လိုချင်ရင် အကုန်ယူမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ
ဦးမိုး – ဟေ့ ကိုတိုး လာဗျ။ ဒီနေ့တော့ ကျွန်တော် နည်းနည်း စောတယ်။
ဦးတိုး – ကျေးဇူးပါဗျာ။ ဒီရက်ထဲ နေရ ထိုင်ရာတာ အေးနေတော့ နောက်ကျမှပဲ လမ်းလျှောက်ထွက်ဖြစ်တယ်။ ခင်ဗျားကတော့ တယ်ပြီး ဝီရိယ ကောင်းသကိုးဗျ။
ဦးမိုး – ဒီလိုလည်း မဟုတ်ပါဘူးဗျာ။ မနက်စောစော ထတာ အကျင့်ပါနေတော့ စောစောထ တရားလေးထိုင် ပုတီးစိပ် လုပ်ပြီးတာနဲ့ တန်းထွက်လာလိုက်တာ။ လူရှုပ်တာ မကြိုက်တဲ့ ကျွန်တော့်အတွက် စောစောထွက်တာ ပိုကောင်း သလိုပဲ။ သြော် ဒါနဲ့ ခင်ဗျားအတွက် လက်ဖက်ရည် နဲ့ မနက်စာ မမှာရသေးဘူး။ အေးကုန်မှာစိုးလို့။ ခင်ဗျား စားချင်တာ သာ မှာလိုက်ပေတော့။
ဦးတိုး – ဟုတ်ကဲ့ ဟုတ်ကဲ့။ ကောင်လေးရေ ဦးလေးကို လက်ဖက်ရည် ပုံမှန်နဲ့ အီကြာကွေး ပေးပါကွာ။ (ဦးမိုးဘက် လှည့်ကာ) ဘာတွေထူးသေးလဲဗျ။
ဦးမိုး – ဘာထူးရမတုံး။ အခု ရက်ပိုင်းမှာတော့ အမေရိကန်သမ္မတ ထရမ့်ရဲ့ ဗင်နီဇွဲလားကိစ္စက တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားတာ မဟုတ်လား။
ဦးတိုး – ဟုတ်တယ်။ အခုရက်ပိုင်း ဘယ်နေရာ ဖတ်ဖတ် ဒီအကြောင်းချည်းပဲ တွေ့နေရတာ။ တဖြည်းဖြည်းနဲ့တော့ နိုင်ငံတွေက ဆန့်ကျင်တာတွေ အထူးသဖြင့် ထရမ့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ပြီး သူ့သမ္မတ မာဒူရို နဲ့ ဇနီးကို ဖမ်းပြီး အမေရိကန်ကို ခေါ်ထုတ်လာတာကို ရှင်းရှင်းလင်းလင်း မပြောဘဲ ရေနံအတွက်ပဲ တိုက်ခဲ့သလိုလို၊ လုံခြုံရေး အရပဲ လုပ်ရသလိုလို။ အာဏာရှင် ဗင်နီဇွဲလား သမ္မတ မာဒူရိုမရှိတဲ့နောက်ပိုင်း သူ့နိုင်ငံရဲ့ ကံကြမ္မာကို ဘယ်လို ဖန်တီးပေးမယ် ဆိုတာကလည်း ဝေဝေဝါးဝါးတွေ လုပ်နေတော့ အမေရိကန် နိုင်ငံသားတွေမှာရော ကမ္ဘာ့ခေါင်းဆောင်တွေရော ထရမ့်အပေါ် မယုံမကြည်ဖြစ်ကြတာ ဘာဆန်းလဲဗျ။
ဦးမိုး – ဟုတ်တယ်။ ဒီလိုသာ လက်နက်နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ အထူးတပ်ဖွဲ့တွေကို ပိုင်ဆိုင်ထားပြီး သူဝင်ချင်တဲ့ နိုင်ငံကို ဝင်ပြီး လုပ်ချင်တာတွေ လုပ်နေတာကို လက်ခံရမှာလားဆိုတဲ့ မေးခွန်းတွေ အများကြီး ထွက်လာတယ် မဟုတ်လားဗျ။
