ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်ရှိန်မမြင့်ခင် နှစ်ရက်အလိုမှာ ကျွန်တော်တို့မိသားစုက ပေါင်မုန့်တွေ ဝယ်ခဲ့တယ် ။ ကျွန်တော်တို့မိသားစု အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပြီးတဲ့နောက် အဲဒီပေါင်မုန့်တွေ ပြန်ယူဖို့ရာ အိမ်ကို ကျွန်တော် ဘီးစီးသွားခဲ့တယ်။
(မိုးဆတ်အာဘူတိုးဟာ။ ၂၀၂၃ အောက်တိုဘာ ၂၀။ နယူးယော့ကာ မဂ္ဂဇင်း)
အောက်တိုဘာလ ၁၂ ရက် ကြာသပတေးနေ့ကပေါ့ဗျာ။ စာရွက်ပိုင်းလေးတွေ ဘိတ်လားဟီယာမြို့ရဲ့ ကောင်းကင်ကနေ ကျလာတယ်။ ဘိတ်လားဟီယာက ဂါဇာကမ်းမြောင်မြောက်ခြမ်း၊ ကျွန်တော်တို့မိသားစုရဲ့ အိမ်ရှိတဲ့မြို့ပါ။ စာရွက်တိုင်းမှာ အစ္စရေးတပ်မတော်တံဆိပ်နဲ့အတူ သတိပေးချက် ပါလာတယ်။ ဟားမားစ်စစ်ရေးလှုပ်ရှားမှုနေရာတွေ၊ စစ်သွေးကြွတွေနဲ့ ဝေးဝေးနေဖို့ရယ်၊ မိမိနေအိမ်ကိုစွန့်ပြီး ချက်ချင်းလက်ငင်း ထွက်ခွာပေးဖို့ရယ် . . . ဒါပဲ။
ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းလာတဲ့အခါ မိဘနှစ်ပါးနဲ့အတူ ကျွန်တော့်အစ်ကိုနဲ့ နှမတွေ ပစ္စည်းထုပ်ပိုးနေတာ တွေ့ရတယ်။ ဒေသန္တရစာသင်ကျောင်းတွေက စစ်ရှောင်တွေနဲ့ ပြည့်ကျပ်နေပြီ။ အဲဒီကျောင်းအတော်များများက အရှေ့ဒေသ ပါလက်စတိုင်းဒုက္ခသည်ကယ်ဆယ်ရေးနှင့် အလုပ်အကိုင်အေဂျင်စီ (ကုလသမဂ္ဂ) က ထူထောင်ပေးထားတဲ့ကျောင်းတွေ။ ဦးလေးက အမေ့ဆီ ဖုန်းဆက်တယ်။ မြို့တောင်ဘက်က ဂျဘားလီယာစစ်ဘေးဒုက္ခသည်စခန်းမှာ သူတို့မိသားစုနဲ့အတူ လာနေလို့ရသတဲ့။ ဒီစခန်းက ဂါဇာစစ်ဘေးဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးစခန်း။ ဒုက္ခသည်ပေါင်း သောင်းဂဏန်း သိန်းဂဏန်းအထိ ရှိတယ်။
ကျွန်တော့်ဇနီး၊ ခယ်မ၊ အမေ၊ နှမတွေနဲ့ ကလေးတွေက အဲဒီကို ကားနဲ့ သွားကြတယ်။ အစ်ကိုရယ်၊ ယောက်ဖရယ်၊ ကျွန်တော်ရယ်က စက်ဘီးကိုယ်စီနဲ့။ လမ်းပေါ်မှာ မိသားစုတွေ ရာချီတွေ့ရတယ်။ သူတို့သယ်နိုင်တာ လက်ထဲသယ်ပြီး ခြေကျင်လျှောက်နေကြတာ။ ဂါဇာမြောက်ခြမ်းက ဒေသခံတစ်သန်းကျော်ဟာ ချက်ချင်းလိုပဲ နေအိမ်တွေကို စွန့်ခွာခဲ့ကြတယ်လို့ မကြာခင်မှာ အစ္စရေးအစိုးရက ကြေညာလိမ့်မယ်။ အစ္စရေးရဲ့ ကြေညာချက်က “လုံးဝမဖြစ်နိုင်တဲ့ကိစ္စ” လို့ ကုလသမဂ္ဂက တုံ့ပြန်တယ်။
