The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်ပြည်က အသံများ

Share မယ်

ဒီရက်အတွင်း တရုတ်ပြည်က အသံတွေ ကြားလာရတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားက အာဏာလွန်ဆွဲပွဲ သတင်းအစအနတွေပါ။ သိကြတဲ့အတိုင်း ကွန်မြူနစ်ပါတီတွေဟာ အင်မတန် လျှို့ဝှက် သိုသိပ် တတ်ကြပါတယ်။ ပါတီတွင်း ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာ အပြင်ကလူတွေ ဘယ်လိုမှ ဂဃနဏ မသိနိုင်ကြဘူး။ မှန်းဆချက်နဲ့ ပြောတာ။ ပုံကြီးချဲ့ပြောတာ။ လိုသလို ပြောတာ စတဲ့ အချက်အလက်အလွဲတွေဟာ အပြင်ကို ရောက်လာလေ့ ရှိကြတယ်။ ဒါပေမဲ့ မီးမရှိဘဲ မီးခိုး မထွက်ဘူး ဆိုသလို တကယ် မဖြစ်ဘဲလည်း အပြင်ကို သတင်းတွေ စိမ့်ထွက် လာစရာ အကြောင်းမရှိဘူး။

တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အနီးကပ်ဆုံး လက်ရုံးလည်းဖြစ်။ မိတ်ဆွေလည်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားကို ရာထူးကဖယ်ရှားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဗိုလ်ချုပ်ကြီး ကျန်းယုံရှားဟာ တရုတ် ဗဟိုစစ်ကော်မရှင်မှာ ရှီကျင့်ဖျင် ပြီးရင် နံပါတ် (၂) ပါ။

ဗိုလ်ချုပ် ကျန်း (credit: Yahoo)

ပေါလစ်ဗြူရိုအဖွဲ့ဝင် တစ်ဦးဖြစ်သလို ရှီက စိတ်ချရတဲ့ စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်တယ်။ ရှီ နဲ့ ကျန်းဟာ ငယ်ပေါင်းတွေ ဖြစ်သလို နှစ်ဦးစလုံးရဲ့ ဖခင်တွေက တရုတ်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့ကြတဲ့ စီနီယာပါတီခေါင်းဆောင်တွေလည်း ဖြစ်ကြတယ်။

ဒီလို ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးကို ရာထူးက ဖယ်ရှားပြီး စုံစမ်းစစ်ဆေးနေတဲ့အတွက် အားလုံးက အံ့အား တသင့် ဖြစ်ခဲ့ကြပြီး သို့လော သို့လော မေးခွန်းတွေ ထွက်ပေါ်နေတာဖြစ်တယ်။ ရှီကျင့်ဖျင်ရဲ့ အာဏာကို ခြိမ်းခြောက် လာတဲ့အတွက် ရှီက လက်ဦးမှု ရယူပြီး ခုလို ရာထူးက ဖယ်ရှားလိုက်တာလို့ တချို့က သုံးသပ်ပြီး တချို့ကတော့ ဗိုလ်ချုပ်ကြီး ကျန်းယုံရှားဟာ တရုတ်ရဲ့ နျူကလီးယား လျှို့ဝှက်ချက်တွေကို အမေရိကန်ကို တိတ်တဆိတ် ပေးအပ်ခဲ့တဲ့ အတွက် ခုလို ဖယ်ရှားခံရတာလို့ဆိုတယ်။

အမေရိကန်ကို နျူကလီးယားလျှို့ဝှက်ချက် တိတ်တဆိတ်ပေးပို့ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ The Wall Street Journal က ရေးသားတာ ဖြစ်ပြီး အမေရိကန် စီအိုင်အေက ပါဝင် ပတ်သက်နေတယ်လို့ဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဘတ်ခ်နဲလ် ယူနီဗာစီတီက တရုတ်ရေးရာ ညွှန်ကြားရေးမှူး ကျူကျိကွမ် က “WSJ က ရေးသားတဲ့ နျူကလီးယား လျှို့ဝှက်ချက် ပေးပို့တယ်ဆိုတဲ့ သတင်းကတော့ ခိုင်မာမှု ရှိမရှိ မေးခွန်းထုတ်ရမယ့် သတင်းပါ။ တရုတ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးအနေနဲ့ နိုင်ငံရဲ့ နျူကလီးယားလျှို့ဝှက်ချက်ကို တခြားနိုင်ငံဆီ ပေါက်ကြားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုတယ်။ တချို့ကတော့ နျူကလီးယားလက်နက်နဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေဟာ သူကက တစ်ဆင့် စီအိုင်အေ အေးဂျင့်ထံ ရောက်ရှိပြီး ပေါက်ကြားတာဖြစ်တယ်လို့ ဆိုတယ်။

