The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာပေါ်မှာ တသဲသဲ

Share မယ်

သရေး နောက်ပစ် သဲပဲဖြစ်ဖြစ် သရေး ညသတ်သည်းပဲ ဖြစ်ဖြစ် ထိုသဲ၊ သည်းများနှင့် ပတ်သက်ပြီး အတော်လေး ရုန်းကန်ခဲ့ဖူးသည်။ သဲက ငယ်စဉ်ကျောင်းသားဘဝကဖြစ်ပြီး သည်းကတော့ ပျံတတ်သည့် အရွယ်ရောက်မှဖြစ်သည်။ ထိုသဲ နှစ်မျိုးတွင် ငယ်စဉ်ကကြုံခဲ့ရသည့် သဲကရိုးသားသည်ဟု ပြောရမည်ထင်သည်။ ညသတ် သည်းကဖြင့် အတော်မာယာများသည်။ တခြားမကြည့်နှင့် စာရေးကြရာတွင် အသည်းအသက် ဟုရေးသည်။ အသဲအသက် ဟူ၍ မရေး။ သို့သော်လည်း အသဲလေးဆို ပြန်လျှင် နောက်ပစ် သဲသွားပြန်သည်။ မည်သူမှ အသည်းလေးဟု မရေးကြပြန်။ ထိုကြောင့် သက်ဆိုင်သူများမဆိုနှင့် စာရေးကြရာတွင်ပင် မူမမှန်၍ လွမ်းခဲ့ ဆွေးခဲ့ရစေသလားမသိ။ ဤအကြောင်း အရာကို သည်လောက်နှင့်ပင်ရပ်ထားသည်က ပို၍အဆင်ပြေမည်ထင်သည်။ ကျွန်တော် ကိုယ်တိုင်ကလည်း ငုတ်မိသဲတိုင် မလုပ်ချင်သည်က ပို၍မှန်မည်ထင်သည်။ သက်ရှိလူတွေ အကြောင်းဆိုသည်ထက် သက်မဲ့ဖြစ်သည့် သဲအကြောင်းသာ ပို၍ပြောချင်ပေသည်။

တစ်နည်းအားဖြင့် နောက်ပစ်သဲ။ သဲဆိုသည်ကိုယနေ့ခေတ်တွင် လူတော်တော်များများက ဆောက်လုပ်ရေး လုပ်ငန်း များတွင် မြင်နေတွေ့နေကျ ဖြစ်သည်။ ယခင်အချိန်က ယနေ့လောက် မတွေ့ရသေးသည့် အချိန်သို့ ခဏ ပြန်သွား ကြည့်ဦးမည်။ တစ်နည်းအားဖြင့် ရန်ကုန်လိုမြို့ကြီးပြကြီး တွင် သစ်သားအိမ် တော်တော်များများ ရှိသည့်ကာ လဟု ဆိုနိုင်သည်။ ၁၈၀၀ နှင့် ၁၉၀၀ ခုနှစ်များ ကြားဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ထိုအချိန်တွင် ကျွန်တော်တို့လို မြို့ငယ်ကလေးများကလည်း ဖွံ့ဖြိုးတိုးတက်မှုထင်သလောက်မရှိသေး။ ကားဆိုင်ကယ်မပြောနှင့် စက်ဘီးတောင် အိမ်တိုင်းလိုလို မစီးနိုင်သေးသည့်အချိန်ဖြစ်သည်။ ရပ်ကွက်လမ်းများ ကလည်း မြေသားလမ်းများပင် ရှိသေးသည်။ မိုးတွင်းဆိုလျှင် မိုက်ကယ်ဂျက်ဆင် ကသလိုမျိုး ထိုလမ်းကို လျှောက်ကြရသေးသည်။ ထိုကြောင့် တတ်နိုင်သူ တချို့က လမ်းကို သဲခင်းပေးကြသည်။ ဒီလိုသဲခင်းဖို့အတွက် ယနေ့လို သဲကားတစ်စီး ဘယ်လောက်ဆိုပြီး ပိုက်ဆံပေး ဝယ်လိုက်ခြင်း မဟုတ်။ ထိုအချိန်က များသောအားဖြင့် ကုန်ကားများသာရှိ၍ ထိုကုန်ကားရှိသည့် အိမ်ကို အကူအညီ တောင်းပြီး ချောင်းထဲတွင် သွားတူးကာ သယ်လာခြင်း ဖြစ်သည်။ အလုပ်သမား ငှားလို့မရပါက အရပ်ကလူများဖြင့် ဝိုင်းကြရသည်။ ဤသို့ လမ်းကို သဲခင်းသည်ပဲဖြစ်ဖြစ် မိုးတွင်းလမ်း ပျက်ပြီး နွေအခါ လမ်းပြန်ဖို့သည်ပဲ ဖြစ်ဖြစ် အနည်းဆုံးအဖြစ် ကောက်ညှင်းပေါင်း ကျွေးလေ့ရှိသည်။ လူကြီးလူငယ် ကလေးပါ မရွေးအကုန် ဝိုင်းလုပ်ကြသဖြင့် အတော်လေးလည်း ပျော်စရာကောင်း သည်။ ကျွန်တော် ကိုယ်တိုင်လည်း ထိုအထဲတွင်ပါဖူးသည်။ သို့သော် အိမ်တွင် မောင်ဗမာ စက်ဘီးကလေး ရောက်လာပြီး နောက်ပိုင်းတွင် လမ်းပျက်တိုင်း သဲဖို့ခြင်း ကိစ္စကို အတော်လေး စိတ်ကုန်လာမိသည်။ လမ်းကလည်းမြေသားလမ်း။ ပျက်ပြီဟေ့ဆိုလျင် နေရာတိုင်း လိုလို ကျင်းတွေ ချိုင့်တွေချည်း။ ထိုကြောင့် တစ်လမ်းလုံး နီးနီး သဲခင်းကြရသည်။ အနှီသဲသည်ကား မိုးရေစိုနေချိန်တွင် စက်ဘီးစီးရ သည်မှာ ပြဿနာ မရှိသော်လည်း ခြောက်သွားသည့်အချိန်တွင် စက်ဘီးစီးရသည်က ခရီးမတွင်တော့ချေ။ ရှိသမျှအား အကုန်စိုက် နင်းပါ သော်လည်း စက်ဘီးက မြွေလိမ်မြွေကောက်ဖြင့် သဲထဲတွင် ရုန်းနေ ရပေသည်။ စိတ်မရှည်သည့် အဆုံး ဆင်းတွန်း လိုက်မှသာ ဖြောင့်ဖြောင့် သွားနိုင်တော့သည်။ ဤသို့ ဖြင့် သဲခင်းပြီဟေ့ ဆိုလျှင် စိတ်တော်တော် ပျက်မိသည်။ မည်မျှ စိတ်ပျက်သနည်းဟုဆိုရလျင် ယနေ့ အချိန်အထိ သဲထဲတွင် စက်ဘီးစီးရသည့် အရသာက တငွေ့ငွေ့ ကျန်နေသည် အထိဖြစ်သည်။ ထိုစဉ်က ကလေးဖြစ်၍ သဲခင်းသည့် လူကြီးများကိုလည်း “ လမ်းပျက်တာကို သဲမခင်းလို့မရဘူး” လား ဟူ၍ သွားမေးမိသည်။ သို့သော်လည်း သူတို့ကပြန်မဖြေချေ။ ပြန်မဖြေသော်လည်း နှစ်တိုင်း သဲခင်းစမြဲပင် ဖြစ်သည်။ ထိုကိစ္စသည် ယနေ့အချိန်ထိ ပြောင်းလဲသွားပြီဟု ထင်လျင်မှားပေလိမ့်မည်။ ယနေ့အထိ သဲခင်းနေကြဆဲ ဖြစ်သည်။