အဲဒီည ၈ နာရီခွဲမှာ ပေါက်ကွဲမှုတစ်ခုကြောင့် ကျွန်တော်တို့ခိုလှုံနေတဲ့ အခန်းလင်းကျင်းသွားတယ်။ အခန်းထောင့်တိုင်းမှာ အမှုန်တွေ ကျလာတယ်။ အော်သံဟစ်သံတွေကလည်း ပေါက်ကွဲသံလောက် ကျယ်လောင်တယ်။ အပြင်ကို ထွက်လိုက်တဲ့အခါ လမ်းလျှောက်လို့ မရသလောက်ပဲ။ လမ်းလေးတွေက ကျောက်တုံးတွေ ကွန်ကရစ်သံချောင်းတွေနဲ့ တင်းကြမ်းဖြစ်နေလို့လေ။ မီတာ ၅၀ အကွာ (ပေ ၁၆၀ ကျော်ကျော်) မှာ ရပ်ထားတဲ့ ယောက်ဖရဲ့ကားက မီးစွဲနေပြီ။ အနီးနားက အိမ်တစ်အိမ်လည်း မီးလောင်နေပြီ။ အိမ်ရဲ့ ဒုတိယထပ်က နံရံတွေ မရှိတော့ဘူး။ မလှုပ်မယက် ကလေးငယ်ကို ချီပိုးထားတဲ့ ဒဏ်ရာရနေတဲ့ မိန်းမသားတစ်ယောက် အဲဒီအထပ်ရဲ့ ထောင့်စွန်းကို ကုပ်တွယ်ထားတာ မြင်ရတယ်။

ဂျဘားလီယာစခန်းက အိမ်တွေက ကျဉ်းလွန်းလှတာကြောင့် အိမ်အပြင်ဘက်လမ်းက ကျွန်တော်တို့ စတည်းချတဲ့နေရာ ဖြစ်သွားတယ်။ ဒီတော့ ကိုယ့်အိမ်နီးချင်းတွေ ဘာပြောတယ်ဆိုတာလည်း ကြားရတယ်။ သူတို့ဘာချက်တယ်ဆိုတာလည်း အနံ့နဲ့ သိရတယ်။ လမ်းအများစုက တစ်မီတာပျော့ပျော့ ရှိတာ (၃ ပေဝန်းကျင်)။ စခန်းရောက်ပြီး နှစ်ရက်အကြာ စနေနေ့မနက်ကျတော့ ကျွန်တော်တို့မိသားစုမှာ စားစရာ ပေါင်မုန့်က မရှိတော့ဘူး။ ဂါဇာထဲဝင်တဲ့ လျှပ်စစ်ရော၊ အစားအစာရော၊ ရေရော၊ လောင်စာဆီရော၊ ဆေးဝါးရော . . . အားလုံး အစ္စရေးက ဖြတ်တောက်ပြီး ဖြစ်နေပြီ။
ပေါင်မုန့်ဆိုင်တွေကို ကျွန်တော် လိုက်ရှာတယ်။ ဆိုင်တိုင်းလိုလို လူတွေ ရာဂဏန်း တန်းစီနေကြတာ။ စစ်ပွဲအရှိန်မမြင့်မီ နှစ်ရက်အလိုမှာ ပီတာပေါင်မုန့် ဝယ်ထားတာ ကျွန်တော် သတိရမိတယ်။ ဘိတ်လားဟီယာက အိမ်ရဲ့ ရေခဲသေတ္တာထဲ ပေါင်မုန့်တွေ ထည့်ထားခဲ့တာလေ။ ဘိတ်လားဟီယာအိမ်ဆီ ပြန်သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ မိန်းမနဲ့ အမေကို မပြောတော့ဘူး။ သူတို့က ကျွန်တော့်ကို တားကြမှာ။ ဒီခရီးက ဘီးနဲ့ဆိုရင် ၁၀ မိနစ်ပဲ ကြာတာပါ။
လမ်းပေါ်တွေ့တဲ့လူဆိုလို့ ကျွန်တော်သွားရာနဲ့ ဆန့်ကျင်တဲ့ဘက် သွားနေတဲ့လူတွေပဲ ရှိတယ်။ အဝတ်အစားတွေ၊ စောင်တွေ၊ အစားအစာတွေ သယ်လို့ပေါ့။ အရပ်ထဲက ကလေးတွေ ကျောက်ဒိုးလှိမ့်တာ၊ ဘောလုံးကန်တာ မတွေ့ရတော့ စိတ်ထဲ ချောက်ချားသလိုလို။ ဒါ ငါနေတဲ့ ရပ်ကွက်မှ ဟုတ်ပါလေစပေါ့။ အိမ်သွားတဲ့ လမ်းမကြီးပေါ်မှာ အသည်းထိတ်စရာ မြင်ကွင်းတွေနဲ့ ပက်ပင်းသွားတိုးတယ်။ ပထမဆုံး မြင်ကွင်းက ဖျော်ရည်နဲ့ ဘီစကွတ်မုန့် ဝယ်ဖို့ရာ ကလေးတွေကို ကျွန်တော် ခေါ်သွားနေကျဆိုင် မြေပြင်ပေါ် ပြားပြားဝပ်နေတဲ့ မြင်ကွင်းပါပဲ။ ရေခဲမုန့် ထည့်ထားတတ်တဲ့ ရေခဲခံသေတ္တာကြီးက အုတ်ကျိုးအုတ်ပဲ့တွေ အပြည့်အသိပ်နဲ့။ အဲဒီမှာ ယမ်းနံ့ရတယ်။ မီးလောင်ကျွမ်းထားတဲ့ အသားနံ့များလား။
