၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ် စတင်ချိန်ကစပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အရာရှိတွေ နဲ့ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် (အမေရိကန်-ရုရှား-ယူကရိန်း) အစည်းအဝေးမတိုင်ခင်မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအနေနဲ့ သူတို့တောင်းဆိုထားသလို နယ်မြေဆိုင်ရာ တောင်းဆိုမှုတွေကို မလိုက်လျောခဲ့ရင် ယူကရိန်းအပေါ် စစ်ဆင်မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အထူးသံတမန် စတိဝစ်ကော့ နဲ့ သမ္မတထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျရက်ကူရှ်နာတို့ကို “နယ်မြေ ဆိုင်ရာ ပြဿနာကို မဖြေရှင်းပဲနဲ့ ရေရှည်ဖြေရှင်းချက်ကို မျှော်လင့် နေတာဟာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုခဲ့တာကို ရုရှား အကြီးတန်း အရာရှိ တစ်ဦးက ပြန်ပြော ခဲ့ပါတယ်။
သမ္မတ ပူတင်ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ယူရီအူဆာကော့်ဗ်ရဲ့ မှတ်ချက် စကားဟာ “ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကနေ ယူကရိန်းတပ်ဖွဲ့တွေ ရုတ်သိမ်းပေးရမယ်ဆိုတဲ့ သူ့ရဲ့ တောင်းဆိုချက်အပေါ် သမ္မတပူတင်က လျော့မပေးနိုင်တာကို အလေးအနက် ထား ထောက်ပြခဲ့တာပါ။ မစ္စတာ ပူတင်က အရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသကို ၂၀၂၂ခုနှစ်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပေမယ့် ဒီနေ့ အချိန်အထိ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်စကီးက ဒွန်ဘတ်စ်ရဲ့ အရှေ့ပိုင်းဒေသကို စွန့်လွှတ်ရမယ်ဆိုတဲ့ တောင်းဆိုချက် အပေါ် သူလုံးဝ လက်မခံနိုင် ကြောင်း အလေးအနက်ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားရာမှာ ရုရှားက အလားတူ ဆောင်ရွက်မယ်ဆိုမှသာ သူ့အနေနဲ့ ယူကရိန်း တပ်ဖွဲ့တွေ ရုပ်သိမ်းရေးကို စဥ်းစားမှာ ဖြစ်သလို ဒီနယ်မြေတွေဟာ ယူကရိန်း ပိုင်နက်တွေအဖြစ် ဆက်ရှိ နေရမယ်လို့ ဆိုခဲ့တာပါ။
ဇန်နဝါရီလ (၂၃) ရက် သောကြာနေ့မှာ အဘူဒါဘီမှာ ပြုလုပ်ခဲ့တဲ့ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အရာရှိတွေကြားက နှစ်ရက်ကြာ အစည်းအဝေးမှာ ယူရီ အုရှာကော့ဗ်က အခုလို ပြောဆိုခဲ့တာပါ။ ဒီသုံးနိုင်ငံက တက်ရောက်ခဲ့ကြတဲ့ အရာရှိတွေဟာ အခန်းတစ်ခု တည်းမှာပဲအတူ အစည်းအဝေး လုပ်ခဲ့သလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း သေသေချာချာ မသိရပါဘူး ။
ဒါပေမဲ့လည်း ဇန်နဝါရီလ (၂၃) ရက်နေ့က သတင်းထောက်တွေဆီ ပို့ပေးခဲ့တဲ့အသံဖိုင်မှာ ယူကရိန်း သမ္မတ ဇလန်းစကီးက အဘူဒါဘီမှာ ပြုလုပ်နေတဲ့ အစည်းအဝေးနဲ့ ပတ်သတ်ပြီး “ဒါက ရှေ့ကို တစ်လှမ်း တိုးခဲ့တာပါ။ ဘုရားသခင် အလိုတော်အရ ဒီစစ်ပွဲ အဆုံးမသတ်နိုင် ခင်မှာတော့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားနေရမှာပါ။ အခုအစည်းအဝေးကလည်း ဒီလိုကြိုးပမ်းအားထုတ်မူတွေ ထဲက တစ်ခုပါ။ ကျွန်တော်တို့ ရပ်တန့်နေမှာတော့ မဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးက “ဒွန်ဘတ်စ်ပြဿနာက အဓိကပါ။ ဒီပြဿနာ ဖြေရှင်းရေးအပေါ် သုံးဖက်က ဘယ်လိုချဉ်းကပ်မလဲ ဆိုတဲ့နည်းလမ်းကို