အဘယ်ကြောင့် သဲခင်းကြပါသလည်းဟု ယနေ့စဉ်းစားတတ်ချိန်တွင် အဖြေထုတ်ကြည့်မိသည်က ပထမအချက်က ဈေးပေါသည်။ နောက်တစ်ချက်က လွယ်လွယ်နှင့် ပြီးသည်ဖြစ်၍ အလုပ်ရှုပ် သက်သာသည်။ လမ်းကောင်းသွားခြင်း မကောင်းသွားခြင်းဆိုသည်ကို ဦးစားပေး စဉ်းစားမထားကြောင်း သေချာသည်။ “ ငါတို့ခင်းထားသည့် မြေသားက ဘယ်လိုမြေသားလဲ။ မြေသားမာအောင် ဘယ်လိုလုပ်သင့်သလဲ” ဆိုသည့် ကိစ္စရပ်မျိုးကို ဦးနှောက်ခြောက်ခံပြီး စဉ်းစားစရာ လည်းမလို ၊ ရော့ အင့် ပြီးပြီ သဘောလောက်သာ ဖြစ်ကြောင်းသုံးသပ်မိသည်။ ဤနေရာတွင် သဲနှင့် မဆိုင်သော်လည်း အဆုံးအရှုံးများသည့် ကိစ္စတစ်ရပ်ကို အနည်းငယ်မျှ ပြောချင်မိသည်။ တချို့ မြို့နှင့်အလှမ်းဝေးသည့် ရွာများတွင် ဆက်သွယ်ရေးအတွက် ကိုယ့်လမ်းကိုဖောက် ကိုယ့်လမ်းကိုယ့်ခင်းဖြင့် ကိုယ်ထူကိုယ်ထ လုပ်ရသည့် ရွာများရှိသည်။ (မှတ်ချက် / ရွာလမ်းများ အတော်များများသည် အနည်းဆုံး ဂဝံလမ်း အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ရွာတချို့ကျန်နေပါသေးသည်။ ) ယနေ့ခေတ်တွင် ကားများ ပေါလာပြီဖြစ်၍ အဓိက ထွက်ကုန် ဆန်စပါးများကို သယ်ယူပို့ဆောင်နေရသဖြင့် မြေသားလမ်းများ အပေါ်တွင် ကွန်ကရစ်များ လောင်းကာ လမ်းခင်း ကြသည်။ ကျွန်တော် ထိုရွာများသို့ ရောက်တိုင်းလည်း ဆရာ တက္ကသိုလ်ဘုန်းနိုင် တစ်ခါက ပြောပြခဲ့ဖူးသည်ကို သူတို့ကို ပြန်ပြောပြသည်။ ဆရာ့ကို ကျွန်တော်တို့မြို့တွင် ဟောပြောပွဲ ဖိတ်စဉ်က ကျွန်တော်သွားခေါ်ရသည်။ ထိုသို့သွားခေါ်စဉ် ကျွန်တော်တို့ ယဉ်မောင်းဖြစ်သူအား ပြောပြနေခြင်းကို မှတ်မိနေခြင်း ဖြစ်သည်။ ဆရာက နိုင်ငံအမည် အတိအကျဖြင့် ပြောသော်လည်း ကျွန်တော် မေ့သွားပြီ ဖြစ်သည်။ သေချာသည်က ဥရောပနိုင်ငံထဲက ဖြစ်မည်။ ဂဃနဏ အလုံးစုံ မဟုတ်သော်လည်း ဆရာပြောသည်က “ သူတို့နိုင်ငံက လမ်းခင်းတော့မယ်ဆိုရင် မြေသားနမူနာကို အရင် စစ်ဆေးတယ်။ အကယ်၍ မြေသားက ဘယ်လိုမှ ကြံ့ခိုင်မှုမရှိဘူးဆိုရင် တံတားထိုး လိုက်တာကွ” ဆိုသည့် စကားလေး ပင်ဖြစ်သည်။ ထိုအချိန်က ဆရာပြောမှ မြေကြီးပေါ်မှာ တံတားထိုးသည်ကို သိရသဖြင့် ထူးထူးခြားခြား မှတ်မိ နေခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်က ရွာခံရင်းနှီးသူများကို မြေ္သား အနေအထားကို စစ်ဆေးဖို့ လိုတဲ့အကြောင်း ဒါမှဟုတ်ရင် အကုန်အကျ ခံထားတာတွေက အလဟဿ ဖြစ်သွားနို င်ကြောင်း တတ်သမျှ ပြောမိသည်။ ကွန်ကရစ် လောင်းသည်ဆိုလျင်လည်း ဒီမြေသားပေါ်မှာ ဘယ်လို ကွန်ကရစ်မျိုး လောင်းရမည်ကို ကျွမ်းကျင်သည့် အင်ဂျင်နီယာ ခေါ်ရင်လည်းခေါ် ဒါမှမဟုတ် တိုင်ပင်သင့်ကြောင်း အကြံပေးမိသည်။ သို့သော်လည်း သူတို့က လက်မခံ။ လမ်းပျက်သည့် အခါမှ “ အေးကွ မင်းပြောသလိုလုပ်မိရင်အကောင်းသား”ဟူ၍ ထမင်းရည်ပူ လျှာလွှဲစကား ဆိုတတ်သည်။ အကယ်၍ ကျွန်တော်စာကို ဖတ်မိသည့် ထိုထိုကဲ့သို့သော ရွာများရှိခဲ့လျှင် သတိထားစရာ အဖြစ် စေတနာ ရှေ့ထားပြီး ထည့်ရေးရခြင်း ဖြစ်ပါသည်။

