နောက်လာတဲ့ မောင်ပုလဲများ
ဦးမိုး – လာဗျ လာပါဗျ ခင်ဗျား မျက်နှာလည်း ပြုံးဖြီးဖြီးကြီးနဲ့ ဘာဖြစ်လာတာတုံးဗျ။
ဦးတိုး – ကျွန်တော်တို့ ဒီတစ်ခါပဲ တစ်ပြိုင်နက် လက်ဖက်ရည်ဆိုင်ကို ရောက်ကြတယ်နော်။ ခင်ဗျား မြင်သလို ကျွန်တော့်မျက်နှာ ဖြစ်နေတာက တခြား ဟုတ်ရိုးလားဗျာ။ အခုပဲ မနက်စောစော ကမ္ဘာ့သတင်းတွေ ဖတ်ပြီး ထွက်လာတာ။ ဘာပြောရမှန်း မသိရလောက်အောင်ကို ဖြစ်တယ်ဗျာ။ အမှန်ကတော့ ပြုံးနေတာ မဟုတ်ပါဘူး။ ဘယ်လိုထားရမှန်း မသိလို့ကို ဒီလိုဖြစ်နေတာ နေမှာ။
ဦးမိုး – ခင်ဗျား ဘာပြောချင်တယ်ဆိုတာကိုတော့ သိသလိုလိုပဲ။ အတူတူပါပဲဗျာ။ ကျွန်တော်လည်း ဒီရက်ပိုင်း သတင်းတွေ ဖတ်မိပါတယ်။ ၂၀၂၆ ခုနှစ်အစကတည်း စလိုက်တဲ့ ပြဿနာတွေဆိုတာ ကမ္ဘာတစ်လွှား နည်းရော့လားဗျ။
ဦးတိုး – ကျွန်တော်ပြောချင်တာ အဲဒါပါပဲ။ ဒီမနည်းတဲ့ ပြဿနာတွေကို ဖန်တီးတာကလည်း လူတစ်ယောက်တည်းကချည်း မွှေနှောက်နေ တယ်လို့ ပြောရမလားပဲ။
ဦးမိုး – ခင်ဗျားပြောတာ အမေရိကန်သမ္မတ ထရမ့်မှ ဟုတ်ရဲ့လား။
ဦးတိုး – ဟား ဟား ဟား။ ဟုတ်ပါသကောဗျာ။ အခုရက်ပိုင်း သတင်းတွေဖတ်နေ နားစွင့်နေသူတွေဆိုရင် ဒီလိုပဲ နားလည် သဘော ပေါက်ကြမယ်ထင်ပါတယ်။
ဦးမိုး – သူ့ပြည်တွင်းမှာရော နိုင်ငံတကာ မျက်နှာစာမှာရော ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘယ်သူမှ မနေရဘူး။ ကျွန်တော် ပြောတာက မပါနဲ့လို့ မပြောပါဘူး။ အရင်ကတည်းက အမေရိကန်ကို “ငပွကြီး” လို့တောင် ခေါ်ကြသေးတာပဲ။ အခုဖြစ်နေတာကတော့ အရင်လိုမဟုတ်ဘဲ ထရမ့်က သူရဲ့ ပုဂ္ဂလိက မကျေနပ်နဲ့မှုတွေနဲ့ အာဃာတတွေအပြင် လူပေါ်လူဇော် လုပ်ချင်၊ အများတကာ အထင်ကြီးခံချင်သူတစ်ယောက်လို သူပြောရင် အားလုံးတိတ် ရမယ်ဆိုတဲ့ စိတ်တဲ့ ဟိုနေရာ လက်လျှို ဒီနေရာ လက်လျှို လုပ်နေသလားလို့ မြင်မိတယ်။
ဦးတိုး – အဲဒါ မမှားပါဘူး။ သူဟာ စစ်ပွဲ ရှစ်ပွဲကို ရပ်နိုင်ခဲ့လို့ နိုဗယ်လ်ဆုနဲ့ ထိုက်တန်တယ်လို့ မျက်နှာပြောင်တိုက်ပြီး သွားတောင်းရဲတာ နည်းတဲ့ သတ္တိတော့ မဟုတ်ဘူးနော်။

ဦးမိုး – မျက်နှာပြောင်တိုက်တယ် လုပ်ပါဗျာ။ ခင်ဗျားကလည်း။ ကျွန်တော်က ဒါကို သတ္တိလို့တော့ မခေါ်ချင်ပါဘူး။
