ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။
ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ ၅၁ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဥပဒေအရ အာဏာမရှိသော်လည်း နိုင်ငံရေးအရ အလေးသာသည့် အဆိုပါ ဆုံးဖြတ်ချက်တွင် ရုရှား၊ ဘီလာရုစ် နှင့် ဆူဒန်တို့က ကန့်ကွက်ခဲ့ကြပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စု တို့ကမူ ကြားနေမဲ ပေးခဲ့ကြသည်။
တစ်ဖက်မှ ကြည့်မည်ဆိုလျှင်လည်း အဆိုပါ မဲခွဲမှုသည် ဥရောပသမဂ္ဂ သည် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သော အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်လာရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာရေးအတွက် ပိုမိုပြီပြင်လာစေမည်ဖြစ်သည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း မရပ်မနား ကြုံတွေ့ခဲ့ရသော အကျပ်အတည်းများကြောင့်သော်လည်းကောင်း၊ ယခုအခါတွင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဥရောပကို ရန်ဘက်နီးပါး သဘောထားရှိသူအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ဥရောပအတွက် ကိုယ့်အားကိုယ်ကိုးရန် ပိုမို တွန်းအားဖြစ်စေခဲ့သည်။
အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နေတိုး (NATO) ၏ အကာအကွယ်ပေးမှုများအတွက် အာမခံချက် မရှိတော့သည့်အခါ ဥရောပသမဂ္ဂ (EU) သည် အသစ်တစ်ဖန် ခြိမ်းခြောက်ခံရနိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဤအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သော တစ်နှစ်တာအတွင်း ဥရောပသမဂ္ဂသည် အစဉ်အလာများကို ချိုးဖျက်ကာ အသစ်သစ်သော လုပ်ဆောင်ချက်များကို ဆက်တိုက် ဖော်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက စတင်၍ ဥရောပသမဂ္ဂ (EU) သည် ၎င်း၏ အဖွဲ့ဝင် ၂၇ နိုင်ငံအတွက် ကာကွယ်ရေးအသုံးစရိတ်များကို ပံ့ပိုးရန် ပထမဦးဆုံးအကြိမ်အဖြစ် EU တစ်ဝန်းလုံးဆိုင်ရာ ကြွေးမြီရယူခြင်း (EU-wide debt) ဖြင့် ရန်ပုံငွေရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်၏ ကျောထောက်နောက်ခံ မပါဝင်တော့မည့် အခြေအနေမျိုးတွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ရင်ဆိုင်နိုင်ရန်မှာ ဥရောပနိုင်ငံအားလုံး လက်နက်အင်အား ပြန်လည်ဖြည့်တင်းရန် နည်းလမ်းတစ်ခုမှလွဲ၍ အခြားရွေးစရာလမ်း ရှိနိုင်မည်မထင်ပါ။ အဆိုပါ ရည်ရွယ်ချက်အတွက် ဥရောပသည် ယခုအခါ Security Action for Europe (SAFE) ဟုခေါ်သော ထူးခြားသည့် ယန္တရား တစ်ရပ်ကို တည်ထောင်လိုက်ပြီး၊ ဥရောပ တိုက်ကြီးတစ်ခုလုံး၏ လက်နက်ထုတ်လုပ်မှုနှင့် ဝယ်ယူမှုစွမ်းရည် မြှင့်တင်ရေးအတွက် ဒေါ်လာ ၁၇၈ ဘီလီယံအထိ ရန်ပုံငွေပံ့ပိုးပေးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပသည် ၎င်း၏ကိုယ်ပိုင် ကာကွယ်ရေးလုပ်ငန်းကဏ္ဍကို အဓိကထား ကာကွယ်စောင့်ရှောက်တော့မည်ဖြစ်သည်။ “ဥရောပထုတ်ကိုသာ ဦးစားပေးရေး” (European