ဗီဒီယိုကို မြင်လိုက်လိုက်ရခြင်းမှာ သမင်တစ်ကောင်ကို ခွေးအတွေ ဝိုင်းဆွဲနေ ကြတဲ့ Animal Planet ထဲက မြင်ကွင်းလို့ ထင်လိုက်မိပါတယ်။ သေချာကြည့်တော့မှ လူတစ်ယောက်ကို ယူနီဖောင်းဝတ် အခြား လူခြောက်ယောက်လောက်က ဝိုင်းဆွဲထိုးနှက်နေကြတာပါ။ အဲဒီလူ လဲကျ သွားခါနီးမှာ သေနတ်သံ ၁၀ ချက်လောက် ကြားလိုက်ရပြီး ဝိုင်းအုံနေတဲ့ယူနီဖောင်းဝတ်တွေက ပစ္စတိုတွေ အသင့်အနေအထားနဲ့ တဖြည်းဖြည်း နောက်ကို ဆုတ်သွားချိန်မှာ ခုနလူက ပက်လက်လန် လဲကျနေတာကို တွေ့လိုက်ရပါ တယ်။ ဘေးနားက အသံတွေမှာ “နင်တို့ဘာလုပ်တာလဲ၊ နင်တို့ ဘာလုပ်လိုက်ကြတာလဲ” ဆိုတဲ့အသံ တွေကြားနေရပါတယ်။
အစကနေ ပြန်ကြည့်လိုက်တဲ့အခါ ခေါင်းစွပ်ဆောင်းထားတဲ့ လူတစ်ယောက်က ဖုန်းကို လက်တစ်ဖက် နဲ့ကိုင်ရင်း ဗီဒီယိုရိုက်နေပါတယ်။ ကျန်လက်တစ်ဖက်က လာနေတဲ့ကားကို ဆက်လာဖို့ လက်ပြနေပါ တယ်။ အဲဒီတုန်းမှာ I.C.E တပ်ဖွဲ့ဝင်တွေရောက်လာပြီး ကားအနီးက အမျိုးသမီးတစ်ဦးကို အားနဲ့ တွန်းပစ်လိုက်လို့ ပလက်ဖောင်းပေါ်လဲကျသွားပါတယ်။ အဲဒီမှာ ခုန ဖုန်းကိုင်ထားတဲ့လူက ထူပေးဘို့ အနားကပ်သွားချိန် I.C.E တွေက သူ့ကိုရော အမျိုးသမီးကိုပါ ငရုတ်ရည် ဖျန်းဆေးရည် နဲ့ ဖျန်းပါတော့တယ်။ နှစ်ယောက်စလုံး ဒူးထောက်လဲကျသွားချိန် I.C.E တပ်ဖွဲ့ဝင် ခြောက်ယောက်လောက်က ခုနလူကို ဝိုင်းတွန်း လှဲပြီး ရိုက်နှက်ကြပါတယ်။ သူ့ကိုယ်ပေါ်မှာ ရှာဖွေနေကြတာမျိုးကိုလည်း မြင်ရပါတယ်။ ခဏချင်းမှာပဲ သေနတ် သံတွေ ၁၀ချက်လောက်ကြားလိုက်ရပြီး I.C.E တွေက ဝိုင်းထားရာက နောက်ကိုဆုတ်သွားချိန် ပက်လက်လန်ကာ မလှုပ်မယှက်လဲနေတဲ့ လူကို တွေ့လိုက်ရပါတယ်။ သူ့ဘေးနားကို I.C.E တွေ ပြန်ကပ်လာပြီး အရေးပေါ် ကုသမှု လုပ်တာကို တွေ့ရပါတယ်။ သေနတ်တွေနဲ့ ဝိုင်းအပစ်ခံလိုက်ရတဲ့ လူက မလှုပ်တော့ပါဘူး။ အခုနောက်ဆုံး မျက်မြင် သက်သေ တစ်ယောက်ရဲ့ ထွက်ချက်အရ အရေးပေါ်ကုသမှု လုပ်ပေးတာမဟုတ်၊ သေနတ်ဒဏ်ရာ ဘယ်နှချက်ဆိုတာ ရေတွက် နေကြတာပါတဲ့။
အထက်ပါ အဖြစ်အပျက်က Renee Good ကို ပစ်သတ်လိုက်ပြီး ဆန္ဒပြမှုတွေ အရှိန်မြင့်နေချိန်မှာ ထပ်မံဖြစ်ပွားခဲ့တဲ့ လူသေစေတဲ့ ပစ်ခတ်မှု နောက်တစ်ခု ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေကြား ထင်ရှားလာတဲ့ လူပုဂ္ဂိုလ်တွေကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။