WSJ ရဲ့ ရေးသားချက်အရ “တရုတ် နျူကလီးယား လျှို့ဝှက်ချက်ဖော်ထုတ်မှုနဲ့ ဗိုလ်ချုပ်ကြီး ကျန်းယုံရှား ဖယ်ရှားခံရပြီး စုံစမ်းစစ်ဆေး ခံနေရတယ်” ဆိုတဲ့ သတင်းတွေဟာ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့တယ်။ ဗိုလ်ချုပ်ကြီး ကျန်းယုံရှား ဖယ်ရှားခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတာဟာ အမှန်ဖြစ်ပေမယ့် တကယ့်အကြောင်းအရင်းမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယုံရှား နဲ့ ဗိုလ်ချုပ်ကြီး လျူကျန်းလီ တို့နှစ်ဦးကို စည်းကမ်း နဲ့ ဥပဒေ ပြင်းထန်စွာ ချိုးဖောက်မှုနဲ့ အရေးယူ စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ စနေနေ့ (ဇန်နဝါရီ-၂၄) က ထုတ်ပြန်ကြေညာခဲ့တယ်။ ဒီအကြောင်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သတင်းစာ (PLA Daily )ရဲ့ အယ်ဒီတာ့အာဘော်မှာလည်း ရေးသားဖော်ပြထားပြီး သူတို့နှစ်ဦးဟာ ဗဟိုစစ်ကော်ရှင်ဥက္ကဌရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီး ရှီကျင့်ဖျင်ရဲ့ အာဏာကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်ချက်တွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုတယ်။ နိုင်ငံရေး နဲ့ အကျင့်ပျက်ခြစားမှုပြဿနာတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့အပေါ် ဦးဆောင်မှုမှာ မီးလောင်ရာ လေပင့်ဖြစ်နေချိန်မှာ ဒီကိစ္စတွေ ပေါ်ပေါက်လာတာဖြစ်တယ်။

ဗဟိုစစ်ကော်မရှင်မှာ ရှီကျင့်ဖျင်ပြီးရင် နံပါတ်(၂) ဖြစ်တဲ့ ကျန်းယုံရှားအနေနဲ့ ကွန်မြူနစ်ပါတီကရော စစ်တပ်ကပါ ထုတ်ပယ် ခံရဖို့ သေချာသွားပြီဖြစ်တယ်။ တရုတ်နိုင်ငံသမိုင်းမှာ ထိပ်တန်းခေါင်းဆောင်တဦး ခုလို စုံစမ်း စစ်ဆေးခံရ ပြီဆိုရင် “အပြစ်မရှိဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လွတ်မြောက်လာရိုး ထုံးစံမရှိပါဘူး။

ရှီကျင့်ဖျင်က ၂၀၁၂ ခုနှစ် အာဏာရလာစဉ်ချိန်ကစလို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်ခဲ့သူပါ။ အထူးသဖြင့် တရုတ်စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေအတွင်း အကျင့်ပျက်ခြစားမှုတွေကို ပစ်မှတ်ထားပြီး အရေးယူခဲ့တယ်။ ရှီရဲ့ ဆောင်ရွက်ချက်တွေဟာ မော်စီတုန်းခေတ် နောက်ပိုင်း အပြင်းထန်ဆုံးပဲလို့ ဆိုတယ်။ ခုလို ဗဟိုစစ်ကော်မရှင်က ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးကို ဖယ်ရှားလိုက်တဲ့အတွက် ဗဟိုစစ်ကော်မရှင်မှာ ရှီကျင့်ဖျင် နဲ့ စစ်ဗိုလ်ချုပ်ကြီး ကျန်းရှင်မင်း တို့နှစ်ဦးသာ ကျန်ပါတော့တယ်။

Asia Society က Thomas ရဲ့ နိုဝင်ဘာလက လေ့လာတွေ့ရှိချက်အရ ၂၀၂၂ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် များအဖြစ် ရှီကျင့်ဖျင်က ခန့်အပ်ခဲ့တဲ့ ယူနီဖောင်းဝတ် အရာရှိ (၄၄)ယောက်အနက် (၂၉)ယောက်ဟာ ရာထူးက ဖယ်ရှားခံရတာ (သို့မဟုတ်) ပျောက်ဆုံး နေတယ်လို့ သိရတယ်။

