The Corner

The Corner

cropped-Logo_round_grey-background.png

ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ်

Share မယ်

အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် စည်းကမ်းများနှင့် မညီညွတ်သည့် content များကို သက်ဆိုင်ရာ အာဏာပိုင်ထံမှ အကြောင်းကြားစာ ရရှိပြီး ၃ နာရီအတွင်း အပြီးတိုင် ဖြုတ်ချရမည်ဟူသော တင်းကျပ်သည့် စည်းမျဉ်းအသစ်ကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ဤသည်မှာ ယခင်က သတ်မှတ်ထားသော ၃၆ နာရီအတွင်း ဖြုတ်ချရမည်ဟူသော အချိန်ကာလကို အကြီးအကျယ် လျှော့ချလိုက်ခြင်းဖြစ်ပြီး Meta (Facebook)၊ YouTube နှင့် X (ယခင် Twitter) ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများအတွက် လိုက်နာဆောင်ရွက်ရန် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

Photo: Depositphotos

ဥပဒေပြင်ဆင်ချက်နှင့် နောက်ခံအကြောင်းအရင်း

ယခု ပြင်ဆင်လိုက်သည့် ဥပဒေသည် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သော အိန္ဒိယအိုင်တီ (IT) စည်းမျဉ်းများ အပေါ် ကို အခြေခံ၍ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အစိုးရနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာ ကုမ္ပဏီကြီးများအကြား အဆိုပါဥပဒေနှင့်ပတ်သက်၍ ယခင်ကတည်းက အငြင်းပွားမှုများ ရှိခဲ့သည်။ အဆိုပါစည်းမျဉ်းအသစ်များသည် လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ အာဏာတည်တော့မည်ဖြစ်သည်။

အိန္ဒိယအစိုးရ၏ အိုင်တီဥပဒေအရ အမျိုးသားလုံခြုံရေး၊ ပြည်သူ့စည်းကမ်းနှင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်သည်ဟု ယူဆရသော အကြောင်းအရာများကို ဖယ်ရှားရန် အစိုးရတွင် အာဏာရှိသည်။ ပလက်ဖောင်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာများအရ အိန္ဒိယနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း အကြောင်းအရာဖြုတ်ချရန် အမိန့်ပေါင်း ထောင်နှင့်ချီ၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

AI နှင့် ပတ်သက်သော ကန့်သတ်ချက်များ လျှော့ပေါ့ခြင်း

ယခင်မူလ အဆိုပြုချက်တွင် ဉာဏ်ရည်တု (AI) ဖြင့် ဖန်တီးထားသော အကြောင်းအရာများကို ဗီဒီယို သို့မဟုတ် ပုံ၏ ၁၀ ရာခိုင်နှုန်းသော ဧရိယာတွင် အမှတ်အသားပြုရန် သတ်မှတ်ထားသော်လည်း ယခုပြင်ဆင်ချက်တွင် ၎င်းအချက်ကို လျှော့ပေါ့ပေးခဲ့သည်။ ယင်းအစား AI ဖန်တီးထားသည့် အကြောင်းအရာများကို “အေအိုင်ဖြင့် ဖန်တီးထားကြောင်း ထင်ထင်ရှားရှား အမှတ်အသား ပြုပေးရန် ” သာ ညွှန်ကြားထားသည်။

ဝေဖန်မှုများနှင့် တုံ့ပြန်မှုများ

အွန်လိုင်းပေါ်မှ ပြောဆိုခွင့်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်နေကြပြီး အီလွန်မတ်စ်၏ X ကုမ္ပဏီနှင့်လည်း အိန္ဒိယအစိုးရအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ဖူးသည်။

ယခုပြောင်းလဲမှုနှင့်ပတ်သက်၍ Meta (Facebook) က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး X နှင့် Google (YouTube) တို့အနေနှင့် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ

ဆိုရှယ်မီဒီယာကုမ္ပဏီများအပေါ် အကြောင်းအရာများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ရန် ဖိအားပေး နေခြင်းသည် အိန္ဒိယတစ်နိုင်ငံတည်းတွင် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းရှိ အစိုးရများက တောင်းဆို နေကြခြင်း ဖြစ်သည်။ ကမ္ဘာ့ အစိုးရများက ဆိုရှယ်မီဒီယာ ကုမ္ပဏီများအပေါ် တင်းကြပ်လိုက်သော ဥပဒေများကို စာရှုသူများအတွက် အောက်ပါအတိုင်း စုစည်း တင်ပြလိုက်ရပါသည်။

Photo: Depositphotos

၁။ ဥရောပသမဂ္ဂ

ဥရောပသမဂ္ဂသည် Digital Services Act (DSA) ကို ကျင့်သုံးနေပြီး ၎င်းမှာ ကမ္ဘာ့တွင် အဆင့်မြင့်ဆုံးနှင့် အတင်းကျပ်ဆုံး ဥပဒေတစ်ခု ဖြစ်သည်။