ဦးတိုး – ဟုတ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ထရမ့်က ဒိန်းမတ်ပိုင်တဲ့ ဂရင်းလန်ကျွန်းကို ရအောင်ပဲ ယူတော့မလိုလို လက်တင်အမေရိကနိုင်ငံတွေကိုလည်း ခြိမ်းခြောက်လို ခြိမ်းခြောက်၊ အဝေးကြီးက အီရန်ကိုလည်း လှမ်းပြီး ရန်စောင် နေလိုက်သေးတယ်။
ဦးမိုး – ကြားလိုက်တယ်။ ခက်တာတစ်ခုက ကျွန်တော်တို့လို အပြင်က ကြည့်နေတဲ့သူတွေအတွက်က အာဏာရှင်တွေ ကို သုတ်သင်နှိမ်နင်းတဲ့ သူ့ကို လက်ခုပ်လက်ဝါးတီးပြီး အားပဲ ပေးရတော့ မလိုလို၊ နိုင်ငံတကာ နယ်နိမိတ်တွေကို သူ့စိတ် ထင်တိုင်းကြဲနေတာကို ရှုတ်ချရမလိုလိုပါပဲ။
ဦးတိုး – အေးဗျာ အဓိကကတော့ ဒေါ်နယ်ထရမ့်တက်လာပြီးတဲ့နောက်မှာ မပြတ်မသား ဖြစ်လာတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေကြောင့်လို့ အမြန် သုံးသပ်ရင်တော့ ရတာပေါ့။ အခုကိုပဲ ဗင်နီဇွဲလားရယ်၊ ဂရင်းလန်ကျွန်း နဲ့ ယူကရိန်းနိုင်ငံတွေ ဘယ်လိုတူနေသလဲဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာနေပြီ။ အဲဒါအပြင် ထရမ့်ရဲ့ မရိုးမသား ပြောတာ၊ မဟုတ်တာတွေပြောနေတာလို့တောင် အချက်အလက် အမှန်တွေကို ထောက်ပြပြီး ပြောနေကြတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမ ငါးနှစ် သက်တမ်းတုန်းက မမှန်တဲ့ အချက်အလက်ပေါင်း ၃၀၅၇၃ ချက်ကို မှန်နေသယောင်ယောင် ပြောခဲ့တယ်လို့ကို အတိအကျနဲ့ ပြောနေကြတယ်။
ဦးမိုး – ဟုတ်မှာပဲဗျ။ ထရမ့်က ပြောချင်တာတွေ ပြောတဲ့နေရာမှာတော့ ချန်ပီယံပဲ။ နောက်ပြီး သူရဲ့ အာဏာရှင် ဆန်ချင်တဲ့ လုပ်ရပ်တွေကြောင့် သမ္မတတာဝန်ကို အသုံးချပြီး လုပ်ချင်တာတွေလုပ်နေတာ၊ တရားမဝင်တဲ့ လုပ်ရပ်တွေ ပါလာနေပြီလို့ ပြောနေကြတယ်။
ဦးတိုး – ကိုမိုးပြောတာ မှန်ပါတယ်။ အခု သူ့ရဲ့ ဒုတိယ သက်တမ်းမှာလည်း ဒီလိုပဲ လုပ်နေတုန်းပဲ။ အမေရိကန်တွေ ကိုရော ကမ္ဘာကိုရော လိမ်ညာပြီး ပြောချင်တာတွေပြောနေတာလေ။ သူ့ကြည့်ရတာ သမ္မတ တစ်ယောက် အနေနဲ့ သူ့အာဏာတည်မြဲရေးကိုသာ အဓိကထားပြီး အဖြစ်မှန်တွေကို လျစ်လျူရှုထား၊ အမှန်ကိုမပြောဘဲ သူ့ကိုယ်သူ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်တဲ့ အင်အားကြီး လူစွမ်းကောင်း တစ်ဦးလို မြင်စေချင်လို့ လုပ်ကြံဖန်တီး ပြောနေတာလို့ သုံးသပ်သူ တော်တော်များများက ဆိုကြတယ်။
ဦးမိုး – ဟုတ်မှာပါလေ။ စိတ်ကြီးဝင်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်မှု အားနည်းသူတွေက ဒီလိုပဲ လုပ်ကြတယ် လို့ ကြားဖူးတယ်။
ဦးတိုး – ဟုတ်မယ်ဗျ။ ထရမ့် မကြာခင်က ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ပွဲဆူသွားသေးတယ်။ သူဟာ ဘာမဆို အားလုံး လုပ်နိုင်ပြီး ကမ္ဘာကြီးတစ်ခုလုံးကိုတောင်မှ လွှမ်းမိုးနိုင်တယ်တဲ့။ သူ့မှာ ကိုယ်ကျင့်တရားနဲ့ စိတ်ထားကောင်း တွေရှိလို့သာ အဲဒါတွေက သူလုပ်ချင်တာ မလုပ်ဖြစ်အောင် တားဆီးထားတာလို့ ပြောသေးတယ်လေ။
ဦးမိုး – ပြောလည်း ပြောထွက်တဲ့သူဗျာ။ သူဒီလိုတွေ လုပ်နေတာမို့လို့ လူ့အသက်တွေ ဆုံးရှုံးရတယ်။ ဒီမိုကရေစီ ထွန်းကားရေးကို အဟန့်အတားတွေ ဖြစ်လာစေတယ်။ နောက်ဆုံး မိတ်ဆွေနိုင်ငံတွေကြားမှာရှိတဲ့ ယုံကြည်ချက်တွေ ပျောက်ဆုံး ပျက်စီးသွားစေတယ်။
ဦးတိုး – ကိုမိုးပြောတာဟုတ်တယ်။ အခုပဲ ဂရင်းလန်ကျွန်းကို သူက အုပ်စီးချင်တဲ့အခါ တရုတ်နဲ့ ရုရှား စစ်သင်္ဘော တွေက အဲဒီကျွန်းကို ပတ်ပြီးစောင့်ကြည့်နေတာမို့လို့ အမေရိကန်အနေနဲ့ ဒီကျွန်းကို မဖြစ်မနေ ရယူဖို့လိုတယ်ဆိုပြီး မဟုတ်တမ်း တရမ်းတွေ လျှောက်ပြောတယ်။
ဦးမိုး – ဟုတ်လားဗျ၊ အဲဒီတော့ အဲဒီကျွန်းပိုင်ရှင် ဒိန်းမတ်နိုင်ငံက ဘာပြန်ပြောသလဲ။
ဦးတိုး – ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ် လုခ် ရာမုဆန်က “အလိုလေး၊ ဘာသင်္ဘောကို ပြောတာလဲ” လို့ ပြန်မေးသတဲ့။ နိုင်ငံခြားရေး ဝန်ကြီးဆိုတာ သူ့နိုင်ငံ ဘာဖြစ်နေသလဲဆိုတာ အပ်ကျတာက အစသိနေရမယ့်လူ မဟုတ်လား။ သူတို့တောင် ဒီကိစ္စကို မသိရဘဲ အမေရိကန်က ဘာအထောက်အထားနဲ့ ပြောနေတာလည်းဆိုတာ နားမလည်ဘူးထင်ပါရဲ့။ နောက်ပြီး ဂရင်းလန်ကျွန်း ပေါ်ကလူတွေကလည်း ထရမ့်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်ဆိုပြီး ပြောကြတယ်။
ဦးမိုး – ဂရင်းလန်ကျွန်းနေ ပြည်သူတွေကလည်း ထရမ့်က ကျွန်းကို သိမ်းပိုက်မှာ အမေရိကန်ကို ရောင်းလိုက်မှာကို မလိုလားကြဘူးလို့ ဖတ်လိုက်ရတယ်။
ဦးတိုး – ဟုတ်မှာပါ။ ဒီလောက် ယောက်ယက်ခတ်နေတဲ့ နိုင်ငံကို ဘယ်သူက ကြိုက်မှာတုံးဗျ။
