၂၀၂၆ မှာ ဒုက္ခရောက်နေကြသူတွေ အထဲ ကုလလည်းပါ
ဦးမိုး – ဟေ့ ကိုတိုး ကျွန်တော် ဒီမှာဗျ။ ထိုင် ထိုင်။ ခင်ဗျား စားချင်တာသာ တန်းမှာလိုက်ပေတော့။ ကျွန်တော်တော့ မှာပြီးသွားပြီ။
ဦးတိုး – ကျေးဇူးပါပဲဗျာ။ အိမ်မှာ စီစဉ်စရာလေးတွေ စီစဉ်ပေးခဲ့ရတော့ နည်းနည်း နောက်ကျသွားတယ်။
ဦးမိုး – ရပါတယ်။ ခင်ဗျားကို မျှော်နေတာ။ မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း အရင်က မကြားဖူးတာတွေ ကြားလိုက်ရလို့။ ခင်ဗျားက နှံ့နှံ့စပ်စပ် ဆိုတော့ သိများသိမလားလို့။
ဦးတိုး – ပြောပါဦး ဘာလဲဗျ။
ဦးမိုး – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ဒုက္ခရောက်ကြသူတွေအထဲမှာ နောက်တစ်ယောက် တိုးလာတဲ့ ကုလသမဂ္ဂအကြောင်းလေ။
ဦးတိုး – ဟား ဟား၊ သိပြီ၊ ခင်ဗျားပြောတဲ့ ဒုက္ခရောက်နေသူကို ကျွန်တော် ခန့်မှန်းလို့ရပြီ။
ဦးမိုး – အန်တိုနီယို ဂူတာရက်စ်လေ။ သူလည်း အရင့်အရင် ကုလသမဂ္ဂ (UN) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တွေ မကြုံဖူးတဲ့ ကုလအဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် ရန်ပုံငွေ လိုအပ်ချက်အတွက် ခေါင်းခဲနေရပြီလို့ ကြားတယ်။ ခင်ဗျားရော ကြားလားဗျ။
ဦးတိုး – ဟုတ်တယ် ဦးမိုးရ။ အခု ဂူတာရက်စ်ခမျာမှာလည်း ထရမ့်ရဲ့ “အမေရိကန် ပထမ” (America First) ဝါဒအောက်မှာ တော်တော်လေး အကျပ်ရိုက်နေရှာတာ။ ပြီးခဲ့တဲ့အပတ်ကပဲ အဖွဲ့ဝင် ၁၉၃ နိုင်ငံလုံးကို အိတ်ဖွင့်ပေးစာ ပို့လိုက်ရတယ်ဗျာ။ ကုလသမဂ္ဂမှာ ပိုက်ဆံပြတ်နေပြီ၊ လာမယ့် ဇူလိုင်လကျရင် “ဘဏ္ဍာရေး ပြိုလဲမှု” (Immediate Financial Collapse) ဖြစ်တော့မယ်လို့ သတိပေးနေရပြီ။

ဦးမိုး – အဲဒါကို သိချင်နေတာလေ။ အံ့သြစရာပဲဗျာ။ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးက ပိုက်ဆံပြတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ကြေး မပေးကြလို့လား။
ဦးတိုး – အဲဒါပဲပေါ့ ဦးမိုးရာ။ နိုင်ငံပေါင်း ၁၅၀ ကျော်ကတော့ ပေးကြပါရဲ့။ ဒါပေမဲ့ အကြွေးတင်နေတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလီယံအထိ ရှိနေတာ။ အဆိုးဆုံးကတော့ ကုလသမဂ္ဂရဲ့ အကြီးဆုံး အလှူရှင်ဖြစ်တဲ့ အမေရိကန်ပဲဗျ။ သူတို့က ပုံမှန်ဘတ်ဂျက်အတွက် ၂.၁၉ ဘီလီယံ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် ၂.၄ ဘီလီယံလောက်အထိ မပေးဘဲ ကျန်နေတာ။
ဦးမိုး – အရင်ကလည်း အမေရိကန်က အကြွေးတင်လေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ဒါက ဘာထူးဆန်းလို့လဲဗျ။
