ပြီးခဲ့တဲ့နှစ် ကုန်ခါနီးလောက်က နီပေါနိုင်ငံက နာမည်ကြီး နိုင်ငံရေးသမား သုံးယောက် ယှဉ်တွဲပြီး လမ်းလျှောက်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့တယ်။ အဲဒါကို ကြည့်ပြီး လူတွေက မကြာခင်လာတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် သူတို့တွေ နိုင်ငံရေး မဟာမိတ် အသစ်ဖွဲ့လိုက်ကြပြီလားဆိုပြီး ထင်ကြေးတွေပေး ဝိုင်းပြီးတော့ ခန့်မှန်း ခဲ့ကြတာပေါ့။
ဒါပေမဲ့ အပြင်မှာ ဗီဒီယိုထဲကလို သူတို့သုံးယောက် ဆုံတွေ့ခဲ့ကြတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြောချင်တာက အဲဒီဗီဒီယိုက အေအိုင်နဲ့ လုပ်ထားတာ ဖြစ်နေတဲ့ အတုကြီးပါ။
အဲဒီဗီဒီယိုထဲမှာပါတဲ့သူတွေကတော့ ရက်စထရီယာ ဆွာတန်ထရာ (Rastriya Swatantra)၊ ပါတီခေါင်းဆောင် ရာဘီ လာမီချ်ဟန်း (Rabi Lamichhane)၊ ခတ္တမန္ဒူမြို့တော်ဝန်ဟောင်း ဘလန်ဒရာ ရှား (Balendra Shah) နဲ့ လျှပ်စစ်ကဏ္ဍ အကြီးအကဲဟောင်း ကူလမန် ဂီဆင်းဂ် (Kulman Ghising) တို့ ဖြစ်ကြပါတယ်။ တကယ်တော့ အဲဒီ ဗီဒီယိုဟာ အေအိုင် နဲ့ လုပ်ထားတဲ့ အတုအယောင်ဗီဒီယိုတစ်ခုသာ ဖြစ်ပြီး၊ လာမယ့် မတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နီပေါရဲ့ နိုင်ငံရေး လောက ဆိုရှယ်မီဒီယာ တစ်ခုလုံးအခုလို အေအိုင် သတင်းတု ဗီဒီယိုအတုတွေ အများကြီး ပျံ့နှံ့ နေတာပါ။
ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ခြောက်လလောက်က လူငယ်တွေ ဦးဆောင်တဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး အုံကြွမှုကြီးမှာ ဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီ (K.P. Sharma Oli) ပြုတ်ကျသွားခဲ့ပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အုံကြွမှုကြောင့် နိုင်ငံရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းလည်း တော်တော်လေး ကိုင်လှုပ်ခံလိုက်ရသလို အစိုးရအဖွဲ့အစည်းတွေအပေါ် လူထုရဲ့ ယုံကြည်မှုကလည်း အကြီးအကျယ် ပျက်ပြားသွားခဲ့တဲ့ အနေအထား ဖြစ်သွားပါတယ်။
မကြာခင် လပိုင်းတွေ အတွင်းမှာ နီပေါရဲ့ ဆိုရှယ်မီဒီယာ တစ်ခွင် အေအိုင်နဲ့လုပ်ထားတဲ့ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ သီချင်းတွေ အများကြီး အလုံးအရင်းနဲ့ ပျံ့နှံ့နေပါတယ်။ အဲဒီအထဲက အများစုဟာ လူတွေကို လမ်းမှားရောက်စေနိုင်တယ်၊ တချို့ဟာမျိုးတွေဆိုရင် လုံးဝကို အလိမ်အညာပဲ။ ဒါကြောင့်လည်း ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ အခုလို သတင်းတု တွေ အုံနဲ့ကျင်းနဲ့ ပျံ့နေတာဟာ လူထုရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ရှုပ်ထွေး သွားစေ နိုင်တယ်လို့ ကျွမ်းကျင်သူ တွေနဲ့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။
အထူးသဖြင့် နီပေါနိုင်ငံမှာ ဒီအန္တရာယ်က ပိုပြီးတော့တောင် စိုးရိမ်စရာကောင်းနေပါတယ်။ ဘာလို့လဲ ဆိုတော့ သတင်းတုတွေနဲ့ အေအိုင် (Deepfake) တွေကို ခွဲခြားနိုင်တဲ့ “ဒီဂျစ်တယ် အသိအမြင်” (Digital Literacy) ရှိသူက လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းလောက်ပဲ ရှိလို့ပါ။ ဒါ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး မတည်မငြိမ် ဖြစ်ခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် စိတ်ကုန်နေကြတဲ့ လူငယ်မဲဆန္ဒရှင်တွေအတွက်တော့ ဆိုရှယ် မီဒီယာဟာ နိုင်ငံရေးအကြောင်း ဆွေးနွေးဖို့ အဓိကနေရာ ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။
