“အာရှ အလယ်ပိုင်း ဒေသရဲ့ အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုလုံးဟာ စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူနဲ့ပဲ အလုပ်လုပ် တတ်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန်သမ္မတကြီး ထရမ့်ရဲ့ မျက်နှာပေးတာ ခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာပါ”
ထရမ့်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုတာ ဘာလဲ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ဆိုတာကြီးက အတိအကျ ဘာလုပ်မှာလဲဆိုတာ အခုထိတော့ ဝေဝေဝါးဝါးပါပဲ။ ဒါပေမဲ့ ဒါကို ဂရုမစိုက်ဘဲ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ လက်မှတ်ထိုးဖို့ အပြေးအလွှား တက်ကြွ နေကြတယ်။ မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) အတွင်း သီးခြား အစီအစဉ်တစ်ခုအဖြစ် ကျင်းပတဲ့ လက်မှတ်ထိုးပွဲမှာ အခြား ၁၇ နိုင်ငံနဲ့အတူ ဗဟိုအာရှက သူတို့ နှစ်နိုင်ငံလည်း တက်ရောက်ခဲ့ကြတာပါ။
အစတုန်းကတော့ ဂါဇာအတွက်၊ အခုတော့…
ဒီဇာတ်လမ်းက ၂၀၂၅ စက်တင်ဘာမှာ စခဲ့တာ။ သမ္မတ ထရမ့်က ဂါဇာအတွက် အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို တင်ပြခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အတည်ပြု ပေးခဲ့တယ်။ အဲဒီအစီအစဉ်ထဲမှာ ထရမ့်က သူကိုယ်တိုင် ဥက္ကဋ္ဌလုပ်မယ့် “Board of Peace” ဆိုတဲ့ ကြားဖြတ် အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့ပါတယ်။ ဒီအဖွဲ့က ဂါဇာ ပြန်လည်ထူထောင်ရေးအတွက် မူဘောင်တွေ ချမှတ်မယ်၊ ရန်ပုံငွေတွေကို ကိုင်တွယ်မယ်လို့ ဆိုထားတာပါ။
ဒါပေမဲ့ အခုတော့ အခြေအနေက တဖြည်းဖြည်း နယ်ပယ်တွေ ချဲ့လာပြီ။ နိုင်ငံခေါင်းဆောင်တွေဆီ ပို့လိုက်တဲ့ ဖိတ်စာထဲမှာပါတဲ့ စည်းမျဉ်းတွေ အရ ဒီဘုတ်အဖွဲ့ဟာ “ကြားဖြတ်” မဟုတ်တော့ဘဲ “နိုင်ငံတကာအဖွဲ့အစည်း” တစ်ခု ဖြစ်သွားပြီ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကလည်း ဂါဇာတင် မကတော့ဘဲ ပဋိပက္ခဖြစ်နေတဲ့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ နေရာတိုင်းမှာ တည်ငြိမ်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုပြီး ဖြစ်လာပါတယ်။
ထရမ့်က “ရာသက်ပန်” ဥက္ကဋ္ဌဆိုပဲ။
ဘုတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ အဖွဲ့ဝင်တစ်ဦးရဲ့ သက်တမ်းကို သုံးနှစ်ပဲ ကန့်သတ်ထားတယ်။ ဒါပေမဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်ရင်တော့ ဥက္ကဋ္ဌက သဘောကျမှ သက်တမ်းတိုးပေးမယ် အဲဒါမှ မဟုတ်ရင် ဒေါ်လာ တစ်ဘီလီယံ ပေးရမယ်။ ဥက္ကဋ္ဌရဲ့ အာဏာက အဖွဲ့ဝင်တွေကို အချိန်မရွေး ထုတ်ပစ်လို့ရတယ်။ ထရမ့်ကတော့ “ရာသက်ပန်” ဥက္ကဋ္ဌ နေရာကို ယူထားတယ်။ သူကိုယ်တိုင် ဆင်းမပေး မချင်း ဒီရာထူးမှာ ရှိနေဦးမှာပဲ။ ဘာလို့လဲဆိုတော့ သူ့ကို ရာထူးကဖြုတ်ဖို့ဆိုတာ သူကိုယ်တိုင်ခန့်ထားတဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင် အားလုံးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ထောက်ခံမှ ရမှာမို့လို့ပါ။
