The Corner

The Corner

cropped-Logo_round_grey-background.png

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ

Share မယ်

ဒေါ်နယ်ထရမ့်ဟာ လူလိမ်လား၊ သမ္မတရာထူးနဲ့ ထိုက်တန်သူ ဟုတ်ရဲ့လား။

၂၀၂၆ ခုနှစ်ဆန်းချိန်ရဲ့ ထူးခြားချက်ကတော့ အမေရိကန်ပြည်သူအများစုကြီးခမျာ ကြီးမားလှတဲ့ နောင်တကို ရင်မှာ ပိုက်မိနေလျက်သား ဖြစ်နေခြင်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ (၄၇) ယောက်မြောက် သမ္မတအဖြစ် ‘ဒေါ်နယ်ထရမ့်’ ကို ဒုတိယအကြိမ် ထပ်မံရွေးချယ်မိခဲ့တဲ့အတွက် အကြီးအကျယ်မှားကြောင်း သိရှိလာကြပြီးနောက် အတော့်ကို နောင်တရနေကြရပြီ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးရာ မူဝါဒပြဿနာတွေနဲ့ နိုင်ငံခြားရေး မူဝါဒအလွဲတွေကို လေ့လာကြည့်ရင် ဒီမိုကရေစီစနစ် ဖြိုဖျက်ခံနေရတာ ထင်ရှားလာနေတယ်။ လက်သည်တရားခံက တခြားသူမဟုတ်၊ ‘ဒေါ်နယ်ထရမ့်’ ဖြစ်နေတာ တွေ့ရတယ်။ ထရမ့်ရဲ့ ရမ်းကားမှုတွေကြောင့် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အဓိက နိုင်ငံရေးပါတီကြီး ၂ ခု အကြားမှာလည်း ပဋိပက္ခတွေ ကြီးမားလာနေတာ တွေ့လာရတယ်။

“အမေရိကန် ပထမ ဦးစားပေး” ဆိုတဲ့ ထရမ့်ရဲ့ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်က မဲဆန္ဒရှင်တွေကို လှည့်စားနိုင်ခဲ့တယ်လို့ ဆိုရမယ့် အဓိကအချက် ဖြစ်တယ်။ နိုင်ငံအနှံ့ လက်ယာယိမ်းဖြစ်စေ၊ လက်ဝဲယိမ်းဖြစ်စေ အဲဒီအချိန်က လူတွေ ပြောနေခဲ့ကြတဲ့ ဆန္ဒစွဲအမြင်အရ “ယူကရိန်းစစ်ပွဲမှာ ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲနေတာကို အပြစ်တင်နေခဲ့ကြပြီး အဲဒီငွေတွေကို ပြည်တွင်းကိစ္စတွေမှာပဲ သုံးရင်ကောင်းမယ်” လို့ ဝေဖန်ခဲ့ကြတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၄ နှစ် ‘ဘိုင်ဒန်အစိုးရ’ လက်ထက်က ဒု-သမ္မတ တာဝန်ယူခဲ့သူ ‘ဟဲရစ်’ ကို အမေရိကန်ပြည်သူတွေ မဲမပေးခဲ့ကြပါဘူး။ အကြောင်းပြချက်ကတော့ သူ့ကို မဲပေးရင် အရင် ၄ နှစ်တုန်းကအတိုင်း ယူကရိန်းစစ်ပွဲနဲ့ အချိန်ကုန်မှာပဲလို့ ယူဆခဲ့ကြတယ်။ အဲဒီတုန်းက လူထုရဲ့ သဘောထားက ‘အပြောင်းအလဲ’ ဖြစ်တာကို မြင်ချင်နေကြတယ်။

၂၀၂၄ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးလှည့်ကွက်တွေထဲက တစ်ခုဖြစ်တဲ့၊ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့်သူဆိုတာဟာလည်း ‘ဟဲရစ်’ တော့ မဖြစ်နိုင်ဘူး။ ‘ဘိုင်ဒန်’ မတိုင်မီ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သမ္မတတာဝန်ယူခဲ့သူ ‘ထရမ့်’ ကသာ အပြောင်းအလဲကို လုပ်နိုင်မယ်လို့ ထင်ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ အရင် ၄ နှစ်က အခြေအနေနဲ့ လက်ရှိနိုင်ငံတကာ အခင်းအကျင်းတွေ ခြားနားနေပုံကို မဲပေးခဲ့သူအများစု ထိုးထွင်းသိမြင်နိုင်စွမ်း မရှိခဲ့ကြဘူး။

‘ထရမ့်’ ပထမအကြိမ် အာဏာရယူခဲ့တဲ့ ၂၀၁၆ တုန်းက သူ့ရဲ့ မူလဇစ်မြစ်ဟာ နိုင်ငံရေးအသိုင်းအဝိုင်းက မဟုတ်ခဲ့ဘူး။ အဲဒီတုန်းက ‘ထရမ့်’ အနားမှာ နိုင်ငံရေးအကြံပေးတွေ၊ ဝန်ထမ်းတွေ ဝိုင်းရံနေခဲ့ပြီး သူ့ကို ဝိုင်းဝန်းထိန်းကျောင်းပေးခဲ့ကြတယ်။ အခု ဒုတိယအကြိမ် အာဏာပြန်ရချိန်မှာ ‘ထရမ့်’ ဟာ သူလိုက်နာသင့် စောင့်ထိန်းသင့်တဲ့ ဥပဒေစည်းမျဉ်းတွေကို စိတ်ဝင်စားမှု မရှိတော့တဲ့ အချက်က အရေးကြီးပါတယ်။ တစ်ချိန်က သူ့ကို ဝိုင်းဝန်းကူညီထိန်းကျောင်းပေးခဲ့သူတွေက သူ့ကို ‘လူလိမ်’၊ ‘ဖက်ဆစ်ဝါဒီ’၊ ‘ရာထူးနဲ့ ထိုက်တန်သူ မဟုတ်’ စသဖြင့် ပြောနေကြတာ ကြားနေရပြီ ဖြစ်တယ်။