“Generative အေအိုင်” နည်းပညာက သုံးရတာ လွယ်တယ်၊ စရိတ်လည်း မကုန်သလို ဘယ်သူမဆို သုံးလို့ ရနေတယ်။ ဒါကြောင့်လည်း လူတွေက သူတို့အားပေးတဲ့ ကိုယ်စားလှယ်တွေ ဒါမှမဟုတ် အခြား ဝန်းရံသူတွေနဲ့ ဆက်သွယ်ဖို့အတွက် ဒီနည်းပညာကို သုံးလာကြတာပါ” လို့ Digital Rights Nepal နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ သတင်းလွှာ ထုတ်ဝေနေတဲ့ Accountability Lab Nepal က သူခ်တန် လာမာ (Thukten Lama) က ပြောပါတယ်။
သူဆက်ပြောတာက “နိုင်ငံရေးပါတီတွေကလည်း ဒါကို သုံးနေကြတာပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ဝန်းရံ ပံ့ပိုးသူ တွေက ဒီနည်းပညာကို ပိုပြီးတော့ သုံးနေကြ ပုံရတယ်” တဲ့။

အေအိုင် နဲ့ လုပ်ထားတဲ့ အကြောင်းအရာ တော်တော်များများဟာ တရားဝင် သတင်း မထုတ်ပြန်ခင် ကတည်းက ပျံ့နှံ့နေတတ်တာကြောင့် နိုင်ငံရေးအရ အပေးအယူတွေ ဒါမှမဟုတ် မဟာမိတ်ဖွဲ့တာတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ခန့်မှန်းပြောဆိုတာတွေ၊ ကောလာဟလတွေ ကို ပိုပြီး မီးထိုးပေးသလို ဖြစ်စေ ပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် သက်ဆိုင်ရာက ဒါဟာ သတင်းမှားပါလို့ တရားဝင် ငြင်းဆိုပြီး တာတောင်မှ အဲဒီ သတင်းတု ဗီဒီယိုတွေက ဆက်ပြီး ပျံ့နှံ့နေတုန်းပဲ။

လာမီချ်ဟန်း၊ ဘလန်ဒရာ ရှား နဲ့ ကူလမန် ဂီဆင်းဂ်တို့ အတူတူ လမ်းလျှောက်နေတဲ့ ဗီဒီယိုဟာ နီပေါမှာ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ ပါတီကြီးတွေရဲ့ အပြင်ပိုင်းမှာ အင်အားစုအသစ်တစ်ခု ပေါ်လာပြီဆိုတဲ့ သက်သေလို့ လူတွေက ထင်ကြေး အမျိုးမျိုး ပေးနေကြတယ်။
ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ နောက်ထပ် ဗီဒီယိုအတု တစ်ခု ထွက်လာ ပြန်ပါတယ်။ အဲဒီထဲမှာ ကတော့ သူတို့အချင်းချင်း စကားတွေ များကြပြီး လာမီချ်ဟန်း က ကူလမန် ဂီဆင်းဂ်ကို ကန်ထုတ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုး ပြထားတာပါ။ နောက်တော့ လာမီချ်ဟန်း နဲ့ ဘလန်ဒရာ ရှား တို့နှစ်ယောက် နောက်ဆုံးမှာ နိုင်ငံရေးမဟာမိတ်ဖွဲ့တဲ့ ကိစ္စဟာ တကယ် ဖြစ်ခဲ့ကြပါတယ်။
အခြား အေအိုင် နဲ့ လုပ်ထားတဲ့ ဗီဒီယိုတွေကတော့ ဒီထက်ပိုပြီး ပြင်းထန်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း အိုလီ နဲ့ ကွန်မြူနစ်ပါတီညှိနှိုင်းရေးမှူး ဒဟလ် (Dahal) တို့ လက်သီးချင်း ယှဥ်ထိုး သတ်ပုတ် နေကြတယ် ဆိုတဲ့ ဗီဒီယိုတွေကနေ ဒဟလ် တစ်ယောက် အဖမ်းခံလိုက်ရပြီဆိုတဲ့ ဗီဒီယိုတွေအထိ ရှိနေတာပါ။
နောက်ထပ်ဖြစ်ရပ်တစ်ခုမှာဆိုရင် သတင်းစာရှင်းလင်းပွဲ တစ်ခုက ဗီဒီယိုကို ပြုပြင်ပြီးတော့ ကွန်မြူနစ် ခေါင်းဆောင်ကြီး ပရာဒိ ဂွါဝါလီ (Pradeep Gyawali) ကို ကင်မရာရှေ့မှာ ငိုချင်းချ နေသယောင် ဖန်တီးခဲ့ကြပါသေးတယ်။
အခုလို ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာ တော်တော်လေးကို စိတ်ဝင်စားမှု ရခဲ့သလို၊ လက်ရှိနိုင်ငံရေး အသိုင်းအဝိုင်းအပေါ် လူထုရဲ့ မကျေနပ်မှုတွေကိုလည်း ပိုပြီး ကြီးထွားလာစေပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒါဟာ လူထုကို နိုင်ငံရေးအပေါ် ပိုပြီး အယုံအကြည် မဲ့စေရုံတင် မကဘဲ သတင်းအမှားတွေကို အကြီးအကျယ် ပျံ့နှံ့စေတယ်လို့ သတိပေးထားကြပါတယ်။
