၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ သန်းခေါင်ကျော် လင်းအားကြီးအချိန်မှာ အမေရိကန်စစ်လေယာဥ် ၁၅၀ကျော်ဟာ ကရာကက်(စ)မြို့ကို လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သလို အရပ်သားတွေနဲ့ လူနေအိမ် အဆောက်အအုံများစွာလည်း မီးလောင်ပျက်စီးပြီး အရပ်သားအများအပြားလည်း သေဆုံးခဲ့တယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်စစ်သား ၂၀၀နီးပါးဟာ ကရာကက်(စ)မြို့တွင်းကို ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်(စ)မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာဖလော်ရက်(စ)တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးခဲ့ရာမှာ ထရမ့်က အကြောင်းပြချက်ပေးရာမှာတော့ သမ္မတ မာဒူရိုနဲ့ ဗင်နီဇွဲလားကို အုပ်ချုပ်နေသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေ လုပ်နေတယ်၊ မူးယစ်ဆေးတွေကို အမေရိကန်နိုင်ငံအတွင်းကို ခိုးသွင်းနေတယ်၊ သူ့ပြည်တွင်းမှာလည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်နေတယ်၊ အဂတိ လိုက်စားမှုတွေ ကျူးလွန်နေတယ်စတဲ့ အကြောင်းပြချက်တွေကို ပေးခဲ့ပါတယ်။
သို့ပေမဲ့ သိပ်မကြာမီမှာပဲ အမေရိကန်သမ္မတထရမ့်က သူရဲ့အဓိကရည်မှန်းချက်ကို ထုတ်ဖော်ပြောခဲ့တယ်။ ထရမ့်အစိုးရက “ဗင်နီဇွဲလား နိုင်ငံရဲ့ အလွန်များပြားလှတဲ့ ရေနံစိမ်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလမ်းပွင့်စေရေးဆိုတဲ့ ဝါရှင်တန်ရဲ့ ရည်မှန်းချက်တွေ ပြည့်မီနေသရွေ့ မာဒူရိုအစိုးရအဖွဲ့ထဲမှာ ကျန်ရှိနေသူတွေနဲ့ အလုပ်လုပ်သွားဖို့ဆန္ဒရှိတယ်”လို့ပြောခဲ့တယ်။
မာဒူရိုနဲ့ဇနီးဖြစ်သူတို့ကို အမေရိကန်စစ်တပ်က အင်အားသုံးတိုက်ခိုက်ကာ ဖမ်းဆီးသွားခဲ့ပြီးနောက် အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့တယ်။ ထို့နောက်မှာတော့ မာဒူရိုနဲ့ဇနီးတို့ကို နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ရုံးကို ခေါ်ဆောင်သွားပြီး မူးယစ်ဆေးမှု၊ လက်နက်မှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး ဘရွတ်ကလင်းမြို့မှာရှိတဲ့ Metropolitan Detention Centre မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

ဇန်နဝါရီ (၅) ရက်က ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ သူ့ဇနီးဖြစ်သူ နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်ပြီး ရှေ့နေလည်းဖြစ်တဲ့ စီလီယာ ဖလောရက်(စ)တို့ကို နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ ပထမအကြိမ်အဖြစ် ရုံးထုတ်ခဲ့တယ်။ထိုနေ့မှာ တရားသူကြီးက ၎င်းတို့ အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိမရှိမေးမြန်းခဲ့ရာမှာတော့ မာဒူရိုက “မိမိမှာအပြစ်မရှိဘူး မိမိဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတဖြစ်နေဆဲပဲဖြစ်ပြီး ဇန်နဝါရီ(၃)ရက်နေ့ကတည်းက ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့တယ်။