ဘီးကို ခပ်မြန်မြန် နင်းလိုက်တယ်။ ကျွန်တော့်အိမ်ရှိတဲ့ ဘယ်ဘက်ကို ချိုးလိုက်တယ်။ ကျွန်တော့်ကို အယ်ရှာတီဒုက္ခသည်စခန်းမှာ မွေးခဲ့တာ။ ဂါဇာကမ်းမြောင်ရဲ့ ဒုက္ခသည်စခန်း ၈ ခုထဲက တစ်ခုပေါ့ဗျာ။ ဒုတိယအကြိမ် ပါလက်စတိုင်းအုံကြွမှုကြီး ဖြစ်ခါနီး ၂၀၀၀ ခုနှစ်မှာ အဲဒီစခန်းကနေ ဘိတ်လားဟီယာမြို့ကို မိသားစုအလိုက် ရွှေ့ပြောင်းဖို့ရာ အဖေ ဆုံးဖြတ်ခဲ့တယ်။ အိမ်အသစ်ကို ကျွန်တော်တို့ ရောက်တော့ အိမ်က ပြတင်းမပါဘူး။ ကြမ်းပြင်က ကြွေပြားခင်းမထားဘူး။ မီးဖိုချောင်နဲ့ ရေချိုးခန်းထဲက ရေပိုက်တွေက ပေါလောကြီး ပေါ်လို့။
၂၀၁၀ ခုနှစ် ရောက်တော့ အဖေက အိမ်ဘေးကပ်ရက်မြေကို ငွေချေးပြီး ဝယ်လိုက်တယ်။ အမေနဲ့အတူ စားပင်သီးပင်တွေ စိုက်တယ်။ မာလကာ၊ ရှောက်၊ လိမ္မော်၊ မက်မွန်၊ သရက်နဲ့ ဟင်းသီးဟင်းရွက်ပင်တွေပါ။ ခြံထဲမှာ ကြက်တွေ၊ ဘဲတွေ၊ ယုန်တွေ၊ ခိုတွေကို သူက အပျော်သဘော မွေးတယ်။ ၂၀၁၅ ခု ကျွန်တော် မင်္ဂလာဆောင်တဲ့အခါ အဖေတို့အိမ်ပေါ်ကို အခန်းတစ်ခု ထပ်တင်လိုက်တယ်။ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိပ်ခန်းပြတင်းကနေ ဂါဇာနဲ့ အစ္စရေးနယ်နိမိတ်ကို လှမ်းမြင်ရတယ်။ ကလေးတွေက အိမ်နီးချင်းတွေရဲ့ သံလွင်ပင်တွေ ရှောက်ပင်တွေကို မြင်ရတယ်။
အမေရိကန်ပြည်ထောင်စု ပညာတော်သင်အဖြစ်ကနေ ၂၀၂၁ ခုမှာ ပြန်ရောက်လာတဲ့အခါ ကျွန်တော့်မိဘတွေက သူတို့သားရဲ့ အခန်းကို ငွေကုန်ကြေးကျခံပြီး ကျကျနန ပြင်ဆင်ပေးတယ်။ ပန်းကန်ခွက်ယောက်အသစ်တွေ၊ ကော်ဇောအသစ်တွေနဲ့ စားပွဲတစ်လုံး ဝယ်ပေးတယ်။ အမေရိကန်က ကျွန်တော် သယ်လာတဲ့ စာအုပ်တွေတင်ဖို့ စင်လုပ်ပေးတယ်။ မျက်နှာကြက်ကို ကျွန်တော် နှစ်ခြိုက်တဲ့ပုံစံ ဆေးသုတ်ပေးတယ်။ အလယ်တည့်တည့်က အညိုနဲ့ အဝါရောင် ကြယ်ကြီးတစ်စင်း၊ သူ့ဘေးတစ်ဝိုက်မှာ တြိဂံပုံလေးတွေ၊ စက်ဝိုင်းပုံလေးတွေ၊ ပြီးတော့ သက်တံတစ်စင်း။ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အရောင်အသွေးက အချင်းချင်း ဖက်တွယ်ထားသလို၊ တစ်ခုနဲ့တစ်ခု အတူယှဉ်တွဲနေကြသလို။ အဆောက်အအုံတစ်ခုရဲ့ အထပ်တစ်ခုတည်းကို မျှဝေနေထိုင်ကြတဲ့ သူစိမ်းတွေလို။ ဒီမျက်နှာကြက်ကို မြင်လိုက်တာနဲ့ အဖေနဲ့အမေဟာ ကျွန်တော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။