ထရမ့်က အမေရိကန်ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီလား

အခုတစ်ကြိမ်မှာ ‘ထရမ့်’ က သူ့ကို သစ္စာခံသူတွေ၊ သူ့အမိန့်အတိုင်း လုပ်မယ့်လူတွေကိုသာ သူ့အနားမှာ ဝန်းရံစေဖို့ စီစဉ်ထားတာ တွေ့ရတယ်။ လက်ရှိအခြေအနေမှာ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေကို ထိန်းကွပ်ပေးမယ့်သူတွေ သူ့အနား အကပ်မခံတော့တာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၄ နှစ် သူရာထူးက ဆင်းပေးခဲ့ရချိန်တုန်းက လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ တသီတတန်းကြီးကို ရင်ဆိုင်ခဲ့ရတဲ့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု၊ အပြာမယ်တစ်ယောက်ကို ငွေပေးနှုတ်ပိတ်စေမှု စတဲ့ ရာဇဝတ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။

ဒါ့အပြင် လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုကိစ္စမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ ရာနဲ့ချီတဲ့လူတွေကိုလည်း ‘ထရမ့်’ က ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ တွေ့ရတယ်။ နောက်ဆုံးမှာတော့ အမေရိကန်ပြည်သူတွေဟာ “အမေရိကန် ပထမ ဦးစားပေး” ဆိုတဲ့ ထရမ့်ရဲ့ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်နဲ့ လှည့်ဖျားတာကို ခံခဲ့ကြရတယ်။ အမေရိကန်နိုင်ငံဟာ ယိုယွင်းပျက်စီးနေပြီး သူသာလျှင် အမေရိကန်ကို ကြီးကျယ်မြင့်မြတ်အောင် ပြန်လည်လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ‘ဒေါ်နယ်ထရမ့်’ က ပြောခဲ့တယ်။ ဒါကို မျက်ကန်းရမ်းဆ ပြုပြင်ပြောင်းလဲရေးကို မြင်ချင်တဲ့ အမေရိကန်မဲဆန္ဒရှင်တွေ ယုံကြည်ပြီး ‘ဒေါ်နယ်ထရမ့်’ ကို ရွေးချယ်ခဲ့ကြတယ်။

အဲဒီအချိန်က ‘ကမ်မလာ ဟဲရစ်’ က အမေရိကန်မဲဆန္ဒရှင်တွေကို သတိပေးမှု အထပ်ထပ်အခါခါ လုပ်ခဲ့ပါသေးတယ်။ “ထရမ့်သာ အနိုင်ရသွားခဲ့ရင် အမေရိကန်ရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုအပေါ် ခြိမ်းခြောက်ခံရလိမ့်မယ်” လို့ ‘ဟဲရစ်’ က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ မဲဆွယ်ပွဲအတွင်း ပြောခဲ့တဲ့ “အမေရိကန် ပထမ ဦးစားပေး” ဆိုတဲ့ လှည့်ဖျားမှုအပေါ် လူအများယုံကြည်မှု လျော့ကျသွားခြင်း မရှိခဲ့ဘူး။ အခု ‘ထရမ့်’ ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း တစ်နှစ်ကျော်လာချိန် (၂၀၂၆) မှာ မဲဆန္ဒရှင်တွေအနေနဲ့ ထရမ့်ပြောခဲ့တဲ့ စကားတွေ ဘယ်လောက်ဆိုးဆိုးရွားရွား လှည့်စားထားသလဲဆိုတာ မြင်တွေ့နေကြရပြီ ဖြစ်တယ်။

‘ထရမ့်’ ဆိုတဲ့အတိုင်း ‘ထရမ့်’ ကတော့ ‘ထရမ့်’ ပါပဲ။ ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ‘ဒေါ်နယ်ထရမ့်’ ရဲ့ စစ်မှန်တဲ့ ရုပ်သွင်သဏ္ဌာန်ကို မြင်နေကြရပါပြီ။ ဒါပေမဲ့ အခုတစ်ကြိမ်မှာ ‘ထရမ့်’ ရဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေရဲ့ ဒဏ်ကို အမေရိကန်ပြည်သူတွေချည်း ခံစားကြရမှာ မဟုတ်ဘူး။ “အမေရိကန် ပထမ ဦးစားပေး” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်သက်ရောက်မှု အပြည့်အဝကို တစ်ကမ္ဘာလုံးကပါ ကြုံတွေ့ခံစားကြရတော့မှာ ဖြစ်ပါတယ်။

