အခုခေတ်စားနေတဲ့ ဖုန်းတွေကို အသုံးနည်းအောင် နည်းပညာနဲ့ ပြန်ထိန်းကြတာကို Digital Detox လုပ်တာလို့လည်း တစ်နည်းခေါ်ကြပါတယ်။ ဟုတ်ပါတယ်၊ အခုနောက်ပိုင်း လူတော်တော်များများက ဖုန်းမျက်နှာပြင်ကြည့်ချိန် (Screen Time) လျှော့ချချင်ကြပါတယ်။ အင်တာနက်ပေါ်မှာလည်း ဖုန်းကို နံရံမှာ ကြိုးနဲ့ချည်ထားတာမျိုး၊ ဆိုရှယ်မီဒီယာက ပုံတွေကို စက္ကူနဲ့ တကူးတက ပရင့်ထုတ်ကြည့်တာမျိုး ဒါမှမဟုတ် ဖုန်းကို အကြာကြီး ပစ်ထားတာမျိုးစတဲ့ ထူးဆန်းတဲ့ အကြံပြုချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးတော့ လူတွေကြားထဲမှာ ကျော်ကြားနေတဲ့ နည်းလမ်းတစ်ခုကတော့ “The Brick” လို့ခေါ်တဲ့ ဖုန်းထဲက App တွေကို သုံးလို့မရအောင် ပိတ်တဲ့ ကိရိယာလေးပဲ ဖြစ်ပါတယ်။
Brick ဆိုတာ ဘာလဲ
Brick ဆိုတာ မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ “အုတ်ခဲ” ပေါ့။ အဲဒီ Brick ဆိုတဲ့ ပစ္စည်းလေးဟာ သီချင်းနားထောင်တဲ့ AirPods ဘူး အရွယ်အစားလောက်ရှိတဲ့ မီးခိုးရောင်တုံးလေး တစ်တုံးဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာလောက် တန်ပါတယ်။ Brick ကို သုံးမယ်ဆိုရင် ဖုန်းသုံးတဲ့အချိန်ကို တစ်နေ့ကို ပျမ်းမျှ ၃ နာရီလောက်အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Brick က ဘယ်လို အလုပ်လုပ်သလဲ
ကိုယ့်ဖုန်းထဲက ကိုယ်အသုံးများနေတဲ့၊ ပိတ်ထားချင်တဲ့ App တွေ (ဥပမာ – Facebook, TikTok, Instagram) စတာတွေကို App ထဲမှာ ရွေးချယ်ပြီး ပိတ်ထားဖို့ သတ်မှတ်ရပါတယ်။ ပြီးရင် ဖုန်းကို အဲဒီ Brick အတုံးလေးနဲ့ ထိလိုက်တာနဲ့ ရွေးထားတဲ့ App တွေအားလုံးကို ဖွင့်လို့မရအောင် ပိတ်ထားပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်လို့ ကိုယ်က အဲဒီ App တွေကို ပြန်သုံးချင်တယ်ဆိုရင် ဖုန်းကို အဲဒီ အုတ်ခဲတုံးလေးနဲ့ ပြန်ထိမှသာ ပြန်ပွင့်လာမှာပါ။ ပိုက်ဆံမကုန်အောင် ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ပြီး ဖုန်းမသုံးဘဲ နေနိုင်ပါလျက်နဲ့ ဒေါ်လာ ၆၀ လောက်ကုန်မှ ဖုန်းမသုံးဖြစ်အောင် ပိတ်မယ်ဆိုရင်လည်း သဘောပေါ့။ ဒါပေမဲ့ Brick နဲ့ ပိတ်နည်းကတော့ အသုံးများလာတာ အမှန်ပါပဲ။
ဘာကြောင့် ခေတ်စားလာတာလဲ