ထိုသို့သဲအတွက် ခံစားချက်ရှိနှင့်သည့် ကျွန်တော့်အဖို့ တစ်နေ့ပျင်းပျင်းနှင့် ယူကျူ့ကို မွှေနှောက်နေရင်းက သဲမာဖီးယား ဆိုသည့် ကိစ္စကို သွားတွေ့မိသည်။ တွေ့တွေ့ခြင်း အတော်လေး စိတ်ဝင်စားသွားသည်။ မာဖီးယား ဆိုသည်က ဒုစရိုက် ဂိုဏ်း ဟုသာသိထားသည်ဖြစ်၍ “ ဘာများလဲ“ “ဘာလို့ ဒီလိုခေါ်ရတာလဲ” စသည်ဖြင့် သိလိုစိတ်များက ယူကျူ့တွင် သာမကတော့ပဲ ဝက်ဘ်ဆိုဒ်ပေါင်း များစွာဆီသို့ ရောက်သွားခဲ့ရ ပေတော့သည်။ သဲနှင့် ပတ်သက်သမျှ တို့ကို စုဆောင်းရင်း ပရင့်ထုတ်ဖို့ စာရွက်ရေကြည့်မိသည့် အခါကျမှ မျက်လုံးပင်ပြူးသွားသည်။ ရွက်ရေ တစ်ရာကျော်။ သို့ဖြစ်၍ လေးဆယ့်ငါးမျက်နှာလောက်ကို ပရင့်ထုတ်ပြီး ကျန်သည်ကို စက်ထဲမှာပင် သိမ်းထား ရတော့သည်။

သဲကားများ ဖြတ်သွားဖြတ်လာ လုပ်နေသည်ကို မြင်နေရသော်လည်း အမှုမဲ့အမှတ်မဲ့ရှိနေခဲ့မိသည်။ ယခု သဲနှင့် ပတ်သက်ပြီး လေ့လာကြည့်သည့် အခါတွင်မှ ကမ္ဘာပေါ်တွင် သယံဇာတ ထုတ်ယူသုံးစွဲမှုတွင် ရေသုံးစွဲမှု၏ နောက်တွင် သဲသုံးစွဲမှု အများဆုံးအနေဖြင့်ရပ်နေသည်။ မည်မျှထုတ်ယူနေကြပါသနည်းဆို လျှင် ကမ္ဘာတစ်ဝန်းတွင်နှစ်စဉ် သဲနှင့် ကျောက်တန်ချိန် ဘီလီယံ ၄၀ မှ ၅၀ ကြားတွင် ရှိလေ၏။ ထုတ်ယူ သုံးစွဲသည့်သဲအမျိုးအစားများထဲတွင် မြစ်သဲ (RIVER SAND ) က ထောင့်ချိုးများ ပါသောကြောင့် ဘိလပ်မြေ တွယ်ကပ်မှုအား အကောင်းဆုံးဖြစ်နေ၍ အဆောက်အအုံ တည်ဆောက်သည့် လုပ်ငန်းများတွင် အများဆုံး အသုံးပြုနေကြသည်။ အဆောက်အအုံရဲ့ တိုင် (Column)၊ ရက်မ (Beam) နှင့် အမိုးကြမ်းပြင် (Slab) လောင်းရာတွင် မြစ်သဲကို အသုံးပြုရခြင်းမှာ ပင်လယ်သဲများ ကဲ့သို့ ဆားငန်ဓာတ် မပါသည့်အတွက် သံကူကွန်ကရစ်ထဲမှ သံချောင်းများကို သံချေးမတက်နိုင်ပေ။ ပင်လယ်သဲမှာ ကလိုရိုက် (Chloride) ဓာတ်ပါသောကြောင့် ကွန်ကရစ်ထဲမှ သံချောင်းများကို အချိန်တိုအတွင်း သံချေးတက်စေပြီး ပြိုကျ စေနိုင်ပေသည်။ ထို့ပြင် အစိုဓာတ်ကို စုပ်ယူသဖြင့် နံရံကွာကျစေနိုင်သလို  သုတ်ထားသည့် ဆေးများလည်း ဖောင်းကြွလာတာမျိုး ဖြစ်စေနိုင်သေးသည်။ ပင်လယ်သဲကို ဆား ဓာတ် နှင့် ခရုခွံ အပိုင်းအစများ ကုန်စင်အောင် ဆေးကြော သန့်စင်ပြီးမှ ဆောက်လုပ်ရေး လုပ်ငန်း အချို့မှာ အသုံးပြုနိုင်သော်လည်း ကုန်ကျစရိတ် များလွန်း၍ မြစ်သဲကို အဓိက အသုံးပြုကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပင်လယ်သဲကို ပင်လယ်ကမ်းခြေတစ်လျှောက် မြေနေရာ ချဲ့ထွင်ဖို့ ၊ ကျွန်းအတု များတည်ဆောက်ရန်တို့အတွက် မြေဖို့ရုံသာအသုံးပြုကြသည်။

