| A Midsummer Night’s Dream Act 5, Scene 1 | သူရူး၊ ချစ်သူနှင့် ကဗျာဆရာ |
| Lovers and madmen have such seething brains, Such shaping fantasies, that apprehend More than cool reason ever comprehends. The lunatic, the lover, and the poet Are of imagination all compact. One sees more devils than vast hell can hold— That is the madman. The lover, all as frantic, Sees Helen’s beauty in a brow of Egypt. The poet’s eye, in fine frenzy rolling, Doth glance from heaven to Earth, from Earth to heaven. And as imagination bodies forth | ချစ်သူများနှင့် ဥမ္မတကတို့ဟူသည် ဆူဝေဘောင်ဘင် ဦးနှောက်ရှင်များဖြစ်သည်နှင့်အညီ တည်ကြည်အေးဆေးသည့်အတွေးဉာဏ်ထက် တဟန်ထူးခြားသည့်စိတ်ကူးများရှိတတ်ကြ၏။ သူရူး၊ ချစ်သူနှင့် ကဗျာဆရာဟူသည်မှာ စိတ်ကူးအတွေးများကို ဒွေးစရနယ်ထားခြင်းသာ။ ငရဲသားထက်များပြားသည့် နတ်မိစ္ဆာများကို စိတ်ဖောက်ပြားသည့်သူရူးက စိတ်ကူးတွင်မြင်နေရ၏။ သူ့အလားစိတ်ထွေပြားသည့် အချစ်သမားတို့က အဲဂုတ္တပြည်၏လွင်တီးခေါင်တွင် ဟယ်လင်၏အလှကို မြင်ကြသည်။ အတွေးရေယဉ်ဦးဝယ် ယစ်မူးနေသည့်ကဗျာဆရာက ဘွေအာကာမှသည်မြေလွှာ၊ မြေလွှာမှသည်ဘွေအာကာ လူးလာယှက်လျက်၊ တချက်ငဲ့စောင်းကြည့်သည်တွင် မမြင်ဘူးလေသည်များကိုစိတ်ကူးတွင်အသွင်ဖော်သည်၌ ကဗျာဆရာ၏ကလောင်သွားသည် ဝတိမ်ယံမိုးဖျားမှ ဒြပ်မဲ့အခိုးများကို သဏ္ဌာန်ထင်ဟပ် သညာတွင်အပ်စေသတည်း။ |
ဆရာမောင်သာနိုးနည်းတူ ဆရာမောင်သော်ကသည်လည်း သူဖတ်ရှုခံစားရသည့်အင်္ဂလိပ်ကဗျာများကို အများသူငါ ဖတ်ရှု ခံစားစေရန် ရည်သန်၍ ကောင်းနိုးရာရာကဗျာများကို အပြည့်အစုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာပြန်တင်ဆက်ခဲ့သူဖြစ်သည်။ သူ့ဘာသာပြန်က ဆရာနိုးလက်ရာလို တောင့်တင်းကျွတ်ဆတ်မနေ။ ပျော့ပျောင်းချိုသာသည်။ နားဝင်ချောသည်။ ကဗျာဆန်သည်။ ဒီအတွက် ပေးဆပ် လိုက်ရတာ တစ်ခုတော့ရှိသည်။ ကဗျာရဲ့အခြေခံအားတစ်ခုဖြစ်တဲ့ ကျစ်လျစ်မှု လျော့ရဲသွားခြင်းပဲဖြစ်သည်။ ထို့ပြင် အချို့နေရာများ၌ အကောက်အယူချွတ်ချော်တိမ်းပါးနေသည်များကိုတွေ့ရသည်။ ဤချွတ်ယွင်းချက်မျိုးက ဆရာနိုး၏ဘာသာပြန်တွေထဲ တွေ့ခဲလှသည်။
အထက်ပါကောက်နုတ်ချက်က တကယ်တော့ကဗျာမဟုတ်လေ။ စာဆိုတော်ကြီး ရှိတ်စပီးယား၏ “နွေလယ်ညအိပ်မက်” ပြဇာတ်ထဲက ဇာတ်ကောင်နှစ်ဦး (မြို့စားကြီးနှင့် သူ့ကြင်ရာတော်) အချီ အချပြောဆိုနေသည်ကိုလင်္ကာသွားဇာတ်စကားဖြင့် ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဤအချက်ကို ဆရာသော် ဂရုပြုမိဟန်မတူ။ ထို့ကြောင့် သူ့ဘာသာပြန်ကိုစကားပြောဟန်အစား စာဟန်ဖြင့် ရေးလိုက်ခြင်းဖြစ်မည်။ ဆရာ့ ဘာသာပြန်ထဲ ပြောစရာတစ်ခုက The lover, all as frantic, / Sees Helen’s beauty in a brow of Egypt. ကိုဘာသာပြန်ထားတဲ့ကိစ္စပါပဲ။