ဦးမိုး – ထရမ့်က ဂရင်းလန်ကျွန်းကို လုံခြုံရေးအရ လိုချင်တယ်ဆိုပြီးပြောနေပေမယ့် ကျွန်းပေါ်မှာ ရှိတဲ့ သယံဇာတ တွေနဲ့ အမေရိကန်နိုင်ငံကို ချမ်းသာသည်ထက် ချမ်းသာအောင် လုပ်မယ်ဆိုတာ သိနေလို့နေမှာပေါ့ဗျ။
ဦးတိုး – ရှေ့မှာလည်း သူလုပ်ခဲ့တာက ပူပူနွေးနွေး ထင်ထင်ရှားရှားကြီး ရှိနေသေးတယ်လေ။ ကာရစ်ဘီယံ နဲ့ ပစိဖိတ် ပင်လယ်ထဲမှာ ဗင်နီဇွဲလား သင်္ဘောငယ်လေးတွေကို အမေရိကန်ကို မူးယစ်ဆေးဝါးမှောင်ခိုပို့တယ်ဆိုပြီး စွပ်စွဲပြီး တိုက်ခိုက် နှစ်မြှုပ်ပစ်လိုက်လို့ လူ ၁၀၀ လောက် အသက်ဆုံးရှုံးခဲ့ရသေးတယ်လေ။ နောက် သမ္မတ မာရူဒိုကိုလည်း မူးယစ်ဂိုဏ် ခေါင်းဆောင် မူးယစ်နဲ့ အကြမ်းဖက်သမားလို့ ဘာသက်သေကောင်းကောင်းမှ မရှိဘဲ ဖမ်းဆီးခဲ့သေးတာပဲ။ ဒါတွေကြောင့် ဗင်နီဇွဲလားကို စစ်ရေးအရ တိုက်ခိုက်ရပါတယ်ဆိုပြီး ထင်ယောင်မြင်ယောင် ဖြစ်အောင် ပြောခဲ့တာ တွေက သာဓကပဲလေ။ နောက်ပြီး ဆိုးတာက စစ်ရေးအရ တိုက်ခိုက်မှုကို သူ့စိတ်ကူးနဲ့သူပဲ အကောင်အထည် ဖော်ခဲ့တာ။ အခြေခံ ဥပဒေအရ လိုအပ်တဲ့ ခွင့်ပြုချက်ကို အမေရိကန် ကွန်ဂရက်ကနေလည်း ယူခဲ့တာ မဟုတ်။
ဦးမိုး – ခက်တာက ကမ္ဘာ့လူဆိုးစာရင်းဝင် အာဏာရှင်တွေ ဒီလို ဖမ်းဆီးခံနေရတာကို ဝမ်းမသာနိုင်ဘဲ ဖမ်းပေးတဲ့လူကို ပြန်ပြီး စိတ်ဆိုးနေရတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ။ အဖြစ်က ဆိုးပါတယ်ဗျာ။
ဦးတိုး – အမှန်ကတော့ ၂၀၁၈ ခုနှစ်တုန်းက သမ္မတ ပြန်ပြီး အရွေးမခံ ရတော့ မာဒူရိုအပေါ် အကြွေးတစ်ခုလို ဖမ်းဆီးပြီး ဗင်နီဇွဲလား ခေါင်းဆောင်ပြောင်း အစီအစဥ်ကို လက်လျှော့ခဲ့ရပြီး အခုမှ အဲဒီအကြွေးကို ပြန်ဆပ်တာလို့ ထင်ကြတယ်။ နောက်တစ်ခုက ဒီလိုမျိုး ဗင်နီဇွဲလား အစိုးရကို အင်အားသုံးပြီး ဖြုတ်ချခဲ့တာဟာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး အတွက် မဟုတ်၊ ဗင်နီဇွဲလား ပြည်သူတွေကို ကယ်တင်ဖို့၊ အမေရိကန်ကို ပိုမိုလုံခြုံအောင် လုပ်ဖို့မဟုတ်ဘဲ ရေနံကြောင့် ဆိုတာ သူကိုယ်တိုင် ဝန်ခံတယ်လေ။
ဦးမိုး – ကြားတယ်ဗျ။ သူက အရှက်ကင်းမဲ့စွာနဲ့ပဲ မက္ကဆီကို၊ ကျူးဘားနဲ့ ကိုလံဘီယာနိုင်ငံတွေကိုပါ ဒီလိုမျိုး လုပ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်လိုက်သေးတယ်ဆိုပဲ။