ဦးတိုး – အရင်ကတော့ အပေးအယူလုပ်ဖို့ လက်နက်တစ်ခုအနေနဲ့ သုံးတာဗျ။ အထွေထွေညီလာခံမှာ အမေရိကန်ရဲ့ မဲပေးခွင့် မဆုံးရှုံးခင်လေးမှာ ပြန်ပေးလိုက်တာမျိုးပေါ့။ ဒါပေမဲ့ အခု ထရမ့်လက်ထက်မှာတော့ သဘောထားက ပြောင်းသွားပြီ။ အဖွဲ့အစည်းကို အသုံးချဖို့ထက် လုံးဝဘေးဖယ်ထားပစ်လိုက်ဖို့ ကြိုးစားလာတာ။ ထရမ့်ကဆိုရင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ နုတ်ထွက်ဖို့တောင် ကြေညာထားတာလေ။
ဦးမိုး – ဒါဆိုရင် ဒုတိယအလှူရှင်ဖြစ်တဲ့ တရုတ်နိုင်ငံကရောဗျာ။ သူတို့က UN ရဲ့ အခန်းကဏ္ဍကို ကာကွယ်မယ်လို့ ခဏခဏ ပြောနေတာပဲ မဟုတ်လား။ အမေရိကန် မပေးတဲ့ ပိုက်ဆံတွေကို တရုတ်က ဝင်ဖြည့်ပေးလိုက်ရင် မရဘူးလား။
ဦးတိုး – ခင်ဗျားကလည်း… ပြောတော့သာ လွယ်တာဗျာ။ တရုတ်ပညာရှင်တွေ ပြောတာကတော့ တရုတ်နိုင်ငံဟာလည်း စီးပွားရေးအရ ဖိအားတွေ ခံနေရတာပဲတဲ့။ “တစ်ဦးချင်းဝင်ငွေအရ ကြည့်ရင် ငါတို့က ဖွံ့ဖြိုးဆဲနိုင်ငံပဲ ရှိသေးတယ်၊ အပိုဆောင်း ဝန်ထုပ်ဝန်ပိုးတွေ မယူနိုင်ဘူး” လို့ အတိအလင်း ငြင်းထားတယ်ဗျ။ အခုဆို အမေရိကန်က နိုင်ငံစုံဝါဒ (Multilateralism) ကို ကျောခိုင်းသွားလို့ ဖြစ်လာတဲ့ အပေါက်ကို တရုတ်က တစ်ယောက်တည်း ဝင်ပိတ်ဖို့ စိတ်ကူးရှိမှာ မဟုတ်တော့ဘူးဗျ။
ဦးမိုး – ဟုတ်သားပဲ။ ဒါဆိုရင် ကုလသမဂ္ဂကြီးက လုံးဝ ပျက်စီးသွားတော့မှာလားဗျာ။
ဦးတိုး – ပညာရှင်တွေ သုံးသပ်တာကတော့ “လုံးဝကျရှုံးတာမျိုး” (Total Failure) ထက် “အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေ” (Functional Paralysis) မျိုး ဖြစ်သွားနိုင်တယ်တဲ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း အခွင့်အလမ်းရှိတယ်ဗျ။ အမေရိကန်က ဘေးထွက်နေရင် တရုတ်နဲ့ ဥရောပနိုင်ငံတွေ ပိုပြီး နီးကပ်သွားနိုင်တယ်။ အခုတောင် ဥရောပခေါင်းဆောင်တွေ တရုတ်ကို သွားနေကြတာ အမေရိကန်မပါတဲ့ ကုလသမဂ္ဂ (UN minus one) စနစ်ကို ဆက်ထိန်းဖို့ ညှိနေကြတာလို့တောင် ပြောနေကြပြီ။
ဦးမိုး – “UN minus one” တဲ့လား။ စိတ်ဝင်စားစရာပဲဗျာ။ အမေရိကန်မပါဘဲ ကမ္ဘာ့အရေးအခင်းတွေကို ဘယ်လိုများ ညှိနှိုင်းကြမလဲ။
ဦးတိုး – အဲဒါကတော့ ထရမ့်ရဲ့ “ငါပြောရင် အားလုံးတိတ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ တခြားနိုင်ငံတွေရဲ့ “ဘုံအကျိုးစီးပွား” အားပြိုင်မှုပေါ့ ဦးမိုးရာ။ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကတော့ အရင်လို မရှိတော့ပေမဲ့၊ အင်အားကြီးနိုင်ငံတွေက ဆွေးနွေးပွဲ ပလက်ဖောင်းတစ်ခုအနေနဲ့တော့ ဆက်ထားကြဦးမှာပါ။
