The Corner

The Corner

cropped-Logo_round_grey-background.png

မင်နီးယားပိုးလစ်စ်၊ စိန့်ပေါလ် က မပြီးသေးသော ပန်းချီကား

Share မယ်

ဖေဖော်ဝါရီလထဲကို ဝင်လာပြီမို့လို့ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်တို့မှာ နှင်းထုကြီး အရည်ပျော်စပြုလာပါပြီ။ အလားတူပဲ ရီနီဂွဒ်နဲ့ ပရစ်တီတို့ သေနတ်ပစ်ခတ်ခံရ သေဆုံးမှုကြောင့် လူထုအုံကြွမှု အကြီးအကျယ်ဖြစ်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလထဲမှာ ပြည်ထောင်စုအစိုးရရဲ့ အလျှော့ပေးလာမှုကို စတင်မြင်တွေ့ရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က I.C.E အဖွဲ့ဝင်အင်အားကို လျှော့ချဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမိန့်ပေးလိုက်ပြီး I.C.E အဖွဲ့ဝင်တွေ စတင်ထွက်ခွာသွားကြကာ အခုတော့ အင်အား ၅၀၀ ခန့်သာ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်မှာ ကျန်ပါတော့တယ်။ အင်အား ၂,၀၀၀ နဲ့ ၃,၀၀၀ ကြား အသုံးပြုပြီး ၂ လကြာ စစ်ဆင်ရေးရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ဆင်ရေးဟာ မြို့ပေါ်ကနေ ဆင်ခြေဖုံးနေရာတွေကို ရောက်သွားတယ်လို့ အချို့အကဲခတ်တွေက ဆိုပါတယ်။

နယ်ခြားဘုရင်ကြီးလို့ နာမည်ကျော်တဲ့ တွမ်ဟိုမင်က စစ်ဆင်ရေးပြီးဆုံးပြီလို့ ကြေညာလိုက်ပေမဲ့ လူ့စွမ်းအားနဲ့ ငွေကြေးဆုံးရှုံးမှုတွေကို စာရင်းတို့နေတဲ့ မြို့နေလူထုအတွက် အခြေအနေက တင်းမာနေဆဲပါ။ မြို့နေလူထုနဲ့ လူထုခေါင်းဆောင်တွေက “မြင်မှယုံမယ်” ဆိုတဲ့ သဘောထားရှိနေဆဲပါ။ I.C.E အဖွဲ့တွေက သူတို့တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးလို့ အကြောင်းပြပြီး တပ်ဖွဲ့အားလုံး ထွက်မသွားသေးတာကို လူထုက စိတ်ပူတာပါ။ I.C.E တွေရဲ့ လက်ချက်နဲ့ ကွယ်လွန်သွားရတဲ့ ရီနီဂွဒ်နဲ့ ပရစ်တီတို့ရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာတဲ့ လူထုအများစုက I.C.E တွေ တစ်ယောက်မကျန် ထွက်မသွားသေးသရွေ့ စိတ်ထဲမှာ မလုံခြုံဘူးလို့ ဆိုကြပါတယ်။

မြို့တော်ဝန် ဂျက်ဖရီဖရေးရဲ့ စကားအရ မြို့တော်ဟာ စစ်ဆင်ရေးကြောင့် ထိခိုက်ရတဲ့ စီးပွားရေးကပ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆန်းစစ်ချက်တစ်ခုအရ တစ်လအတွင်းမှာ အသေးစားလုပ်ငန်းများအဖို့ ဒေါ်လာ ၂၀၃ သန်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီပမာဏမှာ အသေးစားလုပ်ငန်းက ရမယ့် ဒေါ်လာ ၈၁ သန်းအခွန်အပြင် အိမ်ထဲက မထွက်ရဲတဲ့ အလုပ်သမားများကို ပေးရမယ့် လုပ်အားခ ဒေါ်လာ ၄၇ သန်းလည်း ပါဝင်ပါတယ်။ စစ်ဆင်ရေးအတွင်း တံခါးဖွင့်ခွင့်မရဘဲ လုပ်ရတဲ့ လုပ်ငန်းလေးတွေနဲ့ လုံးဝပိတ်သိမ်းခိုင်းခဲ့တဲ့ လုပ်ငန်းလေးတွေ ပြန်လည်လည်ပတ်နိုင်အောင် ကူညီဖို့ ပြည်နယ်အစိုးရက ဒေါ်လာ ၇ သန်းကို အရေးပေါ်အကူအညီအနေနဲ့ ထည့်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေကို ရွှေ့ပြောင်းနေထိုင်သူများက လုပ်ကိုင်နေကြတာပါ။