လမ်းထဲမှာ ကျွန်တော် တစ်ယောက်တည်း ရှိမယ်ထင်ထားတာ။ ဒါပေမဲ့ အိမ်နားရောက်တာနဲ့ ကျွန်တော့်အိမ်နီးချင်း ဂျလီးလ်ကို တွေ့လိုက်ရတော့ ကျွန်တော် အံ့အားသင့်သွားတယ်။ သူ့လက်ထဲမှာ တစ်ဘက်က စီးကရက်၊ ကျန်တစ်ဘက်က ရေပန်းကရား ကိုင်လို့။ စတြော်ဘယ်ရီပင်တွေကို ရေလောင်းရင်း သူက ပြောပြတယ်။ သူ့ဇနီးနဲ့ ခယ်မက အိမ်ထဲအဝတ်လျှော်ကြ၊ ပုလင်းတွေ ရေဖြည့်ကြ၊ ပလပ်စတစ်အိတ်ထဲ စားစရာတွေ အပြည့်အသိပ် ထည့်ကြ လုပ်နေကြလေရဲ့တဲ့။ သူတို့မိသားစုက စာသင်ကျောင်းတစ်ခုမှာ ခိုလှုံနေရသတဲ့။ ရေသန့်မရဘူးတဲ့။ အိမ်သာတွေက ညစ်ပတ်သတဲ့။ ဒိပြင် ရွေးချယ်စရာလည်း သူတို့မှာ မရှိဘူးတဲ့။
အခုအချိန်အထိ မားမားကြီး ရပ်နေတဲ့ ကျွန်တော့်အိမ်ကို မြင်လိုက်တော့ စိတ်သက်သာရာ ရသွားတယ်။ တတိယထပ်မှာရှိတဲ့ ကျွန်တော့်အခန်းဆီကို လှေကားထစ်တွေအတိုင်း တက်သွားတယ်။ စစဦး မီးဖိုချောင်ထဲ ဝင်ကြည့်တယ်။ ရေခဲသေတ္တာနဲ့ ရေခဲခံသေတ္တာကြီးက ကျွန်တော်တို့ ထားခဲ့တဲ့အတိုင်းပဲ ပွင့်နေတယ်။ လျှပ်စစ်မီးက မလာသလောက်ဆိုတော့ ပုပ်စရာသိုးစရာတွေက စပုပ် စသိုးနေပြီပေါ့။ ဒါပေမဲ့ ပေါင်မုန့်ကတော့ ကောင်းသေးသဗျ။
ကျွန်တော် ကဗျာတွေ၊ ဝတ္ထုတိုတွေ၊ အက်ဆေးတွေ ရေးနေကျ စာကြည့်ခန်းထဲ ဝင်ကြည့်တယ်။ ဒီနေရာက စာရေးဆရာ ခါလီဂျီဘရန်တို့၊ နေအိုမီရှီဟက်နိုင်းတို့၊ မယ်ရီခါတို့၊ မာမု့ဒ်ဒါဝစ်ချ်တို့ရဲ့ စာတွေကို နာရီပေါင်းများစွာ ဖတ်ရင်း ကျွန်တော် အချိန်ဖြုန်းခဲ့တဲ့နေရာ။ အစစအရာရာ ဖုန်မှုန့်အလိမ်းလိမ်း။ စာအုပ်တချို့ စင်ပေါ်က ပြုတ်ကျနေတယ်။ ပြတင်းပေါက်တစ်ခု ကျိုးပဲ့နေတယ်။ ကလေးတွေအတွက် စားပွဲအံဆွဲထဲက သကြားလုံးတချို့ကို ကျွန်တော် ယူလိုက်တယ်။
နောက်ဆုံးတော့ ကျွန်တော် ဧည့်ခန်းကို သွားတယ်။ အစဉ်လိုပါပဲ ပြတင်းပေါက်တွေက ဟာလာဟင်းလင်း။ ပြတင်းတွေကို လုံလုံခြုံခြုံ ပိတ်ထားချင်လိုက်တာ။ အထူးသဖြင့် အေးခဲလှတဲ့ ဆောင်းရာသီရက်တွေမှာပေါ့ဗျာ။ ဒါပေမဲ့ ပေါက်ကွဲမှုတွေနောက် လိုက်လာတဲ့ တုန်ခါမှုကြောင့် ပြတင်းမှန်တပ်လည်း ထပ်ကွဲဦးမှာပဲ။ အခုအချိန် ဂါဇာမှာ ပြတင်းပေါက်ပြင်ဖို့ရာအတွက် ဘယ်သူ့လက်ထဲ ပိုက်ဆံရှိပေလိမ့်။
ဗုံးတွေကြဲစဉ်တုန်းက ကျွန်တော့်ဆီကို အရူးအမူး ရိုက်ခတ်လာတဲ့ အခန်းစီးစတွေက ခုတော့ဖြင့် လေပြည်လေညင်းထဲ တဖျတ်ဖျတ် ကလို့ခုန်လို့။ ဧည့်ခန်းဆိုဖာမှာ ထိုင်ရင်း မျက်နှာကြက်က ရောင်စုံပုံတွေကို ကျွန်တော် မော့ကြည့်မိတယ်။ ဆေးသားလတ်ဆတ်ဆဲမို့ သူတို့လေးတွေက အရောင်တောက်ပတုန်း။ မီးသုံးလုံးက ကျွန်တော့်ခေါင်းပေါ် တွဲလောင်းဝဲနေ။ မီးနှစ်လုံးက လျှပ်စစ်နဲ့ ချိတ်ထားတာ၊ ကျန်တဲ့မီးတစ်လုံးက ဘက်ထရီအားနဲ့ လင်းတာ။ လျှပ်စစ်မီး မလာတဲ့အခါ သုံးဖို့။ အခုတော့ တစ်လုံးမှ အလုပ်မလုပ်ဘူး။