Alex Pretti, အသက် (၃၇) နှစ်

မင်းနီးယားနားပိုးလစ်စ် ဇာတိ Alex Pretti ဟာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာန (intensive unit) က သူနာပြုတစ်ဦးပါ။ သူဟာ စစ်ပြန်ကြီးတွေကို ဂရုစိုက် စောင့်ရှောက်တတ်သူဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တတ်တဲ့ နောက်ကြောင်းရာဇဝင်လည်း လုံး၀ ကင်းရှင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့က သူဟာ လိုင်စင်နဲ့ကိုင်တဲ့ သူ့ရဲ့ ကိုးမီလီမီတာ ပြောင်းတိုသေနတ်ကို ယူပြီး Renee Good အတွက် ဆန္ဒပြကြမယ့် နေရာကို ထွက်လာခဲ့တာပါ။ အမျိုးသမီးတစ်ယောက်ကို I.C.E တွေက တွန်းလှဲလိုက်ချိန်မှာ သူဟာ ဗီဒီယိုရိုက်နေတဲ့ ဖုန်းကို ကိုင်ထားရင်း ကူညီဖို့ ကြိုးစား ခဲ့ပါတယ်။ I.C.E တွေက သူ့ကို ပါ ဝိုင်းချုပ်တွန်းလှဲပြီး ကန်ကျောက်ခဲ့ကြတဲ့ အပြင် သေနတ်နဲ့ ပစ်ခတ်တဲ့ အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့မိဘများက သူတို့ရဲ့ ကြေညာချက်မှာ ပရစ်တီကို အကြမ်းဖက်သမားအဖြစ် အမည်တပ်တာဟာ ရွံစရာ အပြုအမူပါလို့ ထည့်သွင်း ပြောသွားပါတယ်။ ပရစ်တီရဲ့ နောက်ဆုံးအပြုအမူဟာ အမျိုးသမီးတစ်ဦးကို ကာကွယ်ပေးဖို့သာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ ညီမဖြစ်သူ မိကေးလားကလည်း ပရစ်တီဟာ ကြင်နာတတ်သူ၊ ရက်ရောသူ၊ အားလုံးကို အကာအကွယ် ပေးချင်သူလို့ ပြောပါတယ်။

Renee Good အမှုတုန်းကလိုပဲ ပစ်ခတ်မှုပြီးတာနဲ့ ကင်မရာတွေ ရှေ့ထွက်လာပြီး အကြမ်းဖက်သမားက တပ်ဖွဲ့ဝင် တွေကို သေနတ်နဲ့ ပစ်ဖို့ ကြိုးစားတာမို့လို့ တပ်ဖွဲ့ဝင်တွေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် အလို့ငှာ ပစ်ခတ်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။ ဗီဒီယိုပြကွက်မှာ မြင်ရတာက သူပြောတာနဲ့ လုံး၀ဆန့်ကျင်ဘက်မို့လို့ တစ်တိုင်းပြည်လုံး ပွက်ပွက်ဆူသွားတာမှာ သူတို့နဲ့ ပါတီတူ ရီပတ်ဘလစ်ကန် အမတ်တွေလည်း ပါလာပါတယ်။ ဘယ်နေရာမှာမှ ပရစ်တီက သေနတ်ကိုင်ပြီး ပစ်ဖို့ လုပ်တာမျိုး မတွေ့ခဲ့၊ မရှိခဲ့ပါဘူး။ တစ်ခုပြီးတစ်ခု ထောင့်မျိုးစုံကနေ ထွက်ရှိလာတဲ့ အဖြစ်အပျက် အမှန်သက်သေ ဗီဒီယိုပြကွက်တွေကို ကြည့်ပြီး ခရစ်စတီနိုးမ် ရဲ့ ဗြောင်လိမ်ဗြောင်စား ရှင်းလင်းချက်ကြီးကို အားလုံး ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပေမယ့် ခရစ်စတီနိုးမ်ကတော့ ပြန်လည်ပြင်ဆင်တာမျိုး မလုပ်ဘဲ မျက်စေ့မှိတ် ဆက်လက် ဆုပ်ကိုင်ထားတာပါ။ Home Terrorist လို့ အမည်တပ်လိုက်တာကို အားလုံး ဆတ်ဆတ်ခါအောင် နာကြည်းကြပါတယ်။ အကြီးမားဆုံး ဖျက်ဆီးမှု Maximum damage ကို လုပ်မှာ လို့ စွပ်စွဲတာကို ဘယ်လိုအချက်ကြောင့်များ ဖုန်းလေးလက်ထဲမှာ ကိုင်ထားသူကို ဒီလို စွပ်စွဲရတာလဲ လို့ အားလုံးက အံ့ဩရပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကွန်ဂရက်ထဲက ဒီမိုကရက်အမတ်တွေက နိုးမ်ကို ရာထူးက မဖြုတ်ရင် သို့မဟုတ် မနုတ်ထွက်ဘူးဆိုရင် သူ့ဆီက ရာထူးကို ရုပ်သိမ်းမယ်လို့ ရာဇသံပေးလိုက်ပါတယ်။ DHS ကို ဦးဆောင်ရမယ့် သူမရဲ့ စွမ်းဆောင်ရည်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို သူမက ဖျက်ဆီးလိုက်ပြီလို့ ဆိုပါတယ်။ ပရစ်တီရဲ့ ကိစ္စမှာ လိမ်လည်ပြောဆိုမှုကြီးက ကြီးမားလွန်းလှပြီး သူမကို သူမရဲ့ ရီပတ်ပလီကန်ပါတီဝင်တွေ၊ ဝန်ထမ်းတွေ၊ သမ္မတတောင် ပါတယ် ဆိုပါတယ်။ အားလုံးက အပြစ်တင် နေကြပြီလို့ ပြောကြပါတယ်။ သူမဟာ အမှန်တရားအပေါ် စိတ်မဝင်စားပဲ I.C.E တွေဟာ ဥပဒေရဲ့ အပေါ်မှာ ရှိတယ်ဆိုတဲ့ သတင်းစကားကို ထရမ့်အစိုးရရဲ့ ကိုယ်စား ဖြန့်ဖြူး ပေးနေခြင်းသာ ဖြစ်ပါတယ်။
ဂရက်ဂိုရီ ဗိုဘီနို Gregory Bovino, US Border Control’s Commander-at-large

ဗိုဘီနိုက မူလက ကာလီဖိုးနီးယား နယ်စပ်ရေးရာ ဌာန (Border control unit) ကပါ။ သူ့ကို မင်နီယားပိုးလစ်စ်မှာ တာဝန် ပေးလိုက်တဲ့အချိန် အခု ပစ်ခတ်တဲ့ I.C.E အဖွဲ့ကို သူက ကြီးကြပ်ရတာပါ။ သူဟာလည်း ခရစ်စတီနိုးမ် ရဲ့ လမ်းကြောင်းအတိုင်းပဲ I.C.E တွေကို အပြုံလိုက် ပစ်သတ်ဖို့ ကြိုးစားတာမို့လို့ တပ်ဖွဲ့ဝင်က ပစ်ရပါတယ်လို့ ပြောတဲ့သူပါ။ သူက ထိရောက်တဲ့ ဖမ်းဆီးတာမျိုးတွေကို ကြိုက်ပါတယ်။ ကားမှန်ကိုခွဲ၊ အထဲက လူကိုဖမ်းကွ ဆိုတာမျိုးတွေကို အားပေးသူပါ။ မြို့တော်ဝန် ဖရေးက သူတို့တပ်ဖွဲ့ဝင်တွေ ရောက်ရှိ နေမှုကို “နယ်ချဲ့ကျူးကျော်မှု” လို့ အမည်တပ်ပါ တယ်။ ဗိုဘီနိုက တစ်ချိန်လုံး မင်နီးယားပိုးလစ်စ် နှင်း တွေကြားထဲ အစိမ်းရောင် ဂရိတ်ကုတ်ကြီးကို အမြဲဝတ်နေခဲ့လို့ မီဒီယာတွေက အရင်တုန်းက အာဏာရှင်ကြီးတွေရဲ့ နာဇီယူနီဖောင်းနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
သူ့ရဲ့ မျက်နှာအမူအရာ၊ အပြောအဆိုတွေမှာလည်း ပျော့ပျောင်းနူးညံ့တာမျိုး လုံး၀ မတွေ့ရပါဘူး။ ပြည်သူတွေကို ရန်သူလို့ သတ်မှတ်ထားတဲ့ ပုံစံပါ။ မင်နီးဆိုးတားပြည်သူတွေရဲ့ ကန့်ကွက်ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံရသူပါ။ သေနတ်သမား I.C.E နာမည်ကို ထုတ်ပြန်ဖို့ သူက ငြင်းဆိုတာကလည်း လူထုကို ပိုပြီး အမျက်ဒေါသ ထွက်စေပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ သူ့ကို မူလနေရာ ကာလီဖိုးနီးယားကို ပြန်ပို့လိုက်ပါတယ်။ ရာထူးချတာ လို့ မီဒီယာတွေက ဆိုပေမယ့် သူ့ရဲ့မိခင်ဌာန DHS ကတော့ မဟုတ်ပါဘူး၊ သူဟာ သမ္မတရဲ့ လူတွေထဲ အရေးပါတဲ့နေရာမှာ ရှိဆဲပါ လို့ ချေပပါတယ်။ နေရာပြောင်းပို့လိုက်တာ အပြင် သူ့ရဲ့ social media ဝင်ခွင့်ကိုလည်း ပိတ်ထား တယ် ဆိုပါတယ်။ သူ့နေရာ အစားဝင်လာတာက နယ်ခြားဘုရင်လို့ ခေါ်ကြတဲ့ တွမ်ဟိုမင်း ပါ။
ဒေါ်နယ်ထရမ့်

သမ္မတကလည်း ထုံးစံအတိုင်း သူ့ရဲ့ I.C.E တွေဘက်ကပဲ ရပ်တည်ပါတယ်။ သူကတော့ သေနတ်နဲ့ ပစ်ဖို့ အကြံအစည် ရှိ မရှိဆိုတာကို အဓိကမထားပဲ သေနတ်ဘာလို့ ယူလာတာလဲ လို့ မေးခွန်းထုတ်ပါ တယ်။
ဇန်နဝါရီ ၂၈ရက်နေ့မှာတော့ သမ္မတက လေသံပျော့လာပြီး မင်နီးယားပိုးလစ်စ်မှာ ဖြစ်ပျက်ခဲ့တာတွေ ဟာ စိတ်မကောင်းစရာတွေပါ လို့ ပြောလာပါတယ်။ သူ အရင်က အမျိုးမျိုးရှုတ်ချခဲ့တဲ့ မင်နီးဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့လ်ဇ် နဲ့ ဇန်နဝါရီ ၂၆ရက်နေ့က ဖုန်းခေါ်စကားပြော အပြီးမှာ တူညီတဲ့အတွေးတွေ ရှိနေပြီလို့ ပြောခဲ့ပါတယ်။ ဗိုဘီနိုနဲ့ အချို့သော တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းတော့မှာပါ။ “ဗိုဘီနိုက လူတော်ပါ။ သူတော်တဲ့ နေရာတွေရှိတယ်။ ဒါပေမဲ့ အဲဒီမှာ (မင်းနီးယားပိုးလစ်စ်) တော့ သူ မတော်ဘူး” လို့ ထရမ့်က ဆိုပါတယ်။