ဦးတိုး – ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါပေမဲ့ အခုနောက်ပိုင်း ထရမ့်လိုပဲ တက်လာတဲ့ မျိုးဆက်သစ်လို့ပဲ ခေါ်ရမလား။ ထရမ့်လို့ တစ်ကျော့ပြန် စင်ပေါ်ကို တက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက နည်းသလားဗျာ။ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သူတို့ ခေါင်းဆောင် ဖြစ်လာချိန်မှာ တွေ့ကြုံရတဲ့ ကိစ္စတွေကတော့ မသေးဘူးဘဲ။ ဒါပေမဲ့လည်း အဲဒီခေါင်းဆောင်သစ်တွေဟာ ထရမ့်လောက် မများ၊ မကြီးမားပေမယ့် လှုပ်လှုပ်ခတ်ခတ်တော့ ဖြစ်သွားကြတယ်လေ။
ဦးမိုး – စိတ်ဝင်စားစရာပဲ။ ပြောပါဦး။
ဦးတိုး – လက်ဝှေ့ အားကစား စကားနဲ့ပြောမယ်ဆိုရင်တော့ ဟဲဗီးဝိတ်တန်းမှာ သုံးယောက်မြင်တယ်။ ပထမတစ်ဦးကတော့ ဟင်း ဟင်း ကျွန်တော်တို့ကို နေ့စဥ် စိတ်လှုပ်ရှားမှုတွေ ပေးနိုင်တဲ့ အမေရိကန် သမ္မတကြီး ဒေါ်နယ်ဂျေ ထရမ့်ပေါ့။ ၂၀၂၅ ခုနှစ် အစပိုင်းမှာ သူ အိမ်ဖြူတော်ကို ပြန်ရောက်ပြီးကတည်းက အမေရိကန်ရဲ့ ပုံမှန် သွားနေကျ လမ်းကြောင်းကို ဂငယ်ကွေ့ ကွေ့ချလိုက်တယ်လို့ တင်စား ပြောရင်တောင် ရမယ်ထင်တယ်။ သံတမန်ရေး ဆက်ဆံမှုတွေကို အရောင်းအဝယ်သဘောမျိုး နဲ့ ကိုင်တွယ်တယ်။ အစဥ်အဆက်က မိတ်ဆွေတွေကို ဘက်ပြောင်းအောင် လုပ်တယ်။ အထူးသဖြင့် နေတိုးရဲ့ လုပ်ရိုးလုပ်စဥ်တွေကို ပုတ်ခတ် ရန်ပြုစကားတွေပြောတယ်။ ရုရှားက ပူတင်ကို သူဘယ်လို ကိုင်တွယ်ရမှန်း မသိလေတော့ ယူကရိန်းက ဇလန်းစကီးကို ရုရှားတောင်းဆိုထားတဲ့ ပိုင်နက်တွေကို ပေးပြီး ငြိမ်းချမ်းရေး ယူဖို့ တွန်းအားတွေပေးတယ်။ တရုတ်ရဲ့ အခြေအနေကို သေသေချာချာ မသုံးသပ်ဘဲ သူအရင်သမ္မတ သက်တမ်းမှာ ရပ်ထားတဲ့ နေရာကနေ ပြန်စကောက်ပြီး ကုန်သွယ်ရေး စစ်ပွဲကို အရှိန်မြှင့်တင်တယ်။ ကျန်တာတွေကတော့ ဒီရက်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ။
ဦးမိုး – ဟုတ်လေသားပဲ။ နောက်နှစ်ယောက်က ဘယ်သူတွေလဲဗျ။