ဒီနည်းလမ်းဟာ အသက် ၂၀ ကနေ ၃၅ နှစ်ကြား လူငယ်တွေကြားမှာ အထူးခေတ်စားနေပါတယ်။ စာရင်းဇယားတွေအရ ၂၀၂၆ ဇန်နဝါရီလအတွင်းမှာ ဒီ App ကို ဒေါင်းလုဒ်ဆွဲသူ အရေအတွက်ဟာ အရင်နှစ်ထက် ခြောက်ဆ (၆၀၀ ရာခိုင်နှုန်း) နီးပါး တိုးတက်လာတယ်လို့ သိရပါတယ်။ အသုံးပြုသူတွေကတော့ ဒီနည်းလမ်းဟာ သူတို့ရဲ့ ဖုန်းစွဲလမ်းမှုကို ထိရောက်စွာ တိုက်ဖျက်ပေးနိုင်တဲ့အတွက် သူတို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
ဖုန်းမကြည့်ဖြစ်ဖို့ နည်းလမ်းမျိုးစုံ
အဆိုပါ ကိရိယာသည် နည်းပညာကြောင့်ဖြစ်ရသော အာရုံထွေပြားမှုများကို နည်းပညာဖြင့်ပင် ပြန်လည်တိုက်ဖျက်သည့် “Anti-tech tech” ဟုခေါ်သော ပိုမိုကျယ်ပြန့်သည့် လမ်းကြောင်းသစ်တစ်ခု၏ အစိတ်အပိုင်း ဖြစ်လာတာတော့ အသေအချာပါပဲ။ လက်ရှိကာလမှာ ဒစ်ဂျစ်တယ်အပေါ် စွဲလမ်းနေမှုများကို လျှော့ချပေးမည့် နည်းလမ်းပေါင်းစုံ ပေါ်ထွက်နေပြီး Opal ဆိုသည့် App များသည် ၂၀၂၀ ခုနှစ်မှစ၍ အသုံးပြုသူများ၏ ဖုန်းကြည့်ချိန် နာရီပေါင်း သန်း ၂၀၀ ကျော်ကို လျှော့ချပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။
Brick နဲ့ Opal ရဲ့ အဓိကကွာခြားချက်ကတော့ Brick ဟာ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတစ်ခု ဖြစ်သော်ငြားလည်း Opal ကတော့ App (Software) တစ်ခုသာ ဖြစ်ပါတယ်။ အချို့သော App များမှာ လူစိတ်ဝင်စားမှု ပိုမိုရရှိစေရန် ဆုတစ်ခုခု ချီးမြှင့်ခြင်း သို့မဟုတ် ဂိမ်းကစားသကဲ့သို့ ဖန်တီးထားပြီး Forest ကဲ့သို့သော App မျိုးတွင် ဖုန်းမသုံးဘဲ နေသည့်အချိန် ကြာလေလေ သစ်ပင်များ ပိုမိုရှင်သန်လာလေလေ ဖြစ်ကာ၊ ထိုအဆင့်ကို အောင်မြင်ပါက အာဖရိကဒေသတွင် သင့်ကိုယ်စား သစ်ပင်အစစ်တစ်ပင်ကိုပင် စိုက်ပျိုးပေးမည်ဟု ဆိုပါသည်။ ထို့အပြင် တစ်ချိန်က နည်းပညာမကျွမ်းကျင်သည့် လူကြီးပိုင်းများသာ သုံးသည်ဟု ယူဆခဲ့ကြသော Touchscreen မပါသည့် ရိုးရိုးဖုန်း (Dumbphone) များသည်လည်း ယခုအခါတွင် အာရုံစူးစိုက်မှုကို ဦးစားပေးသည့် ခေတ်မီပြီး အမြော်အမြင်ရှိသော ရွေးချယ်မှုတစ်ခုအဖြစ် လူငယ်များကြား ပြန်လည်ခေတ်စားလာပါသည်။ လူသားတို့အနေဖြင့် ကိုယ့်စိတ်အင်အား ထိန်းချုပ်နိုင်မှု တစ်ခုတည်းဖြင့် မရနိုင်သည့်အခါ နည်းပညာကို အသုံးချ၍ အတားအဆီးများ သို့မဟုတ် အခြားဆုလာဘ်များ ဖန်တီးကာ မိမိကိုယ်ကိုယ် ပြန်လည်ထိန်းကျောင်းလာသည့် ဗျူဟာတစ်ရပ်ပင် ဖြစ်ပါသည်။

