည်။ ဤသည်က သူတို့၏ ဓလေ့ထုံးစံပင် ဖြစ်သည်။ ကိုယ်ထက် ရာထူးအရာခံ ကြီးသူများဆိုလျှင် နှုတ်ခမ်းနားတွင် လက်အုပ်ကို ကပ်လျက်ဖြင့် နှုတ်ဆက်လေ့ရှိကြသည်။ ကိုယ်ထက်ငယ်သူများဆိုလျှင် မေးစေ့နားတွင် ထားကြသည်။ ကိုကျော့မောင်တို့ ကိုးကွယ်သည့် သံဃာတော်များအတွက်မူ နှာခေါင်းနားတွင် ထားကြရသည်။ ထုံးစံအရဆိုလျှင် ကိုကျော့မောင်ကသာ ရုံးစာရေးကြီးကို အလျင်ဦးဆုံး နှုတ်ဆက်ရမည်ဖြစ်သော်လည်း ကိုကျော့မောင်မှာ မနက်ဆွမ်းချက်ဖို့ရန် မီးဖိုချောင်သို့ မီးသွေးများ သယ်နေသည်ဖြစ်၍ ရုံးစာရေးကြီး လာသည်ကို မမြင်လိုက်သောကြောင့် ရုံးစာရေးကြီးမှ လှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကိုယ့်ထက်ကြီးသူဆိုလျှင် “သန်း” ဆိုသည့်စကားကို ရှေ့ကခံထားခြင်းမှာ လေးစားသမှုကို ပြသ၍ စကားပြန်ခြင်းပင်ဖြစ်သည်။ သန်းသူရိန်မှာ သူတို့နှင့် တစ်အိမ်ကျော်က ဖြစ်သည်။ အိမ်နီးချင်းဖြစ်သလို ခင်မင်ရင်းနှီးစွဲလည်း ကြီးသည်။ သန်းသူရိန်မှ နှုတ်ဆက်အပြီးတွင်
“ဘာတွေများ ဒီလောက် အလုပ်များနေသတုန်း” ဆိုသည့် မေးခွန်းက ဆက်တိုက်ထွက်လာသည်။
“သန်း ညီမလေ မနက်ဆွမ်းလောင်း နောက်ကျမှာစိုးလို့ အခုကတည်းက ထင်းတွေသယ်ပေးထားဦးဆိုလို့ အဲဒါ သယ်ပေးနေရတာ” ဟု ပြန်ဖြေလိုက်သည်။
“အေး ကောင်းတယ်၊ ကောင်းတယ်၊ ငါလည်း ရုံးပြန်နောက်ကျနေလို့ မင်းအစ်မ နှုတ်တော်မြားမစူးအောင် ပြေးလိုက်ဦးမယ်ဟေ့”
ဟုဆိုပြီး သူ့စကားကို သူဘာသာ သဘောကျစွာ တဟားဟား ရယ်ရင်း အပြေးလေး လှမ်းသွားလေသည်။ ကိုကျော့မောင်လည်း သန်းသူရိန်ကို ကြည့်ပြီး ပြုံးရိပ်ရိပ်ဆင်မိလေသည်။

ထိုအပြုံးရိပ်၏ နောက်ကွယ်တွင် သံယောဇဉ်ပေါင်းများစွာက ပိုက်ကွန်သဖွယ် ယှက်နွယ်နေသည်။ ငယ်စဉ်ကလေးဘဝကတည်းက သန်းသူရိန်နှင့် ကိုကျော့မောင်မှာ ညီအစ်ကိုများနှယ် ပေါင်းဖက်မိကြသည့် သူငယ်ချင်းများဖြစ်သည်။ ထိုစဉ် စွိုင်းထဲတွင် နေတုန်းကလည်း အိမ်ချင်းက မနီးမဝေး။ သန်းသူရိန်တွင် အစ်ကိုနှစ်ယောက်ရှိသည်။ သူက အငယ်ဆုံးဆိုသော်လည်း ကိုကျော့မောင်ထက် နှစ်နှစ်ခန့် ကြီးသည်။ ထိုစဉ်က အိုက်ဟုသာ ခေါ်ရသည်။ “အိုက်ရေ ကစားကြမယ်”။ “အိုက်ရေ ပိုင်မဲ့ သွားကစားကြရအောင်” စသည်ဖြင့် ဘယ်သွားသွား ဘယ်လာလာ ဘာလုပ်လုပ် တပူးတတွဲတွဲဖြစ်သည်။ ပိုင်မဲ့ဆိုသည်က ဧပြီလရောက်တိုင်း ကျင်းပကြသည့် ရေကစားပွဲတော် သင်္ကြန်ပင်ဖြစ်သည်။ သူတို့နေသည့် လမ်းကြိုလမ်းကြားတွင် ရေပက်ကစားရသည်က ပျော်စရာမကောင်းလှ။
ထို့ကြောင့် စက္ကလင်းကဲ့သို့သော လမ်းမကြီးပေါ်တွင် သွားကစားဖို့ရန်အတွက် အဖော်ဆွယ်ခြင်းဖြစ်သည်။ လူကြီးများကလည်း တစ်ယောက်တည်းဆိုလျှင် စိတ်မချတတ်သဖြင့် ဤသို့နှစ်ယောက်သား သွားမည်ဆိုမှသာ ခွင့်ပြုတတ်ကြသည်။ သန်းသူရိန်တို့ မိဘများက အစိုးရဝန်ထမ်းများဖြစ်၍ ထိုကဲ့သို့ ရုံးပိတ်ရက်မျိုးတွင် အေးအေးလူလူ အနားယူလိုကြသည်က တစ်ကြောင်း၊ ကိုကျော့မောင်တို့ မိဘများက ဈေးသည်များဖြစ်၍ ပိတ်ရက်မရှိ ဈေးရောင်းနေကြရသည်ဖြစ်၍ တစ်ကြောင်း သူတို့နှစ်ယောက် အခုလို ခွာမရအောင် ဖြစ်နေခြင်းကို ကလေးကလေးချင်း ထိန်းသိမ်းစောင့်ရှောက်ရေးဟု မှတ်ယူနေကြပုံရသည်။ များသောအားဖြင့် ကိုကျော့မောင်ကသာ အိုက်တို့အိမ်ကို နေ့စဉ်လိုလို ရောက်ဖြစ်သသည်။ အကြောင်းက သန်းသူရိန်တို့အိမ်မှ “ပဒပ်” ကြောင့်ဖြစ်သည်။ ပဒပ်သည် မည်သည့်အိမ်တွင်မဆို ရှိသော်လည်း လက်ဆလက်နကြောင့်လားမသိ သူတို့အိမ်က ပဒပ်က အတော်လေး စားကောင်းသည်။ ပဒပ်သည် ငါး၊ ဆား၊ ဖွဲနုတို့နှင့် နှပ်ထားကြခြင်းဖြစ်သည်။ သူတို့နေရာကလေးက တစ်ဖက်တွင် မဲခေါင်မြစ်၊ တစ်ဖက်တွင် နမ့်ခန်မြစ်တို့ကြားထဲမှ ကျွန်းကလေးတစ်ခုဖြစ်၍ ငါးအလွန်ပေါသည်။ ထို့ကြောင့် ပဒပ်သည် ဟင်းတိုင်းတွင် ပါသလို အိမ်တိုင်းတွင် ရှိသည်။ သန်းသူရိန်တို့လို လက်ဆလက်နကောင်းသည့် အိမ်မျိုးတွင် မည်သည့်ဟင်းချက်ချက် စား၍ အလွန်ကောင်းသည်။ သို့ကြောင့် တစ်နေ့တာတွင် မနက်ခင်းတစ်ပိုင်းလုံး မရောက်ဖြစ်ခဲ့ပါက ညဦးပိုင်း ထမင်းစားချိန်ဆိုလျှင် အိမ်က ထမင်းပန်းကန်လေးယူ၍ ရောက်ဖြစ်သသည်။
တစ်ဦးနှင့်တစ်ဦး ဤသို့ဖြစ်နေပါသော်လည်း ကျောင်းစာက နာလိုဟန်မတူ။ ပညာရေးတွင် ကိုကျော့မောင်က အားနည်းလှသည်။ သန်းသူရိန်က အားပေးသည့်အပြင် တတ်နိုင်သည့် ဘာသာရပ်များကို အကူအညီပေးပါသော်လည်း ကိုကျော့မောင်ခမျာမှာ တံပိုးနှင့် ဝိတ်မမျှသည့်နှယ်။ မည်သို့ပင် ရုန်းစေကာမူ ပညာလယ်ကွက်ကြီးကို ထွန်ရေးညက်ရန် မတတ်နိုင်ရှာပါချေ။ ထို့ကြောင့်လည်း တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုသကဲ့သို့ ကိုကျော့မောင်ခမျာမှာ အိမ်ထောင်ကျသွားခဲ့သည်အထိ လက်ရိုးအငုတ်ဖြစ်သည့် ဈေးသည်ဘဝကို ဖက်တွယ်ထားရခြင်းဖြစ်သည်။ မိဘများ၏ စိတ်ထဲတွင် “ဪ ငါ့သားလေးတစ်ယောက်တည်း ရှိတာမို့ ပညာတတ်ကြီးဖြစ်ပါစေ” ဆိုသော ဆန္ဒများရှိကောင်းရှိပေလိမ့်မည်။ သို့သော် အေးအေးလူလူ နေတတ်သော လူမျိုးတို့၏ ထုံးစံအတိုင်း မည်သည့်ပြစ်တင်စကားမျှ မရိုးဖွဲ့။ မိဘတွေကို ဝိုင်း၍ ဈေးရောင်းပေးနေသည်ကိုပင် ချိုတပြုံးပြုံး။