အေသင်မြို့စားကြီး၏ကြင်ရာတော်လောင်းက လူငယ်ချစ်သူနှစ်စုံတွဲ တောထဲမှာဆန်းဆန်းကြယ် ကြယ်ဖြစ်ခဲ့ကြုံခဲ့ရတာတွေကို သိရတဲ့အခါ သူ့ခမျာအံ့သြခြင်းကြီးစွာဖြစ်ရသည်။ မြို့စားကြီးကမူ သူ့ကြင်ရာတော်ကဲ့သို့ကြီးကြီးကျယ်ကျယ်အံ့သြခြင်းမဖြစ်မိ။ ဒီကလေးတွေ ပြောတာ ဆိုတာတွေက စိတ်ကူးယဉ်ဆန်လွန်းသည်။ သူတို့ပြောတာတွေက ဒဏ္ဍာရီလိုလို၊ အိပ်မက်လိုလို၊ တကယ် ဖြစ်ခဲ့တာ လိုလို။ လောကကြီးထဲမှာ မည်သည့်အရာမဆို အကြောင်းနှင့်အကျိုးနှင့်မကင်းနိုင်။ ဒီကလေးတွေ အချစ်ဆိပ်တက်ပြီး ပြောမိ ပြောရာ ပြောနေခြင်းဟု သူမြင်သည်။ ဒီလိုအချစ်ရူးတွေနည်းတူ လောကကြီးမှာ စိတ်ကူးနှင့်ရူးသူတွေရှိသေးသည်။ သူတို့ကတော့ သူရူးနှင့် ကဗျာဆရာ။
မြို့စားကြီးအလိုအရ လောကကြီးမှာ စိတ်ကူးယဉ်လွန်းတဲ့၊ ရွှေဉာဏ်တော်စူးရောက်လွန်းတဲ့သူသုံးဦးရှိသည်။ သူရူး၊ အချစ်ရူးနှင့် ကဗျာစာဆို။ သူရူးက ငရဲဘုံလျှံထွက်လောက်အောင်များပြားတဲ့နတ်မိစ္ဆာတွေကို မြင်ချင်တိုင်းမြင်သတဲ့။ အချစ်ဆိပ်တက်နေသူကလည်း မယ်ရုပ်ဆိုးကို အလှဘုရင်မိဟယ်လင်ထင်လိုထင်တဲ့။ ကဗျာစာဆိုကလည်း မြေပထဗျာကနေ ဗွေအာကာကိုအနုလုံပဋိလုံရှုရင်း အာကာကိုလွှာပုံပြု၊ မေရုကိုစုတ်တံချီ၊ သမုဒ်မင်ရည်ဖျော်ပြီးရေးသတဲ့။ မရှိကိုအရှိလုပ်၊ ဝိုးတဝါးအငွေ့ကို / အိပ်မက်ကို အထည်ကိုယ်ဒြပ် / အကောင်အထည် အဖြစ်အသွင်ပြောင်း၊ မရှိတဲ့အရပ်ဒေသတွေကို စိတ်ကူးနှင့်ဖန်တီး၊ အမည်တွေပေးလိုပေးတဲ့။ သူတို့ရူးလိုက်ပုံက။

ဒီနေရာမှာ အလှဘုရင် မိဟယ်လင်ဆိုတာ ဘယ်သူပါလိမ့်။ သူက ဂရိဒဏ္ဍာရီလာမိဖုရား။ ထရွိုင်ကဟယ်လင် (Helen of Troy) ဟု လူသိ များသည်။ ကမ္ဘာပေါ်၌အလှဆုံးအမျိုးသမီးဟုအဆိုရှိသည်။
စပါတာဘုရင် မင်နယ်လေးယပ်စ် (Menelaus) ၏မိဖုရားဖြစ်၍ စပါတာကဟယ်လင်ဟုလည်းတွင် သည်။ နောင်အခါ ထရိုဂျန်မင်းသား ပဲရစ်နှင့် ဆုံသော်ရည်ငံပြီး ထရွိုင်သို့လိုက်ပြေးသည်။ သို့ဖြင့် နာမည်ကျော်ထရိုဂျန်စစ်ပွဲကြီးပေါ်ထွန်းလာရသည်။ ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလျဒ် မော်ကွန်းကဗျာရှည်ကြီးက ဤအကြောင်းအရာကိုဖွဲ့နွဲ့သီကုံးထားခြင်းဖြစ်သည်။ ဟယ်လင်မင်းသမီး၏ အလှကို စာဆိုအသီးသီးက အပြိုင်ဖွဲ့ ဆိုကြရာ ၁၆ ရာစုအင်္ဂလိပ်ပြဇာတ်ဆရာ၊ ကဗျာဆရာ ခရစ္စတိုဖာမားလို၏ ဒေါက်တာဖားစတပ်စ်ပြဇာတ်ထဲမှ အလှဖွဲ့က လူသိများသည်။
Was this the face that launched a thousand ships
And burnt the topless towers of Ilium?