Offline Club နဲ့ #AnalogueBags တို့ဆိုတာ
ဖုန်းအသုံးပြုမှုကို ရပ်တန့်ပြီး ပြင်ပလောကနဲ့ ပြန်လည်ထိတွေ့လိုတဲ့ “ပြင်းပြတဲ့ဆန္ဒတွေ” လူတွေအကြားမှာ အကြီးအကျယ် ဖြစ်ပေါ်နေတယ်လို့ ၂၀၂၄ ခုနှစ်က စတင်ပြီး ဥရောပမြို့ကြီး ၁၉ မြို့နဲ့ ဘာလီကျွန်းအထိ ပျံ့နှံ့သွားတဲ့ ဖုန်းအသုံးမပြုရကလပ် (Offline Club) ကို တည်ထောင်သူ Ilya Kneppelhout က ဆိုပါတယ်။ အခုနောက်ပိုင်းမှာ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ အပန်းဖြေစခန်းအချို့မှာ ဖုန်းတွေကို သိမ်းဆည်းထားတဲ့ စနစ်တွေ ကျင့်သုံးလာကြသလို၊ ဆိုရှယ်မီဒီယာပေါ်က နာမည်ကြီး Influencer အချို့ကလည်း ဖုန်းအစား ရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့ ခဲတံ၊ မှတ်စုစာအုပ်နဲ့ ကင်မရာတွေကိုသာ အိတ်ထဲထည့်သွားတဲ့ #AnalogueBags လှုပ်ရှားမှုတွေကို ပြုလုပ်လာကြပါတယ်။ ဒါ့အပြင် ဖုန်းစွဲလမ်းမှုကို ကုသပေးပြီး လက်တွေ့ကမ္ဘာနဲ့ ပိုမိုထိတွေ့နိုင်အောင် ကူညီပေးတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေတောင် ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ အရက်စွဲရောဂါ ကုသရေးအစီအစဉ်တွေနဲ့ ဆင်တူနေပြီး တကယ်တမ်းမှာလည်း “အင်တာနက်နှင့် နည်းပညာစွဲလမ်းသူများ ကုသရေးအဖွဲ့” (ITAA) ဆိုတာ လက်တွေ့လောကမှာ အမှန်တကယ် ရှိနေပြီးသား ဖြစ်ပါတယ်။ ဤသည်မှာ နည်းပညာအလွန်အကျွံ သုံးစွဲခြင်းက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် လူသားတွေဟာ ဒစ်ဂျစ်တယ်ကမ္ဘာထဲကနေ ရုန်းထွက်ပြီး လက်တွေ့ဘဝရဲ့ အရသာကို ပြန်လည်ရှာဖွေလာကြတာပဲ ဖြစ်ပါတယ်။
ဦးနှောက်ဆွေးမြည့်ခြင်း မဖြစ်စေဖို့
ဖုန်းအသုံးပြုမှုကို လျှော့ချဖို့ ကြိုးစားနေကြတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့အတွက် သုတေသနတွေ အများကြီး ရှာဖွေနေဖို့တောင် မလိုပါဘူး။ လူတော်တော်များများဟာ သုတေသီတွေ အခေါ်အဝေါ်အရ “ဒစ်ဂျစ်တယ်အပေါ် အလွန်အကျွံ ဖြစ်ခြင်း” (Digital Overload) ကို ခံစားနေရတာ ဖြစ်ပါတယ်။ King’s College London မှ Zeena Feldman ကတော့ “ဖုန်းတွေကို ကိုင်ထားရင် တစ်ချိန်လုံး ဆက်သွယ်လို့ ရနေရမယ်၊ အမြဲတမ်း အွန်လိုင်းပေါ် ရှိနေရမယ်” ဆိုတဲ့ ဖိအားမျိုးကို လူတွေ ခံစားနေရတာလို့ ဆိုပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ YouGov လူထုစစ်တမ်းတစ်ခုအရ အသက် ၃၀ အောက် အမေရိကန် လူကြီးပိုင်းအများစုဟာ ဖုန်းကို နေ့စဉ် နိုးနိုးချင်းမှာရော၊ အိပ်ခါနီးမှာပါ အရင်ဆုံးနဲ့ နောက်ဆုံး ကြည့်ကြပြီး၊ ၄၀ ရာခိုင်နှုန်းနီးပါးဟာ ဖုန်းကို ဘေးနားမှာထားပြီး အိပ်စက်ကြတာကို တွေ့ရပါတယ်။ အင်တာနက်ပေါ်က သုံးနှုန်းနေကြတဲ့ စကားလုံးတွေမှာတင် ဒီဒုက္ခက ဘယ်လောက် ဆိုးရွားတယ်ဆိုတာ သိသာနေပါတယ်။ ဖုန်းစွဲနေသူတွေဟာ စိတ်မချမ်းမြေ့စရာ သတင်းတွေကို တောက်လျှောက် ပွတ်ကြည့်နေတတ်တဲ့ “Doomscroll” လုပ်ခြင်းနဲ့ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာစေတဲ့ “Brainrot” (ဦးနှောက်ဆွေးမြည့်ခြင်း) ဝေဒနာတွေကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားတာဟာ စိတ်ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုကို ပြန်လည်ထိန်းသိမ်းဖို့အတွက် မဖြစ်မနေ လိုအပ်လာတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
Data Privacy ကို တန်ဖိုးထားသင့်
နောက်တစ်ပိုင်းကတော့ ဒေတာဆိုင်ရာ ပုဂ္ဂိုလ်ရေးလုံခြုံမှု (Data Privacy) နှင့် သတင်းမှား (Misinformation) များအပေါ် စိုးရိမ်ပူပန်မှုများမှာလည်း ပိုမိုများပြားလာပါတယ်။ EY (Ernst & Young) အတိုင်ပင်ခံလုပ်ငန်း၏ လေ့လာမှုတစ်ခုအရ ဒစ်ဂျစ်တယ်လောကမှ ခေတ္တခွာရန် ကြိုးပမ်းသူများသည် ဒေတာများ ပေါက်ကြားခြင်းနှင့် အန္တရာယ်ရှိသော အကြောင်းအရာများ ပျံ့နှံ့နေခြင်းတို့ကို စိုးရိမ်နေကြကြောင်း သိရသည်။ ထို့ကြောင့် ယခင်က ခန္ဓာကိုယ်တွင်း အဆိပ်ထုတ်ရန် (Detox) သစ်သီးဖျော်ရည်များဖြင့် Cleanse လုပ်ကြသကဲ့သို့ ယခုအခါတွင်မူ အွန်လိုင်းပေါ်ရှိ မိမိတို့နှင့်ပတ်သက်သော မလိုအပ်သည့် အချက်အလက်များ သို့မဟုတ် “Data Bloat” များကို ဖယ်ရှားရန်အတွက် “Data Detox” လုပ်ခြင်းကို ရွေးချယ်လာကြသည်။ ဤသည်မှာ အချက်အလက်နည်းပညာခေတ်တွင် မိမိတို့၏ ဒစ်ဂျစ်တယ်ခြေရာ (Digital Footprint) ကို ပြန်လည်ထိန်းချုပ်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။
အွန်လိုင်းကို အွန်လိုင်းကနေပဲ တိုက်ဖျက်ကြစို့