ကိုကျော့မောင်နှင့် သန်းသူရိန်တို့နှစ်ဦးစလုံး၏ ဘဝအချိုးအကွေ့တစ်ခုသည်ကား သန်းသူရိန် အထက်တန်းအောင်စာရင်းထွက်သောနေ့မှ အစပြုသည်။ ထုံးစံအတိုင်း ဒီသူငယ်ချင်းနှစ်ဦးတည်းသာ ရှိသည့်အတွက်
“ကျော့မောင်ရေ ငါအထက်တန်းအောင်တဲ့အတွက် မင်းကို ဒုံးလွှတ်ပွဲလိုက်ပို့မယ်” ဟု အားရပါးရ ဆွယ်လာသည်။ ကိုကျော့မောင်ကလည်း အားရပါးရ ငြင်းလိုက်သည်က
“အိုက် ဘယ်တော့လဲ” ဟုသာ။
“ဟ မင်းကလည်း ဒါလေးတောင် မသိဘူးလား၊ မိုးတွင်းကျခါနီးပြီဆိုရင် မိုးနတ်မင်းကြီးကို ပူဇော်တဲ့အနေနဲ့ ဒုံးလွှတ်ပွဲ လုပ်ကြတယ်လေ။ ဒုံးလွှတ်ပွဲဆိုလို့ တို့ငယ်ငယ်က ကစားခဲ့ကြတဲ့ မီးရှူးမီးပန်းကစားသလို မထင်နဲ့မောင်။ သူတို့လွှတ်တဲ့ဒုံးက အကြီးကြီး။ ကီလိုတစ်ရာလောက်တောင် ရှိတယ်ပြောတယ်။ ဒုံးလွှတ်ဖို့ လုပ်ထားတဲ့ စင်ကြီးကလည်း အမြင့်ကြီးပဲကွ။ အရမ်း ပျော်စရာကောင်းတယ်လို့ ငါကြားဖူးနေတာ ကြာပြီ။ တို့နေတဲ့နေရာနဲ့လည်း သိပ်မဝေးဘူးတဲ့။ အခုတော့ ငါအိမ်ကိုပြောပြီး ခွင့်တောင်းခဲ့ပြီးပြီ။ ဒါ့အပြင် တို့နှစ်ယောက်အတွက် မုန့်ဖိုးပါ တောင်းထားပြီးပြီကွ။ မိုးကျခါနီးဆိုတော့ နောက်တစ်လတောင် မကြာတော့ပါဘူးကွာ”
ဟူ၍ စကားရှည်ကြီးဖြင့် ဆွယ်တရားဟောလေသည်။ လက်တွေ့တွင်မူ ကိုကျော့မောင်ရင်ထဲ၌ အချိန်စောင့်ရမည်ကိုပင် စွန်ရစ်ဘီးလို လက်ညှိုးဖြင့် ထောက်လှည့်လိုက်ချင်နေသည်။
ထို့ကြောင့် “ဟ အိုက်ကလည်း တစ်လနီးပါးတောင် စောင့်ရဦးမှာလား” ဆိုသော အလိုမကျသံ ရောစွက်၍ ထွက်သွားသည်။
“ကဲ ကဲ ဒါဆိုလည်း ငါအခု မင်းစားချင်တာ လိုက်ကျွေးမယ်” ဆိုကာ ကိုကျော့မောင်ပုခုံးကိုဖက်၍ မုန့်ဆိုင်တန်းများရှိရာသို့ ဆွဲခေါ်သွားလေတော့သည်။
တကယ်တမ်း ဒုံးလွှတ်ပွဲရောက်သည့်အခါ သန်းသူရိန်ပြောသလိုပင် ပျော်စရာကောင်းလှသည်။ ဒုံးပျံများကို ပစ်စင်တွင် ဆင်ကြသည့်အခါ အတော်ပင် ပင်ပင်ပန်းပန်း ရှိကြသကဲ့သို့ လွှတ်တင်ရန် မီးရှို့လိုက်သည့်အချိန်တွင် ရင်ခုန်စရာကောင်းလှသည်။ ဒုံးပျံကြီး ရှူးကနဲ အောင်မြင်စွာ တက်သွားချိန်တွင် ကြည့်နေကြသူအားလုံး၏ ဝမ်းသာအားရ လက်ခုပ်သံများနှင့်အတူ ရင်ဘတ်တစ်ခုလုံးပါ မြှောက်တက်သွားသလို ခံစားလိုက်ရကြသည်။ နောက်မှ အဖွဲ့သားများကလည်း အိုးစည်ဗုံမောင်းများဖြင့် တီးခတ်ကာ ဒုံးပျံလွှတ်တင်ရန်အတွက် အားပေးနေသယောင်ယောင်။ ထို့ကြောင့်လည်း ဒုံးလွှတ်အဖွဲ့သားများသာမက ဘေးမှ ပရိသတ်များပါ စိတ်အားတက်ကြွနေသည်။ ထိုပွဲထဲမှ လူများအားလုံးသည် မောရမှန်းမသိ၊ ညောင်းရမှန်းမသိ။ ပို၍ ပျော်စရာကောင်းသည်က ကိုယ်ပစ်လွှတ်သော ဒုံးပျံသည် အပေါ်သို့မတက်ဘဲ ပေါက်ကွဲသွားခဲ့ပါက ထိုဒုံးပျံပြုလုပ်သည့်သူကို ရွှံ့နွံအိုင်ထဲသို့ ပစ်ချခြင်းဖြစ်သည်။ ရွှံ့ဗွက်တလူးလူးဖြင့် ဒုံးပြုလုပ်သူမှာ ရယ်ကျဲကျဲ။
ထို့ပြင် သူတို့နှစ်ဦးစလုံး၏ လတ်ဆတ်လှသည့် နှလုံးသားတို့ကိုပါ လက်အစုံဖြင့် အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ ပထမတော့ ကိုကျော့မောင်တစ်ယောက် မရိပ်မိသေးပေ။ နောက်မှ သန်းသူရိန်တစ်ယောက် သူအလွန်ကြည့်ချင်ပါသည့် ဒုံးလွှတ်ပွဲကြည့်နေရာမှ နောက်လှည့်တကြည့်ကြည့် ဖြစ်နေသည်ကို သတိထားမိလိုက်ခြင်းဖြစ်သည်။ “အိုက် ဘာဖြစ်နေတာတုန်း” ဟု ကိုကျော့မောင်မေးလိုက်သည့်အခါ တစ်နေရာသို့ မေးထိုးပြလေသည်။ ကိုကျော့မောင်ကြည့်လိုက်သည့်အခါ မိန်းမပျိုနှစ်ဦး။ “ဟင်” ဆိုသည့် ရင်မှိတ်အသံက ကိုကျော့မောင်ကိုပါ တန့်သွားစေသည်။ သူတို့လည်း သူငယ်ချင်းနှစ်ယောက် ဖြစ်မည်ထင်ရသည်။ သူတို့နှစ်ဦးနှင့် ရွယ်တူဖြစ်ဟန်ရှိသည်။ ဦးထုပ်နက်ပြာရောင် ကိုယ်စီဖြင့်။ အင်္ကျီက တစ်ယောက်က နေဗီပြာနှင့် တစ်ယောက်က အဝါဖျော့လေး။ ဝတ်ထားသည့် ဘောင်းဘီမှာ ခဲရောင်ဆင်တူဖြစ်သည်။ သူတို့နှစ်ယောက် အကြိမ်ရေ ဘယ်လောက်ကြည့်မိသည်ကိုပင် မမှတ်မိ။ ပြည့်ဝိုင်းနေသည့် သူတို့၏ မျက်နှာပေါ်မှ အပြုံးဖြင့် တစ်ကြိမ်ဆုံလိုက်မိသည်။ အပြုံးတစ်ခု။ ထိုအပြုံးတစ်ခုကို သူတို့နှစ်ဦးသား အဓိပ္ပာယ်ဖွင့်ပြစရာ မလိုပေ။ ထို့ပြင် ထိုအပြုံးသည်ကား သူတို့နှစ်ဦးအတွက် သံသရာခရီးတစ်ခုအတွက် လက်မှတ်ဖြတ်ခြင်းတစ်ခု ဖြစ်ခဲ့ခြင်း ဟုတ် မဟုတ်ကိုတော့ မသိ။ သေချာသည်မှာ လွန်ပရာဘန်းမြို့တစ်ခွင်တွင်မူ အပြုံးခြေရာများ ထပ်တပန်း ဆင့်ခဲ့လေသည်။