မာဒူရိုဟာ တရားခွင်အတွင်းကိုဝင်လာချိန်မှာ ခန်းမအတွင်းမှာရှိတဲ့လူတွေကို “ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ”လို့ နှုတ်ခွန်း ဆက်ခဲ့ ပါတယ်။ မာဒူရိုရဲ့ဇနီး စီလီယာဖလောရက်(စ)ကတော့ တရားခွင်မှာ “မိမိကိုယ်မိမိ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတကတော်” အဖြစ် မိတ်ဆက် ခဲ့ပါတယ်။ သူဟာ ညာဘက်မျက်လုံး ဖူးရောင်နေပြီး နဖူးမှာလည်းပတ်တီးစည်းထားတာကိုတွေ့ကြရတယ်၊ ထိုဒဏ်ရာတွေကတော့ အဖမ်းခံရချိန်မှာ ရရှိခဲ့တဲ့ဒဏ်ရာတွေဖြစ်မယ်လို့ သတင်းထောက်တွေကယူဆကြပါတယ်။
ရုံးတော်ရဲ့အပြင်ဘက်မှာတော့ ဗုံတွေတီးခတ်ပြီး ဗင်နီဇွဲလား နိုင်ငံတော်သီချင်းကို သီဆိုကာ ဆန္ဒပြသူတွေရှိခဲ့တယ်။ ထိုသူတွေထဲက အချို့ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ဟစ်အော်ကြပြီး မာဒူရိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
မာဒူရိုကို အမေရိကန်က ဖမ်းဆီးထားမှုကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ချက်ချင်းပဲ ရှုတ်ချခဲ့ကြတယ်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း မာဒူရိုနဲ့ဇနီးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါ့အပြင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို “ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ အချုပ်အခြာ အာဏာကို နိုင်ငံတစ်ခုအပေါ်မှာ အင်အားသုံးမှုဖြစ်တယ်။ ပြင်ပ အင်အားစုတွေက လက်ရှိ အစိုးရ အကြီးအကဲတစ်ဦးကို အတင်းအဓမ္မ ဖယ်ရှားခြင်းဟာ အလွန်အန္တရာယ်များတဲ့ သာဓကတစ်ခု ဖြစ်လာနိုင်တယ်” လို့ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီ (၄) ရက်နေ့ကတော့ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှာ မာဒူရိုကိုထောက်ခံသူ ၂၀၀၀ခန့်က မာဒူရိုနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို ပြန်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ မာဒူရိုကိုထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ဆိုင်ကယ်စီးနင်းတဲ့အဖွဲ့တွေကလည်း အနီ၊ အပြာနဲ့ အဝါရောင်အလံဖြစ်တဲ့ နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းကာဆန္ဒပြသူတွေနဲ့အတူလှည့်လည်ခဲ့ကြတယ်။
မာဒူရိုရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်နဲ့ ဆရာဖြစ်တဲ့ ကွယ်လွန်သူ ဆိုရှယ်လစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဟူဂိုချားဗက်(စ)ရဲ့ ပုံကို ရိုက်နှိပ် ထားတဲ့ အနီရောင်အင်္ကျီကို ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးကလည်း “ငါတို့သမ္မတကို ပြန်လွှတ်ပေး”ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင် ထားပါတယ်။ နောက်တစ်ဦးကတော့ “ဗင်နီဇွဲလားနိုင်ငံဟာ ဘယ်နိုင်ငံရဲ့ကိုလိုနီမှ မဟုတ်ဘူး”လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တယ်။