နောက်ထပ် သဲအမျိုးအစားတစ်ခုမှာ ရွှေဖြူဟု ပင်တင်စားခေါ်ဝေါ်သည့် သဲဖြူ (White Sand) ပင် ဖြစ်သည်။ သဲဖြူကို အဓိကအားဖြင့် Silica Sand လို့လည်း ခေါ်ကြပြီး မီးကျောက်ဓာတ် (Silica) ပါဝင်မှု အလွန်မြင့်မားသည်။ ၎င်းကို ပြတင်းပေါက်မှန်၊ ဖန်ခွက်နှင့် မီးသီးများ ပြုလုပ်ရာတွင်သော်လည်း ကောင်း၊ ရေကူးကန်၊ စက်မှုဇုန် ရေဆိုး သန့်စင် စက်ရုံနှင့် အိမ်သုံး ရေစစ်ကန် (Water Filter) များတွင် လည်းကောင်း၊ ဂေါက်ကွင်းများ: ဂေါက်ကွင်းက သဲကျင်း (Bunkers) မြက်ခင်းတုအောက်မှာ ရေမတင်အောင် ခံဖို့သော်လည်းကောင်း၊ ငါးကန် (Aquarium) အောက်ခြေခင်းရန်၊ ပန်းအိုးထဲမှာ အလှဆင်ရန်နှင့် အဆင့်မြင့် အိမ်ခြံဝင်း လမ်းကလေးတွေမှာ ခင်းရန်အတွက်သော်လည်းကောင်း၊ ကွန်ပျူတာ ဖုန်းတွင်ပါသည့် Microchips များ ထုတ်လုပ်သည့်နေရာတွင် အခြေခံ ကုန်ကြမ်းအဖြစ် သော်လည်း ကောင်း၊ အလှအပ ပစ္စည်းနှင့် အရေပြား ထိန်းသိမ်းမှု (Skincare) ပစ္စည်းများတွင် အခြေခံ ကုန်ကြမ်းများ အဖြစ် အသုံးပြုကြလေသည်။ ထိုကြောင့် သဲဖြူကို စက်မှုကုန်ကြမ်းအဖြစ် သတ်မှတ်ထားသဖြင့် သမားရိုးကျ မြစ်သဲထက် ဈေးပိုကြီးပေသည်။ အကယ်၍ အရောင်းအဝယ် ပြုလုပ် လိုလျှင်သော်လည်းကောင်း နိုင်ငံခြားသို့ တင်ပို့ခြင်း အတွက်များ ဆိုလျှင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရလေသည်။

အလွယ်အကူဆုံးထုတ်လုပ်မှု ၊ ဈေးအသက်သာဆုံးဖြစ်သည့် အဆောက်အအုံ အတွက် အသုံးပြုသည့် မြစ်သဲဟုပဲ ဆိုဆို မြစ်နှင့်မနီးသည့်အရပ်များတွင် ချောင်းသဲတို့ကို အဓိက ထုတ်ယူသုံးစွဲသည့် နိုင်ငံ မှာ တရုတ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့သဲ အသုံးချမှု၏ ၅၀ရာခိုင်နှုန်းကျော် ရှိသည်။ ၂၀၁၁ မှ ၂၀၁၃ နှစ်နှစ်တာကာ လအတွင်း လမ်း၊ တံတား၊ ဆည် တည်ဆောက်မှုများအတွက် ဘိလပ်မြေ သုံးစွဲသည့် ပမာဏမှာ အမေရိကန်နိုင်ငံ ၂၀ ရာစုတစ်စုလုံး သုံးစွဲခဲ့သည့် ပမာဏထက်ပင် ပိုများနေသည်ကို တွေ့ရသည်။ ဘိလပ်မြေ တစ်တန်သုံး သည်ဆိုလျှင် သဲအနည်းဆုံး ခြောက်တန်မှ အများဆုံး ရှစ်တန် လောက်အထိ သုံးစွဲရသည်။ နောက်ထပ်အများဆုံး အသုံးပြုသည့်နိုင်ငံမှာ အိန္ဒိယပင်ဖြစ်သည်။ အိမ်ရာစီမံကိန်းများနှင့် မြို့ပြများ တိုးချဲ့ခြင်းကြောင့် သဲအများအပြားကို အသုံးပြုနေရသည်။ စက်မှု လုပ်ငန်းသုံး သဲထုတ်လုပ်မှုတွင် ရှေ့ တန်းမှ ပြေးနေသည့် နိုင်ငံမှာ အမေရိကန် ဖြစ်သည်။ ၂၀၂၃ ခုနှစ် စာရင်းအရ တန်ချိန် သန်း ၁၀၀ ကျော် ထုတ်လုပ်ခဲ့သည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် (ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား) တို့သည် သဲထုတ်လုပ်မှုသည် သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချပေးသည်။ အဓိကဝယ်ယူသည့် နိုင်ငံမှာ အရှေ့တောင် အာရှ တွင် နယ်မြေ အကျဉ်းဆုံးဖြစ်သည့် စင်္ကာပူနိုင်ငံပင် ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် သူ့နယ်နိမိတ် ချဲ့ထွင်ရန် အတွက် သဲအမြောက်အမြားကို တင်သွင်းခဲ့သည်။

နိုင်ငံသေးငယ်သည့် စင်္ကာပူတွင် သဲကို လုံလုံခြုံခြုံ သိုလှောင်ထားရသည်။ (Source: MIT)