တကယ်တော့ ကိုကျော့မောင်နှင့် ကျော့မဒီဖြစ်လာမည့်သူတို့မှာ ကပ်လွဲနေခြင်းဖြစ်သည်။ ကိုကျော့မောင်တို့က စက္ကလင်းလမ်း သစ်သီးဈေးတွင် ဈေးရောင်းနေခြင်းဖြစ်သည်။ ကိုကျော့မောင်ဆိုင်ကို လာသည့်အခါ အချိန်က ဆွမ်းလောင်းပြီးလောက်သည့် နံနက် ၆ နာရီကျော်လောက်မှဖြစ်သည်။ သူမတို့နေသည်ကလည်း စက္ကလင်းလမ်းတွင်ဖြစ်၍ နံနက်တိုင်း ဆွမ်းလောင်းကြသည်။ သို့သော်လည်း ကိုကျော့မောင်နှင့် အချိန်လွဲနေသဖြင့် မဆုံဖြစ်ကြခြင်းသာ။ တစ်ရက်တွင် သန်းသူရိန်မိဘများက ဆွေမျိုးများ အလှူကိစ္စဖြင့် ခရီးထွက်ရမည်ဖြစ်၍ သန်းသူရိန်ကို ဆွမ်းလောင်းရန် တာဝန်ပေးခဲ့သည်။ သူပါပြီဖြစ်၍ ကိုကျော့မောင်လည်း ပါရလေသည်။ မပါလို့လည်း မရ။ “ပြီးရင် မင်းက ဆိုင်သွားမယ့်အတူတူ ငါနဲ့လိုက်ခဲ့စမ်းပါ” ဟု ခေါ်နေသဖြင့်။ ဆွမ်းလောင်းကြသည်က နံနက် ၅ နာရီလောက်စ၍ စက္ကလင်းလမ်းတွင် တန်းစီ၍ လောင်းခြင်းဖြစ်သည်။ “ဟကွာ ဆွမ်းလောင်းတာ အမျိုးသမီးတွေကိစ္စပါ” ဟု ဆင်ခြေပေးသော်လည်းမရ။ ထို့ကြောင့် အိပ်ရာတွင် နှပ်ရမည့်ကိစ္စအား ဖျက်သိမ်း၍ သန်းသူရိန် အတင်းဆွဲခေါ်ရာနောက်သို့ လိုက်ခဲ့ရလေသည်။
သံဃာတော်များအား ဆွမ်းလောင်းသည်မှာ နေ့စဉ်ဝတ်တစ်ခုဖြစ်၍ သူ့နေရာနှင့်သူ ရှိသည်။ တစ်မြို့လုံးရှိ သံဃာတော်များက စက္ကလင်းလမ်းသို့ တန်းစီလျက် ဆွမ်းခံကြွကြသည်။ ရောင်နီလာလုစဲစဲ မပီဝိုးတဝါးမှစ၍ တန်းစီကြွလာသည့် သံဃာတော်များကို ဆွမ်းလောင်းကြရင်း ပတ်ဝန်းကျင်ကို ဂရုမပြုမိ။ ပြုစရာအကြောင်းကလည်း မရှိ။ ဆွမ်းလောင်းရန်အတွက် ထိုင်လျက်နှင့် ဆွမ်းကို တစ်ပါးနည်းနည်းစီ လောင်းနေရသည့်အပြင် တစ်မြို့လုံးရှိ သံဃာတော် အများကြီးကို လောင်းနေရသောကြောင့်ဖြစ်သည်။ ထို့ပြင် ဘေးမှ စပ်စုတတ်သည့် အဒေါ်ကြီးများက သန်းသူရိန်တို့အမေ ဘာဖြစ်လို့ ဆွမ်းလာမလောင်းကြောင်းကိုလည်း ဆွမ်းလောင်းရင်း တစ်ဖက်နှင့် ရှင်းပြနေရသေးသည်။ သူတို့စပ်စုသည်ကလည်း သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ မနက်တိုင်း ဆွမ်းလောင်းကြသည်က ကိုကျော့မောင်တို့မြို့၏ အထင်ရှားဆုံး ပွဲတော်တစ်ခု ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် မြို့သူမြို့သားများက တော်ရုံကိစ္စမျိုးလောက်ဖြင့် ပျက်ကွက်လေ့မရှိကြ၍ ကျန်းမာရေးကြောင့်များလား၊ ကိစ္စကြီးငယ် ဘာများဖြစ်သလဲဟု သိလိုသောကြောင့်ဖြစ်သည်။ ဆွမ်းလောင်းရင်း နေမင်းကြီးက ဖြိုးပျပျနှင့် ရောင်စဉ်များလဲ့လာသည်။ ရွှေဝါရောင်သင်္ကန်းတို့ဖြင့် တစ်လမ်းလုံး ထိန်ထိန်ဝါနေသည့်အပြင် ရွှေအိုရောင်တို့ဖြင့် ထုံမွှန်းထားသည့် သူတို့၏ မြို့ကလေးအပေါ်သို့ တက်သစ်စ ရောင်ဝါများ လွှမ်းခြုံဖို့ ကြိုးစားနေသည်မှာ ရှုမငြီးဖွယ် ပန်းချီတစ်ချပ်ကို လှစ်ဟပြနေသကဲ့သို့ပင်။ ထိုအချိန်တွင် ဆွမ်းလောင်းနေကြသူများကိုလည်း မည်သူတွေဖြစ်သည်ကို မြင်လာရသည်။ သို့ဖြစ်၍ ကိုကျော့မောင်မျက်စိတစ်ဝှေ့တွင် ရိပ်ကနဲ အလင်းပြန်ပုံရိပ်သည်က ဟုတ်ပါသည်။ သူမတို့မှ သူမတို့အစစ်။ ကိုကျော့မောင် ဆွမ်းလောင်းနေရင်း သန်းသူရိန်ကို တံတောင်ဖြင့် တွတ်ကာ မေးငေါ့ပြလိုက်သည်။ ကိုကျော့မောင်နှင့် သန်းသူရိန်တို့ မည်မျှငေးမိသွားသည်မသိ။
ဆွမ်းရပ်နေသည့် သံဃာတော်မှ “ဒကာကြီး” ဟု အာလုပ်သံကြားမှ သတိပြန်ဝင်လာကာ ရှေ့မှ သံဃာတော်ကို ဆွမ်းဆက်လောင်းဖြစ်သည်။ ထိုနေ့က သန်းသူရိန်လည်း အိမ်မပြန်တော့ဘဲ ကိုကျော့မောင်တို့ သစ်သီးဆိုင်တွင် ဈေးဝိုင်းကူသည်။ ကိုကျော့မောင်အမေက သန်းသူရိန်တို့အိမ်တွင် မိဘများ ခရီးသွားသောကြောင့်ဟု ယူဆနေပေလိမ့်မည်။ အမှန်က ဤသို့မဟုတ်ကြောင်းကို သူတို့နှစ်ယောက်သာ အသိဆုံးဖြစ်သည်။ ဈေးရောင်းလိုက်၊ သူမတို့ ထွက်လာမည်လားလို့ မျှော်လိုက်၊ မျှော်လိုက် ဈေးရောင်းလိုက်။ သို့သော်လည်း ထိုနေ့က နေရောင်ပျပျအောက်မှသည် အလင်းစက်များ မှောင်နေခဲ့ပါသည်။ ယခု ကိုကျော့မောင်နှင့် သန်းသူရိန်တို့ နေကြသည့်အိမ်မှ သူမတို့သည် အပြင်ထွက်ရန် မေ့လျော့နေခဲ့ပုံရပါသည်။ သူမတို့ ပြတင်းဝမှ လိုက်ကာကလေးသည်လည်း အဖော်မဲ့စွာ။ ထိုတစ်နေ့လုံး အရင်လို တရစပ် ပြောနေတတ်ကြသော စကားများသည်လည်း ကိုကျော့မောင်နှင့် သန်းသူရိန်တို့ကြားတွင် တစ်တို့နှစ်တို့လောက်နှင့်သာ ပြီးသွားကြသည်။ ကိုယ်စီရင်ထဲ၌မူ မဲခေါင်မြစ်မှ လှိုင်းပုတ်နေသကဲ့သို့ ရှိနေကြသည်ကို သူတို့နှစ်ဦးသာ အသိဆုံးဖြစ်သည်။ သို့နှင့် ညဘက်ရောက်သွားမှ သန်းသူရိန်၏ “အမေတို့ ပြန်မလာဖြစ်ရင် ကောင်းမှာပဲ” ဆိုသည့်စကားဖြင့် နိတ္ထိတံခဲ့လေသည်။