ဦးတိုး – ဟုတ်တယ်။ သူကတော့ အမေရိကန် သမ္မတအဆက်ဆက် တည်ထောင် ဆောက်တည်ခဲ့တဲ့ စစ်တပ်နဲ့ လက်နက်အားကိုးပြီး လုပ်ချင်တာတွေ ဆက်လုပ်မယ့် သဘောတော့ မြင်နေရသေးတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ မသိတာက သူဟာ ရွှံ့တောတွေ နွံအိုင်တွေထဲကို တလှမ်းချင်း ဝင်နေသလို လှုပ်လေ မြုပ်လေ ဖြစ်မှာကို မကြောက် သလိုပဲ။ နိုင်ငံရေး သမားစစ်စစ်မဟုတ်ဘဲ စီးပွားရေးသမား သက်သက်ဆိုတော့ ရှေ့ နောက် နိုင်ငံရေး အမြင်တွေ မရှိတဲ့အပြင် သူ့အနား ပတ်ချာလည်က လူတွေကလည်း သူပြောတာ သူလုပ်နေတာတွေကို ကောင်းချီး သြဘာပေးနေကြတာကိုးဗျ။
ဦးမိုး – လှုပ်လေ မြုပ်လေ ဆိုမှ သတိရတယ်။ ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေရော။ သူကိုယ်တိုင်ပဲ ဒီစစ်ပွဲကို သူစပြီး သမ္မတ ဖြစ်တဲ့နေ့ကစပြီး ၂၄ နာရီအတွင်း အဆုံးသတ်စေရမယ်ဆိုဗျ။ အခုဘယ့်နှယ်ရှိစ။
ဦးတိုး – ကျွန်တော်လည်း အဲဒါကို ဆက်ပြောမလို့ဗျ။ ခင်ဗျား တွေးတာ အမှန်ပဲ။ အဲဒါက ဥပမာကောင်းကောင်း တစ်ခုပဲ။ သူ့ရဲ့ အမှားနဲ့ အမှန်ကို မခွဲခြားတတ်တဲ့ အရည်အချင်း၊ အလိမ်အညာတွေနဲ့ ဖြီးဖြန်းနေတတ်တဲ့ အကျင့်ဟာ တကယ်တော့ ကိစ္စရပ်တစ်ခုကို ဆိုးတဲ့အခြေအနေကနေ ပိုဆိုးတဲ့ အခြေအနေဆီကို ဦးတည်သွားစေပါတယ်။
ဦးမိုး – ပူတင်ကို အခုပဲ တွေ့မယ်ပြောလိုက်၊ တွေ့မယ့်တွေ့ကြတော့လည်း ဘာအဖြေကောင်း တစ်ခုမှ ထွက်မလာ။ ထရမ့်ကို ပူတင်ကတော့ ကောင်းကောင်း ရယ်ပွဲဖွဲ့နေမှာ သေချာတယ်ကိုယ့်လူ။
ဦးတိုး – ဖြစ်လောက်ပါတယ်လေ။ အခုပဲ ရုရှားက သူ့ကို လှည့်ချင်တိုင်း လှည့်ပတ်ပြီး ယူကရိန်းကို ဗုံးတွေ တောက်လျှောက် ကြဲချ တိုက်ခိုက်နေတာပဲ ကြည့်တော့လေ။ တစ်ခါလည်း မဟုတ်တော့ အခါခါဆိုတော့ ထရမ့်ဟာ လျှော့ရိလျော့ရဲနဲ့ သူရဲဘောကြောင် ခေါင်းဆောင် တစ်ယောက်လိုတောင် ဖြစ်နေပြီ။ အဲဒီတော့ ဘာလုပ်ရမှန်းမသိဘဲ သူထင်တိုင်း ပြောလို့ရမယ့် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇလန်းစကီးကိုချည်းပဲ အပြစ်ဖို့နေတာပေါ့။ သူတတ်နိုင် တာကလည်း ဒါပဲရှိတော့တယ်လေ။