အဘူဒါဘီမှာ ဒီနေ့နဲ့မနက်ဖြန် ဆွေးနွေးကြမှာပါ” လို့ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ယူရီ အူရှားကော့ဗ်က ရုရှားနိုင်ငံအနေနဲ့ သူ့တောင်းဆိုချက်အားလုံး အပြည့်အ၀ မရမချင်း တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲ သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ ဥရောပလုံခြုံရေးစနစ် တစ်ခုလုံး ပြန်လည် ရေးဆွဲရေး ပါဝင်သလို ယူကရိန်း နိုင်ငံတွင်း စနစ်တွေကို “က”ကနေ “အ”အထိ ပြုပြင် ပြောင်းလဲရေးတွေ ပါပါတယ်။ ဒီလိုသာ ပြုပြင်ပြောင်းလဲခဲ့ရင် ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ သြဇာခံ နိုင်ငံ ဘဝကို အခိုင်အမာ ရောက်သွားမှာပါ။
သမ္မတ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒီမီထရီ ပက်စ်ကော့ဗ် က ရုရှားနိုင်ငံရဲ့ တောင်းဆို ချက် တွေထဲမှာ ဒွန်ဘတ်စ်ဒေသကနေ ယူကရိန်းတပ်ဖွဲ့များ အားလုံး ရုတ်သိမ်းရေး ပါဝင်သလို ဆွေးနွေးရေး အစီအစဉ်ထဲမှာ အခြား သိမ်မွေ့တဲ့ ကိစ္စရပ်တွေလည်း ပါပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်း အမေရိကန်တို့နဲ့ ဆွေးနွေးဖို့ သွားတဲ့ ရုရှားကိုယ်စားလှယ် အဖွဲ့မှာ စစ်ဖက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေပဲ ပါတယ်လို့ ဒီမီထရီ လက်စကော့ဗ် က ရှင်းပြပါတယ်။
ဇန်နဝါရီလ (၂၃) နဲ့ (၂၄) ရက်နေ့တွေမှာ ပြုလုပ်မယ့် အဘူဒါဘီ ဆွေးနွေးပွဲကို တက်ရောက်မယ့် ရုရှား ကိုယ်စားလှယ် အဖွဲ့ကို ရုရှားစစ်ဘက် ရေးရာ ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဖြစ်တဲ့ အီဂေါ ကော့စ်တူးကော့ဗ် ကဦးဆောင်မှာပါ။ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ယူကရိန်း အကြီးတန်း အရာရှိ တစ်ဦးက ယူကရိန်းနိုင်ငံ အနေနဲ့ ဆွေးနွေးညှိနှိုင်း ခေါင်းဆောင်ဖြစ်တဲ့ ရုစ်တန် အူမာယော့ဗ်၊ သမ္မတ ဇလန်းစကီး ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သလို စစ်ဖက်ရေးရာ ထောက်လှန်းရေး အကြီးအကဲဟောင်း ဖြစ်တဲ့ ကီရီလို ဘူဒါနော့ဗ် နဲ့ သမ္မတ ပါတီရဲ့ လွှတ်တော် ခေါင်းဆောင် ဒေးဗစ်အာရာ ခါကီးလား တို့ကို စေလွှတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအရာရှိကပဲ ယူကရိန်းနိုင်အနေနဲ့ သုံးပွင့်ဆိုင်အစည်းအဝေးကို ကြိုဆိုပြီး အစည်းအဝေး ခန်းမထဲမှာ ရုရှား အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အတူရှိပြီး သူတို့ရဲ့ ရှေ့မှောက်မှာ ယူကရိန်းနိုင်ငံ ကိုယ်စား ပြောခွင့်ရတာကို ကျေနပ်တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့က ရုရှားဘာသာစကားကို နားလည်သလို သူတို့ရဲ့ မျက်နှာ အမူအရာကိုလည်း အကဲခတ်နိုင်မှာပါ” လို့ပါ သူက ဖြည့်စွက် ပြောဆို ခဲ့ပါသေးတယ်။
ဇန်နဝါရီလ (၂၂) ရက်နေ့က သမ္မတ သီးသန့်သုံး လေယာဉ်ပျံပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ စကားပြောတဲ့ အခါ သမ္မတထရမ့်က ဇလန်းစကီးနဲ့ ပူတင်တို့ နှစ်ယောက်စလုံးဟာ စစ်ပွဲကို အဆုံးသတ်ဖို့ လိုလား နေကြတယ်လို့ သူယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ပူတင်ဘက်က သဘောတူညီချက် မလိုချင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်၊ ဇလန်းစကီးဘက်ကည်း သဘောတူညီချက် မလိုချင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ခဲ့တဲ့ အချိန်တွေပေါ့။ အခုတော့ သူတို့နှစ်ယောက်စလုံး သဘော တူညီချက်ကို လိုချင်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ စောင့်ကြည့်ကြ တာပေါ့” လို့ ထရမ့်က မှတ်ချက် ပြုသွားပါတယ်။