ယနေ့ခေတ်တွင် တိုးတက်လာသည့် လူဦးရေနှင့် နေထိုင်ရေးအတွက် အရေးပါသည့်အဆောက်အအုံများ အတွက် သဲသည် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ တစ်ချိန်ကလို သစ်သားဖြင့် အဆောက်အအုံ ဆောက်ရန်မှာလည်း လုံလောက်သည့် သစ်များမရှိတော့သည့်အပြင် အထပ်မြင့် အဆောက်အအုံများကို သစ်သားဖြင့် မတည်ဆောက် နိုင်‌ပေ။ ထိုထက်ဆိုးသည်က ကမ္ဘာတစ်ဝန်းရှိ သစ်တော ဧရိယာများ လျော့နည်းလာမှုပင် ဖြစ်သည်။ သစ်တောများ နည်းလာသဖြင့် ရေဝေရေလဲ ဧရိယာများ လျော့နည်းလာပြီး မြစ် ချောင်း ပင်လယ်များတွင် သဲများဖြင့်ပြည့်နှက် နေခြင်းသည် သဘာဝကပေးသည့် လက်ဆောင် တစ်ခုအလား ထင်မှတ်စရာပင်ဖြစ်သည်။ ကျွန်တော်သည်လည်း တစ်ချိန်က မြို့နယ်အတွင်းရှိ ချောင်းများတွင်သဲများ ပြည့်နေသဖြင့် တူးဖော် စေချင်သည်။ သဲထုတ်လုပ်သူများ များလာသည်ကိုပင် ဝမ်းသာအားရ ကျေနပ် မိခဲ့ဖူးသည်။ သို့သော် တစ်ချိန်က ရွာတစ်ရွာရှိ ချောင်းကူးတံတား တစ်ခု ပြဿနာ ဖြစ်ရသည့်အကြောင်း အရင်းကို ယခုမှပင် ဒါကြောင့်ဖြစ်မည်ဟု တွေးတတ်လာသည်။ ပြဿနာက သက်ဆိုင်ရာဌာနမှ ချောင်း ကူးတံတား တည်ဆောက်ထားပေး ပါသော်လည်း အချိန်မတိုင်မီ အတွင်းတွင် ရေလယ်တိုင်မှ အောက်ခြေ ပြတ်လုလု ဖြစ်သွားသည်။ ထိုကြောင့် ရွာသူရွာသားများဖြတ်သန်းသွားလာရေးတွင် အန္တရာယ် ဖြစ်နေ၍ ပြန်လည် ပြင်ဆင်ခွင့်ပေးရန် တင်ပြကြသည်။ ဘတ်ဂျက်လမဟုတ်သဖြင့် ချက်ချင်း ပြင်ဆင် စရိတ်ချပေးရန် သက်ဆိုင်သူများကလည်း ဘယ်လိုမှမတတ်နိုင်။ နောက်ထပ် ဘတ်ဂျက်လကိုလည်း ရွာသူရွာသား များက မစောင့်နိုင်။ ဤသို့ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ထိုရွာကူးတံတားအား တည်ဆောက်လိုက် ကြရသည်။ တံတားပျက်သည်ဖြစ်၍ တံတားခိုင်အောင် မဆောက်ပေးသည့် အင်ဂျင်နီယာကို ဝိုင်းပြီး အပြစ်တင် ကြသည်။ ထိုအချိန်က ထိုအထဲတွင် ကျွန်တော်လည်းပါသည်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် အားလုံးကို တွက်ချက်ပြီး တည်ဆောက်ရမည်က အင်ဂျင်နီယာ၏တာဝန်ပင် ဖြစ်သည်မဟုတ်လား။ ထိုကြောင့် အင်ဂျင်နီယာ၏ အမှားဖြစ်သည်။ ယခုမှ ထိုအချိန်တွင် တံတား၏ မလှမ်းမကမ်းတွင် သဲထုတ်လုပ်နေသည်ကို သတိထားမိ သွားသည်။ ချောင်းကလည်း သဲများဖြင့် ပြည့်နေချိန်၊ အင်ဂျင်နီယာကလည်း ထိုတက်လာသည့်သဲထုကို တွက်ဖို့ရာ လိုအပ်သွားမည်ထင်သည်။ ထိုကြောင့်ရေလယ်တိုင်၏ အခြေကိုလုံလောက်သည့် ပမာဏ မရဖြစ်သွားပြီးလျှင် တစ်ဖက်က သဲထုတ်လုပ်ရေးမှ သဲများ ဆွဲယူမှုကြောင့် ထိုပြဿနာ ဖြစ်ခဲ့ရသည်ဟု ယူဆနိုင်လာသည်။