စစ်ချီဖို့ရာ လှေအစင်းပေါင်းတစ်ထောင်ကို ရွက်လွှင့်စေခဲ့တာ
အီလျမ်မြို့တော်ရဲ့အထွတ်မဲ့မျှော်စင်တွေကို မီးတင်ရှို့စေခဲ့တာ ဒီမျက်နှာလား။
(အီလျမ်မြို့တော် = ထရွိုင်မြို့တော်၏အမည်တစ်မျိုး)
a brow of Egypt ဆိုတာကဘာလဲ။ ဆရာသော်, က အဲဂုတ္တပြည်၏ လွင်တီးခေါင်ဟု ပြန်ဆိုထားသည်။ The lover, all as frantic, / Sees Helen’s beauty in a brow of Egypt. ကိုခေတ်စကားဖြင့်ပြန်ရေးရာမှာ a brow of Egypt က ဂျစ်ပဆီမ၏မျက်နှာဟုအဓိပ္ပာယ်ဖွင့်သည်။ (Lovers, who are just as wild, see a gypsy’s face and think it is as beautiful as Helen of Troy’s.)
အချစ်စိတ်မွှန်နေတဲ့သူအဖို့ သူမြတ်နိုးတဲ့ ဂျစ်ပဆီမကိုပင် အလှဘုရင်မိဟယ်လင်လို့ထင်မိသတဲ့။ သာမန်ရွက်ကြမ်းရေကျိုအလှကိုပင်လျှင် ထူးကဲတဲ့၊ ထွတ်မြတ်တဲ့အလှလို့ မြင်မိသတဲ့။ brow က နဖူးပြင် / မျက်နှာနေ မျက်နှာထား / မျက်ခုံး / တောင်စောင်းစောက်ဟု အဓိပ္ပာယ် ထွက်သည်။ a brow of Egypt က အီဂျစ်သူ (သို့မဟုတ်) အသားအရေမည်းမှောင်သူကိုဆိုလိုပါသတဲ့။ အဲလိဇဘက် ဘုရင်မကြီးခေတ် အင်္ဂလိပ်တွေအဖို့ အီဂျစ်လူမျိုးဆိုတာ ရေခြားမြေခြား သူစိမ်းတစ်ရံဆံလူတွေ။ ထိုခေတ် ဥရောပစာပေထဲ ဖွဲ့ဆိုထားတဲ့ စံပြမိန်းမလှလေး တွေက အသားအရေ ဆွတ်ဆွတ်ဖြူသူတွေ။ ဒီကြားထဲကပဲ အချစ်စိတ်နှင့်၊ စိတ်ကူးယဉ်မှုနှင့်၊ မှော်အတတ်နှင့်ပြုစားခံရသူအဖို့ မဲမဲ သဲသဲ မိန်းမပျိုလေးကို အလှဘုရင် မိဟယ်လင်အဖြစ်ထင်မိမှားနိုင်သည်ကော။
a brow of Egypt ကို ဂျစ်ပစီမမျက်နှာ ဟုအဓိပ္ပာယ်ဖွင့်သည်ကို ထောက်ခံသည်လည်းရှိ၊ ကန့်ကွက်သည်လည်းရှိသည်။ ယနေ့ခေတ်တွင် ဂျစ်ပဆီ အသုံးမရှိတော့။ ရိုးမား (Roma) လူမျိုးဟုသာခေါ်ဝေါ်သုံးစွဲကြတော့သည်။ နွေလယ်ညအိပ်မက်ပြဇာတ်ထဲ Egypt ကို ညွှန်းထားတာ ဆိုလို့ ဒီတစ်နေရာကလွဲ၍ အခြားဘယ်နေရာမှ မတွေ့။ ဒီစကားလုံး (အီဂျစ် /အဲဂုတ္တ) ကလည်း ဂျစ်ပဆီမကိုညွှန်းသည်ဟုအတပ်မဆိုသာ။ သို့ပေမဲ့ သူတို့အလှစံပေတံနှင့်မကိုက်ညီတဲ့ နိုင်ငံခြားသူ၊ အသားအရောင်ကွဲ ပြားသူအမျိုးသမီးတစ်ဦးဦးကိုညွှန်းတာဖြစ်ကြောင်း၊ အဲဂုတ္တပြည်၏ လွင်တီးခေါင်ကို ပြောတာ မဟုတ်ကြောင်းကိုတော့ဖြင့် အသေအချာပြောနိုင်ပါသည်။