တစ်နေ့၊ မှတ်မှတ်ရရ တစ်နေ့ပင်ဖြစ်သည်။ ဆိုင်တွင် ကိုကျော့မောင်တစ်ယောက် နေ့လယ်စာ စားနေချိန်တွင်
“ပန်းသီးဆယ်လုံးလောက် လိုချင်လို့” ဟူသည့် စကားသံ ထမင်းငုံ့စားနေသည့် ကိုကျော့မောင်ဦးခေါင်းအား ဆတ်ကနဲ မော့သွားစေသည်။ ကြည့်လိုက်သည့်အခါ မဒမ်သူရိန်။ ရုတ်တရက် ကိုကျော့မောင်ရင်ထဲ ဝမ်းသာအားရ ဆတ်ဆတ်တုန်သွားသည်။
နှုတ်ကလည်း လွှတ်ကနဲ “နာမည် ဘယ်လိုခေါ်သလဲ” ဟု ထွက်သွားသည်။
“အွိုင်း ကျွန်မ ပန်းသီးလာဝယ်တာ” ဟု လေသံပြေကလေးကြားမှ ကိုကျော့မောင်လည်း ကျားမာယာသုံး၍
“ဟုတ်ပါတယ် ကွိုင်က နောင်တို့ ဒီနားလေးမှာ နေတာကိုသိလို့ မိတ်ဆွေဖြစ်ချင်လို့ပါ၊ ပန်းသီးလည်း ရောင်းပါ့မယ်၊ နာမည်လေးလည်း ပြောပြပါ” ဟု နူးညံ့သက်သက် ဆိုလိုက်သည်။
ထိုအခါက သူမက တခစ်ခစ် ရယ်ရင်း “မိတ်ဆွေဖြစ်ချင်တယ်ဆိုရင် ပန်းသီးဈေးလျှော့ပေးမှရမယ်နော်” ဟု ရယ်ရယ်မောမော ဆို၏။
ထိုနေ့က အမေတို့လည်း ဆိုင်မှာမရှိချိန်ဖြစ်၍ သူမကို ပန်းသီးဈေးမလျှော့ပေးပေမဲ့ လက်ဆောင်အနေဖြင့် ပန်းသီးငါးလုံး လက်ဆောင်ထည့်ပေးလိုက်သည်။ သူမက ဘယ်လိုမြင်သည်မသိ။ ကိုကျော့မောင်က ပန်းသီးငါးလုံးကို အရင်းတည်လိုက်ပြီး ညနေတွင် သန်းသူရိန်အား အကျိုးအကြောင်းပြောပြကာ မဲခေါင်မြစ်ဘေးရှိ ညဈေးတန်းတွင် အားရပါးရ နှိပ်စက်လိုက်သည်။
သန်းသူရိန်ကလည်း “စားစမ်းပါကွာ ဒါမျိုးဖြင့် ကျွေးရတာ သိပ်အရသာရှိတာကွ”။ “တို့စကားပုံတစ်ခု ရှိတယ်မလား ဟတ်စတ်ဖတ်ထနာ၊ ဟတ်ဆာဝ်ဟာ ဖူအ (တိုင်းပြည်ကိုချစ်ရင် တိုးတက်အောင်လုပ်၊ မိန်းကလေးကိုချစ်ရင် ယူဖို့လုပ်) တဲ့။ ဒီနေရာမှာ မာလီဒေါင်ဆိုတဲ့ နာမည်လေးတစ်ခုအတွက်လည်း သိပ်အရေးကြီးတာပဲ မဟုတ်လား”။ ကိုကျော့မောင် ထင်ပါသည်။ ထိုညတွင် သန်းသူရိန်တစ်ယောက် ကြယ်ပန်းကလေးဆိုသည့် မာလီဒေါင်လေးကို ရင်ခွင်ထဲ၌ တယုတယ ထွေးပွေ့နေမည်ကိုပင်။
ဤသို့ဖြင့် သန်းသူရိန်နှင့် မဒမ်သူရိန်တို့ကြားတွင် ကိုကျော့မောင်တစ်ယောက် ဆာဗာတစ်ခုဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည်။ သန်းသူရိန်က ကျောင်းတစ်ဖက်နှင့် ဖြစ်၍ အရင်ဆုံး ဓာတ်ပုံဖြင့် မိတ်ဆက်ပေးခဲ့ရသည်။ ပြီးလျှင် ဘောင်ဘန်းဒိုင်း ဒုံးပျံလွှတ်ပွဲတုန်းက တွေ့ခဲ့တဲ့အကြောင်း ပြောပြသည့်အခါ
”ဟယ်ကနဲ (မဲန်ဘော – တကယ်ကြီးလား)” နှင့် အံ့ဩတကြီး ဖြစ်သွားသည်။ လွတ်သောငါး မကြီးခင် တစ်လက်စတည်း ကိုကျော့မောင်လည်း အဲဒီတုန်းက အတူလာတဲ့တစ်ယောက်အကြောင်း စွတ်စွတ်ရွတ်မေးမိလေသည်။
“ဪ လက်စသတ်တော့ နောင်ကလည်း ဒီလိုကိုး” ဆိုကာ ပြုံးစစနှင့်မို့
“(ကျောင် ချူး ညန်း) သူ့နာမည် ဘယ်လိုခေါ်လဲ” ဆိုသည်ကိုသာ အတင်းမေးမိလေသည်။
သူမကလည်း ကိုကျော့မောင်ကို စသည်။ သစ်သီးလာဝယ်တာကို ဘယ့်နှယ်လုပ် နာမည်တွေ အတင်းမေးနေတာလဲ၊ ပြောပြရင်ကော အရင်လို အပိုထည့်ပေးမှာလား စသည်ဖြင့် ဝေ့လည်ဝေ့လည် လုပ်နေ၍ ကိုကျော့မောင်မှာ ရှက်သော်လည်း အောင့်ကာနမ်းနေရသည့်ဘဝ။ ထို့ကြောင့် ရှက်ရမ်းရမ်းကာ သစ်သီးလည်း အပိုပေးမယ်၊ နောက်တစ်ခါလာဝယ်ရင် မိတ်ဆက်ပေးရင် အများကြီး ပိုထည့်ပေးပါ့မယ်လို့ ကြိုက်မရှက် ငိုက်မရှက် ပြောမိလေသည်။
“ရာန်း နီး စိ ကျော့ပ် ထွန်း လဲဝ် (ဒီဆိုင်တော့ အရင်းပြုတ်တော့မှာပဲ)” ဟုဆိုကာ “ချန်ဖင်း (လပြည့်ဝန်း) ကို ညကျရင် မြင်ရတယ်မလား” လို့ တစ်ဆက်တည်း ဆိုလိုက်လေသည်။ ထိုအသံကြားလိုက်ရသည်မှာ ကိုကျော့မောင်ရင်ထဲတွင် သူ့ဆိုင်မှ သစ်သီးများကိုပါ လမင်းကြီးအဖြစ် မြင်ယောင်နေမိလေသည်။ သန်းသူရိန်ကလည်း ကြယ်ကလေးနှင့် ညဘက်တွင် ကြည်နူးနေသကဲ့သို့ ယနေ့မှစ၍ ကိုကျော့မောင်လည်း ညအရှင်လမင်းနှင့် သာယာခွင့်ရခဲ့ပေတော့သည်။
ဤသို့ စိတ်ကူးယဉ်ခွင့်သည်ကလည်း လွယ်သည်မဟုတ်။ ကိုကျော့မောင်တို့ ဓလေ့တွင် မျိုးရိုးတူသူ အချင်းချင်း လက်ထပ်ယူခွင့်မရှိပေ။ သန်းသူရိန်ဆိုလျှင် သောင်းမျိုးရိုးဖြစ်ပြီး မဒမ်သူရိန်က လီမျိုးဖြစ်သည်။ တစ်ခုရှိသည်က ကိုကျော့မောင်တို့ လွန်ပရာဘန်းမြို့မှ သောင်းမျိုးရိုးမဟုတ်ဘဲ တခြားနေရာဒေသမှ သောင်းမျိုးရိုးတစ်ယောက် ဖြစ်နေပါကလည်း လက်ထပ်ယူခွင့်မရှိပေ။ နေရာဒေသ ဘယ်လောက်ဝေးဝေး ဤသို့ မျိုးရိုးတူခြင်း လက်ထပ်ခြင်းမှာ မောင်နှမချင်း ပြန်ယူသကဲ့သို့ သဘောထားလေသည်။ နောက်ထပ်တစ်ခု ရှိသည်မှာ ကိုယ်တကယ်ယူမည့် မိန်းကလေးအတွက် မင်္ဂလာကြေး ဒေါရီ ပေးရခြင်းဖြစ်သည်။ ဤသည်ကလည်း သတို့သမီးကို ဝယ်ယူသည့်သဘောမျိုး မဟုတ်ဘဲ သူမကို ပြုစုပျိုးထောင်ပေးခဲ့သော မိဘကို ကျေးဇူးဆပ်ခြင်းနှင့် သူမကို တန်ဖိုးထားကြောင်း ပြသခြင်းမျိုးသာဖြစ်သည်။ အချို့က ဒေါရီ မင်္ဂလာကြေးကို မတတ်နိုင်၍ ခိုးပြေးကြသည်။ သို့သော်လည်း ကိုကျော့မောင်စိတ်ထဲတွင်မူ ခိုးပြေးဖို့ရန် စိတ်ကူးနည်းနည်းမျှမရှိ။ သို့ကြောင့် စိတ်ကူးယဉ်ခြင်းနှင့်အတူ မင်္ဂလာကြေးဒေါရီ စုရန်ကိုလည်း တပြိုင်နက်တည်း တွက်ချက်နေမိသည်။ စုဗူးတစ်လုံး ဝယ်ရမလား သို့မဟုတ် ဘဏ်မှာ စုရမလား၊ တစ်နေ့ ဘယ်လောက်စုရင် ကောင်းမလဲ၊ အထူးသဖြင့် စုရမည့်ငွေအတွက် မိဘတွေဆီက ဘယ်လိုတွေ အကြောင်းပြချက်ဖြင့် တောင်းရင်ကောင်းမလဲ စသဖြင့် ထိုထိုစိတ်ကူးများကို ကျားထိုးနေမိသည်။ တွက်နေချက်က အပိုင်ကွက်နှင့် ပြိုင်ဘက်ကို အနိုင်နှက်နေသလိုလို။ လက်တွေ့တွင်မူ နာမည်လေးတစ်လုံးသာ သိရသေးသည် မဟုတ်ပါလား။
