The Corner

The Corner

cropped-Logo_round_grey-background.png

ခရစ္စမတ် လက်ဆောင်လား ပိုက်ဆံလား

Share မယ်

ခရစ္စမတ်အတွက် လက်ဆောင်ပစ္စည်း ဝယ်ရတာ စိတ်ဖိစီးစရာပါပဲ။ ကုန်ကျစရိတ်များပြီး ဘာ‌ရွေးရမလဲ သိဖို့ခက်တာကိုး။ ဒါပေမဲ့ အဖြေက ကိုယ့်လက်ထဲမှာ ရှိပါတယ်။ စီးပွားရေးဆိုင်ရာ စဉ်းစားပုံတမျိုးအရ ခရစ္စမတ် လက်ဆောင်ဝယ်တာဟာ အရင်းအမြစ်တွေကို ထိရောက်မှုမရှိဘဲ ခွဲဝေသုံးစွဲခြင်း ဖြစ်တယ်။ ပိုက်ဆံပဲ ပေးလိုက်တာက ပိုကောင်းပြီး အားလုံးအတွက် အလုပ်ရှုပ်သက်သာတယ်လို့ အဲဒီသဘောတရားက ဆိုတယ်။ ဒီလို စဉ်းစားပုံ စဉ်းစားနည်းတွေ ခေတ်စားလာနိုင်ပါသလား။

၁၉ ရာစုမှာ အဲလ်ဖရက်ဒ် မာရှယ် ဟာ အနားသတ်အသုံးဝင်မှု  နဲ့ အနားသတ်ကုန်ကျစရိတ် ဆိုင်ရာ နိယာမကို အကျဉ်းချုံး ဖော်ပြခဲ့ပါတယ်။ စားသုံးသူတွေဟာ ဆင်ခြင်တုံတရားရှိမယ်။ ကိုယ်ဝယ်မယ့်ပစ္စည်း အကြောင်းကို လည်း ကောင်းကောင်းသိမယ် ဆိုပါစို့။ အဲဒီပစ္စည်းဆီကရမယ့် ကျေနပ်မှုဟာ အနားသတ်ကုန်ကျစရိတ်နဲ့ အတူတူ ဒါမှမဟုတ် ပိုများမယ်ဆိုရင် အဲဒီပစ္စည်းကို ဝယ်ယူသင့်တယ်လို့ သူ့ရဲ့နိယာမက ဆိုပါတယ်။

အသုံးဝင်မှု အများဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း ဆိုတဲ့ ဒီပင်မစီးပွားရေးသဘောတရားရဲ့ ပြဿနာကတော့ ခရစ္စမတ်လက်ဆောင်တွေရဲ့ အသုံးဝင်မှုဟာ ကုန်ကျစရိတ်ထက် အများကြီး နည်းနေပါတယ်။ ထိရောက်မှု လည်းမရှိ ဈေးကွက်မှာလည်း ကျရှုံးမှုတွေကို ဖြစ်စေတဲ့ စနစ်တစ်ခု ကျွန်တော်တို့မှာ ရှိနေတယ်လို့တောင် ထင်စရာပါပဲ။

တန်ဖိုးထားမခံရတဲ့ လက်ဆောင်များ

စခရူဂျန်နောမစ် စာအုပ်ကိုရေးတဲ့ အမေရိကန်ဘောဂဗေဒပညာရှင် ဂျိုးအယ်ဝေါလ်ဒ်ဖိုးဂယ်လ် (၁၉၆၂ မွေး) က ကျောင်းသားတွေကို စစ်တမ်းကောက်ကြည့်ခဲ့တယ်။ ခရစ္စမတ်လက်ဆောင်တွေအပေါ် သူတို့ရဲ့ တန်ဖိုးထားမှုဟာ လက်ဆောင်ပစ္စည်း တကယ့်တန်ဖိုးရဲ့ ၃၃% ထက်တောင် နည်းပါတယ်တဲ့။