ဦးတိုး – နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံက ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီပါ။ သူလည်း လူသစ်တစ်ယောက်တော့ မဟုတ်ဘူးဗျ။ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ ပြန်အရွေးခံတဲ့အချိန်မှာ ညွန့်ပေါင်းအစိုးရကို ခေါင်းဆောင်ပြီး ပြန်ပေါ်ထွက်လာတဲ့ လူတစ်ယောက်ပေါ့။ ထူးခြားတာက ဒီတစ်ကြိမ် သူဝန်ကြီးချုပ် အသစ် ပြန်ဖြစ်လာတဲ့ အချိန်မှာ သူ့ရဲ့ လားရာကို လုံးဝ ပြောင်းပစ်လိုက်တာ ခင်ဗျား သတိထားမိမယ်ထင်တယ်။
ဦးမိုး – ဟုတ်တယ်ဗျ။ အထူးသဖြင့် အင်အားကြီး အစွန်းနှစ်ဖက်။ အဲ တရုတ်ပါ ပါရင် သုံးဖက်လို့ပြောရမယ် ထင်တယ်။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့အကြားမှာ လိမ်လိမ်မာမာ နေတတ်တယ်လို့ပြောရမယ်ထင်တယ်။
ဦးတိုး – မမှားပါဘူး အချို့ သုံးသပ်သူတွေကတော့ အနောက်နဲ့ ဘရခ်စ် (BRICS) အကြားကို မျှအောင် နေပြီး ကမ္ဘာ့ တောင်ပိုင်းခြမ်းကို အိန္ဒိယက ကိုယ်စားပြုသယောင်ယောင် နေသွားတယ်လို့ ပြောရမယ် ထင်တယ်။ ဘရခ်စ်မှာ ရုရှားရော တရုတ်ရော ပါကြတယ်လေ။
ဦးမိုး – ထင်ပါတယ်။ ကျွန်တော်ကြားမိသလောက်ဆိုရင် ၂၀၂၅ခုနှစ် စီးပွားရေးဘက်မှာ လုပ်ငန်းတော်တော်များများ တရုတ်ဘက်ကနေ အိန္ဒိယကို အများကြီး ပြောင်းရွှေ့သွားကြတယ်။ အထူးသဖြင့် အိုင်ဖုန်းလို လျှပ်စစ်နဲ့ ဖုန်း ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ကားနဲ့ လျှပ်စစ်ကား လုပ်ငန်းတွေနဲ့ ဆေးဝါးနဲ့ ဓာတုလုပ်ငန်း စတာတွေ အများကြီး ပြောင်းသွားကြတယ်ပြောကြတယ်။ အချို့ကလည်း တရုတ်+၁ နည်းဗျူဟာနဲ့ နှစ်ဖက်ခွနေကြတဲ့ ကမ္ဘာ့လုပ်ငန်းတွေ အများကြီးကျန်သေးတယ်ပြောတယ်။ အခြေခံလိုအပ်ချက် ပြဿနာတွေ ရှိနေသေးပေမယ့် ၂၀၂၅ အကုန်အထိ ဂဏန်းတွေက ဆက်တက်နေတုန်းပဲတဲ့။
ဦးတိုး – ဟုတ်လိမ့်မယ် ကျွန်တော်လည်းကြားတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အခုမှ တက်လာတဲ့ မျက်နှာသစ်ကလေးလို့ ပြောရမယ်။ သူက မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ကလော်ဒီယာ ရှိန်းဘောင်း (Claudia Sheinbaum)။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ သမ္မတအဖြစ် ကျမ်းကျိန်ပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို အိမ်နီးနားချင်းက ထရမ့်ကလည်း သမ္မတဖြစ်လာချိန်မှာ အလူးအလှိမ့်ဆိုပဲ။ မက္ကဆီကိုမှာ ပိုဆိုးလာတဲ့ မူးယစ်ဆေးဝါး ပြဿနာ အကြီးအကျယ်တွေနဲ့ အမေရိကန်ကို မက္ကဆီကို နယ်စပ်ကနေ ခိုးဝင်နေကြလို့ လူဝင်မှု ကြီးကြပ်ရေး ပြဿနာ စတာတွေကို ကိုင်တွယ်ဖို့ ထရမ့်ရဲ့ အကြီးအကျယ် ဖိအားပေးတာကို ခံနေရတယ်။
ဦးမိုး – သူလည်း တစ်ဒုက္ခ။ ဆိုင်မဆိုင်တော့ မသိပါဘူး ဟာသဆန်ဆန်ဖြစ်ရပ် တစ်ခုကတော့ ထရမ့်တက်လာချိန်မှာ “မက္ကဆီကို ပင်လယ်ကွေ့” ဆိုတဲ့ နာမည်ကို မကြိုက်လို့ “အမေရိကန် ပင်လယ်ကွေ့” လို့ ပြောင်းလိုက်တာလေ။
ဦးတိုး – ဟုတ်တယ်။ ဒီလူ့မှာလည်း အဲဒီလို ပြဿနာမဟုတ် ပြဿနာတွေနဲ့ပါဆိုဗျာ။
ဦးမိုး – ပြောရင်း စကားလမ်းကြောင်းက လွဲပြီး သူ့ဆီ ပြန်ရောက်တော့မယ်။ ပြောပါဦး ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အကြောင်း။
ဦးတိုး – ပြောပါ့မယ်ဗျ၊ ဖြည်းဖြည်းပေါ့။ နောက်အုပ်စု တစ်စုကတော့ ဥရောပက အပျိုကြီး/လူပျိုကြီး အုပ်စုတစ်စု အကြောင်း။ ပြောချင်တာက တစ်သက်လုံး ဣန္ဒြေရရ သိက္ခာရှိရှိ နေခဲ့ကြပြီး အခု ထရမ့်နဲ့ တွေ့တဲ့အခါကျမှ ဟိုပြေး ဒီပြေး ဖြစ်နေကြရရှာတာ။
ဦးမိုး – ဟား ဟား ခင်ဗျားက ပြောလည်းပြောတတ်ပါ့။ ကျွန်တော် တစ်ခုမှတ်မိတာကတော့ မနှစ် ဇွန်လတုန်းက ဥရောပမှာလုပ်တဲ့ နေတိုး ထိပ်သီးအစည်းအဝေးမှာ နေတိုး အကြီးအကဲ မာ့ခ်ရုတ်က ထရမ့်ကို ဒက်ဒီ (အဖေကြီး) လို့ မျက်နှာလုပ်ပြီး ခေါ်တာတော့ ကြားဖူးလိုက်တယ်။ ဘယ်လိုဖြစ်ကြတာလဲဗျာ။
ဦးတိုး – အဟုတ်ပဲဗျို့။ အဲ ဆက်ပြောဦးမယ်။ အဲဒီ အုပ်စုထဲမှာ ဘရစ်ဆစ် (Brexit) ဆိုပြီး ဥရောပသမဂ္ဂကနေ ၂၀၂၀ ခုနှစ်မှာ ထွက်လိုက်တဲ့ ယူကေနိုင်ငံ လက်ရှိ ဝန်ကြီးချုပ် ကီယာ စတန်မာ (Keir Starmer) ကိုလည်း ပြည်တွင်းမှာ လူကြိုက်နည်းလာတဲ့အပြင် လက်ယာယိမ်းတွေ အင်အားကြီးလာတော့ တစ်ဖက်မှာ ပြည်တွင်းက အခက်အခဲ၊ နောက်တစ်ဖက်က ဥရောပလုံခြုံရေးနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး အကြားမှာ တော်တော်ရုန်းကန်နေကြရတယ်။ ဒီကြားထဲမှာ နော်ဝေနိုင်ငံက ထရမ့်ကို နိုဘယ်ဆုမပေးလို့ ခြိမ်းခြောက်တာ ပြန်ဖြေရှင်းရ၊ ဒိန်းမတ်နိုင်ငံ ကလည်း အမေရိကန်နားက ဂရင်းလန်ကျွန်းသေးသေးလေးကို မနည်း ထွေးတပိုက်ပိုက် လုပ်နေသေးတယ်။ အဲဒီလို အချိန်မှာပဲ ဥရောပတစ်ခွင်မှာ လက်ယာယိမ်းတွေ အားကောင်းလာတာက တစ်ဖက်ပေါ့။