ဒါပေမဲ့ အခုခေတ်စားနေတဲ့ ဒီလမ်းကြောင်းရဲ့ ဗဟိုချက်မှာတော့ ဟာသဆန်တဲ့ ဆန့်ကျင်ဘက် အချက်တစ်ခု ရှိနေပြန်ပါသေးတယ်။ ဂျန်ဇီလူငယ်တွေ (Gen Z) က ၂၀၂၆ ခုနှစ်ကို “အင်တာနက်မပါတဲ့ ခေတ်ဟောင်းစတိုင် (Analogue) နှစ်” လို့ ကြေညာထားကြပေမဲ့၊ အဲဒီလို ကြေညာတာကို TikTok ပေါ်မှာပဲ လုပ်နေကြတာပါ။ အလားတူပဲ “The Brick” ကိရိယာလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးလာတာ ဖြစ်သလို၊ ဖုန်းအသုံးမပြုရကလပ် (Offline Club) ဆိုတာကလည်း သူတို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ဖို့ ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်တွေကိုပဲ အဓိက အားကိုးနေရတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဖုန်းမကြည့်ဖို့ တိုက်တွန်းနေတဲ့ Influencer တွေဟာ သူတို့ရဲ့ ဝင်ငွေကို (စာရှုသူ ထင်ထားတဲ့အတိုင်းပါပဲ) ဖုန်းမျက်နှာပြင်တွေပေါ်ကနေပဲ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ အမှန်တော့ ဒါတွေဟာ နည်းပညာလောကကနေ လုံးဝဥဿုံ ရုန်းထွက်ဖို့ဆိုတာ လက်တွေ့မှာ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာကို ပြသနေတာပဲ မဟုတ်ပါလား။

ဒါကြောင့်လည်း ဒစ်ဂျစ်တယ်အဆိပ်ထုတ်ခြင်း (Digital Detox) လုပ်ငန်းစဉ် အများစုဟာ ဘာကြောင့် ကျရှုံးရသလဲဆိုတာကို နားလည်နိုင်ပါတယ်။ လူတွေဟာ ဖုန်းမျက်နှာပြင်တွေနဲ့ App တွေဆီကို ခဏလေးအတွင်းမှာပဲ ပြန်လည်ဆွဲဆောင်ခံလိုက်ရတာမျိုး ဖြစ်တတ်လို့ပါ။ ဒါပေမဲ့ အများစုကတော့ ဒီ “The Brick” ကိရိယာလေးဟာ သူတို့စမ်းသပ်ဖူးသမျှထဲမှာ အကောင်းဆုံးပဲလို့ ဆိုကြပါတယ်။
Brick ကိုပဲ သုံးကြမယ်
အဲဒီကိရိယာရဲ့ လျှို့ဝှက်ချက်ကတော့ “အာရုံထွေပြားစေမယ့်အရာတွေကို လက်လှမ်းမမီတဲ့နေရာမှာ ထားရှိခြင်း” ပဲဖြစ်တယ်လို့ ကုမ္ပဏီတည်ထောင်သူတစ်ဦးဖြစ်တဲ့ Thomas Driver က ပြောပါတယ်။ ခင်ဗျားကိုယ်တိုင် အဲဒီ “Brick” ဆိုတဲ့ “အုတ်ခဲတုံး” လေးဆီကို လူကိုယ်တိုင်သွားပြီး ပြန်မထိမချင်းတော့ ဖုန်းသုံးချင်တဲ့ စိတ်အာရုံနောက်ကို လိုက်သွားဖို့ မလွယ်ကူတော့ပါဘူး။ အရာအားလုံး ဒစ်ဂျစ်တယ် ဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ အခုလိုမျိုး လက်တွေ့ကျကျ အတားအဆီး ဖန်တီးတဲ့ (Bricks-and-mortar) နည်းလမ်းဟာ တကယ်ကိုပဲ အားသာချက်တွေ ရှိနေပါတယ်။
ကိုးကား – Addicted to your phone? Try “bricking” it, The Economist 21st Feb 2022


