အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေအနေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ တင်းကျပ်တဲ့ အရေးယူမှုတွေကြောင့် အတော်လေးကို ပူပြင်း လောင်ကျွမ်း နေချိန်မှာပဲ၊ လိမ္မော်ရင့်ရောင် သင်္ကန်းတွေ ဆင်မြန်းထားတဲ့ ဗုဒ္ဓဘာသာရဟန်းတော် ၂၄ ပါးရဲ့ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း” (Walk for Peace) ခရီးစဉ်ဟာ ဝါရှင်တန်ဒီစီကို အင်္ဂါနေ့မှာ ရောက်ရှိ အဆုံးသတ်ခဲ့ပါတယ်။
သုံးလကြာ ခရီးကြမ်း
ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၃ လကျော်က တက္ကဆက်ပြည်နယ်မှာ စတင်ခဲ့တာပါ။ သံဃာတော်တွေဟာ တက္ကဆက်၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေကို ဖြတ်သန်းပြီး ပြည်နယ် ၉ ခုမြောက်ဖြစ်တဲ့ ဝါရှင်တန်ဒီစီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အလွန်ပဲ ရိုးရှင်းလှပါတယ်။ “အမေရိကန်နဲ့ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ ကရုဏာတရားတွေအပေါ် လူတွေ ပိုပြီးသတိပြုမိလာစေဖို့” ပါပဲ။
သဘာဝဘေးနဲ့ နိုင်ငံရေး မုန်တိုင်းတွေကို သူတို့မမှု့
ဒီခရီးစဉ်ဟာ အမေရိကန်နိုင်ငံတစ်ဝန်းမှာ အာတိတ်ဒေသကလာတဲ့ အလွန်အမင်း အေးခဲနေတဲ့ လေလှိုင်းတွေကြောင့် ဆီးနှင်းတွေ၊ မိုးနှင်းတွေနဲ့ ရေခဲမိုးတွေ ရွာသွန်းနေတဲ့ အဆိုးရွားဆုံး ဆောင်းရာသီ ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ သံဃာတော်အချို့ဟာ ဒီလိုအေးစိမ့်နေတဲ့ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ပြီး သူတို့ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ စိတ်သဘောထား ပြည့်ဝမှုကို ပြသခဲ့ကြတယ်။
အပြင်မှာ ရာသီဥတုက အေးနေပေမဲ့ အမေရိကန်ရဲ့ လူမှုရေးအခြေအနေကတော့ ဆူပွက်နေပါတယ်။ သမ္မတထရမ့်က အချို့သော မြို့ကြီးတွေမှာ အစိုး တပ်ဖွဲ့တွေကို ဖြန့်ချထားပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူတွေနဲ့ အစိုးရအေးဂျင့်တွေကြား ထိပ်တိုက် တွေ့မှုတွေ၊ သေဆုံးမှုတွေ ရှိနေတဲ့ကာလပါ။ ဒီလို တင်းမာမှုတွေ ဖြစ်နေတဲ့ တစ်ချိန်တည်းမှာပဲ ရဟန်း တော်များရဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးက ပိုပြီး အဓိပ္ပာယ်လေးနက်လာပါတယ်။
အသက်နဲ့လဲခဲ့ရတဲ့ ‘ငြိမ်းချမ်းရေး’ သတင်းစကား
ဒီခရီးစဉ်မှာ အဆိုးရွားဆုံး ဖြစ်ရပ်ကတော့ တက္ကဆက်ပြည်နယ်၊ ဒေတွန် (Dayton) မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုပါပဲ။ သံဃာတော်တွေကို လုံခြုံရေးအရ ဝန်းရံပေးနေတဲ့ ကားကို ကုန်တင်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် သံဃာနှစ်ပါး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။