စာတွေကဗျာတွေထဲ အီဂျစ်အမည်နှင့်တွဲတွေ့ရတတ်သည့် စကားစုတစ်ခုက Fleshpots of Egypt ဖြစ်သည်။ အီဂျစ်ပြည်၏ အသားအိုး ငါးအိုးတွေ (pots of meat) ဟု အနက်ရသည်။ သူ့ဇာစ်မြစ်က သမ္မာကျမ်းစာ၊ ထွက်မြောက်ရာကျမ်း – အခန်းကြီး ၁၆၊ ငယ် ၁-၃ ကလာတာဖြစ်သည်။
တဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ ၏။ အဲဂုတ္တပြည်မှထွက်သွားသောနောက် ဒုတိယလဆယ့်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တော်သို့ရောက်ကြ၏။
ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က ငါတို့သည် အဲဂုတ္တပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာ စားရသောအခါ ထာဝရဘုရား၏လက်တော်ဖြင့် သေလျှင်သာ၍ကောင်း၏။ ယခုမူကား ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှါ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကိုအပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
(ယုဒသန်။ ၁၉၇၇။ သမ္မာကျမ်း။ စာပေဗိမာန်။ ရန်ကုန်)
အဲဂုတ္တပြည်ကထွက်အပြေး လမ်းမှာအစာရေစာငတ်ပြတ်တဲ့အတွက် အရင်ကျွန်ဘဝက အသားငါးဝဝလင်လင်စားခဲ့ရတာကို အမှတ်ရကြတာ။ အခုလိုတောတောင်ထဲငတ်ငတ်ပြတ်ပြတ်သေရတာနှင့် စာလျှင် ဝဝစားရင်း သေတာကကောင်းသေးသည်ဟူလို။ အတိတ်က သူတို့ ခံစားခဲ့ရတဲ့ ကာမဂုဏ် စည်းစိမ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေကို တရှိုက်မက်မက်တမ်းတနေတာဖြစ်သည်။ စာထဲပေထဲမှာ ဤစကားစု (fleshpots of Egypt) ကို ကာမဂုဏ်အာရုံကိုမက်မက်မောမောခံစားခြင်း၊ အတိတ်ကခံစားခဲ့ရသောကာမဂုဏ်အာရုံများ / ဝတ္ထုများကို အမှတ်ရ လွမ်းဆွတ်ခြင်း ဟူသည့် အဓိပ္ပာယ်နှင့်သုံးစွဲကြသည်။ ကာမဂုဏ်စည်းစိမ်၏သွေးဆောင်ဖြားယောင်းမှုကို တောင့်မခံနိုင်ခြင်း၊ အကျင့်စာရိတ္တ ယိုယွင်း ပျက်စီးခြင်း ဟူ၍လည်း ဆိုလိုရိပ်ရှိသည်။
ယင်း “နှစ်သစ်ကူး ချစ်ဦးလက်ဆောင်ကဗျာများ” စာအုပ်ထဲ ရှိတ်စပီးယား၏ ဆွန်းနက်၊ အမှတ် ၁၀၆ ကဗျာဘာသာပြန်,ပါသည်။ ဒီကဗျာထဲမှာ လည်း brow ပါသည်။
In praise of ladies dead and lovely knights,
Then, in the blazon of sweet beauty’s best,
Of hand, of foot, of lip, of eye, of brow,
I see their antique pen would have express’d
Even such a beauty as you master now.