“သဲဟာ နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ” လို့ ဘယ်လ်ဂျီယံနိုင်ငံ Universite Catholique de Louvain မှ ဂေဟဗေဒ ပညာရှင် Aurora Torres က ဆိုခဲ့ဖူးလေသည်။ ထို့ကြောင့် သဲထုတ်ယူမှုများကြောင့် ဖြစ်လာသည့် ပြဿနာများမှာ သေးသေးမွှားမွှားမဟုတ်။ ဤပြဿနာများ ရင်ဆိုင်နေရသည့် နိုင်ငံများတွင် အရှေ့တောင်အာရှ၌ ကမ္ဘောဒီးယားနိုင်ငံ ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် သဲကို ပြည်တွင်း အတွက်သာ ထုတ်လုပ်သည်မဟုတ်ဘဲ စင်္ကာပူသို့ပါ အဓိက တင်ပို့ ရောင်းချသည့် နိုင်ငံ ဖြစ်သည်။ သို့ကြောင့် သဲအလွန်အကျွံ ထုတ်ယူလိုက်သဖြင့် မြစ်ချောင်း အတွင်းမှ ရေသတ္တဝါတို့၏ ဂေဟ စနစ်များပျက်ယွင်းခဲ့ပြီး တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်းများ ထိခိုက် ခဲ့ရသည်။ အစိုးရအနေဖြင့် သဲထုတ်လုပ်မှုကို ပိတ်ပင် ထားခဲ့ပါသော်လည်း ကုလသမဂ္ဂ၏ ထုတ်ပြန်သည့် စာရင်းများ အရ ကမ္ဘောဒီးယား မှ တရားဝင်ထုတ်ပြန်သည့် စာရင်းနှင့် စင်္ကာပူသို့ရောက်သွားသည့် စာရင်းများက အဆပေါင်း များစွာ ပိုများနေသည်ကို တွေ့လေသည်။ နောက်ထပ် တစ်နိုင်ငံက ဗီယက်နမ်ဖြစ်သည်။ မဲခေါင် မြစ်ဝကျွန်းပေါ် ဒေသတွင် သဲအလွန်အကျွံ ထုတ်ယူမှုကြောင့် မြစ်ကြောင်း ကြမ်းပြင်များ နိမ့်ကျသွားပြီး ပင်လယ်ရေများက မြစ်ထဲသို့ ပိုမို တိုးဝင်လာ၍ စိုက်ပျိုးရေး ကဏ္ဍအတွက် အကြီးအကျယ် ထိခိုက်နေသည်။ ထို့အပြင် ဗီယက်နမ် အာဏာပိုင်များနှင့် သဲခိုးထုတ်သူများအကြား လက်နက်ဖြင့် ပစ်ခတ် ဖမ်းဆီးရသည်အထိ ဖြစ်ပွားခဲ့ကြရသည်။ မော်ရိုကိုနိုင်ငံကမူ ထိုနိုင်ငံများနှင့် မတူ။ သို့သော်လည်း တူနေသည်က သဲခိုးထုတ်သည်ပင် ဖြစ်သည်။ မော်ရိုကိုတွင် သဲခိုးတူးသည်က ကမ်းခြေသဲများဖြစ်လေသည်။ ထို့ကြောင့် ခရီးသွား လုပ်ငန်းအတွက် အရေးပါသည့် ကမ်းခြေများ ပျက်စီးကုန်သည်။ အာဖရိကမှ ကင်ညာဆိုလျှင် ဒေသခံ လက်နက်ကိုင်များက သဲတူးသည့်နေရာများကိုထိန်းချုပ်ထားပြီး တရားမဝင် သဲခိုးတူးခြင်းနှင့် သဲကားများဆီမှ ဆက်ကြေး ကောက်ခံ ကြသည်။ သို့ဖြစ်၍ သဲပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ကျေးရွာ အချင်းချင်း လက်နက်များဖြင့် တိုက်ခိုက်ကြသည်အထိ ဖြစ်ပွားခဲ့ကြသည်။ နောက်ထပ် ပြဿနာများသည့် နိုင်ငံမှာ အိန္ဒိယပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံရဲ့ “Sand Mafia” (သဲမာဖီးယား) ပြဿနာဟာ ကမ္ဘာမှာ အဆိုးရွားဆုံးနဲ့ အန္တရာယ် အရှိဆုံး သယံဇာတ ခိုးထုတ်မှု ပြဿနာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ သာမန်သဲခိုးတာမျိုး မဟုတ်ဘဲ ငွေကြေး၊ အာဏာနှင့် လက်နက်ကိုင် အကြမ်းဖက်မှု ပါဝင်သည့် စနစ်တကျ ရာဇဝတ်မှု တစ်ခုလို ဖြစ်နေသည်။ အိန္ဒိယ နိုင်ငံတစ်ဝန်းတွင် သဲကို တရားမဝင် တူးဖော်၊ သယ်ယူ၊ ရောင်းချနေသည့် အဖွဲ့အစည်းများ၌ ကိုယ်ပိုင် လက်နက်ကိုင် အစောင့်များ၊ သဲကားများစွာ ရှိသည့်အပြင် အစိုးရအရာရှိ အချို့၏ အကာအကွယ်ကိုပင် ယူထားတတ်ကြသည်။ ဥပဒေကို ရှောင်ရှားနိုင်ရန် ညဘက်များတွင် စက်ယန္တရားများ အသုံးပြု၍ စုပ်ယူကြသည်။ သူတို့၏ လုပ်ငန်းကို ဟန့်တားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ သတင်းထောက်များနှင့် ရဲအရာရှိတို့ ကို လုပ်ကြံ သတ်ဖြတ်တဲ့ အထိပင် ဖြစ်ခဲ့ကြသည်။ အိန္ဒိယအစိုးရ၏ မှတ်တမ်းအရ ၂၀၁၉ ကနေ ၂၀၂၀ ခုနှစ် တစ်နှစ်တည်းမှာပင် တရားမဝင် သဲတူးဖော်မှုပေါင်း ၁၉၀,၀၀၀ (တစ်သိန်းကိုးသောင်း) ကျော် အမှုဖွင့် အရေးယူခဲ့ရသည်။ “Sand Mining Violence” ကြောင့် ၂၀၁၉ ကနေ ၂၀၂၀ အတွင်း လူပေါင်း ၁၉၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိုအထဲတွင် သဲမာဖီးယားတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် ရဲအရာရှိများ၊ သတင်းထောက်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ ပါဝင် ပေသည်။ သဲခိုးခြင်းကို တားဆီးသော အစိုးရအဖွဲ့များကို သဲတင်ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်နှင့် ပစ်ခတ်ခြင်း များသည် လစဉ်နီးပါး အိန္ဒိယ သတင်းစာများတွင်ပါလေ့ရှိသည်။ အိန္ဒိယ၏ ဆောက်လုပ်ရေး ကဏ္ဍ သည် အရှိန်အဟုန် ဖြင့်  တိုးတက်လာ၍ သဲက “ရွှေဖြူ” (White Gold) လို ဖြစ်လာပြီး တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အမြတ်ထွက်သည့် လုပ်ငန်းဖြစ်နေသောကြောင့် ပြဿနာများစွာ ရင်ဆိုင်နေရ ခြင်းဖြစ်သည်။

Cambodia Tonle Sap Lake (TSL) data (Source: Nature)