အဲဒီထဲက သံဃာတစ်ပါးဟာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ ကျန်တဲ့ သံဃာတော်တွေကတော့ နောက်မဆုတ်ခဲ့ပါဘူး။ သူတို့ဟာ ဒဏ်ရာရသွားတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် သံဃာတော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်း ခဲ့ကြတာ ကြောင့် လူထုရဲ့ လေးစားမှုကို ပိုပြီး ရရှိခဲ့ပါတယ်။
ဝါရှင်တန်ဒီစီက နောက်ဆုံးခရီးစဉ်

သူတို့ရဲ့ ငြိမ်းချမ်းရေး ခရီးရှည်ကြီးကို ဝါရှင်တန် ဒီစီမှာ အဆုံးသတ်ကြမယ့် သံဃာတော်တွေဟာ ခရစ်ယာန် ဘုရားကျောင်း (National Cathedral) မှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် သူတို့ဟာ ခေတ္တနားခိုရင်း အမေရိကန်က လူထု အတွက် တရားစခန်း (Meditation Retreat) တစ်ခုကိုလည်း ပြုလုပ်ပေးသွားမှာပါ။

ဒီခရီးစဉ်မှာ ပါဝင်တဲ့ “အာလောက” လို့ခေါ်တဲ့ ကယ်ဆယ်ရေးခွေးလေးဟာလည်း လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေပြီး လူအများရဲ့ ချစ်ခြင်းကို ခံနေရပြီး သံဃာတော်တွေ မြို့တွေကို ဖြတ်သွားတိုင်း လူတွေက ဆီးနှင်းတွေကြားထဲမှာ ပန်းစည်းတွေနဲ့ ထွက်ပြီး ကြိုဆိုကြတာဟာ ဒီနေ့ခေတ် အမေရိကန်မှာ တွေ့ရခဲတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတယ်။
ခရီးစဉ်အပြီး သံဃာတော်များ၏ ငြိမ်းချမ်းရေး ဩဝါဒနှင့် သတင်းစကား
သံဃာတော်များဟာ မေရီလန်းပြည်နယ်၊ အန်နာပိုလစ် (Annapolis) ကို ရောက်ရှိပြီး ခရီးစဉ် အဆုံးသတ်မှာတော့ စောင့်ဆိုင်းနေတဲ့ လူထုကို အခုလို အခုလို အဓိပ္ပာယ်ရှိတဲ့ သတင်းစကားတွေ မိန့်ကြားခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဟာ ကိုယ့်ရင်ထဲက စတယ်”
ခရီးစဉ်ရဲ့ ဝိညာဉ်ရေးရာခေါင်းဆောင် ဘိက္ခုပညာကာရက သံဃာတော်တွေ ဝါရှင်တန်ဒီစီမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း (National Cathedral) မှာ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဆရာတော်က အခုလို “ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုတာ လက်နက်တွေ၊ ဥပဒေတွေနဲ့တင် မလုံလောက်ပါဘူး။ တကယ့်ငြိမ်းချမ်းရေးဆိုတာ တစ်ဦးချင်းစီရဲ့ ရင်ထဲမှာ အရင်ကိန်းအောင်းနေရပါမယ်။ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ငြိမ်းချမ်းမှုရှိရင် အဲဒီငြိမ်းချမ်းမှုက မိသားစု၊ အဲဒီကနေတစ်ဆင့် လူ့အသိုက် အဝန်းနဲ့ တစ်ကမ္ဘာလုံးကို ရောင်ပြန်ဟပ်သွားမှာ ဖြစ်ပါတယ်။” မိန့်ကြားခဲ့ပါတယ်။