သို့သော်လည်း ဒေါင်၏ ဖေးမမှု၊ ကိုကျော့မောင်၏ ဆာဗာကောင်းမှုများကြောင့် ရင်းနှီးခွင့်လေးများ ရလာသည်။ လပြည့်ဝန်းလေးက ညခင်းဘက် ကမ်းနားဈေးတွင် ဆိုင်ထွက်ကြောင်းပါ သိလာရ၍ သန်းသူရိန် အားချိန်တွင် သွားအားပေးဖြစ်သည်။ တစ်ခါတရံတွင် မာလီဒေါင် ကြယ်ကလေးပါ အားလျှင် လိုက်တတ်သည်။ သူတို့နှစ်ယောက်က ကျောင်းမတူသော်လည်း ပညာရှာနေကြသည်ချင်းတူသည်။ ထို့ကြောင့် သူတို့နှစ်ဦးက ပညာနှင့်ပတ်သက်ပြီး စကားကောင်းလေ့ရှိသလို ကိုကျော့မောင်တို့ကလည်း ဈေးသည်ချင်းဖြစ်၍ စကားကောင်းလေ့ရှိကြသည်။ ကိုကျော့မောင်တို့က သစ်သီးရောင်းသော်လည်း ချန်ဖင်းလပြည့်ဝန်းတို့က ရိုးရာငါးကင်များ ရောင်းခြင်းဖြစ်သည်။
ခက်သည်က သန်းသူရိန်ရော ကိုကျော့မောင်ကပါ နဂိုကတည်းက ငါးကင်ကြိုက်သည်။ သူတို့မြို့ကလေးကလည်း အနောက်ဘက်ယွန်းယွန်းတွင် မဲခေါင်မြစ်ရှိနေပြီး အရှေ့ဘက်တွင် နမ့်ခန်မြစ်ရှိနေ၍ ငါးအလွန်ပေါသည်။ ငါးမြစ်ချင်းထက်စာလျှင် ငါးကြင်းကို ကိုကျော့မောင်တို့နှစ်ဦးလုံး ပိုကြိုက်ကြသည်။ ငါးဗိုက်ကိုခွဲပြီး ထည့်ထားသည့် စပါးလင်၊ ကြက်သွန်ဖြူ၊ နံနံပင်ရနံ့များနှင့် ငါးကင်ရနံ့တို့သည် ကိုကျော့မောင်တို့အတွက် အသက်ရှင်ဆေးတစ်ခုလို ဖြစ်နေသည်။ ငါးကင်နှင့်တွဲ၍ ဂျောင်းဘွန်း စားရသည်မှာလည်း ဂျောင်းဘွန်းတွင်ပါသည့် ကျွဲအရေခွံအတုံးလေးကို ဇိမ်ဖြင့်ဝါးလိုက်၊ ငရုတ်သီးလေးကစပ်လိုက်၊ နူးညံ့မွှေးပျံ့နေသည့် ငါးကင်လေးကို စားလိုက်ရသည်မှာ ဘုရားပေးသည့် ဆုတစ်မျိုးပင် ဖြစ်သည်။ ယခုလို ကိုယ်ချစ်ခင်တွယ်တာရသည့်သူများဖြင့် အတူစားသုံးခွင့်ရသည်မှာလည်း ပြောမပြတတ်အောင်ပင်။ နဂိုကတည်းကမှ ကိုယ်နှစ်သက်သည့်အရာပေါ်တွင် မေတ္တာတံဆိပ် ရိုက်နှိပ်ခွင့်ရလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း လက်တွေ့တွင် ဖြစ်လာဖို့ရန် မမျှော်လင့်ခဲ့မိသည်က အမှန်။ ကံကြမ္မာဆိုသည်က များသောအားဖြင့် လူသားတိုင်း၏ ဆန္ဒများကို ဖြည့်ဆည်းပေးတတ်လှသည်မဟုတ်။ ကိုယ်ဖြစ်ချင်သည့်အရာ ဖြစ်ခွင့်မရသည့် လောကကြီးတွင် ကိုကျော့မောင်တို့နှစ်ဦးလုံးအတွက် ဒဏ္ဍာရီလာ လွန်ပရာဘန်းမြို့ကို တည်ထောင်ခဲ့သော ရသေ့ကြီးနှစ်ဦးက ကြည့်ရှုစောင့်မနေပုံ ရသည်။
ကိုကျော့မောင်တို့မြို့သည် ယူနက်စကိုဝင် မြို့တစ်မြို့ဖြစ်သလို ရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာများသို့ ငယ်စဉ်ကတည်းက အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က ကလေးပီပီ ပြေးလွှားဆော့ကစားဖို့သာ အာရုံရှိသည်။ ယခု အရွယ်ရောက်သည်သာမက ကိုယ်ချစ်ခင်နှစ်သက်သူများဖြင့် ထိုနေရာများသို့ ပြန်ရောက်ခဲ့ရပြန်သည်မှာ အဓိပ္ပာယ် ပို၍လေးနက်လာသည်။ ကိုယ်ချစ်သည့်မြို့၊ ကိုယ်မြတ်နိုးသည့် ဓလေ့များတွင် ကိုယ်ချစ်ရသူတို့ပါ ထပ်ပေါင်းထားခြင်းကြောင့် ဖြစ်သည်။ ကိုကျော့မောင်တို့ လေးဦးသား လျှောက်လည်ရင်း ကိုယ့်မြို့ရှိ သမိုင်းလက်ရာတို့အကြောင်းကို ပို၍သိလာရသည်။ တော်ဝင်ပြတိုက်မှာဆိုလျှင် “ဖရာဘန်း” ရွှေဆင်းတုတော်စစ်စစ်ကို ထိန်းသိမ်းထားခြင်းမှာ ကိုကျော့မောင်တို့နိုင်ငံ၏ အစောင့်အရှောက်ပေးနေသည့် ဘုရားဖြစ်သည့်အကြောင်း၊ “ဒါတွေကတော့ ရှေးဘုရင်ကြီး စီ-ဆာ-ဝမ်-ဝေါင်း ရဲ့ အဆောင်တွေ၊ လာအိုနိုင်ငံ နောက်ဆုံးဘုရင် “စီ-ဆာ-ဝမ် ဝပ်-သ-နာ” စီးနင်းခဲ့သောကားများနှင့် နန်းတွင်းအသုံးအဆောင်” စသည်ဖြင့် သိခဲ့ရသည်။