လွန်လေတဲ့ဒေဝစ္ဆရာများနဲ့ သူရဲကောင်းတို့ရုပ်ပုံလွှာ
လှကညာကိုလွှားကာမှာ ရေးထားညောင်းတော့
လက်မောင်းသား နုဖဝါး မျက်လုံးများနဲ့ ခုံးမွေးပါး
ရှေးထက်ကာရီမှာ ကဗျာသီကြပေမယ်ပေါ့
ဒီနေ့ခါ မင်းအလှကို သင်းတို့မြင်ရသည့်အလား။
ဒီနေရာမှာတော့ ဆရာမောင်သော်က က brow ကို ခုံးမွေးပါးတဲ့။ ကဗျာဆရာဖော်ပြတဲ့ အလှစာရင်းထဲ လက်ရယ်၊ ခြေရယ်၊ နှုတ်ခမ်းလွှာရယ်၊ မျက်စိရယ်၊ နဖူးရယ်ပါသည်။ ဆရာသော်စာရင်းထဲ နှုတ်ခမ်းနှစ်လွှာပါမလာ။ ကာရန်ကိုငဲ့၍များ ချန်ထားခဲ့လေသလား။ ကဗျာဆရာ စံတင်ထားတဲ့ အလှပိုင်ရှင်တွေထဲ အမျိုးသမီးများသာမက လူချောလူလှမြင်းစီးသူရဲကောင်းတွေလည်းပါသည်။ ဒီတော့ နုဖဝါး၊ ခုံးမွေးပါး ဆိုတဲ့အသုံးအနှုန်းများက မြင်းစီးသူရဲကောင်းတွေနှင့် အပ်စပ်၏၊ မအပ်စပ်၏ ဆန်းစစ်စရာဖြစ်လာပြန်သည်။
“လှကညာကိုလွှားကာမှာ ရေးထားညောင်းတော့” (Then, in the blazon of sweet beauty’s best)
ဆိုတဲ့ ဘာသာပြန်ကလည်းပြောစရာရှိသည်။ အချောတကာ့ အချောဆုံး၊ အယဉ်တကာ့အယဉ်ဆုံးသူ (sweet beauty’s best) တွေရဲ့အလှကို စီကာစဉ်ကာ စာရင်းလုပ်ထားခြင်းကိုဆိုတာဖြစ်သည်။ “လှကညာကို လွှားကာမှာ ရေးထားညောင်းတော့” ဆိုတာ ဘာကိုဆိုလိုမှန်းမသိ။ ကညာပျိုရဲ့အလှဖွဲ့ကို လွှားကာမှာရေးထိုးထားတယ်လို့ပြောချင်တာလား။ “ရေးထားညောင်းတော့” ဆိုတာကြီးကလည်း ကဗျာနံ့ မသင်းလှ ပေဘူး။ ဒီတော့ blazon ဆိုတာဘာလဲ။ ဆရာကြီးဒေါက်တာဘဟန်၏ The University English-Burmese Dictionary ကဤသို့ဖွင့်သည်။
Blazon, n.
ရိုးရာအမှတ်တံဆိပ်ပါဒိုင်း၊ ရိုးရာအမှတ်တံဆိပ်အတ္ထုပ္ပတ္တိ။ ဥဒါန်းမကျေအပ်သည့်အကြောင်းအချက်မှတ်တမ်း။
v.t.
ဆိုင်ရာရိုးရာအမှတ်တံဆိပ်ပါဒိုင်းရေးထိုးသည်။ ဟိုးဟိုးကျော်အောင် ကြေညာသည်။
ဒီစကားလုံးက Heraldry ဆိုတဲ့ဝေါဟာရနှင့် ဆက်စပ်နေသည်။ Heraldry ဆိုတာကကော ဘာလဲ။
Heraldry, n.
