The Corner

The Corner

cropped-Logo_round_grey-background.png

သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး

Share မယ်

အမေရိကန်ရဲ့ လိင်တူ ချစ်သူများရဲ့  LGBTQ+ လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ နယူးယောက်က သမိုင်းဝင် Stonewall အထိမ်းအမှတ်နေရာမှာ လွှင့်ထူထားတဲ့ သက်တံရောင်အလံကြီးကို ထရမ့်အစိုးရက ဖြုတ်ချလိုက်တာကြောင့် အခုရက်ပိုင်းအတွင်း နယူးယောက်မှာ တော်တော်လေး ပွက်လော ရိုက်ခတ်လျက် ရှိနေပါတယ်။

ဘာတွေဖြစ်ခဲ့တာလဲ ဆိုတော့ မန်ဟက်တန်မြို့လယ် Greenwich Village က Christopher Park ထဲမှာရှိတဲ့ အဲဒီအလံတိုင်ဟာ LGBTQ+ သင်္ကေတ သက်တံရောင်အလံကြီး ဟိုးအရင်ကတည်းက တလူလူနဲ့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ အစိုးရတာဝန်ရှိသူတွေက ဒီအလံကို လာဖြုတ်သွားပါတယ်။ အကြောင်းပြချက်ကတော့ “အစိုးရပိုင် အလံတိုင်တွေမှာ အမေရိကန်အလံ ကလွဲရင် ကျန်တာတွေ မလွှင့်ရဘူး” ဆိုတဲ့ မူဝါဒကို တပြေးညီကျင့်သုံးတာပါလို့ ဆိုပါတယ်။

ထရမ့် အစိုးရမျှ ဖြုတ်ယူ သက်တံရောင်အလံကို သိမ်းဆီးခဲ့ပြီး ကျန်ခဲ့သည့် အလံတိုင်ကို Stonewall National Monument တွင် တွေ့ရစဥ် (Photo: Republicanherald)

အခု ထရမ့်ရဲ့ လုပ်ရပ်ဟာ အိုဘားမား ချမှတ်ခဲ့တဲ့ ဒီမိုကရက်တစ် အမွေအနှစ်တွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေတဲ့ “Deregulation” လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေပါတယ်။ Stonewall ကို ၂၀၁၆ ခုနှစ်မှာ အမျိုးသားအထိမ်းအမှတ်နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့တာက သမ္မတဟောင်း အိုဘားမား ဖြစ်ပါတယ်။ အိုဘားမားက LGBTQ+ လှုပ်ရှားမှုကို အမေရိကန်သမိုင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုခဲ့တာပါ။

ဒါဟာ သမိုင်းကို ဖျောက်ဖျက်တာလား

Stonewall National Monument (Photo: Yahoo-UK)

ယခုနှစ် စောစောပိုင်းက နယူးယောက် မြို့တော်ဝန် ဖြစ်လာသူ ဇိုရန်မမ်ဒါနီကတော့ ဒါကို သမိုင်း ဖျောက်ဖျက်မှု တစ်ခုလို့ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ တကယ်တော့ ဒီနေရာဟာ ၁၉၆၉ ခုနှစ်က ရဲတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကို လိင်တူချစ်သူတွေနဲ့ လိင်ပြောင်းလဲထားသူတွေ စုပေါင်း တော်လှန်ခဲ့တဲ့ “Stonewall Uprising” ဖြစ်ပွားခဲ့တဲ့ နေရာပါ။ ဒါကြောင့် ဒီနေရာမှာ သက်တံရောင်အလံ ရှိနေတာဟာ သမိုင်းအရ အလွန်အဓိပ္ပာယ်ရှိပါတယ်။

နောက်ထပ်သိရတဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကတော့ ထရမ့်အစိုးရဟာ အလံဖြုတ်သိမ်း ရုံတင် မဟုတ်ဘဲ Stonewall အထိမ်းအမှတ်နေရာရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဝဘ်ဆိုဒ်ပေါ်က “LGBT” ဆိုတဲ့ စကားလုံးတိုင်းကို   “T” ကို ဖြုတ်ပစ် လိုက်ပြီး “LGB” လို့ ပြောင်းလဲလိုက်ပါတယ်။ ဆိုလိုတာက လိင်ပြောင်းလဲထားသူတွေ (Transgender) ကို ရည်ညွှန်းတဲ့ “T” ကို ဖယ်ထုတ်ပစ်လိုက်တာပါ။

ထရမ့်က အစိုးရဌာနတွေကို “လိင်ဆိုတာ သဘာဝ မွေးရာပါအတိုင်း အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးပဲရှိတယ်” ဆိုတဲ့ မူဝါဒကို ကျင့်သုံးဖို့ အမိန့်ပေးထားတာကြောင့် အခုလို ပြောင်းလဲမှုတွေ ဖြစ်လာတာပါ။

နယူးယောက်မြို့ခံတွေကတော့ ဒီအတိုင်း ငြိမ်ခံမနေနိုင်ဘူး လို့ တုံ့ပြန်ကြပါတယ်။ မန်ဟက်တန် ခရိုင်ဥက္ကဋ္ဌ Brad Hoylman-Sigal ကတော့ “အဖမ်းခံရချင်လည်း ခံရပါစေ၊ ကြာသပတေးနေ့မှာ ဒီအလံတိုင်ပေါ်ကို သက်တံရောင်အလံ ပြန်တင်မယ်” လို့ ကြေညာထားပါတယ်။ “Stonewall ဆိုတာကတည်းက အာဏာပိုင်တွေကို တော်လှန်တာနဲ့ စခဲ့တာပဲ” လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရှေးရိုးစွဲ (Conservative) ဝါဒီတွေက အပြည့်အဝ ထောက်ခံနေကြပါတယ်။ “အစိုးရပိုင်နေရာတွေမှာ ဘယ်အဖွဲ့အစည်းရဲ့ အလံကိုမှ သီးသန့်မလွှင့်သင့်ဘူး၊ အမေရိကန်အလံတစ်ခုတည်းပဲ ရှိရမယ်” ဆိုတဲ့ အယူအဆက ထရမ့်ရဲ့ မဲပေးသူတွေကြားမှာ အတော်လေး ရေပန်းစားနေတာပါ။

ဒါဖြစ်ရပ်ဟာ ထရမ့် သမ္မတအဖြစ် ပြန်တက်လာပြီးနောက်ပိုင်း “ယဥ်ကျေးမှုစစ်ပွဲ” (Culture War) ကို ဘယ်လောက်အထိ အရှိန်မြှင့်လုပ်ဆောင်နေသလဲဆိုတာကို ပြသနေတဲ့ သိသာထင်ရှားတဲ့ ဖြစ်ရပ် တစ်ခုပါပဲ။ တစ်ဖက်မှာ ဥပဒေနဲ့ မူဝါဒအရ လုပ်တာလို့ ဆိုပေမဲ့၊ နောက်ကွယ်မှာတော့ LGBTQ+ အသိုက်အဝန်းရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါးလာတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ခံနေရပါတယ်။

ရည်ညွှန်း – South China Morning Post သတင်းစာပါ “Trump admin removes rainbow flag from Stonewall, the birthplace of US gay rights movement” ဆောင်းပါးပါ အချက်အလက်များကို အခြေခံ ရေးသားထားပါသည်။

Click to rate this post!
[Total: 2 Average: 5]