နေ့ခင်းက ထူးကဲတဲ့ အပူချိန်နဲ့ ရောက်လာတယ်။ အပြင်ဘက်မှာတော့ ကြားနေကျ ဆိုင်ကယ်သံ၊ ရေခဲမုန့်ပို့တဲ့ ထရပ်ကားသံတွေအစား မောင်းသူမဲ့လေယာဉ်သံ တဝီဝီပဲ ကြားနေရတယ်။ ကျောင်းက အိမ်ကို ပြန်လာတဲ့ ကျောင်းသားတွေ မရှိဘူး။ မြေထဲပင်လယ်ကမ်းခြေဘက်ကို မိသားစုလိုက် သွားကြတဲ့ ကားတွေ မရှိဘူး။ ကျွန်တော်တို့ခြံထဲက သစ်ပင်တွေပေါ်မှာ တကျီကျီတကျာကျာ မြည်နေတဲ့ ငှက်ကလေးတွေ မရှိဘူး။ ကျွန်တော် ကြားနေရတာက လူနာတင်ယာဉ်သံ၊ မီးသတ်ကားသံ၊ ရေဒီယိုသတင်းကြေညာသံ၊ တချက်တချက် ထမြည်တဲ့ ပေါက်ကွဲသံတွေ။ ဒီပေါက်ကွဲသံတွေက မကြာမကြာမှာ ဆက်တိုက်လို ကြားနေရတာ။ အသံတွေအားလုံး ရောနှောသွားတဲ့အခါ ထူးထူးခြားခြား တေးသံသစ်တစ်ခု ဖြစ်သွားလေရဲ့။
ယင်တစ်ကောင်က ကျွန်တော့်ဧည့်ခန်းထဲ ပိတ်မိနေသလို ဖြစ်နေတယ်။ ဒီတစ်ကောင်ကို မောင်းထုတ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ပြတင်းတံခါးတွေကို အဆုံးထိဖွင့်ပြီး အခန်းစီးစတွေကို ကျွန်တော် ဘေးကို ဆွဲဖယ်လိုက်တယ်။ အဲဒီအချိန် ရုတ်တရက် ပေါ်ထွက်လာတဲ့ ပေါက်ကွဲသံကြီးက ကျွန်တော့်ကို နောက်ဘက် တွန်းပစ်လိုက်တယ်။ ဒီအသံကြီးက မြေကြီးကို၊ အိမ်ကို၊ ကျွန်တော့်ရင်ကို တုန်ခါသွားစေခဲ့တယ်။ ကျွန်တော့်စာအုပ်တွေ စင်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ကျလာတယ်။ ဖုန်းကို ကောက်ကိုင်ပြီး မြင်ကွင်းကို ဓာတ်ပုံရိုက်လိုက်တယ်။ ကျွန်တော် ရပ်နေတဲ့နေရာနဲ့ ၂ ကီလိုမီတာ (၁.၂ မိုင်) အကွာလောက်မှာ ဗုံးနှစ်လုံးကျတယ်။ တစ်လုံးနဲ့တစ်လုံးက မီတာ ၅၀ (ပေ ၁၆၀ ကျော်) လောက် ခြားမယ်။ ဗုံးထိတာ လယ်တစ်ကွင်းလား၊ သစ်တစ်ပင်လား၊ အိမ်တစ်လုံးလား၊ မိသားစုတစ်စုလား။ ဒီပေါက်ကွဲမှုတွေက ကျွန်တော်တို့ကို သတ်ပစ်ရုံတင်မကဘူး၊ ရာသီဥတုဒဏ် အပူအအေးဒဏ်ကနေ ကာကွယ်ပေးတဲ့ ကျွန်တော်တို့ရဲ့ နေအိမ်တွေကိုပါ တစ်စစီ ဖြစ်စေခဲ့တာ။
ငှက်တွေက ကောင်းကင်အမြင့်ဆီ ပျံတက်ပြေးကြတယ်။ တစ်ကောင်က အထက်မရောက်ခင် ပြုတ်ကျတယ်။ သူ့ကျောပေါ် ခဲတစ်လုံး ကျသွားတာ ဖြစ်မှာ။ သူ့ဒဏ်ရာကို ဘယ်သူများ ဆေးထည့်ပေးမှာပါလိမ့်။ လူတွေဆေးကုသဖို့တောင် တို့မှာ ဆရာဝန်အလုံအလောက် မရှိတဲ့ဟာကို။ ဆိုဖာဆီ ကျွန်တော် ပြန်လှည့်ခဲ့တယ်။ ဖုန်းပေါ် သတင်းထူးတွေ တက်လာတယ်။ “ဘိတ်လားဟီယာမှာ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့၊ သတင်းအကျယ် မကြာမီလာမည်” တဲ့။ ယင်ကောင်လေး ဘာဖြစ်သွားပါလိမ့်လို့ ကျွန်တော် တွေးမိတယ်။ ဒီပေါက်ကွဲမှုက သူ့အတွက်ရော ကျွန်တော့်အတွက်ပါ သတိပေးချက် ဖြစ်မယ်။ မိမိနေရာက မရွေ့နဲ့၊ ဒါပဲ။