အမှုဆောင် ဘုတ်အဖွဲ့ဝင်ဆိုတာ ဘယ်သူတွေလဲ။
ပထမဆုံး ပွဲထုတ်လာတဲ့ အမှုဆောင်ဘုတ်အဖွဲ့ထဲမှာလည်း ထရမ့်ရဲ့ လူယုံတွေချည်းပါပဲ။ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက် ဂျာရက်ကုရှ်နာ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား၊ အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီ မာ့ခ်ရိုးဝမ်၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ၊ နောက်ပြီး ထရမ့်ရဲ့ အကြံပေးဟောင်း ရောဘတ် ဂေဘရီရယ်တို့ ပါဝင်ပါတယ်။
ဂါဇာအတွက်လား၊ တခြားအတွက်လား။
တကယ်တော့ ဒီအဖွဲ့ရဲ့ စည်းမျဉ်း (Charter) ထဲမှာ “ဂါဇာ” ဆိုတဲ့ စကားလုံးကို တည့်တည့် ထည့်ရေး မထားဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အားလုံးကတော့ ဂါဇာဟာ ဒီဘုတ်အဖွဲ့ရဲ့ ပထမဆုံး ကိုင်တွယ်မယ့် ကိစ္စ ဖြစ်မယ်ဆိုတာ အားလုံးက သိနေကြတယ်။ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ် ကတော့ “ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆိုတာ ဂါဇာကိစ္စအတွက်ပဲ သီးသန့်ဖြစ်တယ်” လို့ အသေအချာ ပြောပါတယ်။ ဒီအဖွဲ့ တကယ်ဖွဲ့စည်းပြီးသွားတဲ့အခါမှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ပြီး ကုလသမဂ္ဂ နဲ့ ဘယ်လို ပတ်သက် မလဲဆိုတာ ဆုံးဖြတ်ရမယ်လို့ သူက ထပ်ပြောပါတယ်။
ဒီဘုတ်အဖွဲ့မှာ ပါဖို့ ဘယ်သူတွေ ငြင်းသလဲ၊ ဘယ်သူတွေ ပါကြသလဲ။
ဒီဘုတ်အဖွဲ့ထဲဝင်ဖို့ ဖိတ်ကြားချက်ကို အနည်းဆုံး ခြောက်နိုင်ငံကတော့ ငြင်းလိုက်ပါပြီ။ အဲဒီ နိုင်ငံတွေ ကတော့ ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ စလိုဗေးနီးယားနဲ့ ယူကေ တို့ပါ။ တခြား နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်း တို့အပြင် ဥရောပ နိုင်ငံ အတော်များများ ကတော့ ကမ်းလှမ်းစာ ရထားပေမယ့် ဘာလုပ်မယ်ဆိုတာ လူသိရှင်ကြား ထုတ်မပြောသေးဘူး။
ဒါပေမဲ့ ဇန်နဝါရီ ၂၂ လက်မှတ်ထိုးပွဲမှာတော့ ထရမ့်အပြင် အခြား ၁၉ နိုင်ငံက ခေါင်းဆောင်တွေ (ကိုယ်တိုင်မဟုတ်ရင်တောင် ကိုယ်စားလှယ် တွေ) တက်ရောက်ခဲ့ကြတယ်။ အများစုက မူဆလင် ဘာသာဝင် အများစု နေထိုင်တဲ့ နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ ဖြစ်ပြီး ထရမ့်ကို အလွန် ထောက်ခံ အားပေးနေသူ အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေ လည်း ပါပါတယ်။
လက်မှတ်ထိုးပွဲတက်တဲ့ နိုင်ငံများကတော့ အာဂျင်တီးနား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘူဂေးရီးယား၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ ပါကစ္စတန်၊ ပါရာဂွေး၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ ယူအေအီး နဲ့ ဥဇဘက် ကစ္စတန်၊ ဘီလာရုစ်၊ အစ္စရေးနဲ့ ဗီယက်နမ် နိုင်ငံတွေကလည်း ပါမယ်လို့ ပြောထားပါတယ်။
အလယ်ပိုင်းအာရှဒေသက နိုင်ငံတွေရဲ့ မျှော်လင့်ချက်
ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂက အတည်ပြုထားတဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ဆက်စပ်နေတယ်လို့ ပြောထားတယ်။ သူတို့ကသာ ပြောပေမယ့် တကယ်တော့ ထရမ့်ရဲ့ စည်းမျဉ်းထဲမှာတော့ အဲဒီအကြောင်း မပါပါဘူး။ ကာဇက်စတန်ဘက်ကတော့ အသေးစိတ် တိတိကျကျထုတ်ပြန်တာ သိပ်မလုပ် ပါဘူး။ သမ္မတ တိုကာယက်ဗ်နဲ့ ထရမ့်တို့ရဲ့ ဓာတ်ပုံတွေ ကိုပဲ အဓိက ထည့်သွင်းထားပါတယ်။
တကယ်တော့ အလယ်ပိုင်းအာရှဒေသက ဒီနိုင်ငံကြီးနှစ်ခုလုံးက စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူပဲ လုပ်တတ်တဲ့ ထရမ့်ကို မျက်နှာသာ ရမလား ကြိုးစားနေကြတာပါ။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က ထရမ့်ကို သူတို့နိုင်ငံဆီ အလည်လာအောင် ဆွဲဆောင်ဖို့ပဲ။ အခုထိတော့ ဘယ်အမေ ရိကန် သမ္မတမှ အလယ်ပိုင်း အာရှက နိုင်ငံတွေဆီကို အလည်အပတ် မလာဖူးသေးသလို၊ ထရမ့်က လည်း သူတို့ဆီလာဖို့ စိတ်ကူးထဲ ထည့်ဦးမယ် မထင်ပါဘူး။

မျက်နှာသာပေးပေမဲ့ အကျိုးအမြတ်က အမေရိကန်အတွက်ပဲ
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ ဥဇဘက်ကစ္စတန်သမ္မတ မီရ်ဇီယိုယက်ဗ်နဲ့ ကာဇက်စတန်သမ္မတ တိုကာယက်ဗ်တို့ ဝါရှင်တန်ကို သွားခဲ့ကြသေးတယ်။ အမေရိကန်-အာရှအလယ်ပိုင်း ထိပ်သီး အစည်းအဝေး တက်ဖို့ဆိုပေမယ့် တကယ်တမ်းကျတော့ ရင်းရင်းနှီးနှီး ညစာစားပွဲ တက်ခဲ့ရရုံပါပဲ။ အဲဒီမှာ လေကြောင်းလိုင်းလုပ်ငန်းတွေကနေ တွင်းထွက်သယံဇာတလုပ်ငန်းများအထိ စီးပွားရေးစာချုပ်တွေ အများကြီး ချုပ်ခဲ့ကြပေမဲ့ အဲဒီစာချုပ်တွေက အမေရိကန်ဘက်ကို အသာစီးရပြီး အကျိုးအမြတ် ထွက်မယ့် စာချုပ်တွေ ဖြစ်နေခဲ့ပါတယ်။
ဗီဇာကိစ္စမှာလည်း မျက်နှာသာမရ
အဲဒီလိုတွေ ဖော်ဖော်ရွေရွေ ဆက်ဆံနေပြ ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အမေရိကန်က သူတို့ မူဝါဒအတိုင်းပဲ သွားပါတယ်။ ကာဂျစ္စတန်၊ တာဂျီကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံသားတွေ အမေရိကန်ဗီဇာ လျှောက်မယ်ဆိုရင် အာမခံကြေး (Visa Bond) အဖြစ် ဒေါ်လာ ၁၅,၀၀၀ အထိ ပေးရမယ့် အစီအစဉ်ထဲကို ထည့်လိုက် ပါတယ်။ အဲဒါနဲ့တင် မကျေနပ်နိုင်သေးဘူး။ ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသားတွေအတွက် အမေရိကန် အခြေချဗီဇာ (Immigrant Visa) ထုတ်ပေးတာကိုလည်း ရပ်ဆိုင်းပစ် လိုက်သေးတယ်။
သူ့အကျိုးအတွက်မဟုတ်ဘူးဆိုရင်
ထရမ့်ဟာ အမေရိကန် အစိုးရအဆက်ဆက် တည်ဆောက်လာတဲ့ သံတမန်အင်အား လက်နက် အင်အားတွေ အကုန်ထုတ်သုံးပြီး နောက်ဆုံးမှာ သူ့ရဲ့ ပုဂ္ဂလိက အကျိုးကိုချည်းပဲ သိမ်းကျုံးလုပ်ခဲ့တာ။ သူ့အတွက် အကျိုးမရှိဘူးဆိုရင် လှည့်တောင်မကြည့်တဲ့ လူမျိုးဖြစ်နေတော့ ကမ္ဘာမှာ မထင်မရှားရှိတဲ့ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေကို နေရာပေးဖို့ဆိုတာ ဝေးပါသေးတယ်လို့ ဆိုရမလို ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ကိုးကား – Kazkahstan, Uzbekistan Sign On to Trump’s ‘Board of Peace’, The Diplomat, Jan 26