သတ်မှတ်ချက်မှာ တရားမဝင် အကြောင်းအရာများ (ဥပမာ- အမုန်းစကား၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု) ကို အကြောင်းကြားစာ ရရှိပြီးသည်နှင့် “ချက်ချင်းလက်ငင်း” ဖယ်ရှားရန် လိုအပ်သည်။

အရေးယူမှု အနေဖြင့် လိုက်နာရန် ပျက်ကွက်ပါက ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည်ဝင်ငွေ၏ ၆ ရာခိုင်နှုန်း အထိ ဒဏ်ရိုက်နိုင်သည်။

၂။ ဂျာမနီ

ဂျာမနီတွင် NetzDG (Network Enforcement Act) ဟုခေါ်သော ဥပဒေကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့သည်။

သတ်မှတ်ချက်မှာ ထင်ရှားစွာ တရားမဝင်သော အကြောင်းအရာများကို အကြောင်းကြားစာ ရရှိပြီး ၂၄ နာရီအတွင်း ဖြုတ်ချရမည်။ အခြားသော မရေရာသည့် တရားမဝင်မှုများကိုမူ ၇ ရက်အတွင်း စစ်ဆေးဖြုတ်ချရမည်။

ဒဏ်ကြေးအဖြစ် ပျက်ကွက်မှု ရှိပါက ယူရို ၅၀ သန်းအထိ ဒဏ်ရိုက်နိုင်သည်။

၃။ ဘရာဇီး

ဘရာဇီးအစိုးရသည် ဆိုရှယ်မီဒီယာများအပေါ် အလွန်တင်းကျပ်သည့် မူဝါဒကို ကျင့်သုံးနေပြီး အထူးသဖြင့် သတင်းတုများ နှင့် ဒီမိုကရေစီကို ခြိမ်းခြောက်သည့် အကြောင်းအရာများအပေါ် အဓိကထားသည်။

ထူးခြားချက်မှာ ၂၀၂၄ ခုနှစ်အတွင်း အီလွန်မတ်စ်၏ X (Twitter) ကို ဥပဒေကြောင်းအရ လိုက်နာမှု မရှိခြင်းနှင့် အကြောင်းအရာ ဖြုတ်ချရန် ငြင်းဆန်ခြင်းတို့ကြောင့် နိုင်ငံအတွင်း အသုံးပြုခွင့်ကို ရက်အတော်ကြာ ပိတ်ပင်ခဲ့သည့် သာဓကရှိသည်။

၄။ တူရကီ

တူရကီသည် ၂၀၂၀ ခုနှစ်တွင် ဆိုရှယ်မီဒီယာ ဥပဒေကို ပြင်ဆင်ခဲ့ပြီး အစိုးရ၏ ထိန်းချုပ်မှုကို အခန်းကဏ္ဍကို မြှင့်တင်ခဲ့သည်။

သတ်မှတ်ချက်မှာ ဆိုရှယ်မီဒီယာ ကုမ္ပဏီများသည် ၄၈ နာရီအတွင်း အကြောင်းအရာ ဖြုတ်ချရန် တောင်းဆိုချက်များကို တုံ့ပြန်ရမည်။ ထို့ပြင် အသုံးပြုသူများ၏ အချက်အလက်များကို နိုင်ငံအတွင်းရှိ တွင်သာ သိမ်းဆည်းရန်လည်း တိုက်တွန်းထားသည်။

၅။ ဗီယက်နမ်

အာရှဒေသတွင်းတွင် ဗီယက်နမ်သည် အိန္ဒိယနှင့် ပုံစံတူသော အချိန်ကန့်သတ်ချက်ကို ကျင့်သုံးသည်။

သတ်မှတ်ချက်မှာ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သော စည်းမျဉ်းအရ ဆိုရှယ်မီဒီယာ ကုမ္ပဏီများသည် တရားမဝင်ဟု ယူဆရသော အကြောင်းအရာများကို ၂၄ နာရီအတွင်း ဖြုတ်ချရမည်ဖြစ်ပြီး၊ Live လွှင့်နေသည့် တရားမဝင် ဗီဒီယိုများကိုမူ ၃ နာရီအတွင်း ဖြုတ်ချရမည်ဟု ပြဌာန်းထားသည်။

၆။ သြစတြေးလျ

သြစတြေးလျသည် အွန်လိုင်းမှ အကြမ်းဖက်မှုများနှင့် အန္တရာယ်ရှိသော အကြောင်းအရာများကို ထိန်းချုပ်ရန် Online Safety Act ကို ကျင့်သုံးသည်။

သတ်မှတ်ချက်မှာ ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) သို့မဟုတ် အလွန်အမင်း အကြမ်းဖက်သည့် ဗီဒီယိုများကို ၂၄ နာရီအတွင်း ဖယ်ရှားရန် အမိန့်ပေးနိုင်သည့် အခွင့် အာဏာရှိသည်။

ကိုးကား – India tightens social media grip as X, YouTube, Meta face 3-hour takedown rules, SCMP, 11st February 2026

Click to rate this post!
[Total: 2 Average: 5]