ရုရှားနိုင်ငံ ဓနရန်ပုံငွေအဖွဲ့ (sovereign wealth fund) ရဲ့ အကြီးအကဲ ကီရီး ဒီမီထရီးယက်ဗ် ဦးဆောင်ပြီး ရုရှားဟာ အမေရိကန် နိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးနေပါတယ်လို့ ယူရီ အုရာကော့ဗ်က ပြောကြားသွားပါတယ်။ “စတိ ဝစ်ကော့ နဲ့ဂျရက်ကူနာ တို့နဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် ပူတင်က ရုရှားကိုယ်စားလှယ် အဖွဲ့ကို တိကျတဲ့ ညွှန်ကြားချက် ပေးခဲ့ပါတယ်” လို့ ယူရီ အုရှာကော့ဗ် က ဆက်ရှင်းပြခဲ့တယ်။
နိုဝင်ဘာလအတွင်း ယူကရိန်းနဲ့ ရုရှားထောက်လှမ်းရေး အရာရှိတွေဟာ အမေရိကန် စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ အဘူဒါဘီမှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားအဖွဲ့တွေဟာ မနှစ် စောစောပိုင်းကလည်း တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ ဒီအစည်းအဝေးတွေဟာ အရေးပါတဲ့ တိုးတက်မှုတွေ မရပဲ အဆုံးသတ်ခဲ့ကြတာပါ။
ပူတင်ဟာ အမေရိကန် နိုင်ငံက ထောက်ခံထားတဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကို ထောက်ခံဖို့ အချိန်ဆွဲ နှောင့်နှေးနေခဲ့တာပါ။ ဒီအစီအစဥ်ဟာ ရုရှားနိုင်ငံရဲ့ လိုလားချက်တွေ အပေါ် အလေးကဲပြီး မူကြမ်း အဖြစ် ရေးဆွဲထားတာပါ။ ဒါက ဒီမူကြမ်းနဲ့ ပတ်သတ်ပြီး ယူကရိန်းနဲ့ ဥရောပ သမဂ္ဂတို့က နောက်ဆက်တွဲ ပြုလုပ်ခဲ့တဲ့ ပြင်ဆင်ချက်တွေကို ရုရှားဘက်က ပယ်ချမယ်ဆိုတာကို ဖော်ပြ နေပါတယ်။
ရုရှားနိုင်ငံဟာ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံ တွေကို ထိထိရောက်ရောက် ပျက်စီးခဲ့တဲ့ အပေါ် မူတည်ပြီး ဆက်တိုက်မယ်ဆိုတဲ့ ယုံကြည်ချက် ပိုခိုင်မာလာပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် လျှပ်စစ် ဓာတ်တွေ ပြတ်တောက်ခဲ့ပြီး စစ်ပွဲကာလာ အဆိုးဆုံး ဆောင်းရာသီမှာ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကီးယက်ဟာ အပူဓာတ်မရ ရေမရှိ ဖြစ်နေခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ယူကရိန်းအပါအဝင် ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေကြား ဆက်ဆံရေးက မတည်မငြိမ်လူးခါနေချိန်မှာ ရုရှား သမ္မတ ပူတင်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မျက်နှာသာပေးမှုကို ထိန်းထားနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။
သမ္မတ ပူတင်နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဂါဇာဒေသအရေး ကြီးကြပ်နိုင်အောင် ဒေါ်နယ်ထရမ့်ဖွဲ့ထားတဲ့ “ငြိမ်းချမ်းရေး ဘုတ်အဖွဲ့” မှာ ရုရှားနိုင်ငံ ပါဝင်ဖို့ ထရမ့်က ဖိတ်ခေါ်ထားချက်အပေါ် ဆွေးနွေးခဲ့သလို ဒေသဆိုင်ရာ အရေးကိစ္စတွေနဲ့ ဂရင်းလန်ကျွန်း လက်လွှဲ ရရှိရေး အမေရိကန် ကြိုးပမ်းမှုတွေကိုပါ ဆွေးနွေးခဲ့ကြောင်း ယူရီအူရှာကော့ဗ်က ပြောပြခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် အမေရိကန်မှာ ပိတ်ဆို့ခံထားရတဲ့ ရုရှားပိုင် ငွေကြေးတွေထဲက ဒေါ်လာ တစ်ဘီလီယံကို ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို လှူဒါန်းပါမယ်လို့ သမ္မတ ပူတင်က အဆိုပြုခဲ့ပါတယ်။