ရှေ့ပြေးဥပမာအဖြစ် ထရမ့်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒ (သို့မဟုတ်) “ဒွန်ရိုးမူဝါဒ” (Donroe Doctrine) ကို ကိုင်စွဲပြီး ဗင်နီဇွဲလားနိုင်ငံကို လက်ရဲဇက်ရဲ ရမ်းရမ်းကားကား နယ်ချဲ့ခဲ့တာကို စတင်မြင်ခဲ့ကြရပြီ ဖြစ်တယ်။ ဒီတင်မကသေး ဗင်နီဇွဲလားကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်အပြီးမှာ သမ္မတထရမ့်က ဂရင်းလန်ကျွန်းကို မဖြစ်မနေ ထိန်းချုပ်သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ‘နေတိုး’ အဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးပျက်ပြားနေတာ တွေ့ရတယ်။ ထရမ့်ရဲ့ နိုင်ငံခြားရေးဗျူဟာက အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့အကြား ဆက်ဆံရေးပျက်ပြားအောင်လုပ်သလို ဖြစ်နေပြီး ရုရှားနဲ့ တရုတ်တို့ အကြိုက်လုပ်ရာရောက်နေတယ်လို့ ဝေဖန်မှုတွေ ကြားလာရတယ်။ ရုရှားနဲ့ တရုတ်အကြိုက် ဆိုကတည်းက ထရမ့်လုပ်ရပ်တွေဟာ ဒီမိုကရေစီလမ်းစဉ်နဲ့ သွေဖည်နေတာ သေချာနေပြီလို့ ဆိုနိုင်တယ်။

အခွန်ကောက်ခံပုံစနစ်ကို ‘ထရမ့်’ က လက်နက်သဖွယ် အသုံးပြုနေတယ်

မကြာသေးခင်က ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ အိမ်နီးချင်း အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ ကနေဒါနိုင်ငံအပေါ် (၁၀၀) ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ၂၀၂၆ ဇန်နဝါရီလ ၂၄ ရက်မှာ ခြိမ်းခြောက်ခဲ့တာ တွေ့ရတယ်။ ဒီလုပ်ရပ်က အခွန်စနစ်ကို လက်နက်သဖွယ် အသုံးချလိုက်တဲ့ သဘောပါပဲ။ မြောက်အမေရိကအတွင်း ကုန်သွယ်ရေးပဋိပက္ခအသစ်ကို ‘ထရမ့်’ က စတင်ဖန်တီးလိုက်တာ ဖြစ်တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ကနေဒါအနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရင် အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ သတိပေးခဲ့တာ တွေ့ရတယ်။ ဒီ့အပြင် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်နဲ့ ကနေဒါနိုင်ငံ အွန်တေးရီးယိုးပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ တံတားပိုင်ဆိုင်မှုရဲ့ တစ်ဝက်ကို ကနေဒါက အမေရိကန်ထံ လွှဲမပေးမချင်း အဲဒီတံတားကို ဖွင့်လှစ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ (၁၀) ရက်မှာ ပြောကြားခဲ့တယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် (ဒါးဗော့စ်) မှာ ကနေဒါဝန်ကြီးချုပ်က အမေရိကန်နိုင်ငံရဲ့ မူဝါဒတွေကို သွယ်ဝိုက်ဝေဖန်ခဲ့ပြီး၊ ဂရင်းလန်ကျွန်း ကာကွယ်ရေးစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းခဲ့တာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာတာ တွေ့ရတယ်။

အမေရိကန်သမ္မတအနေနဲ့ အရေးပေါ်အခြေအနေမှာ အခွန်တိုးကောက်ပိုင်ခွင့် ရှိပေမယ့်၊ ‘၁၀၀’ ရာခိုင်နှုန်းအထိ များပြားတဲ့ ပမာဏ သတ်မှတ်ခြင်းကြောင့် USMCA မြောက်အမေရိက ကုန်သွယ်ရေးသဘောတူညီချက်ကို တိုက်ရိုက်ချိုးဖောက်ရာရောက်တယ်လို့ ဆိုတယ်။ ကနေဒါအနေနဲ့ အမေရိကန်စီးပွားရေးအပေါ် မှီခိုနေရပေမယ့် တစ်ဖက်သတ်ဖိအားပေးမှုကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာစည်းမျဉ်းအရ ခုခံကာကွယ်သွားမယ်လို့ ကနေဒါဝန်ကြီးချုပ် Mark Carney က တုံ့ပြန်ခဲ့တယ်။