ဦးမိုး – အဲဒါကြောင့် သူတို့ရဲ့ တင်းတင်းမာမာနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ပြန်ပြီး တည့်မတ်အောင် ထိန်းထိန်းသိမ်းသိမ်း မလုပ်နိုင်တာကလည်း ထရမ့် ထင်ရာစိုင်းဖို့ ဖြစ်လာတာလို့ ပြောရင်ရမယ်ထင်တယ်။ မဟုတ်ဘူးလား။
ဦးတိုး – ဟုတ်ပါတယ်။ တကယ်ဆို သူတို့သာ စုစုစည်းစည်းနဲ့ လေသံတစ်သံတည်း ထွက်ခဲ့ရင် ပုံစံတစ်မျိုးတောင် ပြောင်းသွားနိုင်တယ်လို့ ထင်မိတယ်။ ဒီနေရာမှာ မျှမျှတတဖြစ်အောင် ပြောရမယ်ဆိုရင် ထရမ့်ရဲ့ ဥရောပအပေါ် ထင်မြင်ချက်ကိုလည်း မှားတယ်ပြောလို့တော့မရဘူး။ အမေရိကန်က ဘယ်ကိစ္စကိုမဆို ရုရှားဘက်ကို လုံခြုံရေးအရ ဥရောပကို သူဖြစ်ချင်သလို သုံးခဲ့တာလေ။ ဥရောပဟာ ပိုက်ဆံတစ်ပြားမှ စိုက်ထုတ်စရာမလိုပဲ စီးပွားရေးကိုဘဲ အာရုံစိုက်နေခဲ့တာ အခုတော့ ထရမ့်ကိုးရိုးကားယားလုပ်ပုံနဲ့ အစကနေ ပြန်စရမယ့်အခြေအနေ။
ဦးမိုး – ကျွန်တော် ခင်ဗျားသုံးသပ်သွားပုံလေးတွေကို ကြိုက်တယ်ဗျာ။ အရင်က အဲဒီလို မမြင်မိဘူး။ မှန်တာပဲဗျ။
ဦးတိုး – အေးပါဗျာ။ ဒီနေ့မနက်စာ ကျွန်တော်ရှင်းပါ့မယ်။ ခင်ဗျားက မြှောက်ချည်းနေတော့တာပဲ။
ဦးမိုး – ကျေးဇူးပါ။ တကယ်ပြောတာပါဗျ။ ဟဲ ဟဲ။
ဦးတိုး – နောက် အုပ်စုတစ်စုကိုတော့ အပြောင်းအလဲ ကြီးကြီးတွေကို ဖြစ်စေတဲ့ လူတွေလို့ ပြောရမယ်ထင်တယ်။ သူတို့ထဲက ပထမတစ်ဦးက အာဂျင်တီးနား သမ္မတ “ဟာဗီယား မိုင်လေး”။ သူဟာ ၂၀၂၃ ခုနှစ်ကတည်းက သမ္မတဖြစ်ခဲ့တာ ဗျ။ သူက စီးပွားရေးပညာရှင်တစ်ဦး ဖြစ်လေတော့ အာဂျင်တီးနားနိုင်ငံ အကျပ်အတည်းဖြစ်ချိန်တဲ့ ကြုံတော့ ၂၀၂၄ ခုနှစ်လောက်မှာ အရင်းရှင်စနစ်ကို အခြေခံတဲ့ နည်းလမ်းကို စမ်းသပ်တယ်။ သူ့စမ်းသပ်မှုက ဘရခ်စ် (BRICS) အဖွဲ့ လမ်းကြောင်းက နေခွာပြီး အမေရိကန်နဲ့ အစ္စရေးတို့နဲ့ နီးအောင်နေတယ်။ အခုတော့ ထရမ့်ရဲ့ မျက်နှာသာ ပေးမှုကို ရနေပြီး ပြီးခဲ့တဲ့နှစ်က မိုင်လေးက အမေရိကန်ကို ကူညီပေးခဲ့တဲ့သူမို့လို့ အာဂျင်တီးနားနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၄၀ ပစ်ပေးတယ်။