preference) ဟူသော မူဝါဒမှာ ယခင်က ပြင်သစ်တို့၏ စိတ်ကူးယဉ်အိပ်မက်တစ်ခုအဖြစ်သာ ပယ်ချခံခဲ့ရဖူးသည်။ သို့သော် ထိုစဉ်က အမေရိကန်ထုတ် လက်နက်များကို ဝယ်ယူခြင်းသည် အမေရိကန်၏ အကာအကွယ်ကို ရရှိရန်အတွက် မဟာမိတ်များ ပေးဆောင်ရသည့် အဖိုးအခ (Premium) တစ်ခု ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ထရမ့်က ထိုသဘောတူညီချက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း အရိပ်အယောင်ပြလိုက်ပြီ ဖြစ်သည့်အပြင် ၎င်းသည် ဥရောပနိုင်ငံများကို ကျော်ကာ ရုရှားခေါင်းဆောင် ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေသကဲ့သို့၊ အမေရိကန်၏ နေတိုး (NATO) ဆိုင်ရာ ကတိကဝတ်များသည် လုပ်ကြံဖန်တီးထားသယောင်ယောင် အရိပ်အမြွက် ပြောကြားခဲ့သည်။ ထို့ကြောင့် SAFE ရန်ပုံငွေကို အသုံးပြုမည့် ဥရောပနိုင်ငံများသည် ဥရောပထုတ် လက်နက်နှင့် အပိုပစ္စည်းများကိုသာ အဓိကထား ဝယ်ယူရန် သတ်မှတ်ချက် ရှိလာမည်ဖြစ်သည်။ ယင်းဦးစားပေးချက်ကို မကြာသေးမီက သဘောတူညီခဲ့သည့် ယူကရိန်းအတွက် ဒေါ်လာ ၁၀၇ ဘီလီယံတန်ဖိုးရှိ (ကြွေးမြီဖြင့် ရန်ပုံငွေရှာထားသော) အထောက်အပံ့တွင်လည်း ထည့်သွင်း ရေးသားထားပြီး၊ ကိုင်ဗ် (Kyiv) အနေဖြင့် ဖြစ်နိုင်သမျှ ဥရောပထုတ် လက်နက်များကိုသာ ဝယ်ယူရန် ကန့်သတ်ထားသည်။
ယေဘုယျအားဖြင့် ဥရောပနိုင်ငံများသည် အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချရန် သိသိသာသာ ကြိုးပမ်းလာကြသည်။ ဂျာမနီသည် ၎င်း၏ လက်နက်တပ်ဆင်ရေး အသုံးစရိတ်၏ ၈ ရာခိုင်နှုန်း ကိုသာ အမေရိကန်ထုတ် လက်နက်များအတွက် သုံးစွဲရန် စီစဉ်ထားပြီး Starlink ကို အစားထိုးရန် ကိုယ်ပိုင် ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်ကိုပင် တည်ဆောက်နေသည်။ အထူးခြားဆုံးမှာ ဥရောပနိုင်ငံများသည် ၎င်းတို့၏ အဓိကအားနည်းချက်ဖြစ်သော အမေရိကန်၏ နျူကလီးယား အကာအကွယ် (Nuclear Umbrella) အပေါ် မှီခိုနေရမှုကို ဖြေရှင်းရန် ပထမဆုံးအကြိမ် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဂျာမနီနှင့် ဆွီဒင်တို့သည် ပြင်သစ်၊ ဗြိတိန်တို့နှင့် ပူးပေါင်းကာ ဥရောပသားကိုယ်တိုင် ထိန်းချုပ်မည့် နျူကလီးယား ဟန့်တားမှုစွမ်းရည် တည်ဆောက်ရန် ဆွေးနွေးနေကြပြီး ပိုလန်နှင့် နယ်သာလန်တို့ကလည်း ပါဝင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြထားကြသည်။
ဤကာကွယ်ရေးဆိုင်ရာ ပြောင်းလဲမှုများသည် ဥရောပ၏ စီးပွားရေးကိုလည်း အကျိုးပြုနေသည်။ ဥရောပ၏ ကိုယ်ပိုင်ကာကွယ်ရေး ကုမ္ပဏီများသည် ရှယ်ယာစျေးကွက်တွင် အမေရိကန်၏ ထိပ်သီးနည်းပညာစတော့ရှယ်ယာများထက်ပင် အမြတ်အစွန်း ပိုမိုရရှိနေသည်။ ဂျာမနီ၏ Rheinmetall ကုမ္ပဏီသည် မကြာမီတွင် အမေရိကန် ကာကွယ်ရေးလုပ်ငန်းတစ်ခုလုံးထက် အမြောက်ကျည်များကို ပိုမိုထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ ထို့အပြင် ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် လက်နက်ထုတ်လုပ်မှုတွင် အသုံးပြုခဲ့သည့် “ဥရောပထုတ်ကုန်များ ကိုသာ ဝယ်ယူရေး” ပြဌာန်းချက်ကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုနှင့် စွမ်းအင်သစ် နည်းပညာကဏ္ဍများတွင်ပါ ကျင့်သုံးရန် စဉ်းစားနေကြသည်။