ဦးမိုး – ဒါတင်မကသေးပါဘူးဗျ။ သူကနေတိုးကိုလည်း ကရော်ကမည် လုပ်နေတာလေ။ ဥရောပက ယူကရိန်းရဲ့ ဒုက္ခတွေကို နားလည်ပြီး စာနာကူညီနေတာကိုလည်း ကရော်ကမယ်လုပ်နေသေးတာ မဟုတ်လား။
ဦးတိုး – ကိုမိုးပြောတာမှန်တယ်။ လိုလိုလားလားရှိတုန်းက နေတိုး အတွင်းရေးမှုးချုပ်ကြီး မာ့ခ်ရုဒ်က ထရမ့်ကို “ဒယ်ဒီ” လို့ခေါ်ပြောတုန်းက ပြုံးပြုံးကြီးလုပ်နေခဲ့ပြီးမှ အခုကျတော့ ဥရောပဟာ “ယဥ်ကျေးမှု မျိုးသုဥ်း ပျောက်ကွယ်မှု” ဖြစ်နေပြီလို့ ဆိုလားဆိုရဲ့။ မကြာခင်တုန်းကပဲ ပြောသေးတယ်။ အရေးနဲ့ ကြုံရတဲ့အခါ ဥရောပဟာ အမေရိကန်ကို ဘာမှ မကူညီဘူးလို့ ထပ်ပြောတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်းမှာ ဥရောပဟာ အာဖဂန်နစ္စတန်မှာ ဝိုင်းဝန်းကူညီခဲ့တာကို ထောက်ပြပြီး ဒါဟာလည်း နောက်ထပ် ဖြီးဖြန်းပြီး ပြောတဲ့ အချက်ပဲလို့ သုံးသပ်သူတွေက ထောက်ပြကြတယ်ဗျ။

ဦးမိုး – အခုတစ်ပြိုင်နက်တည်းလိုလို ဖြစ်နေတဲ့ ဗင်နီဇွဲလား၊ ဂရင်းလန်ကျွန်းနဲ့ ယူကရိန်းကိစ္စတွေကို ကြည့်မယ်ဆိုရင် တူညီနေတဲ့ အချက်တွေကို တွေ့ရမယ်ထင်တယ်။ ထရမ့်ကိုယ်တိုင်က သူလုပ်တဲ့ကိစ္စတွေမှာ ရိုးသားမှု မရှိတာ။ ဒါပေမဲ့လည်း ဒီကိစ္စသုံးခုစလုံးမှာ ဥရောပ သမဂ္ဂအနေနဲ့ အဖွဲ့အစည်းတစ်ရပ်ဆိုတာထက် သူတို့အချင်းချင်းမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို နားလည်ပုံခြင်း ကွဲပြားနေတာ၊ အမြင်မတူကြတာ အဲဒီကနေ အားနည်းချက်တွေ ထွက်လာတာလို့ သုံးသပ်ရင် ရမယ်ထင်တယ်။ မဟုတ်ဘူးလား ကိုတိုး။
ဦးတိုး – အမှန်ပဲပေါ့ဗျာ။ ဥရောပအနေနဲ့ ပထမဦးဆုံး လုပ်သင့်တာက လက်ရှိ အမေရိကန် သမ္မတကို ယုံစားလို့ မရဘူး ဆိုတာပဲ။ ဒီလိုမျိုး ကမ္ဘာ့ နိုင်ငံရေး ဥပစာကို ကြည့်မယ်ဆိုရင် ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ခွဲထွက်ခဲ့ခြင်းဟာ ရူးသွပ်တဲ့ အမှားဆိုတာထက် သတ်သေနိုင်လောက်တဲ့ ဆုံးဖြတ်ချက် တစ်ခုသာသာပဲ ဖြစ်တယ်ဆိုတာ ပြောရမယ်လို့ထင်တယ်။
ဦးမိုး – အခုဆိုရင် ကမ္ဘာသူ ကမ္ဘာသားအားလုံး လက်ခံထားကြတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို သဘောတူ လိုက်နာရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစား တန်ဖိုးထားရေးနဲ့ နိုင်ငံတစ်ခုရဲ့ပိုင်နက်နဲ့ အဆိုပါနိုင်ငံရဲ့ လွတ်လပ်ရေးကို လေးစားလိုက်နာရေးဆိုတာတွေ ပျောက်ပျက်ကုန်တာကို ဒီဖြစ်ရပ်သုံးခုကို ကြည့်ရင် သိနိုင်တယ်ဗျ။