ဦးမိုး – ခင်ဗျားပြောမှပဲ ကမ္ဘာ့အရေးအခင်းတွေက ရှုပ်ထွေးမှန်း ပိုသိလာရတယ်။

ဦးတိုး – ဒီလို ဦးမိုးရဲ့။ ထပ်ပြောရရင် ကုလသမဂ္ဂအပေါ် ထရမ့်ရဲ့ သဘောထားက အရင်က သမ္မတတွေနဲ့ မတူဘူးဗျ။ အရင်လူတွေက အကြွေးတင်ထားတယ်ဆိုတာ အပေးအယူလုပ်ဖို့ လက်နက်တစ်ခု (Bargaining Chip) အနေနဲ့ သုံးတာ။ များသောအားဖြင့်တော့ မဲပေးခွင့် ဆုံးရှုံးခါနီးရင် အကြွေးပြန်ဆပ်လိုက်တာပဲ။ ဒါပေမဲ့ အခု ထရမ့်ကတော့ “မနှစ်မြို့မှု” ကို အတိအလင်းပြရုံတင်မကဘဲ၊ အဖွဲ့အစည်းကြီးတစ်ခုလုံးကို ဘေးဖယ်ထားဖို့၊ ဂရုမစိုက်ဘူးဆိုတာ ပြဖို့အထိ လုပ်ဆောင်လာတာ။
ဦးမိုး – အဲဒါကတော့ ခက်ပြီဗျ။ ကုလသမဂ္ဂရဲ့ အာဏာစက်နဲ့ ဂုဏ်သိက္ခာကို လုံးဝ လေးစားမှု မရှိတော့တဲ့ သဘောပေါ့။
ဦးတိုး – အတိအကျပဲဗျာ။ ဒါပေမဲ့ ထရမ့်ရဲ့ စတိုင်ကလည်း ခင်ဗျားသိတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Politico သတင်းဌာနကို သူ ဘယ်လိုဖြေတယ်မှတ်လဲ။ “အကြွေးတွေတင်နေတာ ကျွန်တော် မသိသေးဘူး။ ဒါပေမဲ့ ကုလသမဂ္ဂက အကူအညီတောင်းရင်တော့ ဒီပြဿနာကို အလွန်လွယ်ကူစွာ ဖြေရှင်းပေးနိုင်ပါတယ်” တဲ့။ တခြားနိုင်ငံတွေ ပိုက်ဆံပိုထည့်ဖို့ သူက နားချ (သို့မဟုတ် စည်းရုံး) ပေးနိုင်တယ်လို့တောင် မျက်နှာပြောင်တိုက် ပြောသေးတာ။
ဦးမိုး – ဟား… သူကတော့ လုပ်ပြီ။ ဒါဆိုရင် အမေရိကန်က ကုလသမဂ္ဂကနေ တကယ်ပဲ နုတ်ထွက်သွားတော့မှာလား။ သူ့အရင်သမ္မတတွေ လုပ်ခဲ့တဲ့ Bargaining Chip ထက် ပိုပြီး UN ကို သူပြောတဲ့အတိုင်း ဖြစ်အောင်၊ သူ့အာဏာ တည်မြဲအောင် လုပ်နေတာလား မသိဘူးဗျနော်။
ဦးတိုး – ထရမ့်ကို မှန်းဆလို့ မရတော့ ပြောရတာ တော်တော်ခက်ပါတယ်။ လောလောဆယ်တော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်တယ်လို့ သူယူဆတဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ နုတ်ထွက်ဖို့ အစီအစဉ်တွေ ကြေညာထားတယ်ဗျ။ ပညာရှင်တွေကတော့ ဝါရှင်တန်အနေနဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားတွေကနေ ဆက်ပြီး နုတ်ထွက်သွားဖို့ပဲ ရှိတယ်လို့ သုံးသပ်ကြတယ်။ သူတို့အတွက်ကတော့ ကိုယ်ပိုင်အကျိုးစီးပွား (National Interest) က ပိုပြီး ဦးစားပေး ဖြစ်လာတာပေါ့။ တစ်နည်းအားဖြင့် သူပြောလေ့ရှိတဲ့ မာဂါ (MAGA – Make America Great Again) အတိုင်း လုပ်တာလည်း ဖြစ်မှာပေါ့။