အမေရိကန် စိုက်ပျိုးရေးကဏ္ဍ ကိုယ်စားလှယ်တွေ မကြာသေးခင်က အမေရိကန်လွှတ်တော်သို့ ပေးပို့တဲ့စာမှာ ‘ဒေါ်နယ်ထရမ့်အစိုးရ’ ရဲ့ အခွန်မူဝါဒကြောင့် အမေရိကန်စိုက်ပျိုးရေးကဏ္ဍအပေါ် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေပုံကို ဖော်ပြထားတယ်။ ဖေဖော်ဝါရီ ၃ ရက်က ပေးပို့ခဲ့တဲ့စာမှာ အမေရိကန်ပဲပုပ်အသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပြောင်းဖူးစိုက်ပျိုးသူများအသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ မုယောစပါးစိုက်ပျိုးသူများအသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဝက်သားထုတ်လုပ်သူများကောင်စီ၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ နို့ထွက်ပစ္စည်းလုပ်ငန်းအဖွဲ့ချုပ်၊ အမေရိကန်ကောက်ပဲသီးနှံအသင်းချုပ်၊ ပြန်လည်ပြည့်ဖြိုးမြဲလောင်စာအသင်းရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ အမှုဆောင်အရာရှိချုပ်တို့အပါအဝင် အမေရိကန်စိုက်ပျိုးရေးလောကမှ ဝါရင့်ခေါင်းဆောင်၊ အမှုဆောင်၊ ပညာရှင်နှင့် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိဟောင်း ၂၇ ဦး ပူးတွဲလက်မှတ်ရေးထိုးတယ်လို့ (ဆင်ဟွာသတင်း) က ဆိုတယ်။ ဆိုလိုတာက ထရမ့်ရဲ့ အခွန်မူဝါဒဟာ ကနေဒါကို လက်စားချေလိုတာ ဖြစ်ပေမယ့် အမေရိကန်ပြည်တွင်း လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေကိုလည်း ထိခိုက်စေတာ တွေ့ရတယ်။

အခွန်စည်းကြပ်ရေး မူဝါဒက “စိုက်ပျိုးရေးကဏ္ဍ အရင်းအနှီးကုန်ကျစရိတ်တွေကို မြင့်တက်အောင် လုပ်သလို ဖြစ်နေတယ်။ အမေရိကန်တောင်သူလယ်သမားတွေရဲ့ အိတ်ကပ်ထဲက ပိုက်ဆံကို တိုက်ရိုက်လုယူရာရောက်လို့ လုံးဝအဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ သူတို့ရဲ့ ပေးပို့စာထဲမှာ ထောက်ပြထားတယ်။ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းအစိတ်အပိုင်း စတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေအပေါ် ‘ထရမ့်အစိုးရ’ က စည်းကြပ်အခွန်ကောက်ခံနေခြင်းဟာ လယ်သမားတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တိုက်ရိုက်မြင့်တက်စေပြီး ကုန်စည်ပစ္စည်းတွေရဲ့ ‘ဈေးနှုန်း’ ထက် ‘ထုတ်လုပ်မှုအရင်းအနှီး’ ကို ပိုမိုမြင့်မားစေကြောင်း၊ စည်းကြပ်ခွန်မူဝါဒများရဲ့ စနစ်တကျမရှိခြင်းနဲ့ တိကျတဲ့ပစ်မှတ်မရှိခြင်းက “အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်နိုးကြား တိုးတက်စေမှာ မဟုတ်တဲ့အပြင် အမေရိကန်လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေးကို အကြီးအကျယ် အထိနာစေကြောင်း” ၎င်းစာလွှာတင်ပြခဲ့သူတို့က ယူဆကြတယ်လို့ ဆိုတယ်။

ထရမ့်ရဲ့ စည်းကြပ်ခွန် ထပ်တိုးခြင်းအပေါ် နိုင်ငံအသီးသီးက တန်ပြန်ဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် အမေရိကန်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့် ဆုံးရှုံးမှာကို အထူးစိုးရိမ်ကြောင်း အဆိုပါ စာလွှာမှာ ဖော်ပြထားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စံချိန်တင်ခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်ရေးပိုလျှံငွေနဲ့ လယ်ယာဝင်ငွေတို့ကို နှိုင်းယှဉ်ပါက အမေရိကန်ဟာ ယခုအခါ သမိုင်းဝင် စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ ရင်ဆိုင်နေကြောင်း စာလွှာထဲမှာ ထောက်ပြထားတယ်လို့ သိရတယ်။

အမေရိကန်လွှတ်တော်အနေနဲ့ “မှားယွင်းချွတ်ချော်မှုများကို အချိန်မီပြင်ဆင်ရန်”၊ “စိုက်ပျိုးရေးသွင်းအားစု အားလုံးအပေါ် ချက်ချင်း အခွန်ကင်းလွတ်ပေးရန်၊ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုဈေးကွက်အား ကမောက်ကမ ဖြစ်စေသော စည်းကြပ်ခွန်များကို ချက်ချင်းဖယ်ရှားရန်”၊ အမေရိကန်လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေး၏ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှုကို ပြန်လည်ကောင်းမွန်စေရေးအား အမြန်ဆုံး လှုပ်ရှားဆောင်ရွက်ရန် စသဖြင့် စာလွှာပေးပို့သူတို့က တိုက်တွန်းထားတယ်လို့ ဆိုတယ်။

ဒါကြောင့် ‘ထရမ့်အစိုးရ’ ရဲ့ မူဝါဒတွေဟာ ကိုယ်ကျိုးစီးပွား အဓိကထားလွန်းနေတာကြောင့် စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍ လုပ်ငန်းရှင်တွေ အကြီးအကျယ် ထိခိုက်စေတယ်လို့ သုံးသပ်ကြတယ်။ အထူးသဖြင့် ‘ထရမ့်’ ရဲ့ အခွန်စည်းကြပ်ကောက်ခံမှုစနစ်ကို လက်နက်သဖွယ် အသုံးပြုနေခြင်းဟာ ရေရှည်မှာ ကုန်သွယ်စီးပွား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုရင်းနှီးခင်မင်ရမယ့်အစား ငြိုးသူရန်ဖက်သဖွယ် ဖြစ်လာစေတယ်လို့ ဆိုနေကြတယ်။