အသက် (၅၆) နှစ်အရွယ်ရှိ နိုင်ရာဒါ အိုင်ထရီယာဂို ဆိုသူ ပြည်သူတစ်ဦးကတော့ “ထရမ့်ဟာ မူးယစ် မှောင်ခိုသမားနဲ့ အကြမ်းဖက်သမားပါ”လို့ ဒေါသတကြီးနဲ့ ပြောဆိုပါတယ်။ အမေရိကန်တွေဟာ မာဒူရို ကိုဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းနေချိန်မှာ ဗယ်နီဇွဲလား နိုင်ငံရဲ့ ခုခံနိုင်စွမ်းကို ချိုးနှိမ်ပစ်ဖို့အတွက် လေယာဥ်အစင်းပေါင်းများစွာနဲ့ ဗုံးကြဲခဲ့ပါတယ်။ ထိုသို့ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူများစွာ သေကျေခဲ့ကြရပြီး အဆောက်အအုံများစွာလည်း ပြိုကျပျက်စီး မီးလောင်ခဲ့ပါတယ်။
ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနီလိုပက်ဇ် က “မာဒူရိုရဲ့လုံခြုံရေးဝန်ထမ်းအများအပြားနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်း အများအပြားဟာ အမေရိကန်တွေရဲ့ ရက်ရက်စက်စက် သွေးအေးအေးနဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်” လို့ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကာရာကက်စ်မြို့မှာ ဆန္ဒပြနေကြသူတွေအကြားမှာ “မာဒူရိုဖမ်းဆီးခံရတာဟာ သူရဲ့လူယုံတွေထဲက အဖွဲ့ဝင်တစ်ဦးရဲ့ သစ္စာဖောက်မှု ကြောင့်ဖြစ်တယ်” လို့ ပြောဆိုနေကြပါတယ်။ အမေရိကန် တပ်ဖွဲ့တွေရဲ့ ဗင်နီဇွဲလားစစ်ဆင်ရေးအတွင်းမှာ မာဒူရိုအတွက် လုံခြုံရေး တာဝန် ထမ်းဆောင်နေကြတဲ့ ကျူးဘားနိုင်ငံသား ၃၂ ဦးလည်းကျဆုံးခဲ့တယ်လို့ ကျူးဘားအစိုးရက ပြောဆိုပါတယ်။
မာဒူရိုကို အမေရိကန်တွေဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်သူဒယ်စီရိုဒီီရဂွတ်ဇ်က နိုင်ငံရဲ့သမ္မတ အဖြစ် တာဝန်ယူခဲ့ပြီး ဗင်နီဇွဲလားကို ဆက်လက်ဦးဆောင်ခဲ့တယ်။ သို့ပေမဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဗင်နီဇွဲလားနိုင်ငံကို ဆက်လက် ခြိမ်းခြောက်နေဆဲပဲဖြစ်ပါတယ်။ ထရမ့်က “လိုအပ်ရင် ဗင်နီဇွဲလားကို နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်” လို့ပြောခဲ့တယ်။
ထရမ့်က “ရိုဒရီဂွတ်ဇ်ဟာ အမေရိကန်ရဲ့ဆန္ဒတွေကို လိုက်လျောခြင်းမပြုခဲ့လိုရှိရင် အလွန်ကြီးမားတဲ့ပေးဆပ်ရမှုတွေကို ပေးဆပ်ရမှာ ဖြစ်တယ်။ ထိုပေးဆပ်ရမှုတွေဟာ မာဒူရိုပေးဆပ်ရတာထက် ပိုမိုကြီးမားလိမ့်မယ်” လို့ ဒေါသတကြီးပြောခဲ့ပါတယ်။ ဒါ့အပြင် သူက “ယခုအခါမှာ အမေရိကန်နိုင်ငံက ဗင်နီဇွဲလားကို စီမံအုပ်ချုပ်နေတယ်” လို့ ခပ်တင်းတင်းပဲ ပြောဆိုပါတယ်။