အမေရိကန်မှာ ပိတ်ဆို့ခံထားရတဲ့ ကျန် ရုရှားပိုင် ငွေကြေးတွေကို စစ်ပွဲအလွန်ကာလမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် သုံးစွဲဖို့ကိုပါ သမ္မတ ပူတင်က အဆိုပြုခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီလိုကမ်းလှမ်းထားတဲ့ ငွေကြေးပမာဏဟာ ဥရောပမှာ ပိတ်ဆို့ခံထားရတဲ့ ရုရှားပိုင် ငွေကြေး ယူရို ၁၈၅ ဘီလီယံရဲ့ မဆိုသလောက် ပမာဏပဲ ရှိတာပါ။
ဆွေးနွေးပွဲ ဒုတိယရက်ဖြစ်တဲ့ ဇန်နဝါရီလ (၂၄) ရက်နေ့ အစောပိုင်းမှာ ယူကရိန်းအရာရှိတွေက မြို့တော် ကိယက်ဗ်နဲ့ အရှေ့မြောက်ဒေသ ခါကိဗ် (Kharkiv) မြို့တွေမှာ ညဘက် ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ မြို့တော် ကိယက်ဗ်မှာရှိတဲ့ ပြည်သူတွေဟာလည်း လေကြောင်း တိုက်ခိုက်ခံရရန် သတိပေး ဥသြဆွဲသံတွေ အောက်မှာ ရှင်သန်နေရတာပါ။ ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ရှ်ကို (Vitali Klitschko) က တယ်လီဂရမ်ကနေ “ကိယက်ဗ်ဟာ ရန်သူရဲ့ အကြီးအကျယ် တိုက်ခိုက်မှုကို ခံနေရပါတယ်။ ဗုံးခိုကျင်းတွေထဲကနေ မထွက်ကြပါနဲ့။ လက်ရှိ လူလေးဦး ဒဏ်ရာ ရခဲ့ပြီး အဲဒီအထဲက သုံးဦးကို ဆေးရုံတင်ထားရပါတယ်” လို့ မြို့သူမြို့သားများကို ရေးသား သတိပေးခဲ့ပါတယ်။
ရေရှည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန်မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာပြဿနာဟာ သိသိသာသာ ပိုဆိုးဝါးလာပြီး ယူကရိန်းနိုင်ငံရဲ့ ဒေသ အများအပြားမှာ မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကိယက်ဗ် လျှပ်စစ်ကွန်ယက်ဌာန တာဝန်ခံတစ်ဦးက ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် နဂိုကတည်းက ဆိုးဝါးနေခဲ့ပြီးဖြစ်တဲ့ အခြေခံ အဆောက်အအုံတွေကို ပိုမိုပျက်စီးစေခဲ့ပြီး သုည ဒီဂရီအောက် အအေးချိန်မှာ ပြည်သူအများစုဟာ လျှပ်စစ်ဓာတ်မရ အပူဓာတ်မရှိ ဖြစ်နေရပါတယ်။ ယူကရိန်းရဲ့ စွမ်းအင် ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ မက်ဆင်း တင်ချိန်ကိုက အခြေအနေဟာ လူသားဆိုင်ရာ ကပ်ဘေး အဆင့်ကို ရောက်လုနီး နေပါပြီလို့ မှတ်ချက်ပြုခဲ့ပြီး ရုရှားနဲ့ ယူကရိန်းအကြား ဘယ်လိုသဘောတူညီချက်တွေပဲဖြစ်ဖြစ် စွမ်းအင် အခြေခံ အဆောက်အအုံတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကို ရပ်ဆိုင်းရမယ်ဆိုတာ မဖြစ်မနေ ပါကို ပါရမယ်လို့ ပြောခဲ့ပါတယ်။

ဇန်နဝါရီလ (၂၃) ရက်နေ့မှာ အီတလီ အမျိုးသမီး ဝန်ကြီးချုပ် ဂျီရိုဂျာ မယ်လိုနီက သမ္မတ ထရမ့်အနေနဲ့ ယူကရိန်း စစ်ပွဲကို အဆုံးသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ဒါမှသာ သူ့အနေနဲ့ ထရမ့်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ထောက်ခံ အဆိုပြုနိုင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ ပါတယ်။ သတင်းတွေအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အီတလီနိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ပြည်ပနိုင်ငံ့ ခေါင်းဆောင် တစ်ဦးက ဦးဆောင်တဲ့ အဖွဲ့အစည်းမျိုးမှာ ပါဝင်ခွင့်ပြုမထားဘူးလို့ ဆိုပါတယ်။ ထရမ့်ရဲ့ “Board of Peace” ကို အီတလီနိုင်ငံ ဝင်ရောက်မှာမဟုတ်တာကို ဆိုလိုဟန် တူပါတယ်။