ဦးတိုး – ဒါတင်မကသေးဘူး သာမန်လူတွေအတွက် ဒီမိုကရေစီရဲ့ ထုံးတမ်းကျင့်စဥ်တွေကို ကာကွယ်ဖို့ ပျက်ကွက်တာ တွေ။ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို မထီမဲ့မြင်ပြုတာ၊ ရုရှားက ယူကရိန်းနိုင်ငံရဲ့ ဒီမိုကရေစီကို လက်စတုန်းပစ်တာနဲ့ ဂရင်းလန် ကျွန်းသားတွေ သူတို့ နောင်ရေးအတွက် သူတို့ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ဆုံးရှုံးကုန်တာတွေက မျက်စိရှေ့မှောက်က အထင်အရှား ဥပမာတွေပဲ။
ဦးမိုး – ဟုတ်တယ်။ ဒီနိုင်ငံတွေက လူတွေရဲ့ စကားတွေကို ဘယ်သူကများ နားထောင်ခဲ့လို့လဲ။ အခု အမေရိကန် မန်နီရာပိုလစ်နဲ့ ပို့လန်းမှာ သေဆုံးခဲ့ကြတဲ့လူတွေ ဒီလို အကြောင်းမဲ့ သေခဲ့ကြရတာတွေဟာ ကမ္ဘာမှာ အနှံ့အပြား ပဲလေ။ မဟုတ်ဘူးလား။
ဦးတိုး – ဟုတ်တယ် ၂၀၂၅ ခုနှစ်အတွင်းမှာ ဒီလိုကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ ထရမ့်လက်နဲ့ ထိလိုက်တဲ့ အရာတိုင်း အရာတိုင်းဟာ အဆိပ်တွေ ဖြစ်ကုန်တယ်လို့ ပြောကြတယ်။ “Trumpism” လို့လည်း ခေါ်တယ်။ ပြောရရင် ဒါဟာ ကြောက်စရာကောင်းတဲ့ ရောဂါဆိုး တစ်ခုပါပဲ။
ဦးမိုး – ဟုတ်ပါတယ်ဗျာ။ ကဲ ကဲ ဒီအကြောင်းတွေ ပြောရတာနဲ့ ခင်ဗျားမှာထားတဲ့ စားစရာတွေ အေးကုန်တော့မယ်။ အေးမကုန်ခင် စားလိုက်ပါဦး။
ဦးတိုး – စားမယ် စားမယ်။ ဒါပေမဲ့ မစားခင် တစ်ခွန်းလောက်တော့ ပြောပါရစေဦး။ တစ်ချိန်က စာရေးဆရာကြီး မာ့ခ်တွိုင်းက “လိမ်နည်း သုံးမျိုး” ရှိတယ်တဲ့ဗျ။ ဘာလဲဆိုတော့ ပထမ တစ်ခုက “ရိုးရိုးလိမ်” တာ၊ နောက်တစ်ခုက “အန္တရာယ်ရှိ/ဒုက္ခရောက်လောက်အောင်လိမ်”တာ နဲ့ နောက်ဆုံးတစ်ခုကတော့ “ကိန်းဂဏန်း စာရင်းဇယားတွေ” တဲ့။ ကျွန်တော်က ဒါကို နည်းနည်း ပြောင်းပြောချင်တယ်ဗျ။ ပထမတစ်ခုက “ရိုးရိုးလိမ်” တာ၊ နောက်တစ်ခုက “အန္တရာယ်ရှိ/ဒုက္ခလောက်အောင်လိမ်” တာ နဲ့ နောက်ဆုံးတစ်ခုကတော့ “ဒေါ်နယ်ထရမ့်” လို့…။
ကိုးကား – What unites Greenland, Venezuela and Ukraine? January 2026, The Guardian/Observer