‘ဒွန်ရိုးဝါဒ’ ဆိုတာ အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးလမ်းစဉ်လား

လက်ရှိဖြစ်စဉ်တွေအပေါ် မူတည်ပြီး ဟားဗတ်တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Stephen M. Walt က ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် Foreign Affairs စာစောင်မှာ ထရမ့်ရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး ဆန်းစစ်သုံးသပ်ထားမှုအချို့ကို ကောက်နှုတ်ဖော်ပြလိုတယ်။ ‘ဒေါ်နယ်ထရမ့်’ လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” (predatory hegemony) ကျင့်သုံးတဲ့ နိုင်ငံအဖြစ် ပြောင်းလဲသွားတယ်လို့ ဟားဗတ်တက္ကသိုလ် ပါမောက္ခ Stephen M. Walt က သုံးသပ်ထားတယ်။

ဒီမဟာဗျူဟာကျင့်သုံးမှုဟာ “ဝန်ရိုးစုံအင်အားစနစ်” (multipolarity) ပြန်လည်ပေါ်ပေါက်လာချိန်နဲ့ ကိုက်ညီဆီလျော်မှုရှိအောင် စနစ်တကျ စဉ်းစားပြုစုထားတဲ့ တုံ့ပြန်မှုတစ်ရပ် မဟုတ်ဘူးလို့ ဆိုတယ်။ တကယ်တော့ အင်အားကြီးနိုင်ငံအများအပြား ပါဝင်လာတဲ့ ကမ္ဘာကြီးအတွင်း လိုက်နာသင့်တဲ့ လမ်းကြောင်းနှင့် တိတိကျကျ ဆန့်ကျင်နေတဲ့ လုပ်ရပ်ဖြစ်နေကြောင်းလည်း ဟားဗတ်တက္ကသိုလ် ပါမောက္ခက ဆိုတယ်။

ထရမ့်ရဲ့ ဒီမဟာဗျူဟာကျင့်သုံးမှုဟာ နိုင်ငံတကာဆက်ဆံရေးအားလုံးကို ‘အကျိုးအမြတ်အခြေပြု လဲလှယ်ရေး သဘောထား’ (transactional approach) နဲ့ပဲ ရှုမြင်ထားတာဖြစ်တယ်။ ထရမ့်ရဲ့ ရှုမြင်ပုံက အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုအပေါ် ရေရှည်တည်တံ့တဲ့ ဖိအားနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိနေဆဲလို့ ယုံကြည်ထားတဲ့ သဘော ဖြစ်တယ်။ ထရမ့်ရဲ့ ဗိုလ်ကျလွှမ်းမိုးရေး အယူအဆကို တိုက်ရိုက်ထင်ဟပ်ပြသနေခြင်းဖြစ်တယ်လို့ Stephen M. Walt က သုံးသပ်ထားတယ်။

၂၀၂၅ ခုနှစ် ဧပြီလတုန်းက ‘ထရမ့်’ က အမေရိကန်ပြည်ထောင်စုကို “အလွန်ကြီးမားပြီး လှပတဲ့ စတိုးဆိုင်ကြီး တစ်ဆိုင်” အဖြစ် ဖော်ပြခဲ့တယ်။ “လူတိုင်းက အဲဒီစတိုးဆိုင်ထဲက တစ်စိတ်တစ်ပိုင်းကို လိုချင်နေကြတယ်” လို့ ပြောခဲ့ဖူးတယ်။ ဒီ့အပြင် အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ Karoline Leavitt ဖြန့်ဝေခဲ့တဲ့ ကြေညာချက်တစ်ရပ်မှာလည်း အမေရိကန် စားသုံးသူဈေးကွက်ဟာ “နိုင်ငံတိုင်းက လိုလားနေတဲ့ ကျွန်ုပ်တို့မှာသာ ရှိတဲ့အရာ” ဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ “အခြားနည်းနဲ့ ပြောရရင် သူတို့ဟာ ကျွန်ုပ်တို့ရဲ့ ငွေကြေးကို လိုအပ်နေကြတယ်” လို့ ထပ်ဖြည့် ပြောဆိုခဲ့တယ်။