ရိုးရာအမှတ်တံဆိပ်ထိန်းအရာရှိ – ရာထူး – အလုပ်ဝတ္တရား။
ရိုးရာအမှတ်တံဆိပ်အတတ်ပညာ။
ဥရောပအစဉ်အလာအရ ဘုရင်၊ မှူးကြီးမတ်ရာ၊ မင်းမျိုးမင်းနွယ်၊ သူကောင်းမျိုးနွယ်တွေမှာ မိသား စုအစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာအမှတ်တံဆိပ် (Coat of Arms) ဆိုတာရှိသည်။ ယင်းအမှတ်တံဆိပ်ကို သူတို့ကအလွန်တန်ဖိုးထားသည်။ ဤရိုးရာအမှတ်တံဆိပ်ကို မည်သို့ဒီဇိုင်းဆွဲရမည်၊ အမှတ်လက္ခဏာများကို မည်သို့နေရာချရမည်ဆိုသည်ကို ဖွင့်ဆိုထားတဲ့စာကို blazon ဟုခေါ်သည်။ ဒီလိုစာမျိုးက နှောင်းလူတွေအယူအကောက်မမှားရလေအောင်တိကျရသည်။ ကျစ်လျစ်ရသည်။ ဇဝေဇဝါဖြစ်စရာ၊ ဝိဝါဒကွဲစရာ အသုံးအနှုန်းမျိုးမပါရ။ အပ်ကြောင်းထပ်တာတွေ၊ မလိုအပ်ဘဲပုဒ်ဖြတ်ပုဒ်ရပ်ထည့်တာတွေရှောင်ရသည်။ အင်္ဂလိပ်ရှေးဟောင်း သုတေသီ ချားလ်စ်ဘူတဲလ်က ၁၈၆၄ ခုနှစ်တွင် ဤအရေးအသားကို သို့ကလို အဓိပ္ပာယ်ဖွင့်သည်။ အစွမ်းကုန်တိကျရသည်။ အသေးစိတ်ရသည်။ ပြတ်သားရသည်။ ပေါ်လွင်ရသည်။ မလိုအပ်သောစကားလုံးများကိုချန်ရသည်။ ထပ်ကျော့ပြောတာရှောင်ရှားရမည်။ အသေးစိတ်အချက်အလက်များကို စေ့စပ်စွာရေးရမည်။ ချုပ်ပြောရလျှင် တိကျရမည်၊ တိုတောင်းရမည်။ (https://en.wikipedia.org/wiki/Blazon)
ရိုးရာတံဆိပ်ရေးထိုးရာမှာလိုက်နာရမည့်အချက်များကို အသေးစိတ်ရေးထိုးထားတဲ့မှတ်တမ်း (blazon) လိုပဲ ရှေးခေတ်စာဆိုတွေက အလှပိုင်ရှင် လုံမပျို၊ လုလင်ပျိုတွေရဲ့အလှကို အသေးစိတ်တိတိကျကျမှတ်တမ်းတင်ထားတဲ့အကြောင်း စာဆိုကပြောနေခြင်းဖြစ်သည်။ အလှအင်္ဂါရပ်တွေကို catalogue လုပ်တာ (a poetic catalog of a person’s physical features)၊ စာရင်းလုပ်တာပါပဲ။ blazon ၏ ဒုတိယအဓိပ္ပာယ်ဖြစ်သည့် “ဥဒါန်းမကျေအပ်သည့်အကြောင်းအချက်မှတ်တမ်း” ဆိုတာက ဒီနေရာမှာ ကဗျာဆရာ၏ အာဘော်နှင့် ကွက်တိဖြစ်မည်။ ဟုတ်ကဲ့ … သေချာပေါက်ပြောနိုင်တာက လုံမပျို / လုလင်ပျိုတွေရဲ့အလှအင်္ဂါရပ်တွေကိုတော့ မိမိတို့ရဲ့လွှားကာတို့၊ ဒိုင်းတို့မှာမရေးလောက်ပေဘူးဗျ။