ဦးမိုး – သူ့ကို ကပ်ရပ်နိုင်သူတွေဆိုရင် ပြန်ကြည့်တဲ့ သဘောပေါ့။ ကောင်းပါလေ့ဗျာ။
ဦးတိုး – နောက် ခေါင်းဆောင်တစ်ဦးကတော့ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ သမ္မတ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တို ဖြစ်တယ်ဗျ။ သူ့အကြောင်းကိုအများကြီး ရေးထားတာတွေရှိတော့ ထားလိုက်ပါ တော့။ ပြောချင်တာက ဒီကနေ့ ကမ္ဘာ့ ပထဝီနိုင်ငံရေးမှာ နေရာယူတတ်သူလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားရဲ့ အရေးပါမှုကို အကြောင်းပြုပြီး အမေရိကန်နဲ့ တရုတ်အကြား ကောင်းကောင်း ကစားတတ်သူလို့ဆိုရင် မမှားပါဘူး။ နောက်ဆုံးတစ်ယောက်ကတော့ ဆီးရီးယား သမ္မတအသစ် အာမက် အယ်လ် ရှာရာ။ ဆီးရီးယား အာဏာရှင် အာဆတ်ကို ဖြုတ်ချပြီး ၂၀၂၄ နောက်ပိုင်းတက်လာသူ။ နိုင်ငံအတွင်းမှာ ပြဿနာတွေ အများကြီး ဖြေရှင်းဖို့ ရှိနေသေးပေမယ့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်သူပဲ။ အရင်က သူပုန်ခေါင်းဆောင် ဘာသာရေး အစွန်းရောက်တစ်ယောက်၊ အခုမှာတော့ အရှေ့အလယ်ပိုင်းဒေသတွေ တည်ငြိမ်ရေးမှာ အရေးပါသူဖြစ်လာပြီ။ လက်တွေ့မှာ အီရန်နိုင်ငံကို ခပ်ဖယ်ဖယ်လုပ်ခဲ့တာမို့လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကိုတောင် ဖိတ်ကြားခံခဲ့ရပြီ။
ဦးမိုး – အေးဗျ ခင်ဗျား ခင်းကျင်းပြသွားတော့လည်း ဟုတ်ပေသားပဲ။ ဒီနေ့ ကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာကို ရောက်အောင်သွားဖို့ဆိုတာ သွားတတ်ဖို့လည်း လိုသေးတာကိုးဗျ။ အနည်းနဲ့အများတော့ စွန့်စားမှုတွေကို လက်ခံရှိရမယ်။ လက်ခံပြီးတဲ့နောက် ဘယ်ခြေနဲ့ဘယ်လို ကစားမယ် ဆိုတာလည်း လိုသေးတယ်။
ဦးတိုး – ခင်ဗျားပြောတာ မှန်တယ် သုံးသပ်သွားတာလေးကိုလည်း ကြိုက်တယ်ဗျာ။ ဟေ့လူ ကျေပြီနော်။ ဟား ဟား နောက်တာပါ။ တစ်ခုတော့ ထပ်ဖြည့်လိုက်မယ်။ ဘယ်လို စွန့်စားမှုမျိုးနဲ့ ကစားကွက် လှအောင် ကစား ကစား ပရိသတ်က အားပေးဖို့လည်း လိုဦးမယ်နော်…။