၂၀၁၇ ခုနှစ်က ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ် ရွေးချယ်ခံခဲ့ရတယ်။ အဲဒီအချိန်က သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ် သူ့ရဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံတကာနဲ့ ဆက်ဆံလုပ်ဆောင်ပုံကို ဖော်ပြနိုင်ဖို့ သူနဲ့ သင့်လျော်တဲ့ အမည်တစ်ခု ရှာဖွေဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ကြိုးပမ်းခဲ့ကြတယ်။ Foreign Affairs Online စာမျက်နှာတွေပေါ်မှာ ရေးသားခဲ့တဲ့ နိုင်ငံရေးသိပ္ပံပညာရှင် Barry Posen က ၂၀၁၈ ခုနှစ်မှာ ထရမ့်ရဲ့ မဟာဗျူဟာကို “လစ်ဘရယ်မဟုတ်တဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” (illiberal hegemony) လို့ သတ်မှတ်ခဲ့တယ်။ မူဝါဒရေးရာသုံးသပ်သူ Oren Cass ကလည်း မကြာသေးမီ ဆောင်းဦးရာသီတုန်းက ထရမ့်ရဲ့ အဓိကလက္ခဏာကို ကြည့်ရင် “အပြန်အလှန်တန်ဖိုးဖလှယ်မှု” (reciprocity) ကို တောင်းဆိုတာဖြစ်တယ်လို့ သုံးသပ်ခဲ့တာ တွေ့ရတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထရမ့်ကို အမှန်တရားအခြေပြု နိုင်ငံရေးသမား (realist)၊ အမျိုးသားရေးဝါဒီ (nationalist)၊ ရှေးရိုးကုန်သွယ်ရေးအကျိုးအမြတ်အလေးထားသူ (old-fashioned mercantilist)၊ ပဒေသရာဇ်နယ်ချဲ့ဝါဒီ (imperialist)၊ ကိုယ်ကျိုးစီးပွားပဓာနဝါဒီ (isolationist) အစရှိသဖြင့် သူ့လုပ်ရပ်တွေအပေါ် မူတည်ပြီး အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြတယ်။ ဖော်ပြပါ အခေါ်အဝေါ် အသုံးအနှုန်းအားလုံးဟာ ထရမ့်ရဲ့ လုပ်ရပ်အချို့ကို ဖော်ပြနိုင်ခဲ့ပေမယ့် ဒုတိယသမ္မတသက်တမ်းအတွင်း သူ့ရဲ့ မဟာဗျူဟာကို “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” (predatory hegemony) လို့ ခေါ်ဆိုခြင်းက ပိုမိုသင့်လျော်မယ်လို့ Stephen M. Walt က ဆိုတယ်။

ဗိုလ်ကျလွှမ်းမိုးရေးဝါဒကျင့်သုံးခြင်းဟာ ကျဆုံးခြင်းရဲ့ လမ်းစဖြစ်တယ်

ထရမ့်ရဲ့ အဓိကရည်မှန်းချက်က ဝါရှင်တန်အစိုးရရဲ့ ထူးထူးခြားခြား အသာစီးရနေတဲ့ အာဏာကို အသုံးချပြီး မဟာမိတ်တွေနဲ့ ပြိုင်ဘက်နိုင်ငံတွေဆီက အလျှော့ပေးလိုက်လျောမှုတွေ၊ တံစိုးလက်ဆောင်ပုံစံ အကျိုးခံစားခွင့်တွေနဲ့ ကျိုးနွံလေးစားလိုက်နာမှုတွေကို ရယူလိုခြင်းဖြစ်တဲ့အတွက် ထရမ့်အမြင်အရ သုညပေါင်းစနစ် (zero-sum world) နဲ့ တိုတောင်းတဲ့ကာလအတွင်း အကျိုးအမြတ်များများ ရယူဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ ဆိုတယ်။

အမေရိကန်ပြည်ထောင်စုမှာ ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တဲ့ အရေးပါတဲ့ အင်အားအရင်းအမြစ်တွေနဲ့ ပထဝီဝင်ဆိုင်ရာ အားသာချက်တွေကြောင့် “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” ဟာ အချိန်တိုတိုအတွင်း အလုပ်ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ အောင်မြင်နိုင်စရာ အကြောင်းလုံးဝမရှိဘူးလို့ ဆိုတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ စီးပွားရေးနဲ့ စစ်ရေးအင်အားအရ တန်းတူပြိုင်ဆိုင်နိုင်စွမ်းရှိလာတဲ့ အင်အားကြီးနိုင်ငံဖြစ်လာတဲ့ အခြေအနေအောက်မှာ အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင် ပါဝင်တဲ့ ‘ဝန်ရိုးစုံအင်အားစနစ်’ (multipolarity) ကမ္ဘာကြီးနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ ‘ဝန်ရိုးစုံအင်အားစနစ်’ အတွင်းမှာ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ ပိုမိုရရှိလာနိုင်တာကြောင့် ဖြစ်တယ်။

လာမယ့်နှစ်တွေမှာ အမေရိကန်မဟာဗျူဟာကို လက်ရှိစနစ်အတိုင်း ဆက်လက်လည်ပတ်နေမယ်ဆိုရင် “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” ကြောင့် အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်များကိုပါ အားနည်းချည့်နဲ့စေမှာဖြစ်တယ်။ ကမ္ဘာနဲ့အဝှမ်းမှာ မကျေနပ်မှုတွေ တိုးပွားစေမှာဖြစ်တယ်။ ဝါရှင်တန်အစိုးရရဲ့ အဓိကပြိုင်ဘက်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးရာရောက်စေလိမ့်မယ်။ ဒီ့အပြင် အမေရိကန်ပြည်သူတွေအဖို့လည်း လုံခြုံမှုပိုမိုနည်းပါးလာပြီး၊ စီးပွားရေးအရလည်း ပိုမိုကျဆင်းလာမှာဖြစ်တယ်။ အကျိုးဆက်ကတော့ ကမ္ဘာပေါ်မှာ အမေရိကန်အစိုးရ ဩဇာလွှမ်းမိုးနိုင်စွမ်းလည်း လျော့ကျသွားစေလိမ့်မယ်လို့ ဟားဗတ်တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Stephen M. Walt က ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် Foreign Affairs Online စာစောင်မှာ ဆန်းစစ်သုံးသပ်ထားတာ တွေ့ရတယ်။

“အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” (predatory hegemon) ကျင့်သုံးတဲ့ နိုင်ငံဆိုသည်မှာ အခြားနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ သုညပေါင်းစနစ် (zero-sum) အမြင်နဲ့သာ စီမံတည်ဆောက်ထားပြီး အကျိုးအမြတ်တွေကို မိမိဘက်ကသာ အမြဲအသာရရှိနေအောင် ကြိုးပမ်းလေ့ရှိတဲ့ အာဏာအင်အားလွှမ်းမိုးမှု ကြီးမားတဲ့ ဆူပါပါဝါနိုင်ငံကို ဆိုလိုတယ်။ ဆူပါပါဝါနိုင်ငံရဲ့ အဓိကရည်မှန်းချက်မှာ ဘက်ပေါင်းစုံ ပိုမိုကောင်းမွန်လာစေမယ့် တည်ငြိမ်ပြီး အပြန်အလှန် အကျိုးပြုစေတဲ့ ဆက်ဆံရေးစနစ် တည်ဆောက်ဖို့ မဟုတ်ဘဲ၊ ဆက်ဆံရေးထူထောင်မှုတိုင်းမှာ တခြားသူများထက် မိမိဘက်က ပိုမိုအကျိုးအမြတ် ရရှိရေး သေချာစေဖို့ ဖြစ်တယ်လို့ Stephen M. Walt က သုံးသပ်ဖော်ပြထားတယ်။

အာဏာကြီးမားတဲ့ ဆူပါပါဝါနိုင်ငံဘက်က အကျိုးအမြတ် ပိုမိုရရှိပြီး မိတ်ဖက်နိုင်ငံဘက်က အကျိုးအမြတ် နည်းသွားတဲ့ အစီအစဉ်ကို နှစ်ဖက်စလုံး အကျိုးရရှိသော်လည်း မိတ်ဖက်ဘက်က ပိုမိုအကျိုးရရှိတဲ့ အစီအစဉ်မျိုးထက် ပိုမိုကောင်းမွန်တယ်လို့ အင်အားကြီးနိုင်ငံက သဘောထားလေ့ရှိတယ်။ မိတ်ဖက်နိုင်ငံဘက်ကကြည့်ရင် နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရှိတယ်ဆိုပေမယ့် ‘ဆူပါပါဝါနိုင်ငံ’ ဘက်က အကျိုးအမြတ်ပိုများနေတဲ့ အခြေအနေကို လက်မခံလိုကြဘူး။ “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” ကျင့်သုံးတဲ့ နိုင်ငံက အမြဲတမ်း “ခြင်္သေ့ဝေစု” (lion’s share) ကို လိုချင်နေတယ်လို့ ဆိုတယ်။

ထရမ့်က နိုင်ငံတကာပတ်ဝန်းကျင်ကို အင်အားသုံး ဖန်တီးပုံဖော်နေသလား

သေချာတာကတော့ အင်အားအာဏာကြီးမားတဲ့ နိုင်ငံအားလုံးဟာ အဓမ္မဗိုလ်ကျတဲ့ လုပ်ရပ်တွေမှာ ပါဝင်ကြပြီး နိုင်ငံအချင်းချင်း ဆက်ဆံရာမှာလည်း ဆက်လက်အသာစီးရရှိဖို့အတွက် ယှဉ်ပြိုင်ကြတယ်။ ပြိုင်ဘက်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာလည်း နိုင်ငံတိုင်းဟာ ‘စာချုပ်’ သို့မဟုတ် ‘သဘောတူညီချက်’ တိုင်းမှာ မိမိဘက်က အသာရရှိဖို့ ကြိုးပမ်းလေ့ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ ကျင့်သုံးတဲ့ နိုင်ငံ” နဲ့ “ပုံမှန်အင်အားကြီးနိုင်ငံ” တွေရဲ့ လုပ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ရင် သိပ်ပြီး ကွာခြားမှု မရှိတာ တွေ့ရတယ်။ မဟာမိတ်နိုင်ငံများနဲ့ ပြိုင်ဘက်နိုင်ငံများကို ခွဲခြားမှု မရှိဘဲ ‘အသာစီးရရှိရေး’ နဲ့ ‘မညီမျှတဲ့ အကျိုးအမြတ်ထုတ်ယူနိုင်ရေး’ အတွက် စိတ်ဆန္ဒရှိတာချင်း တူညီကြတယ်လို့ ဆိုတယ်။

“သဘောထားကောင်းမွန်တဲ့ အာဏာအင်အားကြီးနိုင်ငံ” (benign hegemon) တစ်ခုဟာ မိမိနိုင်ငံရဲ့ လုံခြုံရေးနဲ့ ချမ်းသာရေးသည် မိတ်ဖက်နိုင်ငံများ တိုးတက်ဖွံ့ဖြိုးခြင်းအားဖြင့် တိုးတက်လာတယ်လို့ ယုံကြည်တာကြောင့် လိုအပ်တဲ့အခါမှသာ မဟာမိတ်များအပေါ် မမျှတတဲ့ တာဝန်ဝန်ထုပ်ဝန်ပိုးတွေ ချမှတ်တတ်တယ်လို့ ဆိုတယ်။ အဲဒီလိုနိုင်ငံမျိုးဟာ အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူစေတဲ့ စည်းမျဉ်းများနဲ့ အဖွဲ့အစည်းများရဲ့ တန်ဖိုးကို အသိအမှတ်ပြုတယ်လို့ ဆိုတယ်။ အဆိုပါ စည်းမျဉ်းများကို အခြားနိုင်ငံများက တရားဝင် ယုံကြည်လက်ခံနိုင်ရမှာဖြစ်ပြီး၊ မကြာခဏ သို့မဟုတ် ကြိုတင်သတိပေးခြင်းမရှိဘဲ ပြောင်းလဲသွားမှာကို စိုးရိမ်စရာမလိုလောက်အောင် တည်ငြိမ်ရမယ်၊ ကြာရှည်ခံရမည်လို့ Stephen M. Walt က ဆိုတယ်။