ဆရာမောင်သော်ကကို ဒုက္ခပေးသွားတဲ့စကားလုံးတွေက ထူးထူးခြားခြား B နှင့်စတဲ့စကားလုံးတွေဖြစ်နေသည်။ brow နှင့် blazon ။ ဒီကဗျာတွေ ဘာသာပြန်တဲ့ကာလက အင်တာနက်မရှိသေး၊ စာအုပ်စာတမ်း ပြည့်ပြည့်စုံစုံ မရှိသေးသည့်အတွက် ရှိတ်စပီးယား ကဗျာအဖွင့် ဋီကာ အစုံအလင်ကို ဆရာမောင်သော်က လက်လှမ်းမမီဖြစ်ခဲ့ပါလိမ့်မည်။ ဒီကြားထဲကပဲ မိမိတို့စွမ်းသလောက် အားထုတ်ခဲ့ကြသည့်၊ ကဗျာ ဘာသာပြန်စာအုပ်တွေစွန့်စွန့်စားစား “အသေခံ” ထုတ်ဝေခဲ့ကြသည့် ဆရာမောင်သော် ကအပါအဝင် ရှေ့ရှေ့ကဆရာကြီး၊ ဆရာမကြီးများကို အထူးကျေးဇူးတင်ပါသည်။
မိမိဆောင်းပါးကို ဆရာမောင်သော်က၏ကဗျာစာအုပ်၌ ဆရာမကြီးဒေါ်ခင်မျိုးချစ်က “အင်္ဂလိပ်ကဗျာနှင့် မောင်သော်က” အမည်တပ်၍ ရေးသား ချီးမြှင့်ခဲ့သော အမှာစာနှင့် နိဂုံးချုပ်ပါသည်။
တခါတုန်းက ရှိပ်စပီးယား၏ဆွန်းနက်ကဗျာများကို မြန်မာပြန်ထုတ်ဝေစဉ်က အမှာစာရေး ပေးခဲ့ရဖူးသည်။ “ဒီလိုစာအုပ်မျိုးထုတ်တာ အသေခံထွက်တာပဲ …” ဟူသောအဓိပ္ပာယ်နှင့် စာရေးသူက အမှာစာရေးပေးလိုက်သည်။ “အသေခံ” ထွက်သော်လည်းမသေရှာ။ နောက်ထပ် အင်္ဂလိပ်ကဗျာ-မြန်မာစာတအုပ်ထုတ်လိုက်သေးသည်။ ထိုစဉ်က စာရေးသူကို အမှာစာ ရေးမခိုင်းဖြစ်ခဲ့ချေ။ “သေဖော်သေဖက်” တယောက် ကျန်နေခဲ့သည်။
ယခုတကြိမ်တော့ အမှာစာ ရေးဖြစ်အောင်ရေးပေးပါဟု လုပ်ပြန်သည်။ သူ့ဘာသာနန့်ကြော ဆွဲအသေခံထွက်ရာမှာ အဖော်ညှိပြန်ပြီ။ ဒီကလူကလဲ ဒီလိုမျိုးထဲဆိုယင် ပါချင်လှတာနှင့် အတော်ကျသည်။ တကယ်တော့ စာရေးသူမှာ ခုတလော အလွန်အချိန်ဆင်းရဲလှသည်။ သို့ ပေမင့်လေ သူ့ခမျာ ဝံ့ဝံ့စားစားသူများမလုပ်သည်ကို ကြိုးစားလုပ်ရှာပေသည်။ ဟို တကြိမ် နှစ်ကြိမ်က ကဗျာစာအုပ်တွေထုတ်၊ “အသေခံ”ထွက်ပြီးလေပြီ။ ယခု သုံးကြိမ်မြောက် လည်းကောင်း လာပဲ လာချေ သေးသည်။
“ဟယ် … မောင်သော်က၊ သင်သည်အသက်ပြင်းလှချေတကား”
တခါက ကွယ်လွန်သူ စာရေးဆရာကြီး သခင်ဘသောင်း ပြောခဲ့ဖူးသည်။ “ဟဲ့ … ခင်မျိုးချစ်ရဲ့၊ မင်းတို့ငါတို့လို လူတွေကခေတ်အဆက်ဆက် သေပေါက်သေဝမှာ ဝင်ထွက်လမ်းသလားခဲ့ကြတဲ့လူတွေဟ …၊ တကယ်တော့တို့တတွေက သေဖို့ကောင်းတဲ့လူတွေကွ။ သေဖို့ကောင်းတဲ့လူတွေက ခုထိအသက်ရှင်နေကြတော့ သူများအမြင်ကတ်မျက်စိနောက်တာပေါ့ဟ …”
မောင်သော်ကနှင့်စာရေးသူတို့မှာလည်း ထို့အတူပဲဖြစ်နေမလားဟု တွေးမိသည်။ ………
စာပြီးရက်။ ၂၁ ဇူလိုင် ၂၀၂၅
စာညွှန်း။