လတ်တလောမှာ ရုရှားက ယူကရိန်းနိုင်ငံအပေါ် စွမ်းရည်နဲ့ မြန်နှုန်းမြင့် ဒရုန်းတွေနဲ့ တိုက်ခိုက် နေပါတယ်။ ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာနက ဒီဒရုန်းတွေရဲ့ အရေးကြီး အစိတ်ပိုင်းတွေကို အနောက်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကုမ္ပဏီတွေက ဝယ်ယူခဲ့တာလို့ ပြောနေပါတယ်။ ဇန်နဝါရီလ အစောပိုင်းက ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တာဝေးတိုက်ခိုက်ရေး ဒရုန်း (Geran-5 long-range attack drone) ကနေ ရရှိခဲ့တဲ့ အပျက်အစီး အပိုင်းအစတွေဟာ စွမ်းဆောင်ရည် အသစ်ကို ရုရှားတို့ ပိုင်ဆိုင်ထားတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ကျွမ်းကျင်သူတွေ အဆိုအရ ရုရှားကသာ ဒရုန်းမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်ပြီးသုံးနေမယ်ဆိုရင် လက်ရှိ အခြေအနေမှာ တောင် မနိုင်ဝန်ထမ်းနေရတဲ့ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်အပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေလိမ့်မယ်လို့ သုံးသပ်နေပါတယ်။

ကြိုတင်ပြင်ဆင်ရေးနဲ့ ပဋိပက္ခ စီမံခန့်ခွဲရေး ဥရောပ သမဂ္ဂဆိုင်ရာ ကော်မရှင်နာ မင်းကြီး ဟက်ဂျာလာဘိရဲ့ အဆိုအရ ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ ရုရှားဟာ စွမ်းအင် အခြေခံအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ ဥရောပသမဂ္ဂဟာ သူတို့ အတွက် အရံထားတဲ့ အရေးပေါ်မီးစက် ၄၄၇ လုံးကို ယူကရိန်းနိုင်ငံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို အေးခဲပြီး ဒူးထောက် လာအောင် လုပ်နေတာကို အီးယူက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒီဆောင်းရာသီကို ကျော်ဖြတ်နိုင်အောင် ယူကရိန်းပြည်သူတွေကို ကျွန်တော်တို့က ကူညီပေးသွားမှာပါလို့ ဟက်ဂျာလာဘိက ဆက်ပြောသွားခဲ့ပါတယ်။
ဇန်နဝါရီလ (၂၄) ရက်နေ့ ညှိနှိုင်းရေး အစည်းအဝေး ရလဒ်ကောင်း မထွက်ခဲ့တဲ့ နောက်ပိုင်း သိရတဲ့ သတင်းတွေအရ ဖေဖော်ဝါရီလ (၁) ရက်နေ့ တနင်္ဂနွေနေ့ကျရင် အာရပ်စော်ဘွားများနိုင်ငံမှာ ရုရှား နဲ့ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ ပြောခဲ့သလို၊ ဒီတစ်ခေါက်မှာ ရုရှားဖက်က ပိုပြီးအရေးပါသူ ဝါရင့် ညှိနှိုင်းရေးမှူးများ စေလွှတ်ဖို့ ပါရှိကြောင်း ယူကရိန်း ထိပ်တန်းအရာရှိများရဲ့ ပြောထားကြောင်း တင်ပြလိုက်ရပါတယ်။ ဒီအချိန်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က “သမ္မတပူတင်ဘက်က အေးခဲနေပြီး ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ကိယက်ဗ်ကို အပစ်ရပ် တစ်ပတ်ကြာ သဘောတူထားတယ်” လို့ ပြောပါတယ်။
ကိုးကား –
၁။ Ukraine must give up territory for war to end, Russia insists ahead of talks, The Financial Times, ဇန် ၂၃
၂။ Trump says Putin agreed to ‘one-week ceasefire over Kyiv’ amid brutal cold, The Independent, ဇန် ၃၀