ဒီ့အပြင် “သဘောထားကောင်းမွန်တဲ့ အာဏာအင်အားကြီးနိုင်ငံ” အနေနဲ့ ပူးပေါင်းရန် အကျိုးတူရည်ရွယ်ချက်ရှိတဲ့ နိုင်ငံတွေနဲ့ သုညမဟုတ်တဲ့ အကျိုးတိုးတက်ပွားစီးရေးပုံစံ (positive-sum partnerships) ကို ကြိုဆိုလေ့ရှိတယ်လို့ ဆိုတယ်။ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ် ရရှိစေမည်ဆိုပါက အခြားနိုင်ငံများရဲ့ အကျိုးအမြတ်ပိုမို ရရှိခွင့်ကိုတောင် ခွင့်ပြုနိုင်တယ်လို့ ဆိုတယ်။ တစ်နည်းအားဖြင့် ဆိုရလျှင် “သဘောထားကောင်းမွန်တဲ့ အာဏာအင်အားကြီးနိုင်ငံ” သည် မိမိရဲ့ အာဏာအကျိုးစီးပွား တိုးတက်စေရေးကိုသာ မကြိုးပမ်းဘဲ၊ စီးပွားရေးပညာရှင် Arnold Wolfers က “ပတ်ဝန်းကျင်ရည်မှန်းချက်များ” (milieu goals) လို့ ခေါ်ဆိုခဲ့တဲ့အရာတွေကိုလည်း လိုက်နာလေ့ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အင်အားကို တိုက်ရိုက်ပြသ အသုံးချဖို့ လိုအပ်မှုကို လျှော့ချပေးနိုင်တဲ့ နိုင်ငံတကာပတ်ဝန်းကျင်ကို ဖန်တီးပုံဖော်ရန် ကြိုးပမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ‘ထရမ့်’ ရဲ့ “အမေရိကန် ပထမ ဦးစားပေး” မူဝါဒက မိမိရဲ့ အာဏာအကျိုးစီးပွား တိုးတက်စေရေးအတွက် “ခြင်္သေ့ဝေစု” (lion’s share) ရရှိရေးကိုပဲ ပဓာနထားနေတာ တွေ့ရတယ်။ “ပတ်ဝန်းကျင်ရည်မှန်းချက်များ” (milieu goals) ကိုလည်း လိုက်နာလိုတဲ့ သဘောထားမရှိဘူး။ ‘ထရမ့်’ ရဲ့ “အမေရိကန် ပထမ မူဝါဒ” က နိုင်ငံတကာဆက်ဆံရေးမှာ အပြန်အလှန် အကျိုးပြုစေတဲ့ ဆက်ဆံရေးစနစ် တည်ဆောက်ဖို့ မဟုတ်ဘဲ၊ ဆက်ဆံရေးထူထောင်မှုတိုင်းမှာ တခြားသူများထက် သူ့ဘက်က ပိုမိုအကျိုးအမြတ် ရရှိရေး သေချာစေဖို့ ဖြစ်တယ်လို့ Stephen M. Walt က သုံးသပ်ထားတယ်။

အနှစ်ချုပ်ဆန်းစစ်ကြည့်ရင် အမေရိကန်မဟာဗျူဟာကို လက်ရှိစနစ်အတိုင်း အမေရိကန်-ပထမ မူဝါဒနဲ့ ဆက်လက်မောင်းနှင်နေမယ်ဆိုရင် “အဓမ္မကိုယ်ကျိုးရှာတဲ့ ဗိုလ်ကျလွှမ်းမိုးရေးဝါဒ” ကြောင့် ထရမ့်အစိုးရ ဩဇာလွှမ်းမိုးနိုင်စွမ်း ကျဆင်းရုံမက ကုန်သွယ်စီးပွားရေး အကျိုးအမြတ်တွေလည်း တစ်ပါတည်း ကျဆင်းသွားစေလိမ့်မယ်လို့ သုံးသပ်နေကြကြောင်း တွေ့ရတယ်။

References:

  • Trump threatens 100 percent tariff on Canada over China deal, Al Jazeera, 24 Jan 2026.
  • Trump threatens to block opening of Detroit-Canada bridge, Al Jazeera, 10 Feb. 2026.
  • The Predatory Hegemon: How Trump Wields American Power, Stephen M. Walt, Published on February 3, 2026, Foreign Affairs.
  • ဒေါ်နယ်ထရမ့်၊ ဘီဘီစီ မြန်မာသတင်း။
  • စည်းကြပ်ခွန်စစ်ပွဲက အမေရိကန်လယ်သမားများကို ညှဉ်းပန်းလျက်ရှိ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
Click to rate this post!
[Total: 2 Average: 5]