အမုန်းတရားကို မေတ္တာနဲ့ တုံ့ပြန်ခြင်း
သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကြောင့် တင်းမာမှုတွေ ရှိနေပေမဲ့ သံဃာတော်တွေဟာ ဘယ်သူ့ကိုမှ အပြစ်မဆိုဘဲ “မေတ္တာတရားဟာ နယ်နိမိတ်မရှိဘူး” ဆိုတဲ့အချက်ကို အလေးပေး ခဲ့ပါတယ်။
သူတို့ဟာ ခရီးစဉ်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေ (Detention Centers) နားကနေ ဖြတ်သန်းသွားတဲ့အခါမှာလည်း ဒုက္ခရောက်နေသူတွေနဲ့ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေ အားလုံး အတွက် မေတ္တာပို့သခဲ့ပါတယ်။
ဒါဟာ “ငါတို့” နဲ့ “သူတို့” ဆိုတဲ့ ခွဲခြားမှုကို ပယ်ဖျက်ပြီး အားလုံးဟာ လူသားအချင်းချင်းဆိုတဲ့ စိတ်ဓာတ်ကို ပြသခဲ့တာပါ။
ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ သံဃာတော်၏ သတ္တိ
တက္ကဆက်မှာ ကားတိုက်ခံရပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့ သံဃာတော်ကလည်း ဆေးရုံကနေတစ်ဆင့် အားပေးစကား ပြောကြားခဲ့ပါတယ်။
သူက “ငါ့ရဲ့ ခြေထောက်တစ်ဖက်ကတော့ ငြိမ်းချမ်းရေးအတွက် စတေးလိုက်ရပါပြီ၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဓာတ်ကတော့ ဆက်ပြီး လမ်းလျှောက်နေဦးမှာပါ” လို့ ဆိုခဲ့တာကြောင့် ဝါရှင်တန်က လူထုတွေ ကြားမှာ မျက်ရည်ကျခဲ့ရတဲ့အထိ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
ခရီးစဉ်မှာ ကျန်ရှိတဲ့ သံဃာတော်တွေကလည်း ဒီဖြစ်ရပ်ဟာ သူတို့အတွက် အဟန့်အတား မဟုတ်ဘဲ “ဘဝရဲ့ မမြဲခြင်းတရား” နဲ့ “သည်းခံခြင်းတရား” ကို လက်တွေ့ကျင့်သုံးပြဖို့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ်လို့ မိန့်ကြားခဲ့ပါတယ်။
တရားစခန်း (Meditation Retreat) ၏ အကျိုးသက်ရောက်မှု
ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ တရားစခန်းမှာတော့ အစိုးရဝန်ထမ်းတွေ၊ သာမန်အရပ်သားတွေနဲ့ လူငယ် အများအပြား ပါဝင်ခဲ့ပါတယ်။ ခဏတာ ငြိမ်သက်စွာ ထိုင်နေခြင်းအားဖြင့် စိုးရိမ်ပူပန်မှုတွေ (Anxiety) ကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာကို သံဃာတော်တွေက လက်တွေ့ပြသခဲ့ပါတယ်။
ပါဝင်သူတစ်ဦးက “အပြင်မှာ နိုင်ငံရေးအရ အော်ဟစ်နေကြတဲ့ အသံတွေကြားမှာ ဒီလိုငြိမ်သက်မှုကို ရလိုက်တာဟာ ရေငတ်နေတုန်း ရေအေးအေးလေး သောက်လိုက်ရသလိုပါပဲ” လို့ မှတ်ချက်ပေးခဲ့ ပါတယ်။
ဆရာတော်များရဲ့ ခရီးစဥ် တစ်လျှောက် အမေရိကန် ပြည်သူများရဲ့ လေးစား အားထားမှုကို ပြသကြတဲ့ အထဲက ကြက်သီးမွေးညင်းထဖွယ် ပြည်သူတစ်ချို့ရဲ ရောင်ပြန် မှတ်ချက်အသံများကို ထုတ်နှုတ်ပြီး အောက်ပါမှာ ဖော်ပြလိုက်ပေးပါတယ်။