ပရစ်တီကာကွယ်ဖို့ ကြိုးစားခဲ့သူ အမျိုးသမီး

သူ့ရဲ့ အမည်ကို ဖော်ပြတာ မတွေ့ရသေးပါ။ ဒါပေမဲ့ အခင်းဖြစ်ချိန်မှာ သူမရဲ့ အနေအထားက အလွန် အရေးပါတာကြောင့် သူမရဲ့ ထွက်ဆိုချက် ကလည်း အရေးကြီးလှပါတယ်။ ရက်အတန်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် သူမက ထွက်ဆိုခဲ့ရာမှာ သူမ I.C.E တပ်ဖွဲ့ဝင်ရဲ့ တွန်းလှဲ ခံရချိန် ပရစ်တီဟာ သူမကို ကာကွယ်ဖို့ သက်သက်ကိုပဲ အားထုတ်ခဲ့တာ ဖြစ်ကြောင်း၊ သူမအနားကို ရောက်လာရာမှာ ဒေါသမရှိ၊ သေနတ်လည်း မကိုင်ထား၊ နောက်ဆုံးစက္ကန့်ပိုင်းလေး သေနတ်နဲ့ အပစ်မခံရခင် သူနဲ့ မျက်လုံးချင်းဆုံမိချိန်မှာ သူ့ရဲ့ ရည်ရွယ်ချက်က သူမကို အကာ အကွယ် ပေးဖို့နဲ့ ဘေးက ဝိုင်းလာတဲ့ I.C.E တွေကို အဓိကအာရုံမထားတာကို တွေ့လိုက်ရကြောင်း သူမက ထုတ်ပြောလာပါတယ်။ ဒီထွက်ဆိုချက်ဟာ အစိုးရဘက်က ပုံဖော်နေတဲ့ အကြမ်းဖက်သမားရဲ့ ရန်လိုမှု ဆိုတဲ့ လမ်းကြောင်းကို လုံး၀ ပျက်ပြယ်သွားစေမှာပါ။
ဇန်နဝါရီ ၂၈ နေ့အထိ
အခုလက်ရှိ မင်နီးယားပိုးလစ်စ် အရေးအခင်းကြောင့် I.C.E အဖွဲ့အတွက် လျာထားတဲ့ ရန်ပုံငွေကို ရပ်တန့်ပစ်ဖို့ ရီပတ်ဘလစ်ကန်ပါတီဝင်တွေ အပါအဝင် အများစုက ဆန္ဒပြုလာကြပါပြီ။ ခရစ်ယာန် သာသနာဂိုဏ်းခွဲ အမေရိကန် ဘုန်းတော်ကြီးက လူသိရှင်ကြား ရန်ပုံငွေ ရပ်တန့်ဖို့ ထုတ်ပြန်လိုက်တာ ထရမ့်အစိုးရအတွက် ချက်ကောင်းထိသွားပါ တယ်။ Texas ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့ ခြိမ်းခြောက်သွားပါတယ်။ ပြည်နယ်အချို့ကလည်း ဗဟိုအစိုးရကို တရားစွဲဖို့ ပြင်ဆင်နေကြပါပြီ။ I.C.E တွေကို အထိန်းအကွပ်မဲ့ လှုပ်ရှားစေတာ၊ သူတို့ဟာ ဥပဒေရဲ့ အပေါ်မှာ ရှိနေသလို အကာအကွယ် ပေးတာ၊ လူမျိုးစွဲ ပါတီစွဲ အာဃာတတွေ ထားတာ၊ ဘေးနားမှာ ရှိတဲ့ အနီးကပ် အတွင်းလူတွေက အရည်အချင်း မပြည့်၀တာ၊ ဒီအချက်တွေနဲ့ပဲ သမ္မတ ထရမ့်ရဲ့ နိဂုံးဟာ ထင်တာထက် မြန်သွား တော့မယ်လို့ ထင်မိပါကြောင်း။
စုစည်းတင်ပြသည်။