ဒီနောက်ထရမ့်ဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ လိုချင်တပ်မက်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်းပဲ မကွယ်မဝှက်ပြောခဲ့တယ်။
ထရမ့်က “ဗင်နီဇွဲလားရဲ့ အလွန်များပြားလှတဲ့ ရေနံစိမ်းထုတ်ယူတဲ့လုပ်ငန်းတွေမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးရေး ဆိုတဲ့ အမေရိကန်ရဲ့ရည်မှန်းချက်တွေပြည့်မီနေသရွေ့ မာဒူရိုအစိုးရထဲက ကျန်ရှိနေသူတွေနဲ့ အလုပ်လုပ်သွားဖို့ဆန္ဒရှိတယ်” လို့လည်း ပြောခဲ့တယ်။
ဒါ့အပြင် ထရမ့်က သူ့ကို ခယ ဝပ်တွားခြင်းမပြုတဲ့ သူမုန်းတီးနေတဲ့အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကိုလည်း ပြောင်ပြောင်တင်းတင်းပဲ ဝေဖန်ပုတ်ခတ်ခဲ့ပြီး သူ့ရဲ့ အတောမသတ်နိုင်တဲ့ လိုချင်တပ်မက်မှုတွေကိုလည်း ဖွင့်ဟပြခဲ့တယ်။ Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ရာမှာ ထရမ့်က “ကိုလံဘီယာ နိုင်ငံခေါင်းဆောင်(သမ္မတ)ဟာ သိပ်ကြာကြာ ခံတော့မှာ မဟုတ်ပါဘူး။ ကွန်မြူနစ်တွေ အုပ်ချုပ်နေတဲ့ ကျူးဘားဟာလည်း ကျဆုံးတော့မှာပါ။ အီရန် ခေါင်းဆောင်တွေဟာ ဆန္ဒပြ နေသူတွေကို သတ်ဖြတ်နေမယ်ဆိုရင် သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ရပါလိမ့်မယ်” လို့ ပြောဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ထရမ့်က “အမေရိကန် နိုင်ငံရဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို အမေရိကန်က လွှမ်းမိုးရမယ်”ဆိုတဲ့ အမေရိကန်ရဲ့ ငါးယောက်မြောက် သမ္မတတစ်ဦး ဖြစ်ခဲ့သူ ဂျိမ်းမွန်ရိုးရဲ့ “မွန်ရိုးဝါဒ – Monroe Doctrine” အတိုင်း အလေးထား ဆောင်ရွက်နေတာဖြစ်တယ်” လို့ပြောခဲ့တယ်။
သို့ပေမဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတ ဒယ်စီရိုဒရီဂွတ်ဇ် ကတော့ “ဘယ်အင်အားကြီးနိုင်ငံကမှ ဗင်နီဇွဲလားကို အုပ်ချုပ်ခွင့်ရမှာ မဟုတ်ဘူး” လို့ အပြတ်ပြောဆိုခဲ့တယ်။
သမ္မတထရမ့်ကတော့ သူ့ရဲ့ အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေကို တစ်ခုပြီးတစ်ခုပြောခဲ့ပါတယ်။ ထရမ့်ဟာ ဒိန်းမတ်နိုင်ငံက အုပ်ချုပ်နေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းကိုလည်း မိမိလိုချင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောပါတယ်။ ထရမ့်က “ထိုကျွန်းဟာ အာတိတ်ဒေသမှာ မဟာဗျူဟာအရ အရေးပါတဲ့ ကျွန်းဖြစ်တယ်၊ ထိုကျွန်းကို ရတဲ့နည်းသုံးပြီး ယူရလိမ့်မယ်” လို့ ရဲရဲတင်းတင်းပဲ ပြောခဲ့တယ်။