၁၅၆၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ “ဝပ်ဆင်းသောင် (ရွှေမြို့တော်ကျောင်းတော်)” ဖြစ်သည်။ လာအိုဘုရင်တို့ နန်းတက်ပွဲ ကျင်းပသည့်နေရာလည်းဖြစ်သည်။ ဝပ်ဆင်းသောင် ရှေးဟောင်းကျောင်းတော်ကလည်း လွန်ပရာဘန်း၏ ဗိသုကာလက်ရာ အစစ်အမှန် ကျန်ရှိနေတဲ့ တစ်ခုတည်းသော ကျောင်းဖြစ်သည်။ ရှေးယခင်က ရသေ့နှစ်ပါးဟာ ထိုမီးတောက်ပင်ကြီး ရှိရာနေရာကို ရောက်ရှိလာပြီး ဒီနေရာဟာ “နတ်မျက်စိရှိတဲ့နေရာ” (သန့်ရှင်းမြင့်မြတ်တဲ့နေရာ) ဖြစ်တယ်လို့ အတိတ်နိမိတ် ဖတ်ခဲ့ကြသည်။ သူတို့က ထိုအပင်ကြီး၏ အနီး၌ မြို့တည်ရန်အတွက် အမှတ်အသား ကျောက်တိုင်တစ်ခု စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။ နောက် ဘုရင် ဆာသာသီရပ် က ဝပ်ဆင်းသောင် (ရွှေမြို့တော်ကျောင်း) ကို တည်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကျောင်းတော်ကို ပြန်လည်ပြုပြင်တဲ့အခါ အနုပညာရှင်တွေက ပျောက်ကွယ်သွားပြီဖြစ်သည့် ဒဏ္ဍာရီလာ မီးတောက်ပင်ကြီးကို အမှတ်ရစေရန် ကျောင်းတော်၏ အနောက်ဘက်နံရံ၌ မှန်စီရွှေချ “အသက်ပင်” (Tree of Life) ပုံစံအနေဖြင့် ပြန်လည်ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ထိုရသေ့နှစ်ပါးက ဟိမဝန္တာတောင်တန်းမှနေ၍ အရှေ့တောင်အာရှဘက်သို့ သာသနာပြုခရီးထွက်လာသည့်အခါ မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် ယခု လွန်ပရာဘန်း တည်ရှိရာနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ မဲခေါင်မြစ်နဲ့ နမ့်ခန်မြစ်တို့ ဆုံစည်းသော နေရာကို “နဂါးနှစ်ကောင် ဆုံစည်းရာနေရာ”။ မြစ်ဆုံတွင် ရှိနေသည့် မီးတောက်ပင်ကြီးကို တွေ့မြင်ရ၍ ဤနေရာသည် သန့်ရှင်းမြင့်မြတ်မှုအတွက် အချက်အချာကျသည့်နေရာ။ မြစ်ကမ်းနား တောင်ကုန်းလေး (အခု ဖူးစီတောင်) ကလည်း တရားကျင့်ကြံအားထုတ်ရန်အပြင် မြို့ကို စောင့်ရှောက်ဖို့ အကောင်းဆုံးနေရာ ဟူ၍ အလွန်ထူးခြားလှသည့် နိမိတ် (၃) ခုကို တွေ့ခဲ့ကြသည်လို့ ဆို၏။ ရသေ့နှစ်ပါးက “ဒီနေရာမှာ အနာဂတ်မှာ အင်အားကြီးတဲ့ မြို့တော်ဖြစ်လာမယ်” လို့ ဟောကိန်းထုတ်ပြီး အဖြူရောင် ကျောက်တိုင် (White Boundary Post) တစ်ခုကို စိုက်ထူခဲ့သည်။ ဤသို့ သန်းသူရိန်က ပြောသည်ကို မဒမ်သူရိန်ကလည်း ဖြည့်စွက်၍ နံရံမှ “မီးတောက်ပင်” မှန်စီရွှေချ လက်ရာက ကမ္ဘာသည် မြတ်ဗုဒ္ဓ၏ တရားသဘောကို ဖွင့်လှစ်ပြထားခြင်းဖြစ်သည်။ သစ်ပင်ဆိုသည်မှာ ရှင်သန်ကြီးထွားခြင်းကို နိမိတ်ပုံဆောင်ထားခြင်းဖြစ်သည်။ ထိုအတွက် သစ်ပင်၏ ဘေးတစ်ဖက်တစ်ချက်တွင် သတ္တဝါများပုံကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။ ဤသို့ လောကကြီးကို တင်စားရေးဆွဲထားပြီး အားလုံး၏ထိပ်တွင် ဗုဒ္ဓရှိကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်ဟု ဆက်ရှင်းပြသည်။
ကိုကျော့မောင်လပြည့်ဝန်းကလည်း အားကျမခံ ဝပ်ဝိသုန္နရတ်သည် ၁၅၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး လွန်ပရာဘန်းမှာ သက်တမ်းအရင့်ဆုံး ကျောင်းတော်ကြီး ဖြစ်ကြောင်း၊ (ဖရဲသီးစေတီ) လို့ ခေါ်တဲ့ ထူးခြားတဲ့ စေတီတော်ကြီးရှိကြောင်း၊ စေတီပုံစံဟာ သီရိလင်္ကာစတိုင်ဖြစ်ပြီး လာအိုမှာရှိတဲ့ တခြားစေတီတွေနဲ့ လုံးဝမတူဘဲ ထူးခြားနေ၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဘာသာရေးအရ ကူးစက်ပျံ့နှံ့ခြင်းသဘောတို့ကို ထင်ဟပ်ပြသနေခြင်းဖြစ်ကြောင်းကိုလည်း ဝင်ပြောပါလေ၏။ ကိုကျော့မောင်က သမိုင်းကြောင်းများကို မည်သို့မျှ မပြောနိုင်သူပီပီ “အေး မင်းတို့တတွေ ပြောပြလို့ ကိုယ့်မြို့အကြောင်း အရင်ကထက် ပိုသိလာတာတော့ ကျေးဇူးတင်ပါရဲ့ကွာ၊ ဒါပေမဲ့လို့ အခုအချိန်မှာ ဆာနေတဲ့ ဗိုက်ကလေးကိုပါ ဆန္ဒထပ်ဖြည့်ပေးမယ်ဆိုရင်တော့ “ခေါ့ပ်ကျိုင် လိုင်လိုင်” ကျေးဇူးအများကြီးတင်မှာပဲ” လို့ ဆိုလိုက်သည့်အခါတွင်မှ “အေး ဟုတ်သားပဲ တို့တွေ လေကန်နေတာ အချိန်အတော်ကြာသွားပြီ” ဟု သန်းသူရိန်က ဆိုလိုက်၍ တစ်ဆက်တည်း ”ကဲကဲ ထမင်းဆိုင်ရှိရာ ချီတက်ကြစို့” ဆိုလိုက်ကြမှသာ စကားစများ ပြတ်သွားလေတော့သည်။
ဤသို့ဖြင့် စကားတပြောပြော လေတကန်ကန်ဖြင့် နေရာအနှံ့သို့ ခြေဖြန့်ခဲ့ကြရသည်မှာ ပျော်ရွှင်စရာ အတိအခိုက်အတန်းများပင်။ အထူးသဖြင့် ကွမ်စီရေတံခွန်တွင် သွားရောက်လည်ပတ်ရခြင်းက အသိပညာမတိုးသော်လည်း စိတ်ပျော်ရွှင်ရ၍ ချစ်ခြင်းမေတ္တာများ ပိုတိုးပွားလာသလိုလိုပင်။ ပြာလဲ့နေသည့် ရေပြင်ကလည်း ချစ်ခြင်းကို ကိုယ်စားပြုနေသယောင်ယောင်။ တောင်ပေါ်မှ တစ်ဆင့်ချင်း ကျဆင်းလာသည့် ရေအလျင်မှာလည်း ကိုကျော့မောင်တို့၏ နှလုံးသားအဟုန်ကို ကိုယ်စားပြုနေသယောင်ယောင်။ ချစ်ရသူတို့၏ ရေကစားကြရင်း ရေရွှဲရွှဲစိုနေသည့် သဏ္ဌာန်မှာကိုလည်း တစိမ့်စိမ့် ကြည့်မဝခဲ့။ ဒန်းစီးမည်ဆို၍ ကိုကျော့မောင်တို့ ဒန်းလွဲပေးခဲ့ရသည့် လက်တွေကလည်း ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်နေသလိုလိုပင်။ ကွမ်စီရေတံခွန်ကလည်း လွန်ပရာဘန်းနှင့် ဆယ်ငါးမိနစ်လောက်သာ ကြာသည့်ခရီး ဖြစ်သည့်အတွက် သန်းသူရိန်တို့ အားလပ်ချိန် နွေရာသီလည်း ဖြစ်သည့်အခါမျိုးတွင် မကြာမကြာ သွားဖြစ်သည်။ ကွမ်စီရေတံခွန်နားတွင် ရှိသည့် ဝက်ဝံဘေးမဲ့တောအတွက်မူ သိပ်မကြည့်ဖြစ်ကြသော်လည်း လိပ်ပြာဥယျဉ်သို့ ရောက်သည့်အခါမျိုးတွင်မူ လိပ်ပြာများ လိုက်ရှာကြရင်း အရောင်အသွေးစုံလှ၍ ပန်းပင်များအကြားတွင် ကူးလူးပျံသန်းနေသည်တို့ကို အပြေးအလွှား လိုက်ကြည့်ရသည်ကိုဖြင့် သူတို့အားလုံး သဘောကျကြသည်။