ဒေသခံတွေကတော့ တရားမျှတမှုကို တောင်းဆိုနေကြဆဲပါ (Photo: timesofisreal)

စစ်ဆင်ရေးအရှိန်ကို လျှော့ချလိုက်ပေမဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအကြား အကွဲအပြဲကိုတော့ ရင်ကြားစေ့မပေးနိုင်ပါဘူး။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ်နဲ့ မြို့တော်ဝန် ဂျက်ဖရီဖရေးတို့က စစ်ဆင်ရေးအရှိန်လျှော့ချမှုဟာ ဆွေးနွေးပွဲရလဒ် မဟုတ်သလို အဆုံးစွန် အလျှော့ပေးခြင်းမဟုတ်ဘူးဆိုတဲ့ အချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပါတယ်။ အခြေခံဥပဒေကို မလိုက်နာမှု၊ လူမျိုးခွဲခြားမှုနဲ့ အင်အားအလွန်အကျွံသုံးစွဲမှု ပုဒ်မတွေနဲ့ ပြည်တွင်းလုံခြုံရေးဌာန Department of Homeland Security ကို တရားစွဲထားပါတယ်။ မင်နီးယားပိုးလစ်စ်က အချို့သော လူမှုအဖွဲ့တွေက စစ်ဆင်ရေး အရှိန်လျှော့ချပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် လိုအပ်ချက်ကတော့ ရပ်တန့်မသွားဘူးလို့ ဆိုပါတယ်။ ရက်ပေါင်း ၇၀ ကြာ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် သူတို့က ဆက်ပြီး တရားစွဲနေကြပါတယ်။

စိတ်ဝမ်းကွဲမှုတွေလည်း ရှိနေပါတယ်။ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင်တွေနဲ့ အချို့သော မြို့ခံတွေက ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်လို့ အကြောင်းပြပြီး စစ်ဆင်ရေးဘက်က ခုခံကာကွယ်ခဲ့ကြပါတယ်။ စစ်ဆင်ရေးအရှိန်လျှော့ချလိုက်ပြီဆိုတာ ပစ်မှတ်တွေကို အောင်မြင်စွာ ဖယ်ရှားပြီးဖြစ်လို့ပါလို့ ဆိုကြပါတယ်။ မြို့ခံအများစုလူထုကြီးကတော့ စစ်ဆင်ရေးကို ကျူးကျော်ဝင်ရောက်မှုလို့ပဲ မြင်ကြပါတယ်။ “အမိမြေကို ကာကွယ်ကြ” စာတန်းပါကားတွေကို သုံးပြီး အနီးဝန်းကျင်က လူတွေကို သတ်ဖြတ်မှုဟာ မြို့ခံလူထုရဲ့ လုံခြုံစိတ်ချရခြင်း ခံစားချက်အပေါ် အမာရွတ်ကြီး ဖြစ်ကျန်ခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တစ်ချို့ ကျန်နေသေးတာလည်း လူထုက မကြိုက်ပါဘူး။ “အတည်ပြုပြီးမှ ယုံပါ” ဆိုတဲ့ အမြင်ကို ကိုင်စွဲထားကြပါတယ်။ တချို့သော လူမှုအဖွဲ့အစည်းတွေကတော့ မင်နီးယားပိုးလစ်စ် ပြည်သူတွေရဲ့ ချစ်စရာ အာခံမှုရဲ့ အောင်ပွဲအဖြစ် စစ်ဆင်ရေးလျော့ကျသွားခြင်းကို ရှုမြင်ကြပါတယ်။ ပြည်နယ်လူထုရဲ့ သွေးစည်းညီညွတ်တဲ့ ဆန္ဒပြပွဲကြီးတွေကြောင့် နိုင်ငံရေးအရရော ထောက်ပို့အတွက်ပါ ပြည်ထောင်စုအစိုးရအတွက် အထိနာပြီး ဆက်မလုပ်နိုင်တော့တာလို့ ဆိုပါတယ်။ တက်ကြွလှုပ်ရှားအဖွဲ့တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေကို ဆယ်စုနှစ်များစွာ ခံစားနေကြရဦးမယ်လို့ သတိပေးပါတယ်။ I.C.E တပ်ဖွဲ့ဝင်အင်အား လျော့ကျသွားပေမဲ့ မိသားစုတွေဟာ အိမ်ပြင်ကို မထွက်ရဲကြသေးပါဘူး။ ကြေညာချက် ထွက်လာပေမဲ့ မြေပြင်အခြေအနေကို မသက်ရောက်မှာ စိုးရွံ့ကြပါတယ်။