ကမ္ဘောဒီးယားနိုင်ငံရှိ (Tonle Sap Lake – TSL) ရေကန်ဆိုလျှင် အာရှတွင် အကြီးဆုံး သဘာဝ ရေကန် ဖြစ်ပြီး ငါးမျိုးစုံ အများဆုံးနေရာ တစ်ခုလည်းဖြစ်သည်။ ၁၉၉၇ ခုနှစ်မှစ၍ TSL ကို ယူနက်စကို (ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့) ကမ္ဘာ့ အမွေအနှစ် ဇီဝရပ်ဝန်း ဘေးမဲ့တောအဖြစ် အသိအမှတ်ပြုခဲ့သော ကန်လည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းနိုင်ခြေရှိသည့်  ကုန်းနေရေနေ သတ္တဝါများ၊ တွားသွား သတ္တဝါများ၊ နို့တိုက် သတ္တဝါများနှင့် ငှက်များ နေထိုင်ရာအဖြစ် ဆောင်ရွက်ပေးထားသည့် နေရာလည်းဖြစ်သည်။ မျိုးစိတ် ပေါင်း ၈၈၅ မျိုးရှိသည်။ ထိုတွန်လေဆပ်ရေကန်မှ သဲထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်၊ ငါးမျိုးစုံ၊ လူနေမှုဘဝများကို ထိခိုက်နေပြီး အနာဂတ်တွင် ရေကန်၏ သဘာဝ အလှနှင့် ငါးအရင်း အမြစ်များ ပျောက်ကွယ်နိုင်ခြေရှိသည်အထိ ရင်ဆိုင်နေရသည်။

သို့ဖြစ်၍ သဲထုတ်ယူနှင့်ပက်သက်ပြီး ဥရောပ အာကာသအေဂျင်စီ (ESA) မှ Sentinel-2 လို ဂြိုဟ်တု ပုံရိပ်ကို သုံးပြီး မြစ်ကြောင်း၏ အပြောင်းအလဲနှင့် သဲသောင်ပြင် ပျောက်ကွယ်သွားမှုကို တိုင်းတာသည်။ ခေတ်မီ နည်းပညာများ သုံး၍ သဲစုပ်သင်္ဘော မည်သည့်နေရာတွင် ရှိနေသည်ကို အလိုအလျောက် ခြေရာခံသည်။ ထို့ပြင် သဲသယ်သည့် သင်္ဘောတိုင်း တွင် AIS (Automatic Identification System) တပ်ဆင်ထားစေပြီး၂၄ နာရီ စောင့်ကြည့်သည်။ အကယ်၍ သင်္ဘော တစ်စင်းသည် ခွင့်ပြုချက် မရှိသော မြစ်ကြောင်းနေရာ၌ အချိန်အကြာကြီး ရပ်နားနေပါက သဲစုပ် ယူနေကြောင်း သိရှိနိုင်ပေသည်။ ဒေသခံ အာဏာပိုင်များကလည်း အနီ အောက်ရောင်ခြည် (Infrared) ပါသော ဒရုန်းကို အသုံးပြု၍ ညဘက် သဲခိုးတူးသူများကို စောင့်ကြည့်ကြသည်။ သဲသယ်ကားတိုင်းတွင် QR Code   e-permit ပါရှိစေပြီး စစ်ဆေး ရေး ဂိတ်တွေက code ကို Scan ဖတ်လိုက်သည်နှင့် “ဒီသဲဟာ ဘယ်သူ့ဆီက ဝယ်တာလဲ၊ ဘယ်နေရာက တူးတာလဲ” ဆိုသည်ကို ချက်ချင်း သိနိုင်အောင်လည်းလုပ်ဆောင်နေကြသည်။ ဤနည်းလမ်းသည် “Sand Mafia” တွေရဲ့ မှောင်ခိုသဲများ ဈေးကွက်ထဲသို့ အလွယ်တကူဝင်မလာအောင် တားဆီးသည့် နည်းလမ်းပင်ဖြစ်သည်။ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်မှ ကမ္ဘာလုံးဆိုင်ရာ သဲစောင့်ကြည့်ရေးဗဟိုကို တည်ထောင်ပြီး နိုင်ငံအချင်းချင်း သဲမှောင်ခိုမှု ဆိုင်ရာ အချက်အလက်များကို မျှဝေကြသည်။ သဲမတူးခင်နှင့် သဲတူးလိုက်ပါက ပတ်ဝန်းကျင် မည်မျှ ထိခိုက်မည်ကို ကျွမ်းကျင်ပညာရှင်များက အရင်ဆုံး စစ်ဆေးစေသည့် ဥပဒေကို နိုင်ငံအတော်များများ၌ မဖြစ်မနေ ကျင့်သုံးလာကြပေသည်။ အချို့နိုင်ငံများတွင် တရားမဝင် သဲတူးခြင်း ကို မြင်သူက ဓာတ်ပုံရိုက်ပြီး တိုင်ကြားနိုင်သော Mobile App ကို အသုံးပြုနေပြီဖြစ်သည်။