ဤသို့ အတူသွားအတူလာ ခင်မင်ရင်းနှီးနေကြပါသော်လည်း ကိုကျော့မောင်တို့နှစ်ယောက်လုံး ချစ်ခွင့်ပန်ခဲ့ကြသည်မှာ ပိုပေါ့ဟုခေါ်သည် ဘောလုံးပစ်ကစားခြင်း ပွဲတော်တွင်ဖြစ်သည်။ ထိုပွဲသည်လည်း သူတို့၏ လူပျိုအပျိုကလေးများအတွက် လွတ်လပ်စွာ တစ်ဦးနှင့်တစ်ဦး ဘောလုံးပစ်ကစားကြရင်း အကဲခတ်ကြသည်ဆိုလည်း မမှားပေ။ ဘောလုံးဆို၍ အကြီးကြီးမဟုတ်။ တင်းနစ်ဘောလုံးအရွယ်သာဖြစ်သည်။ ရှေးက အဝတ်များကို ဘောလုံးသဏ္ဌာန်လုပ်၍ ကစားကြသော်လည်း အခုနောက်ပိုင်းတွင် တင်းနစ်ဘောလုံးကို အဝတ်ထပ်ပတ်၍ ကစားကြသည်။ ရိုးရာမပျက် အဝတ်ဖြင့်လုပ်သူ အချို့လည်းရှိသည်။ ထိုပွဲသည်က ရိုးရာဝတ်စုံများကိုသာ အများဆုံး ဝတ်စားဆင်ယင်ကြသည်။ ရှေးယခင်က မုံလူမျိုးတွေဟာ ဘဏ်စနစ်မရှိတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြသည်ဖြစ်၍ “ငွေ” ပြားတွေကို ဝတ်စုံပေါ်မှာ ဒင်္ဂါးပြားတွေအဖြစ် ပြုလုပ်ပြီး ချိတ်ဆွဲထားလေ့ရှိသည်။ ဒင်္ဂါးပြားများများပါခြင်းသည် ချမ်းသာကြွယ်ဝမှုကို သတ်မှတ်ကြပါသည်။ ထို့ပြင် မိန်းကလေးတစ်ယောက်၏ ဝတ်စုံတွင် ငွေတန်ဆာပလာတွေ စုံလင်နေခြင်းသည် သူမ၏ မိဘများက မည်မျှ အလေးထားဂရုစိုက်ကြောင်းကိုလည်း ဖော်ညွှန်းပေသည်။
ငွေထည်ပစ္စည်းများက မကောင်းဆိုးဝါးနှင့် တစ္ဆေသူရဲတို့၏ ရန်မှ အကာအကွယ်ပေးသည်ဟုလည်း အယူရှိသည်။ အဖွားဖြစ်သူမှ အမေ၊ အမေမှ သမီး လက်ဆင့်ကမ်းလာသည်ဖြစ်၍ မိသားစုရဲ့ မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းခြင်းလည်း မည်၏။ ဝတ်စုံမှာလည်း အပြာရင့်ရောင် သို့မဟုတ် အနက်ရောင်ကို အခြေခံပြီး စကတ်ပေါ်တွင် အစင်းကြောင်း၊ ပန်းပြောက်တို့ အများကြီးပါသည်။ ဝတ်စုံ၏ လက်မောင်းနှင့် ခါးစည်းတို့၌ ပါသောအနီ၊ အပြာ၊ ပန်းရောင် အစင်းကြောင်းလေးများက တောင်တန်းများနှင့် ဖြတ်ကျော်ခဲ့ရသော မြစ်ချောင်းများကို ရည်ညွှန်းသည်ဟု ယုံကြည်ကြ၏။ ခရုပတ်ပုံစံက မိသားစုအဆက်အနွယ်နှင့် အသိုက်အဝန်းကြီးထွားမှုကို ဆိုလိုပြီး ဆင်စွယ်ပုံစံက ခွန်အားနှင့် ကာကွယ်စောင့်ရှောက်နိုင်မှုကို ကိုယ်စားပြုပေသည်။
ဤသို့ အဓိပ္ပာယ်လေးနက် ပြည့်ဝနေသည့် ပွဲတော်တွင် ကိုကျော့မောင်တို့နှစ်ယောက်လုံး ချစ်ခွင့်ပန်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နှစ်တစ်နှစ်၏ ကုန်ဆုံးပြီး၍ နှစ်သစ်ပြန်စချိန်မျိုးတွင်သာ ကျင်းပကြခြင်းဖြစ်သောကြောင့် သူတို့၏ ချစ်ခြင်းမေတ္တာများကလည်း အမြဲတမ်း ပြန်လည်ဆန်းသစ်နေမည့် သဘောကိုလည်း စိတ်ကူးယဉ်မိကြသည်။ ထိုနေ့က မှတ်မှတ်ရရ ကြယ်ကလေးရော လပြည့်ဝန်းတို့၏ ရိုးရာဝတ်စုံတွင် အနီရောင်ကဲထားကြခြင်းဖြစ်၍ ကိုကျော့မောင်နှင့် သန်းသူရိန်တို့ အားတက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ အနီရောင်ကဲထားခြင်းသည် တက်ကြွရွှင်လန်းခြင်းနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုသလို လူပျိုအပျိုတို့၏ သိသာထင်ရှားသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။ ထိုဘောလုံးပစ်ပွဲတွင် လူတန်းစားပေါင်းစုံလာသည်။ ဘောလုံးကစားကြသည်ကလည်း လူပျိုအပျိုတို့သာမက အိမ်ထောင်ရှင်များလည်း ကစားကြသည်။ ဆွေမျိုးမောင်နှမချင်းလည်း ကစားကြသည်။ ဘန်ဖုန်းဆာဗန် – မုံနယူးရီးယား ပွဲတော်ကျင်းပရာ ကွင်းပြင်ကြီးတွင် ဈေးဆိုင်များနှင့် စည်ကားနေသလို ကလေးအရုပ်များ လှည့်လည်ရောင်းချသူများအပြင် ပွဲတော်လာသူများအတွက် ဖျော်ဖြေရေးများကလည်း ရိုးရာတေးသံသာများဖြင့် ဖျော်ဖြေနေကြသည်။ ထို့အပြင် ဘောလုံးပစ်သည်သာမက နွားပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲနှင့် ဒိုင်နံပြိုင်ပွဲတို့လည်း ကျင်းပကြသည်။