ပြည်နယ်ရွေးကောက်ခံခေါင်းဆောင်တွေကတော့ ပြည်ထောင်စုအစိုးရရဲ့ “အောင်မြင်တဲ့စစ်ဆင်ရေး” လို့ ပြောတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်ဇ်က ဒဏ်ခတ်တာ၊ ကျူးကျော်သိမ်းပိုက်တာလို့ ဆိုပါတယ်။ မြို့တော်ဝန် ဂျက်ဖရီဖရေးကတော့ “ကိုယ့်ရပ်ရွာအပေါ် ချစ်ခင်မြတ်နိုးမှုက ကျူးကျော်သိမ်းပိုက်မှုကို အောင်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။ I.C.E တပ်ဖွဲ့ဝင်တွေ ကျန်နေသေးတာဟာ စစ်ဆင်ရေးအရှိန်လျှော့တာ မဟုတ်တဲ့အတွက် အားလုံး ထွက်ခွာသွားဖို့ သူက တောင်းဆိုပါတယ်။ ပြည်နယ်ရှေ့နေချုပ် ကိသ်အယ်လစ်ဆင်က ထိန်းသိမ်းခံရသူတွေအတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ အပြည့်အဝ တာဝန်ယူမှု ရရှိဖို့ တောင်းဆိုပါတယ်။ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူ နှစ်ဦးရဲ့ မိသားစုတွေကို သူ့ရဲ့ ပြောကြားချက် “စစ်ဆင်ရေးကို လျှော့ချတာ နောက်ကျလွန်းတယ်” ဆိုတဲ့ စကားကို လူသိများပါတယ်။

အပြင်းထန်ဆုံး ကန့်ကွက်သံတွေကို ဆင်ခြေဖုံးရပ်ကွက် ကျောင်းတွေဆီက ကြားရပါတယ်။ ကျောင်းအုပ်ကြီးတွေက သူတို့ကျောင်းတွေကို I.C.E တွေ ဝိုင်းထားချိန်မှာ ပြောကြားခဲ့တဲ့ ကန့်ကွက်သံတွေကို တစ်နိုင်ငံလုံးက သတိပြုမိခဲ့ကြပါတယ်။ ပြည်နယ်ဒီမိုကရက် လွှတ်တော်အမတ် ဆိုမားလီယားအမျိုးသမီး အီလ်ဟန်အိုမာက ကျောင်းသူကျောင်းသားတွေမှာ ကျန်ခဲ့တဲ့ စိတ်ဒဏ်ရာကို ထောက်ပြသွားပါတယ်။

မြို့ခံလူထုကြီးရဲ့ အာခံမှုကို အားလုံးက ထောက်ခံတာတော့ မဟုတ်ပါဘူး။ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက ပြည်ထောင်စုအစိုးရရဲ့ လုပ်ရပ်ဟာ မှန်တယ်လို့ ပြန်ငြင်းကြပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင်တစ်ယောက်က စစ်ဆင်ရေးရပ်လိုက်တယ်ဆိုတာ စစ်ဆင်ရေးအောင်မြင်ခြင်းပါ၊ မင်နီးဆိုးတားပြည်နယ်ရဲ့ ခိုလှုံခွင့်မူဝါဒတွေဟာ တရားမဝင်စနစ်တွေကို ပေါ်ပေါက်စေပြီး ဒါကြောင့် ပြည်ထောင်စုအစိုးရက ဝင်ပါလာရတာပါလို့ ဆိုပါတယ်။

အိမ်ဖြူတော်က မင်နီဆိုးတားအရေးကို ကိုင်တွယ်ဖို့ နောက်ထပ် ခန့်အပ်လိုက်တဲ့ နယ်စပ်ကိစ္စရပ်မျာဆိုင်ရာ မင်းကြီး တွမ်ဟိုမင် (Photo: Politico)