ထရမ့်က ဂရင်းလန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တစ်ခုခုတော့လုပ်သွားမှာပါ။ သူတို့သဘောတူသည်ဖြစ်စေ၊သဘောမတူသည်ဖြစ်စေပေါ့၊ ကျွန်တော်တို့သာ ဒါကိုမလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်ကို သိမ်းပိုက်သွားမှာပါ။ အကယ်၍ ကျွန်တော်တို့ကသာ ဂရင်းလန်ကို ရယူနိုင်ခြင်းမရှိရင် ခင်ဗျားတို့ရဲ့အိမ်ဘေးနားမှာ ရုရှား ဒါမှမဟုတ် တရုတ်က အိမ်နီးချင်း ဖြစ်သွားမှာပါ။ ဒါမျိုးတော့ အဖြစ်မခံနိုင်ဘူး၊ ကျွန်တော်ကတော့ လွယ်လွယ်နဲ့ သဘောတူညီချက်မရရင် အကြမ်းနည်းနဲ့လုပ်သွားမှာပါလို့ အိမ်ဖြူတော်မှာ ရေနံကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ထရမ့်ရဲ့ အဆိုပါပြောဆိုမှု ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တာဖရက်ဒရစ်ကဒ်က “အမေရိကန်က ဂရင်းလန်ကို လွှဲယူဖို့ပြောတာဟာ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဒိန်းမတ် ဘုရင့်နိုင်ငံအတွင်း ဘယ်နယ်မြေကိုမှ သိမ်းပိုက်ဖို့အခွင့်အရေး အမေရိကန်မှာမရှိဘူး” လို့ထုတ်ပြန်ခဲ့တယ်။
ဂရင်းလန်ဝန်ကြီးချုပ် ယန်စ်ဖရက်ဒရစ်နီယက်ဆင် ကလည်း အမေရိကန်သမ္မတက ဂရင်းလန်ကို လိုချင်တယ်ဆိုပြီး ကျွန်တော်တို့ကို ဗင်နီဇွဲလား စစ်ရေးကျူးကျော်မှုနဲ့ ဆက်စပ်ပြတာဟာ မှားလွန်းရုံတင်မကဘူး ရိုင်းပျရာလည်းရောက်ပါတယ်” လို့ ပြောဆိုခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ဝန်းကျင်တုန်းက ကမ္ဘာ့ပြဿနာတိုင်းမှာ ဝင်ရောက်ပါဝင်လေ့ရှိတဲ့ အမေရိကန်နိုင်ငံကို အချို့က ကမ္ဘာ့ ပုလိပ်ကြီးလို့ပင် ခေါ်ဝေါ်ခဲ့ကြတယ်။ယခုလည်း ထရမ့်က ကမ္ဘာ့ ပြဿနာ တော်တော်များများမှာ ပါဝင်လာတာတွေ့ရပါတယ်။ မကြာသေးမီက အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရာမှာ အီရန်အစိုးရ လက်နက်ကိုင်တွေရဲ့ နှိမ်နင်းမှုကြောင့် ပြည်သူထောင်ချီပြီး သေကျေ ဒဏ်ရာရခဲ့တယ်။ ထိုဖြစ်ရပ်တွေ ဖြစ်စက ထရမ့်က အီရန် ဆန္ဒပြ ပြည်သူတွေသတ်ဖြတ်ခံရရင် အမေရိကန်က လာရောက် ကယ်တင်မယ်လို့ ပြောခဲ့ပါတယ်။
အီရန်မှာ ဆန္ဒပြပွဲတွေဖြစ်လာချိန်မှာ လူပေါင်း ၄၀၀၀ ခန့် သေကျေ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ သို့ပေမဲ့ နောက်တစ်ရက် မှာပဲ ဒေါ်နယ်ထရမ့်က “အီရန်မှာဆန္ဒပြသူတွေကို သတ်ဖြတ်တာ ရပ်လိုက်ပါပြီ၊ ဖမ်းဆီးခံထားရသူတွေကို ကြိုးပေး ကွပ်မျက်တာတွေ ရှိလာတော့မှာမဟုတ်ပါဘူး” လို့ပြောဆိုခဲ့တယ်။
ဒါ့အပြင် သမ္မတထရမ့်ဟာ ကိုလံဘီယာနိုင်ငံသမ္မတ ဂူစတာဗိုပက်ထရို ကိုလည်း ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ(၄)ရက်က Air Force One လေယာဥ်ပေါ်မှာ သတင်းထောက်တွေနဲ့ ပြောဆိုခဲ့ရာမှာ ထရမ့်က “ကိုလံဘီယာနိုင်ငံဟာ ကိုကင်းတွေထုတ်လုပ်ပြီး အမေရိကန် နိုင်ငံကို ရောင်းချနေရတာကို နှစ်သက်တဲ့ နာမကျန်းဖြစ်နေသူတစ်ဦးက အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်တယ်” လို့ ရှုတ်ချပြောဆိုခဲ့တယ်။
ထရမ့်ရဲ့အဆိုပါ ပြောစကားထွက်ပေါ်လာပြီးနောက်မှာတော့ ကိုလံဘီယာသမ္မတက “မိမိကိုပုတ်ခတ်စော်ကားမှုတွေကို ရပ်တန့်ပါ” လို့ ပြောဆိုခဲ့တယ်။ ကိုလံဘီယာသမ္မတ ပက်ထရိုက “လက်နက်ကိုင်တော်လှန်ရေးကနေ ပေါ်ထွက်လာပြီး၊ ငြိမ်းချမ်းရေးအတွက် ကိုလံဘီယာ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ရာကနေ ရွေးချယ်ခံထားရတဲ့ လက်တင်အမေရိကရဲ့ သမ္မတတစ်ဦးကို အခုလိုမျိုး ခြိမ်းခြောက်လို့မရပါဘူး” လို့ တုံ့ပြန်ပြောဆိုခဲ့တယ်။