သို့သော်လည်း ထိုနှစ်က ဘောလုံးပစ်၍ ပြီးသည့်နောက်တွင် လူရှင်းပြီး အေးအေးဆေးဆေး စကားပြော၍ရသည့် နေရာတစ်ခုတွင် ကိုကျော့မောင်တို့နှစ်ယောက်လုံး တပြိုင်နက်တည်း ချစ်ခွင့်ပန်ခဲ့ကြသည်။ မူလကတည်းက သံယောဇဉ်ယာဉ်စွန်းတန်းတွင် ရပ်နေကြသူများဖြစ်၍ အပြုံးများ ရွှန်းစက်စက် လက်ခဲ့ကြသည်။ ခင်မင်ရင်းနှီးသူများ ဘဝမှ ချစ်သူများ ဘဝသို့ ချောချောမွေ့မွေ့ ကူးပြောင်းသွားခဲ့ကြသည်။ သို့သော်လည်း “ချစ်တယ်” ဆိုသည့် စကားတစ်လုံးကို ပြောဖို့ရန်အတွက် ကိုကျော့မောင်နှင့် သန်းသူရိန်တို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် သူစပြော ငါစပြောနှင့် မျက်စပစ်လိုက်၊ ထွေရာလေးပါးပြောလိုက်နှင့် အချိန်လင့်သွားသေးသည်။ သူမတို့က ရိပ်မိသွားပြီး “ဟယ် နင်တို့ဘာတွေဖြစ်တာလဲ” ဆိုလိုက်မှ နှစ်ယောက်သား ရှိသမျှအားအကုန်သုံးကာ “ချစ်လို့” ဟု ပြိုင်တူထွက်သွားလေသည်။ ထိုအခါ ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားသည့် စကားကို ပြိုင်တူကြားလိုက်ရပြီး “နင်တို့ကလည်းဟယ်” ဆိုကာ စကားသံများ ခေတ္တငြိမ်သက်သွားသည်။ မည်သည့်အရာဖြစ်ဖြစ် ပထမခြေလှမ်းသည်သာ အရေးကြီးဆုံးဖြစ်သည်ဆိုသည့် စကားအတိုင်း “ချစ်လို့” ဟု စကားတစ်ခွန်း ထွက်သွားပြီးသည့်နောက်တွင် ရင်ထဲက စကားများသည် ကွမ်စီရေတံခွန်လိုသာမက နိုင်ဂရာရေတံခွန်ကြီးနှယ် အဆက်မပြတ် အင်နှင့်အားနှင့် စီးဆင်းလေတော့သည်။
သူတို့၏ ချစ်ခြင်းများသည် ဝတ္ထုစာအုပ်များထဲကလို အခက်အခဲအတားအဆီးများ မဝင်လာခဲ့ပေ။ တစ်ခါတရံ စိတ်အခန့်မသင့်၍ ကိုယ်သွားချင်သည့်နေရာနှင့် သူသွားချင်သည့်နေရာ မတူသည်မျိုးလောက်သာ ရှိသည်။ ထိုအခါမျိုးတွင် စုံစမ်းစေ့တိုက်၍ အနိုင်ရသူ သွားချင်သည့်နေရာမျိုးကို ဦးစားပေးသွားကြသည်။ ပို၍ အဆင်ပြေချောမွေ့သည်က နှစ်ဖက်မိဘများကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိကြ။ သူတို့ဘဝအတွက် ကိုယ်ကိုယ်တိုင် စီမံခွင့်ကို အပြည့်အဝ ပေးထားကြသည်။ ကိုကျော့မောင်တို့ကလည်း ဘဝကို ရိုးရိုးသားသား ဖြတ်သန်းနေကြသူများ ဖြစ်နေကြသည်ကလည်း မိဘများ၏ ခွင့်ပြုချက်အတွက် အထောက်အပံ့ ဖြစ်နေသည်။ သန်းသူရိန်ဆိုလည်း သူ့ပညာရေးအတွက်သာ ကြိုးစားအားထုတ်ခြင်းမှတစ်ပါး တခြားယောက်ျားလေးများကဲ့သို့ အပျော်အပါး အသောက်အစားလည်း မရှိ။ ထိုကိစ္စမျိုးကို ကိုကျော့မောင်လည်း ဝါသနာမပါ။ ဤသို့ တူညီမှုများစွာဖြင့် လက်တွဲဖြစ်ကြသော်လည်း မင်္ဂလာဆောင်ဖို့ကိစ္စတွင်မူ ပထမက အတူတူဆောင်ဖို့ရန်အထိ စဉ်းစားကြသေး၍ နောက်တွင် ခွဲဆောင်ကြရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ ကိုကျော့မောင်တို့က အဆင်ပြေသော်လည်း သန်းသူရိန်တို့အတွက်က ဝန်ထမ်းများဖြစ်၍ အချိန်ညှိရန် အခက်အခဲရှိသည့်အပြင် သူ့မိတ်ကိုယ့်မိတ်များကို နှစ်ဖက်လုံးက ပြိုင်၍ ဧည့်ခံရမည်မှာ တာဝန်ကြီးလွန်းသောကြောင့်ဖြစ်သည်။ မင်္ဂလာပွဲတွင် တိုက်ရမည့် လောက်လောက် သို့မဟုတ် လောက်ဟိုင် (ချက်အရက်) များပင် တော်တော်များများ လုပ်ရမည်မှာလည်း ဝန်တာကြီးပင် မဟုတ်ပါလား။ သို့ဖြစ်၍ ကိုကျော့မောင်တို့က မင်္ဂလာအရင်ဆောင်ခဲ့ပြီး တစ်လလောက်အကွာမှ သန်းသူရိန်တို့ ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ မင်္ဂလာဆောင်မတူပါသော်လည်း ကလေးရတာချင်းကဖြင့် တူနေသည်။ ကိုကျော့မောင်လည်း နှစ်ယောက်နှင့် တစ်ဗိုက်ဖြစ်သလို သန်းသူရိန်ကလည်း အားမကျမခံ၊ အနိုင်မခံ အရှုံးမပေးချေ။

ကိုကျော့မောင်တစ်ယောက် မီးသွေးအိတ်ကို ကိုင်လျက်တန်းလန်းဖြင့် မည်မျှ အတွေးနယ်ကျွံနေသည်မသိ။ “ကိုကျော့မောင် မီးသွေးအိတ်ကြီးကိုင်ပြီး ဘာတွေတွေ့လို့ ပြုံးစိစိလုပ်နေတာလဲ” ဟု ကိုကျော့မောင်ကျောကို ဗုတ်ကနဲ ပုတ်ကာ မဒမ်ကျော့၏ အသံကြားလိုက်ရမှ ပစ္စုပ္ပန်တည့်တည့်သို့ ပြန်ရောက်လာလေသည်။ မဒမ်ကျော့၏ “ကျုပ်မှာတော့ နောက်ဖေးစောင့်လို့”၊ “တော်တော်နဲ့မလာတာနဲ့ ဘာများဖြစ်နေသလဲလို့” ဆိုသည့် စကားက တစ်ဆက်တည်း ထွက်လာသည်။ ကိုကျော့မောင်လည်း မဒမ်ကျော့ကို ကြည့်ရင်း “အေးပါကွာ ဘာမှမဟုတ်ပါဘူး”၊ “သန်းသူရိန်က နှုတ်ဆက်သွားတာနဲ့ ကိုလည်း တွေးမိတွေးရာ တွေးနေမိတာပါ” လို့ ပြန်ဖြေရင်း လက်မှာကိုင်ထားသည့် မီးသွေးအိတ်ကို လွှတ်ကာ မဒမ်ကျော့၏ ဗိုက်ကလေးကို ပွတ်သပ်မိလိုက်သည်။ “တော့ လက်က မီးသွေးတွေနဲ့ ဘာလုပ်တာလဲ၊ ဒီမှာ ပေကုန်ပြီ” ဟု မဒမ်ကျော့ နှုတ်တုံ့ပြန်သံအား “အေးပါကွာ ဘာမှမဟုတ်ပါဘူး အထဲက ငါ့ရင်သွေးလေးကို ဖေဖေ ဒီလိုအလုပ်တွေ ကြိုးစားနေတယ်၊ အပြင်သာ ရဲရဲတင်းတင်း ထွက်လာခဲ့ဖို့ အကြောင်းကြားတာပါ” လို့ ပြုံးစိစိနဲ့ ပြောလိုက်သည့်အခါတွင် မဒမ်ကျော့၏ “တော်နော် တော်” ဆိုသည့် ချစ်စဖွယ် မျက်စောင်းကလေးက ကိုကျော့မောင်၏ ရင်တွင်းကိုသာမက လွန်ပရာဘန်း၏ ခမ်းနားထယ်ဝါလှသည့် သမိုင်းကြောင်းအတွင်းသို့ပါ စီးဝင်သွားလေတော့သည်။
လာအိုနိုင်ငံရှိ ကမ္ဘာအမွေအနှစ်စာရင်းဝင် လွန်ပရာဘန်းမြို့အကြောင်း သိရှိနိုင်စေရန် ရည်ရွယ်ပါသည်။
မှတ်စုအချို့
- စဘိုင်ဒီ – (မင်္ဂလာပါ ဟု အပြန်အလှန်နှုတ်ဆက်စကား)
- စွိုင်း – (လွန်ပရာဘန်းရှိ လမ်းသွယ်)
- ပဒပ် – (လာအိုရိုးရာ ငါးပိရည်)
- အိုက် / အွိုင်း – (အစ်ကို)
- ကွိုင် / နောင် – (ကျွန်တော်၊ ကျွန်မ နာမ်စားများ)