၁။ ကြည်ညိုလေးစားပြီး အားပေးသည့်မှတ်ချက်များ
“ဗာဂျီးနီးယားမှာ နှင်းတွေကြား လမ်းလျှောက်နေတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မမြင်ဖူးသမျှထဲမှာ အငြိမ်းချမ်းဆုံး မြင်ကွင်းပါပဲ။ ဆူညံသံတွေနဲ့ အမုန်းတရားတွေ ပြည့်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ ဒီသံဃာတော်တွေဟာ လတ်ဆတ်တဲ့ လေကောင်းလေသန့်လေးလိုပါပဲ။”
“ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပေမဲ့ သူ့ရဲ့စိတ်ဓာတ်က ဆက်ပြီးလမ်းလျှောက်နေတုန်းပဲလို့ ပြောခဲ့တဲ့ အရှင်ဘုရား… ကျွန်တော် တကယ်ကို မျက်ရည်ကျမိပါတယ်။ ဒါဟာ တကယ့်ခွန်အားပါပဲ။ အမေရိကန်ကို ကြွလာပေးလို့ ကျေးဇူးတင်ပါတယ်။”
၂။ နိုင်ငံရေးအခြေအနေနှင့် နှိုင်းယှဉ်သည့် မှတ်ချက်များ
“ကျွန်တော်တို့ အစိုးရက မြို့တွေထဲကို စစ်တပ်တွေ ပို့နေပေမဲ့ ဒီပုဂ္ဂိုလ်တွေကတော့ ကျွန်တော်တို့ ရင်ထဲကို မေတ္တာတရားတွေ ပို့ပေးနေကြတယ်။ ကွာခြားချက်ကတော့ အထင်အရှားပါပဲ။ ကျွန်တော်တို့ဆီမှာ အမုန်းတရားတွေထက် ဒီလိုရဟန်းတော်မျိုးတွေ ပိုပြီး လိုအပ်ပါတယ်။”
“ထရမ့်က တံတိုင်းတွေ ဆောက်တယ်၊ ဒီသံဃာတော်တွေကတော့ တံတားတွေ (လူသားချင်း ချိတ်ဆက်မှုတွေ) ကို တည်ဆောက်ကြတယ်။ သူတို့နဲ့အတူ ပြည်နယ် ၉ ခုလုံးကို လမ်းလျှောက်ခဲ့တဲ့ ခွေးလေး ‘အာလောက’ ကို ကြည့်ရတာ ဒီနေ့ အင်တာနက်ပေါ်မှာ စိတ်အချမ်းသာရဆုံး မြင်ကွင်းပါပဲ။”
၃။ မတော်တဆမှုဖြစ်ခဲ့မှု အပေါ် စာနာသည့် မှတ်ချက်များ
“တက္ကဆက်က မတော်တဆမှုက တကယ့်ကို စိတ်မကောင်းစရာပါ။ ဒါပေမဲ့ သူတို့က ခရီးမရပ်လိုက်သလို၊ ကားသမားကိုလည်း ဒေါသမထွက်ခဲ့တာကို ကြည့်ရင် သူတို့ဟာ သူတို့ဟောတဲ့အတိုင်း တကယ်ကျင့်ကြံတဲ့သူတွေဆိုတာ ပြနေပါတယ်။ စစ်မှန်တဲ့ ကရုဏာတရားပါပဲ။”
၄။ ဘာသာမဲ့ သို့မဟုတ် အခြားဘာသာဝင်များ၏ မှတ်ချက်များ
“ကျွန်တော်က ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြောက်ကာရိုလိုင်းနားမှာ သူတို့ကို ပန်းကပ်ဖို့ မိုးထဲထဲမှာ ထွက်စောင့်ခဲ့တယ်။ ကောင်းမှုကုသိုလ်နဲ့ သတ္တိကို မြင်တဲ့အခါ အသိအမှတ်ပြုဖို့ဆိုတာ ဘာသာရေးရှိဖို့တောင် မလိုပါဘူး။”
“ငြိမ်းချမ်းရေးအတွက် သူတို့က ကီလိုမီတာ ၃,၇၀၀ လမ်းလျှောက်နေကြချိန်မှာ ကျွန်တော်တို့က ကားဆီသွားဖို့ လမ်းလျှောက်ရတာကိုတောင် ညည်းညူနေကြတာ။ အမြင်မှန်ဖို့က အရေးကြီးဆုံးပဲ။ သူတို့ရဲ့ ခရီးစဉ်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။”
နိုင်စိုးထွန်း
ကိုးကား – Walk for peace: Buddhist monks arrive in Washington after 3,700km journey. SCMP 11th Feb 2026