အတွေးတစ်ခုက ကျွန်တော့်ကို ခြောက်လှန့်နေတယ်။ ဒီအတွေးကို ကျွန်တော် တွန်းထုတ်ပစ်လို့ မရဘူး။ ကျွန်တော်ကိုယ်နှိုက်လည်း (တခြား ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသွားသူတွေလို) ဒီသတင်းထဲက ကိန်းဂဏန်းတစ်ခု ဖြစ်သွားမလား။ ရေဒီယိုက ကြေညာတဲ့ ထိခိုက်ဒဏ်ရာရသူစာရင်းထဲ ကိုယ့်အမည် ပါလာတာကို နားဆင်ရင်း သေအံ့မူးမူး ဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာ စိတ်ကူးကြည့်မိရဲ့။ ၂၀၂၀ ခုနှစ် နယူးယောက်၊ ဆီးရကျုစ်မြို့မှာ ကြုံခဲ့ရတဲ့ နှင်းမုန်တိုင်းတစ်ခုကို ကျွန်တော် အမှတ်ရမိတယ်။ အိမ်တွေကနေ လူတွေထွက်လာပြီး လျှပ်စစ်မီးက ဘာကြောင့် ပြတ်တောက်သွားပါလိမ့်လို့ အော်ကြီးဟစ်ကျယ် ပြောနေဆိုနေလိုက်ကြတာ။ ဇနီးသည်နဲ့ ကျွန်တော်တို့နှစ်ယောက်သား ပြုံးခဲ့တာ သတိရမိတယ်။ “သူတို့တတွေ ဂါဇာမှာ နေခဲ့ရင်ဖြင့် ဘာကြောင့် မီးပြတ်သွားတာပါလိမ့်လို့ ပြောနေဆိုနေကြတာနဲ့ပဲ သူတို့အချိန်အများစုက အိမ်ပြင်ဘက်မှာ ကုန်ဆုံးသွားမှာ” လို့ ဇနီးသည်ကို ပြောမိတယ်။
မျက်နှာကြက်ကို ကျွန်တော် ကြည့်နေဆဲပါပဲ။ ယင်တစ်ကောင်မှ မရှိတော့ဘူး။ လက်ဖက်ရည်တစ်ခွက် ဖျော်ထားပေမဲ့ ကျွန်တော် သောက်ဖို့ မေ့သွားတယ်။ ပေါက်ကွဲမှုနှစ်ခုကြောင့် ကျလာတဲ့ ဖုန်မှုန့်တွေက ဆိုဖာတွေပေါ်၊ ကော်ဇောတွေပေါ်၊ စားပွဲတွေပေါ် တင်နေလေရဲ့။ လေဝင်ပေါက်လေးပဲ ချန်ထားပြီး ပြတင်းတွေကို နည်းနည်းစေ့လိုက်တယ်။ ခွေးဟောင်သံတွေအကြောင်း ပြောပြဖို့ ကျွန်တော် မေ့သွားတယ်။ ခွေးဟောင်သံတွေကို ကျွန်တော်တို့ ကြားလေ့မရှိဘူး။ ဒါပေမဲ့ အစ္စရေးတွေ စစ်ရေးအရှိန်မြှင့်လိုက်ကတည်းက ခွေးတွေက အသံမျိုးစုံ ထွက်နေတာ။ ညညများဆိုရင် သူတို့အော်သံက ငိုသံလိုလို ဘာလိုလို။ မျက်နှာကြက်က ကျွန်တော့်ကို စိုက်ကြည့်နေသလိုလို။ မျက်စိတွေကို ကျွန်တော် ပိတ်ထားလိုက်တယ်။
ပြန်ဖွင့်တဲ့အခါ ကြယ်ကြီးရော၊ စက်ဝိုင်းတွေ တြိဂံတွေရော နဂိုနေရာမှာပဲ။ ရွှေ့မသွားကြဘူး။ မျက်နှာကြက်ကို သူတို့ တွယ်ကပ်နေပုံက အမေ့ရင်ခွင်ထဲ တွယ်ကပ်နေတဲ့ ကလေးငယ်လေးကို သတိရစေတယ်။ ဒီတဒင်္ဂလေးမှာ ကျွန်တော်ကိုယ်တိုင် ကလေးငယ်လေး ဖြစ်သွားချင်လိုက်တာ။ နောက်ထပ် ပေါက်ကွဲသံတစ်ချက် ကြားရပြန်တယ်။ ဒါပေမဲ့ မီးခိုးမမြင်ရဘူး။ ကျွန်တော့်တစ်ကိုယ်လုံး ရုတ်ချည်း ကြောက်စိတ်တွေ မွှန်သွားတယ်။ ပေါက်ကွဲမှုကို