သမ္မတ ထရမ့်ရဲ့ အုပ်စုကတော့ ဆုတ်ခွာရခြင်းမဟုတ်ဘဲ အောင်မြင်ပြီးဆုံးခြင်းလို့ ဆိုပါတယ်။ သူ့အနေနဲ့က ခပ်ကြမ်းကြမ်းကိုင်ချင်ပေမဲ့ ညင်ညင်သာသာလုပ်ကြဖို့ I.C.E အဖွဲ့တွေကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ သမ္မတက ညွှန်ကြားပါတယ်။ အမေရိကန်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ရပြီးနောက် တစ်နိုင်ငံလုံးရဲ့ ဆန့်ကျင်မှုတွေကြောင့် ဒီလိုပြောင်းလဲမှု ဖြစ်လာတာပါ။ ပွင့်လင်းမြင်သာမှုနဲ့ အင်အားအလွန်အကျွံသုံးစွဲမှုကို သက်သေပြဖို့ တပ်ဖွဲ့ဝင်တိုင်း စစ်ဆင်ရေးလုပ်ချိန် ကိုယ်ချပ်ကင်မရာတွေ (Body cameras) တပ်ဆင်ကြဖို့ ညွှန်ကြားထားပါတယ်။ နယ်ခြားဘုရင်ကြီး ဟိုမန်က တပ်ဖွဲ့ဝင်တွေ မတော်မတရားလုပ်မှုကြောင့် ဖြစ်ရတဲ့ ပြဿနာတွေကို ဖြေရှင်းပုံကတော့ ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့ဝင်ကို အစားထိုးခြင်းပါလို့ ဆိုပါတယ်။ ပြည်နယ်အနေနဲ့ ခိုလှုံခွင့်မူဝါဒကို ကာကွယ်တာမျိုး ပြန်ဖြစ်လာရင် တပ်ဖွဲ့ဝင်တွေ အချိန်မရွေးပြန်ပို့မယ်လို့ ဆိုပါတယ်။ ချွင်းချက်နဲ့ ပြန်လည်ဆုတ်ခွာခြင်းပါ။ နောက်ဆုံးသတင်းတွေအရ တပ်ဖွဲ့ဝင် ၄၀၀ လောက် ကျန်နေဦးမှာဖြစ်ပြီး မြင်သာထင်ရှားလွန်းတဲ့ သိမ်းကြုံးဖမ်းဆီးမှုတွေကနေ သတ်မှတ်ထားရှိပြီး သတင်းခိုင်လုံတဲ့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်ရမှာပါ။ မြို့တွင်းကနေ မြို့ပြင်နေရာတွေကို ရွှေ့ပြောင်းလုပ်ဆောင်ရပါမယ်။ အမျှော်လင့်ဆုံးကတော့ ရွှေ့ပြောင်းနေထိုင်သူတွေပေါ်က ကြောက်ရွံ့မှု နှင်းထုကြီး အရည်ပျော်ကျလာဖို့ပါ။ ကျောင်းတွေပြန်တက်ကြဖို့၊ ပန်းခြံတွေထဲ အပန်းလာဖြေကြဖို့၊ ဆေးရုံဆေးခန်းတွေကို ပြန်လာပြသကြဖို့ကို လပေါင်းများစွာ အချိန်ယူပြီး ဆွဲဆောင်ရပါလိမ့်မယ်။ ခန့်မှန်းခြေ ကျောင်းသူကျောင်းသား ၈,၇၀၀ လောက်ဟာ တိုက်ရိုက်ထိခိုက်ခဲ့ပါတယ်။

ရက်ပေါင်း ၇၀ ကြာ စစ်ဆင်ရေးဟာ လူထုရဲ့ တန်ပြန်အာခံမှုကြောင့် အဆုံးသတ်သွားပါပြီ။ ဒါပေမဲ့ အကျိုးဆက်တွေကိုတော့ ဆက်မြင်နေရဦးမှာပါ။ ပြည်ထောင်စုအစိုးရကို စွဲထားတဲ့ အမှုတစ်ပုံတစ်ပင်က ဘယ်လိုစီရင်ချက်တွေ ချမလဲ။ ပြည်တွင်းလုံခြုံမှုဌာန တာဝန်ခံ ခရစ်စတီနိုမ်ရဲ့ အခြေအမြစ်မရှိ စွပ်စွဲပြောကြားချက်တွေကို ဘယ်လိုတာဝန်ခံမလဲ။ ဘော်ဘီနိုနဲ့ သူ့ရဲ့ I.C.E တွေရဲ့ ရမ်းကားမှုတွေကို ဘယ်လိုတာဝန်ယူမလဲ။ သမ္မတ လုပ်ချင်တိုင်း လုပ်လို့မရအောင် စနစ်တွေနဲ့ ထိန်းထားတဲ့ တိုင်းပြည်မှာ ယမ်းငွေ့များစဲသွားတဲ့အခါ တရားမျှတမှုကို မြင်ရလိမ့်မယ်လို့ ထင်မြင်မိပါကြောင်း။

စုစည်းတင်ပြသည်။

Click to rate this post!
[Total: 0 Average: 0]