ဦးမိုး – အဲဒါကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကြီး တစ်ခုလုံး ပြိုလဲသွားဖို့အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား။
ဦးတိုး – ဟုတ်တယ် ဦးမိုး။ ပညာရှင် ဆောင်လုကျန်း (Song Luzheng) ပြောသလိုဆိုရင် ဒါဟာ အဖွဲ့အစည်းတစ်ခုလုံး ကျရှုံးတာမျိုးမဟုတ်ဘဲ လုပ်ငန်းဆောင်တာတွေ ရပ်တန့်သွားတာမျိုး (Functional paralysis) သာ ဖြစ်လိမ့်မယ်။ အဖွဲ့အစည်းရဲ့ ထိရောက်မှုကတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ ဆက်ပြီး ပူးပေါင်းနိုင်မလားဆိုတာပေါ်မှာပဲ မူတည်နေတော့တာ။
ဦးမိုး – ဒီကြားထဲမှာ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း စိတ်ဝင်စားစရာပဲနော်။ အမေရိကန် မရှိတော့တဲ့ ကွက်လပ်နေရာကို တရုတ်က ဝင်ယူနိုင်မယ်လို့ရော ဦးတိုးမြင်လား။
ဦးတိုး – တရုတ်ပညာရှင်တွေကတော့ လက်တွေ့ကျကျ စဉ်းစားကြတယ်ဗျ။ “ငါတို့လည်း ဘဏ္ဍာရေး ဖိအားတွေ ရှိနေတာပဲ၊ အပိုဆောင်း ဝန်ထုပ်ဝန်ပိုးတွေကို ယူဖို့ဆိုတာ လက်တွေ့မကျဘူး” လို့ ပြောနေကြတယ်။ နန်ကျင်းတက္ကသိုလ်က ပါမောက္ခ ကျူးဖန်း ဆိုရင် “တရုတ်က တစ်ဦးချင်းဝင်ငွေအရ ကြည့်ရင် ဖွံ့ဖြိုးဆဲနိုင်ငံပဲ ရှိသေးတယ်၊ အားလုံးက တာဝန်ခွဲဝေယူကြဖို့ပဲ ဆက်လုပ်သွားမှာ” လို့ အလေးပေး ပြောထားတယ်ဗျ။
ဦးမိုး – ဒါဆိုရင် အမေရိကန်ကလည်း နုတ်ထွက်၊ တရုတ်ကလည်း အပိုတာဝန်မယူဘူးဆိုတော့ ဥရောပကရော ဘယ်လိုနေလဲ။ ဦးတိုး – အဲဒါကတော့ သံတမန်ရေး အခွင့်အလမ်းသစ်ပဲဗျ။ အမေရိကန်နဲ့ တင်းမာနေတဲ့အချိန်မှာ တရုတ်နဲ့ ဥရောပကြား ပိုပြီး နီးကပ်တဲ့ ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်တယ်။ နှစ်ဖက်စလုံးက ကုလသမဂ္ဂကို စစ်ပြီးခေတ် နိုင်ငံတကာအစီအစဉ်ရဲ့ သင်္ကေတအဖြစ် ဆက်ထိန်းထားချင်ကြတာလေ။ အမေရိကန် ဘေးထွက်နေရင်တောင် ကျန်တဲ့သူတွေက နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်ထိန်းထားဖို့ ကြိုးစားကြမှာပဲ။
ဦးမိုး – အင်း… ၂၀၂၆ ခုနှစ်ကတော့ စစချင်းမှာတင် အလှည့်အပြောင်းတွေ တော်တော်များသားဗျ။ မသာမယာ သတင်းတွေကလည်း တစ်နေ့တစ်နေ့ ဖတ်လို့ကို မကုန်နိုင်တော့ဘူး။
ဦးတိုး – ဒါပေါ့ ဦးမိုးရာ။ ကမ္ဘာကြီးကတော့ လည်နေဦးမှာပဲ။ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ လည်မလဲ ဆိုတာကတော့ ဒီကြားထဲမှာ ဒုက္ခရောက်နေကြသူတွေရဲ့ တန်ပြန်ကစားကွက်တွေပေါ်မှာပဲ မူတည်နေတော့ စောင့်ကြည့်ရဦးမှာပေါ့ဗျာ။
ကိုးကား – As UN grapples with cash crisis don’t expect China to fill the gap, experts says, SCMP Feb 6, 2026