အသံသာကြားပြီး မမြင်ရရင် ခင်ဗျားဟာ မျက်စိကန်းနေသူလို့ ခံစားရတယ်။ ကျွန်တော် ခေတ္တခိုနေတဲ့ ဒုက္ခသည်စခန်းအကြောင်း တွေးမိပြန်ရော။ အသက် ၇ နှစ်သာ ရှိသေးတဲ့ သမီးလေး ယက်ဖာကို မြင်ယောင်မိတယ်။ “အဖေ၊ သမီးတို့ကို ဗုံးတွေကြဲနေတာ ဘယ်သူတွေလဲ” လို့ သူ တစ်ခါမှ မမေးဖူးဘူး။ အဲဒီအစား သူငိုပြီး ပြောတတ်တာက “ဒါ ဗုံးတစ်လုံး ကျတာ အဖေရဲ့၊ သမီးကြောက်တယ်။ သမီးပုန်းချင်တယ်”။ ဒါပဲ။
ဇနီးသည် မရမ်ဆီ ကျွန်တော် ဖုန်းခေါ်လိုက်တယ်။ အားလုံး အဆင်ပြေတယ်လို့ သူကဖြေတယ်။ “ကလေးတွေက ယူကျုနဲ့ ဗီဒီယိုရုပ်ရှင် ကြည့်နေကြတာ” တဲ့။ ဒါက ပေါက်ကွဲမှုတွေဆီ စိတ်မရောက်ဖို့ရာ တစ်ခုတည်းသော နည်းလမ်းပါပဲ။ မီးဖိုချောင်ကနေ ကြက်ဥတစ်ဒါဇင်ရယ်၊ အမဲသား ကြက်သားတချို့ရယ်၊ ပေါင်မုန့်ရယ် ကျွန်တော် ယူလိုက်တယ်။ အိုးတွေ ဒယ်တွေ မသယ်တော့ဘူး။ အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်ကို ထိန်းကျောင်းနေသူတွေက ဒီပစ္စည်းတွေကို သေနတ်တွေ၊ ဒုံးကျည်တွေလို့ အထင်မှားသွားမှာ ကြောက်လို့။ စာကြည့်ခန်းထဲက ဓာတ်အားသွင်းတဲ့ ကိရိယာအပိုတစ်ခု ယူလိုက်တယ်။ အိမ်ထဲက မထွက်ခင် စားပွဲပေါ်က စာအုပ်ပုံကို ကျွန်တော် သတိထားမိတယ်။ စာအုပ်တစ်အုပ်လောက် ကျွန်တော် ယူသွားဖို့ သူတို့ စောင့်စားနေပုံရတယ်။ စာအုပ်တစ်အုပ်ယူ၊ နေ့လယ်နေ့ခင်း ခြံထဲသွား၊ သီးပင်စားပင်တွေကြား စာဖတ်ပေါ့ဗျာ။ အခုအချိန် ရှောက်ရည်လေး၊ မာလကာသီးရည်လေး သောက်ချင်လိုက်တာ။
ဖုန်းပေါ်မှာ စာတွေ ထပ်ပေါ်လာပြန်ပြီ။ သတင်းပလင်းတွေကို ကြည့်မနေတော့ဘူးလို့ မကြာခဏဆိုသလို ကျွန်တော် ဆုံးဖြတ်မိတယ်။ ငါတို့ကိုယ်နှိုက်က သတင်းတစ်ပိုင်း ဖြစ်နေတဲ့ဥစ္စာ။ အဲသလို တွေးမိလို့။ ဆိုဖာပေါ်ထိုင်ရင်း နောက်တစ်ကြိမ် အသက်တစ်ချက် ရှိုက်ရှူလိုက်တယ်။ ကျွန်တော့်မျက်စိကို မျက်နှာကြက်ကနေ ခွာလို့မရဘူး။ ဒါကြီး ကျွန်တော့်အပေါ် ပြုတ်ကျလာတာကို တွေးကြည့်နေမိတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်း အိမ်တွေပြိုပြီး မိသားစုတွေအပေါ် ပိကျခဲ့သလို၊ နေအိမ်တိုက်ခန်းရဲ့ အုတ်ကျိုးအုတ်ပဲ့တွေကြား သူတို့တတွေ သေဆုံးသွားခဲ့ရသလို။ ဘာကများ ကျွန်တော့်ကို အဆုံးစီရင်ပစ်မှာပါလိမ့်။ မျက်နှာကြက်က တြိဂံလေးတွေလား၊ သက်တံတစ်စိတ်တစ်ပိုင်းလား၊ အညိုနဲ့ အဝါရောင် ကြယ်ကြီးလား။