အလားတူပဲ ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်ဖွယ်မရှိဘဲ ဝင်ရောက်စွက် ဖက်မှုသာ ဖြစ်တယ်၊ အချုပ်အခြာ နိုင်ငံတစ်နိုင်ငံကို လေးစားမှုရှိဖို့လိုတယ်”လို့ တောင်းဆိုခဲ့တယ်။
ဒါ့အပြင် ကိုလံဘီယာသမ္မတက “ထရမ့်ရဲ့ အဆိုပါခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရမယ်ဆိုရင် မိမိအနေနဲ့ လက်နက်ကိုင်ဖို့အသင့်ပါပဲ”လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ ထိုသို့ကမ္ဘာမှာ မီးတောက်ပြဿနာတွေများစွာပေါ်ပေါက်နေချိန်မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး က “အမေရိကန်အနေနဲ့ ချေချင်ညာ ခေါင်းဆောင် ရမ်ချမ် ကက်ဒီနော့ဖ် ကိုလည်း အာဏာမှ ဖယ်ရှားသင့်တယ်”လို့ မီးလောင်ရာ လေပင့် ပြောခဲ့ပါတယ်။
ကက်ဒီနော့ဖ် ဟာ၂၀၀၇ခုနှစ်ကတည်းက ရုရှားနိုင်ငံရဲ့ ချေချင်းညာဒေသမှာ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။ ယူကရိန်း စစ်ပွဲမှာလည်း ရုရှားဘက်က ကူညီတိုက်ခိုက်ပေးခဲ့သူဖြစ်ပါတယ်။ ကယ်ဒီနော့ဖ်က ဇယ်လန်စကီး ကိုတုံ့ပြန်ပြောဆိုရာမှာ “တစ်ဦးတစ်ယောက်ဟာသူ့ကို ရန်စတဲ့သူရဲ့ အပြစ်ပေးခြင်းကို ခံနေရချိန်မှာ သူတစ်ယောက် (ဇယ်လန်စကီး) က ဘာမှမဖြစ်သလို အဝေးကြီးကနေဘေးကင်းလုံခြုံစွာ ကြည့်နေနိုင်တယ်ဆိုတာဟာ သူရဲဘောကြောင်မှုကို ပြသနေတာပါ။ ကိုယ့်သိက္ခာ ကိုယ်ပြန်မချပါနဲ့။ ခင်ဗျားသာ ယောကျ်ားပီသတယ်ဆိုရင် ခင်ဗျားရဲ့ စကားတွေက ဘယ်လောက်ရှက်ဖို့ကောင်းတယ်ဆိုတာကို နားလည်ပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။ အဲဒီအခါမှာ ဇယ်လန်စကီး လည်း နှုတ်ဆိတ် သွားပါတော့တယ်။
နောက်ထရမ့်က နိုဘယ်ငြိမ်းချမ်းရေးဆုမရတဲ့အတွက် အတော်ပင် မကျေမနပ်ဖြစ်နေပုံရပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်က နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နဲ့ အပြန်အလှန်ရေးသားပေးပို့ခဲ့တဲ့ မက်ဆေ့ချ်တွေထဲမှာ မိမိဟာ နိုဘယ်ဆု အတွက် ဥပေက္ခာပြုခံရတာကြောင့် ရှေ့အဖို့ ငြိမ်းချမ်းရေး သက်သက်ကိုသာ စဥ်းစားဖို့ တာဝန်ရှိတယ်လို့ မယူဆတော့ဘူးလို့ ရေးထားခဲ့တယ်။