တစ်ချိန်က လွတ်လပ်သောစျေးကွက်ကို ရှေ့တန်းတင်ခဲ့သည့် EU သည် ယခုအခါ ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် အဆိုပါ ကတိကဝတ်ကို ပြန်လည်သုံးသပ်နေသည်။ ဂျာမနီသည် ၎င်း၏ 6G ဆက်သွယ်ရေး ကွန်ရက်တွင် တရုတ်နိုင်ငံမှ ရောင်းချသည့် ပစ္စည်းများကို ဖယ်ထုတ်ရန် စီစဉ်နေသလို အမေရိကန်ထုတ် Microsoft ကို အစားထိုးမည့် စနစ်များကိုလည်း စမ်းသပ်နေသည်။ ပြင်သစ်အစိုးရသည် Zoom အစား ပြည်တွင်းဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ကို ပြောင်းလဲအသုံးပြုနေပြီ ဖြစ်သည်။ အမေရိကန်နှင့် တရုတ်အပေါ် မှီခိုမှုကို လျှော့ချနေသည့် တစ်ချိန်တည်းမှာပင် ဥရောပသည် အိန္ဒိယ၊ ဘရာဇီး အစရှိသည့် နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များကို အရှိန်အဟုန်ဖြင့် ချုပ်ဆိုနေသည်။
အရေးကြီးဆုံး အပြောင်းအလဲမှာ ဥရောပ၏ ဆုံးဖြတ်ချက်ချမှတ်ပုံ ဖြစ်သည်။ ယခင်က အရေးကြီးကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း သဘောတူမှသာ (Unanimity) အတည်ပြုနိုင်သည့် စည်းမျဉ်းကို အိန်ဂျလာ မာကယ် လက်ထက်က ပြင်းပြင်းထန်ထန် ကာကွယ်ခဲ့သော်လည်း ယနေ့ခေါင်းဆောင်များကမူ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ထိုစည်းမျဉ်းကို စွန့်လွှတ်ရန် လက်ခံလာကြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားပိုင်ဆိုင်မှုများကို အကန့်အသတ်မရှိ သိမ်းဆည်းရန်နှင့် ယူကရိန်းအတွက် ရန်ပုံငွေ ချပေးရန် ကိစ္စများတွင် ကန့်ကွက်နေသည့် ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့ကို ကျော်ဖြတ်ကာ အရေးပေါ် ပြဌာန်းချက်များဖြင့် ဆုံးဖြတ်ခဲ့ကြသည်။

ဥရောပသည် ယခုချက်ချင်း အလုံးစုံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်အားကြီးနိုင်ငံ ဖြစ်မလာ သေးသော်လည်း ထရမ့်ကြောင့် အသွင်ကူးပြောင်းမှုတစ်ခု စတင်နေပြီဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီးများတွင် လက်ယာစွန်းပါတီများ အနိုင်ရရှိခဲ့ပါက ဤလမ်းကြောင်း သွေဖည်သွားနိုင်သော်လည်း လက်ရှိတွင် EU အပေါ် ထောက်ခံမှုမှာ စံချိန်တင် မြင့်မားနေသည်။ ဝါရှင်တန်၊ မော်စကိုနှင့် ပေကျင်းတို့က ဥရောပကို အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေစေလိုသော်လည်း ၎င်းတို့၏ ထိုကြိုးပမ်းမှုများသည် ဥရောပကို မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးအတွက် ပိုမိုတွန်းအားပေးသလို ဖြစ်နေတော့သည်။
ကိုးကား
၁။ UN in vote says Ukraine cannot be divided, on anniversary of Russia’s invasion, The Straits Times
၂။ Europe Has Received the Message, The Atlantic