နီပေါ အေအိုင် အသင်းက ဒါရှန် ပါရာဂျူလီ (Darshan Parajuli) ကတော့ ‘အေအိုင် အကြောင်း သိပ်မသိတဲ့သူတွေက ဒီ အတုအယေင် ဗီဒီယိုတွေကို အစစ်လို့ ထင်သွားနိုင်တယ်။ ဒါဟာ မဲဆန္ဒရှင် တွေရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်လို့ တော်တော်လေး အန္တရာယ် ကြီးတယ်’ လို့ ဆိုပါတယ်။ ဒီလို ဒီဂျစ်တယ်နည်းနဲ့ လိမ်လည်လှည့်ဖြားမှုတွေဟာ နီပေါမှာတင်မကဘဲ အာရှ တစ်လွှားမှာလည်း ဖြစ်နေတာပါ။ ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲတုန်းက ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံရေးသမားတွေက ကိုယ်စားလှယ်တွေကို ထောက်ခံနေ သယောင် Deepfake ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ဖူးသလို အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း အေအိုင်သုံးပြီး ကိုယ်စားလှယ် တွေကို ပိုပြီး ငယ်အောင် ခေတ်ဆန်တဲ့ ပုံတွေပြင်ပြီး လူအများ ကြိုက်အောင် လုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။
စင်ကာပူ နန်ယမ် နည်းပညာတက္ကသိုလ်က သုတေသီ ကာရယ်ကင်မ် ဆဂမ် ထရာဂျန်နို (Karryl Kim Sagun Trajano) ကတော့ ‘ဒီလို အေအိုင် အကြောင်းအရာတွေဟာ ဘယ်ဟာက အစစ်၊ ဘယ်ဟာက လိမ်ညာတာလဲဆိုတာကို ခွဲရခက်သွားစေပြီး ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်တယ်’ လို့ ပြောတယ်။ နီပေါမှာဆိုရင်လည်း နိုင်ငံရေးပါတီတွေ အားလုံးလိုလို အေအိုင်ကို သုံးလာကြပြီဖြစ်ပြီး ပါတီညီလာခံတွေမှာ လူအင်အား ပိုများသယောင် ပုံကြီးချဲ့ဖို့ အေအိုင်နဲ့ ပြင်ပြီး ထင်ယောင်ထင်မှား သုံးခဲ့တာတွေ ရှိနေပါတယ်။
လူအများစုက အေအိုင်နဲ့ လုပ်ထားတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို ဖျော်ဖြေရေးသက်သက်လို့ သဘောထားကြပေမယ့် ကြာရင်တော့ ‘အမှန်တရား’ ရဲ့ စံနှုန်းတွေ ထိခိုက် ပျက်စီးသွားစေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အေအိုင်ကို တာဝန်သိသိ နဲ့ သုံးမယ်ဆိုရင် ဘာသာပြန်တာတွေ၊ မဲဆန္ဒရှင်တွေဆီ သတင်းစကား ပါးတာတွေနဲ့ သတင်းမှားတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်တာတွေ အတွက်လည်း အသုံးချနိုင်ပေမယ့် တလွဲသုံးနေတာက ဆိုးပါတယ်။
နီပေါ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ Deepfake အပါအဝင် အေအိုင်ကို သုံးပြီး သတင်းတုတွေ ဖန်တီးတာကို ပထမဆုံးအကြိမ်အဖြစ် ပိတ်ပင်လိုက်ပါတယ်။ Meta နဲ့ TikTok တို့ကလည်း သတင်းမှားတွေကို နှိမ်နင်းပေးမယ်လို့ ကတိပေးထားသလို၊ ရဲတပ်ဖွဲ့ရဲ့ ဆိုင်ဘာ ဌာန ကလည်း စောင့်ကြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျကျနန ဥပဒေတွေ ရှိနေတဲ့ စင်္ကာပူလို နိုင်ငံမျိုးတောင် သတင်းတုတွေကို တားဆီး ပိတ်ပင်ဖို့ မနည်း ကြိုးစား နေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် ‘အေအိုင်ကို ပိတ်ပင်လိုက်တာဟာ ကောင်းတဲ့ ခြေလှမ်းဖြစ်ပေမယ့် ဒါကို ဘယ်လိုမျိုး ထိထိရောက်ရောက် စောင့်ကြည့်ပြီး ဖယ်ရှားမလဲဆိုတဲ့ ခိုင်မာတဲ့ အစီအစဉ်တော့ ကျွန်တော်တို့မှာ ရှိမနေသေးဘူး’ လို့ ပါရာဂျူလီက သုံးသပ်ထားကြောင်း တင်ပြလိုက်ရပါတယ်။
ကိုးကား – AI deepfakes hijack reality in Nepal’s election run-up, South China Morning Post