“ဒါက ရှီကျင့်ဖျင်ကို ဘယ်သူမှ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲတော့ဘူးဆိုတဲ့ သဘောပါ။ အလားတူ ရှီ ကလည်း သူ့အနားမှာရှိတဲ့ လူအားလုံးကို အမြဲတမ်း မယုံသင်္ကာဖြစ်နေတယ်။ ဒါဟာ ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ နောက်ဆုံး ကာလများနဲ့ ခပ်ဆင်ဆင်ပါပဲ” လို့ စင်ကာပူ အမျိုးသားတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခနဲ့ တရုတ်ရေးရာကျွမ်းကျင်သူ အိုင်ယန်ချောင် က ဆိုတယ်။

ရှီကျင့်ဖျင်က အနီးကပ်ဆုံး နံပါတ်(၂)ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားကို ဖယ်ရှားလိုက်တဲ့ကိစ္စက အံ့အားသင့် စရာလည်း ကောင်းတယ်။ သူနဲ့ ကျန်းယုံရှားတို့နှစ်ဦးစလုံး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးတွေရဲ့ သားတွေ ဖြစ်ကြရုံမက လက်ရှိ ဗဟို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ နေရာကို တတိယအကြိမ် သက်တမ်းအထိ သူကိုယ်တိုင် တိုးမြှင့်ပေး ထားတာဖြစ်တယ်။ အသက် (၇၅) နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကျန်းယုံရှားဟာ စစ်ပွဲအတွေ့အကြုံရှိ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်ပြီး ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များက ဗီယက်နမ်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ပါဝင်ခဲ့သူဖြစ်တယ်။ အသက်(၇၀)အရွယ်မှာ အနားယူ ရမှာဖြစ်ပေမယ့် ရှီက သူ့ကို ဗဟိုစစ်ကော်မရှင်မှာ သူပြီးရင်အာဏာအရှိဆုံး ဒုဥက္ကဋ္ဌ တာဝန်ဆက်ပေးထားတာဖြစ်တယ်။

“ထိပ်တန်း ခေါင်းဆောင်တွေ အရေးယူခံရတဲ့အခါ သာမန်အားဖြင့် အကျင့်ပျက်လာဘ်စားမှု လို့ ဖော်ပြကြပေမယ့် တကယ့် အဖြစ်မှန်က ပိုပြီး ရှုပ်ထွေးပါတယ်” လို့ အမေရိကန် ဘတ်နဲလ်တက္ကသိုလ်က တရုတ်ရေးရာကျွမ်းကျင်သူ ကျူက ဆိုတယ်။ တစ်ဆက်တည်းမှာပဲ ” ဒါက ရှီကျင့်ဖျင်ရဲ့ အာဏာဟာ သူ့အနီးအနားက လူတွေရဲ့ စိန်ခေါ်မှုနဲ့ အမြဲတမ်းရင်ဆိုင်နေရပြီဆိုတဲ့ အချက်ကို ဖော်ပြနေတာပဲ” လို့ သူက မှတ်ချက်ပေးတယ်။

ကွန်မြူနစ်ပါတီတွေရဲ့ သဘောသဘာဝက အင်မတန်လျှို့ဝှက် သိုသိပ်ပါတယ်။ ပါတီတွင်းမှာ၊ ပါတီ ထိပ်တန်း ခေါင်းဆောင်ပိုင်း မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ အပြင်ကလူတွေ မသိကြပါဘူး။ အဖြစ်မှန်တွေကိုလည်း ဝါဒဖြန့်ချိရေး ယန္တရားနဲ့ ဖုံးကွယ်ထားတတ်ကြတယ်။ ဒီတော့ ပြင်ပကမ္ဘာက လူတွေက မှန်းဆချက်အမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုးနဲ့ မှန်းဆ ဝေဖန်လေ့ရှိကြတယ်။ ခုရက်ပိုင်းအတွင်း တရုတ်ပြည်က ထွက်ပေါ်လာတဲ့သတင်းတွေက မှန်းဆချက်အမျိုးမျိုးနဲ့ ရေးသားနေကြတာပါ။ အတည်ပြုလို့မရတဲ့ သတင်းအချို့မှာတော့ စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားနဲ့ လျူ ကျန်းလီတို့နှစ်ဦးက ရှီကျင့်ဖျင် ရာထူးက ဖယ်ရှားတာကို လက်မခံဘဲ အာခံနေတယ်လို့လည်း ဖော်ပြကြတယ်။ တရုတ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကတော့ သေချာနေပြီး ၂၀၂၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမတိုင်မီ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစား စောင်ကြည့်ကြရမယ်..။

တရုတ် ထိပ်တန်းခေါင်းဆောင် နှစ်ဦး (Credit: Free Press Journal)

ref: Downfall of top Chinese military officer raises questions about Xi and Taiwan, the Japan times. Nobody is safe’: China’s Xi targets his close ally in purge, Reuters.

Click to rate this post!
[Total: 1 Average: 5]