အဲဒီနောက် ဂျဘားလီယာ ဒုက္ခသည်စခန်းကို ကျွန်တော် စက်ဘီးစီး ပြန်ခဲ့တယ်။ လမ်းဘေးက လူတွေရဲ့ မျက်လုံးအစုံက အစားအစာ ထည့်ထားတဲ့ ပလပ်စတစ်အိတ်တွေပေါ်မှာ။ ကျွန်တော့်ကို ကြည့်ပုံက သူတို့လည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကိုယ်လိုအပ်တဲ့အရာတွေ သွားသယ်ချင်သပ ဆိုတဲ့ အကြည့်မျိုး။ “ကျွန်တော်တို့အိမ်” နားကပ်လာတဲ့အခါ ကျောက်တုံးတွေ၊ ဗုံးဆန် အမြောက်ဆန်စတွေ မွစာကြဲနေတဲ့ လမ်းတွေကို ကွေ့ကောက်ပြီး သွားရတယ်။
ဘီးကို ဖြည်းဖြည်းချင်း သတိထားပြီး နင်းတယ်။ ကျွန်တော် သယ်လာတဲ့ ဝန်ထုပ်ဝန်ပိုးဒဏ်ကြောင့် ဘီးတာယာ ကွဲထွက်မသွားအောင်ပါ။ လမ်းကြားတွေထဲ မိသားစုတွေ ဟိုဒီလမ်းလျှောက်နေကြတယ်။ ကလေးတွေ ဖန်ခုန်တမ်း ကစားနေကြတယ်။ သူတို့တတွေ ထိန်းမနိုင်သိမ်းမရ ကြောက်စိတ်မွှန်သွားစရာက ကျွန်တော့်ဘီးတာယာ ကွဲသံပဲ ဖြစ်မှာလို့ တွေးနေမိတယ်။

၃၁ ဇန်နဝါရီ ၂၀၂၆
—
မှတ်စု
* ခါလီဂျီဘရန် (၁၈၈၃ – ၁၉၃၁): လက်ဘနွန်လူမျိုး အမေရိကန်နိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီပန်းပု အနုပညာရှင်။
* နေအိုမီရှီဟက်နိုင်း (၁၉၅၂ – ): ပါလက်စတိုင်းလူမျိုး ဖခင်နှင့် အမေရိကန်မိခင်က မွေးဖွားသည့် ကဗျာဆရာ၊ သီချင်းရေးဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ။
* မယ်ရီခါ (၁၉၅၅ – ): အမေရိကန်အမျိုးသမီး ကဗျာဆရာ၊ အက်ဆေးဆရာ၊ ကိုယ်တွေ့မှတ်တမ်းရေးသူ။
* မာမု့ဒ်ဒါဝစ်ချ် (၁၉၄၁ – ၂၀၀၈): ပါလက်စတိုင်းလူမျိုး ကဗျာဆရာ၊ စာရေးဆရာ။ ပါလက်စတိုင်း အမျိုးသားစာဆိုတော်အဖြစ် သိမှတ်ကြသည်။ ပါလက်စတိုင်း လွတ်လပ်ရေးကြေညာစာတမ်းကို ရေးသားခဲ့သည်။
* မိုးဆတ်အာဘူတိုးဟာ (Mosab Abu Toha – 1992- ): ပါလက်စတိုင်းလူမျိုး ဂါဇာသား စာရေးဆရာ၊ ကဗျာဆရာ၊ စာပေပညာရှင်၊ စာကြည့်တိုက်ပညာရှင်။ နယူးယော့ကာ မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဂါဇာအက်ဆေးများအတွက် ၂၀၂၅ ခုနှစ် ပူလစ်ဇာဆု ချီးမြှင့်ခံရသည်။ ၂၀၂၃ ဒီဇင်ဘာလတွင် ဂါဇာမြေကို စွန့်ခွာခဲ့ပြီး ယခုအခါ နယူးယောက်၊ ဆီးရကျုစ်မြို့၌ မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ သူ့အက်ဆေး အဆုံးသတ်ပုံလေးက လှသည်။ ကလေးတွေအဖို့ ဗုံးသံ အမြောက်သံတွေက ရိုးအီနေသမို့ သူတို့ကြားနေကျ မဟုတ်တဲ့ စက်ဘီးတာယာကွဲသံကပဲ သူတို့ကို အထိတ်တလန့် ဖြစ်စေမယ် ထင်ပါရဲ့တဲ့။ ကလေးတွေရဲ့ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံကလေးကို သတိရစရာ။
စာညွှန်း။
[https://www.newyorker.com/news/the-weekend-essay/the-view-from-my-window-in-gaza]