သူ့ရဲ့စာထဲမှာ ထရမ့်က “စစ်ပွဲပေါင်း ရှစ်ပွဲထက်မနည်း ရပ်သွားအောင် လုပ်ပေးတဲ့ ကျွန်တော့်ကို ခင်ဗျားနဲ့ နော်ဝေနိုင်ငံက နိုဘယ်ဆု မပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်ကလည်း ငြိမ်းချမ်းရေးသက်သက်ကို စဥ်းစားဖို့တာဝန်ရှိတယ်လို့ မယူဆတော့ပါဘူး” လို့ ကလေး ဆိုးကြီး တစ်ယောက်လိုပြောခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်တွေထဲမှာပင် ထရမ့်အပေါ် မကျေနပ်သူတွေ ရှိလာတာ တွေ့ရတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်(စ)ကဆိုရင် “အမေရိကန်က ၎င်းတို့ကို ဘယ်သူမှ အရေးမယူနိုင်တဲ့ ပုံစံမျိုးပြုမှုနေပြီး နိုင်ငံတကာ ဥပဒေတွေထက် သူတို့ရဲ့ အာဏာပါဝါက ပိုအရေးကြီးတယ်လို့ ယူဆနေတာပါ”လို့ပြောဆိုပါတယ်။ BBC Radio 4 နဲ့ Today အစီအစဥ်နဲ့ တွေ့ဆုံရာမှာ ဂူတာရက်(စ) ကပြောကြားခဲ့ပါတယ်။
မစ္စတာ ဂူတာရက်(စ) ကဆက်လက်ပြောကြားရာမှာ “နိုင်ငံအများအပြားပါဝင်ဆုံးဖြတ်တဲ့ ဖြေရှင်းချက်တွေဟာ အရေးမပါဘူးလို့ အမေရိကန်အနေနဲ့ ပြတ်ပြတ်သားသား ယုံကြည်နေပြီး အမှန်တကယ် အရေးပါနေတာကတော့ အမေရိကန်ရဲ့ သြဇာအာဏာကို အသုံးချရေးပဲ ဖြစ်နေတယ်”လို့ပြောဆိုပါတယ်။ အမေရိကန်က ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်ပြီး သမ္မတမာဒူရိုကို ဖမ်းဆီး ခဲ့ပြီးနောက် ဂရင်းလန်ကျွန်းကို သိမ်းပိုက်မယ်လို့ ထပ်တလဲလဲ ပြောခဲ့ပြီးနောက်မှာ မစ္စတာဂူတာရက်(စ)ရဲ့ မှတ်ချက်စကားပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အလားတူပဲ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ အက်ဂနက်(စ) ကာလမတ် ကလည်း သမ္မတ ဒေါ်နယ်ထရမ့်ကို အလျှော့ပေးပြီး အကြိုက်ဆောင်နေတာတွေ ရပ်တန့်ပြီး တွန်းလှန်ကြဖို့ ဥရောပ နိုင်ငံတွေကို တိုက်တွန်း ခဲ့တယ်။ (Amnesty) အတွင်းရေးမှူးချုပ်က ဒါဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ သီးသန့် ဆွေးနွေးပွဲ တစ်ခုမှာ “ကျွန်မတို့မှာ ပိုမိုခိုင်မာတဲ့ ခုခံတွန်းလှန်မှုတွေ လိုအပ်နေပါတယ်။ ဥရောပရဲ့ ဂုဏ်သိက္ခာဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်”လို့ AFP သတင်းဌာန ကို ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ပြောကြားရာမှာလည်း “ဗိုလ်ကျတတ်သူတွေနဲ့ သဘောတူညီမှုတွေ ရနိုင်မယ်လို့ ထင်နေတာတွေကို ရပ်လိုက်ပါ။ သားကောင် ရှာတတ်သူတွေရဲ့ စည်းမျဥ်းတွေကိုလိုက်နာနေသရွေ့ ကိုယ်တိုင်လည်းသားကောင်ဖြစ်လာလိမ့်မယ်ဆိုတာကို သတိပြုပါ”လို့ ပြောဆိုခဲ့တယ်။
ထရမ့်ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေ ကတော့ ထရမ့်ရဲ့ ပြောဆိုမှုတွေ၊လှုပ်ရှားမှုတွေ အားလုံးကို စောင့်ကြည့် နေပါလိမ့်မယ်။ သို့ပေမယ့် သူတို့ကိုယ်တိုင် ပြောလို့မကောင်းတဲ့ စကားအချို့ကို ထရမ့်က ဒိုင်ခံပြောပေးတဲ့အတွက် ကျိတ်ပြီး ကျေးဇူးတင် နေတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်က သူ့ရဲ့ ရန်သူတော်တွေလို့ ယူဆထားတဲ့ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ကတော့ ထရမ့်ပြောဆိုသမျှ လုပ်ကိုင်သမျှကို စောင့်ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြကာ ကျိတ်ပြီး ပြုံးရယ် နေကြပါလိမ့်မယ်။