သို့သော်လည်း ဤသို့တားဆီးသည့်နည်းများဖြင့် တရားမဝင်သဲထုတ်ယူမှုများက ပျောက်ကွယ် သွားလိမ့်မည် မဟုတ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိနေသရွေ့ သဲသုံးစွဲမှုက ရှိနေဦးမည်ဖြစ်သည်။ ဝယ်လိုအားနှင့် လိုက်လျောညီထွေစွာ ရှိရန်အတွက်သော်လည်းကောင်း သဲထုတ်ယူမှုကြောင့် မြစ် ချောင်းများ သဘာဝပတ်ဝန်းကျင်များနှင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်းများကိုကာကွယ်နိုင်ရန် အတွက် သဘာဝသဲများနေရာတွင် အစားထိုးနိုင်ရန်ကြံဆလာကြသည်။ ကျောက်တောင်မှ ကျောက် တုံးထုတ်ယူ၍ စက်ဖြင့် ကြိတ်ခွဲပြီး မြစ်သဲကဲ့သို့ ဂုဏ်သတ္တိတူသည့် သဲထုတ်ယူကြသည်။ လက်ရှိတွင် အထိရောက်ဆုံး အစားထိုးနည်းလမ်း ဖြစ်သည်။ သဲပွင့်ထက်သေးငယ်သော အစများကို ကျွန်တော် တို့ဆီတွင် မိုင်းချေးဟုခေါ်၍ လမ်းခင်းရာတွင်အသုံးပြုကြသည်။ သဲထက်လည်း ဈေးသက်သာသည်။ အဆောက်အအုံ ဟောင်းမှ ရသည့် ကွန်ကရစ်အပိုင်းအစများကို ပြန်လည်ကြိတ်ခွဲပြီး Recycled Aggregatesအနေဖြင့် သဲနှင့် ကျောက် နေရာတွင် အစားထိုး သုံးစွဲကြသည်။ ကန္တာရသဲများကိုလည်း အနား စောင်း ပေါ်လာအောင်နှင့် ပိုမိုခိုင်မာအောင် ဓာတု နည်းအရ ပြုပြင်ပြီး Desert Sand Processing အဖြစ်အသုံးပြုနိုင်ရန် သုတေသနပြုနေကြပါသည်။ ထို့အပြင် Sediment Budget (အနည်အနှစ် မျှခြေ တွက်ချက်မှု)ဖြင့် မြစ်ထဲသို့ အထက်ပိုင်းမှ စီးဆင်းလာသည့် သဲပမာဏ (Inflow) နှင့် တူးဖော်သည့် ပမာဏ (Extraction) တို့၏ မျှခြေရှိမရှိ ကိုလည်း စောင့်ကြည့်လေ့လာနေကြသည်။ သဲ၏ ဓာတု ဖွဲ့စည်းပုံနှင့် သတ္တုပါဝင်မှုကို Sand Fingerprintingစစ်ဆေးပြီး “ဘယ်နိုင်ငံ၊ ဘယ်မြစ်က” သဲဆိုသည် ကို ခွဲခြားနိုင်သည့် နည်းပညာကိုလည်း သုတေသနပြုနေသည်။ သဲထုတ်ယူမှုသည် ပြန်လည်ဖြည့်စွမ်းသည့် နှုန်းထက် များပြားနေသဖြင့် သဲအသုံးပြုလျော့ကျစေရန် သဲပါဝင်မှုကို လျှော့ချသည့်အနေဖြင့် စွန့်ပစ်ပလတ်စတစ် များနှင့် သော်လည်းကောင်း ဖန်ပုလင်းများကို ကြိတ်ခွဲ၍လည်းကောင်း ရောနှောခြင်း ဖြင့် ဘိလပ်မြေအုတ်များတွင် သုံးကြ သေးသည်။ ကျွန်တော်တစ်ခါ ဖိလစ်ပိုင် နိုင်ငံအကြောင်း Documentary တစ်ခုတွင် အမှိုက်သိမ်းကားများမှ ထွက်ရှိလာသည့် ပလတ်စတစ်များကို အမှုန့်ဖြစ်အောင်ကြိတ်၍ ဘိလပ်မြေအုတ်များတွင် သဲဖြင့် ရော၍ ပြုလုပ် နေကြသည်ကို ကြည့်ဖူး လေသည်။ အခြားမီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းများအား သဘာဝ မြေဩဇာအဖြစ် အသုံးပြု၍ စိုက်ခင်းများ ပျိုးထောင်ကာ အသုံးပြုပေသည်။ (လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံရှိအမှိုက်ပုံကြီးပြိုကျပြီး အမျိုးသမီးတစ်ယောက် သေဆုံးသည့်အပြင် ၃၀ကျော် ပျောက်ဆုံးနေကြောင်း သတင်းများအရ သိရသည်။ )

ဤသို့ သဲအကြောင်းများနှင့်ပတ်သက်ပြီး လေ့လာမိသည်မှ သရေးညသတ် သည်းသည် တစ်ကိုယ်စာ လောက်သာ ဒုက္ခ ရောက်ချင်ရောက်နိုင်သော်လည်း သရေးနောက်ပစ်သဲသည်က ကမ္ဘာနိုင်ငံများ ကိုယ်စီ၌ ပြဿနာ ဖြစ်စေသည့် အကြောင်းအရာကြီးတစ်ခု ဖြစ်မှန်းမသိဖြစ်နေမှန်း သတိထားလိုက်မိသည်။ “သဲအကျပ်အတည်း” ကို ရှောင်ရှားရန် အတွက် ကမ်းခြေသဲထုတ်ယူမှုကို တားမြစ်ခြင်းအပါအဝင် အရေးတကြီးလုပ်ဆောင်မှုများ လိုအပ်ကြောင်း UNEP (United Nations Environment Programme ) ၏ သဲနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နှစ်စဉ် ပင်လယ်သဲ တန်ချိန် ခြောက်ဘီလီယံ ခန့်ကို ပင်လယ်ရေနက်တူး လုပ်ငန်းမှ တူးဖော်နေပြီး “ဇီဝမျိုးစုံ မျိုးကွဲများနှင့် ကမ်းရိုးတန်း အသိုက် အဝန်းများကို သိသိသာသာ ထိခိုက်စေသည်” ဟု UNEP ၏ အချက်အလက် ပလက်ဖောင်း အသစ် Marine Sand Watch က ပင်ဖော်ပြခဲ့ရသည်။”ဒါက နေရာတချို့မှာပဲ သက်ဆိုင်တဲ့ ပြဿနာ မဟုတ် ပါဘူး။ သဲဟာ နိုင်ငံတိုင်းအတွက် အရေးကြီး တဲ့ ပစ္စည်းတစ်ခုပါ” လို့ ဘယ်လ်ဂျီယံနိုင်ငံ Universite Catholique de Louvain မှ ဂေဟဗေဒ ပညာရှင် (Aurora Torres) က ပြောခဲ့သည်ကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ နိုင်ငံသည်လည်း သက်ဆိုင်နေသည် ဖြစ်၍ တစ်စုံတစ်ရာ စီမံထားရမည်မှာ ဧကန် မလွဲပင်တည်း။

၆-၁-၂၀၂၆

(အသေးစိတ်အချက်အလက်များကို အောက်ပါ ဝက်ဘ်ဆိုဒ်များဝင်ရောက်တွင်ဖတ်ရှုနိုင်ပါသည်။ )

https://www.sciencedirect.com/science/article/pii/S2214790X25001029?via%3Dihub

https://esurf.copernicus.org/articles/9/1323/2021

https://www.nature.com/articles/s41893-025-01677-8

https://ugc.berkeley.edu/how-to-use-website

https://www.unep.org

https://cega.berkeley.edu/collection/evaluating-the-impact-of-indias-sand-mining-bans/

Click to rate this post!
[Total: 2 Average: 5]