အဲဒါကြောင့် လက်ဆောင်ပေးတာဟာ “တန်ဖိုးသေ အကျိုးဆုံးရှုံးမှု” လို့ခေါ်တဲ့ အခြေအနေဆီကို ဦးတည် စေပါတယ်။ (ကုန်ကျစရိတ်က ရတဲ့အသုံးဝင်မှုထက် ပိုများတယ်လို့ ဆိုလိုတာပါ။ အဲဒီကတစ်ဆင့် မထိရောက်တဲ့ အရင်းအမြစ် ခွဲဝေမှုကို ဖြစ်စေပါတယ်) ဥပမာ လက်ဆောင်တစ်ခုရဲ့ ကုန်ကျစရိတ်က ၁၅ ဒေါ်လာဆိုရင် သူ့ရဲ့တန်ဖိုးကို ၁၀ ဒေါ်လာပဲ တန်တယ်လို့ ကျွန်တော်တို့က အကြမ်းဖျင်း ခံစားမိတတ်ကြတယ်။ ၂၀၁၂ ခုနှစ် အမေရိကန်ပြည်ထောင်စု အားလပ်ရက်ရာသီမှာ လက်ဆောင်ပစ္စည်းတွေအတွက် တန်ဖိုးသေ အကျိုးဆုံးရှုံးမှု စုစု‌ပေါင်းဟာ ဒေါ်လာ ၄ ဘီလီယံမှ ၁၃ ဘီလီယံအထိ ရှိခဲ့ကြောင်း ဝေါလ်ဒ်ဖိုးဂယ်လ်က ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေးပညာရှင်လည်းဖြစ် စာရင်းအင်းပညာရှင်လည်းဖြစ်တဲ့ အီး အက်ဖ် ရှူးမက်ကာ (၁၉၁၁-၇၇) လို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်တွေထဲမှာ အဲဒီ မလိုချင်တဲ့ ခရစ္စမတ်လက်ဆောင်ပစ္စည်းတွေကို ထည့်‌တွက် ကြလိမ့်မယ်။ အဲဒါတွေကြောင့် အရင်းအမြစ်တွေ အပိုသုံးရပြီး ညစ်ညမ်းမှုတွေလည်း ပိုဖြစ်ရတာကိုး။

ဒါပေမဲ့ ခရစ္စမတ်ကြောင့် တန်ဖိုးသေ အကျိုးဆုံးရှုံးမှုတွေ ဖြစ်ရတယ်ဆိုတာ ဘာကို ပြောတာလဲ။ လက်ဆောင်ပစ္စည်း ပေးတဲ့ အလေ့အထကို လေ့လာကြည့်တဲ့အခါ လက်ဆောင်ဝယ်ပေးသူနဲ့ လက်ခံ ရရှိသူတွေ အကြား အချက်အလက် မညီမျှမှု ရှိတယ်လို့ ဝေါလ်ဒ်ဖိုးဂယ်လ်က သတိထားမိခဲ့ပါတယ်။ အဓိပ္ပာယ်က အန်တီဂျိန်း ကျွန်တော်တို့အတွက် ခရစ္စမတ်လက်ဆောင်ဝယ်တဲ့အခါ ကျွန်တော်တို့ အကြိုက်ကို သူ နည်းနည်းပဲ သိပါလိမ့်မယ်။ အဲဒါကြောင့် သူ့ဘာသာ ခန့်မှန်းပြီးဝယ်ချလာတဲ့အခါ အနီရောင်တောက်တောက် ဆွယ်တာတွေနဲ့ ကျွန်တော်တို့ နှစ်ပါးသွားရပါတော့တယ်။ ဒေါ်လာနှစ်ဆယ် သူကုန်သွားပေမယ့် ကျွန်တော်တို့အတွက် အသုံးဝင်မှုတန်ဖိုးကတော့ သုညနီးပါးပါပဲ။ တကယ်က အနုတ်တောင်ပြတယ် ပြောရမယ်။ ဘာလို့လဲဆိုတော့ အဲဒီလက်ဆောင်ရတဲ့အတွက် ပျော်သွားသလို ကျွန်တော်တို့က ဟန်ဆောင်ရသေးတယ်။ ပြီးတော့ တာဝန်အရ အဲဒါကို အံဆွဲထဲမှာ နှစ်တော်တော် ကြာအောင် သိမ်းထားရသေးတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းသိမ်းတဲ့နေရာမှာ မလိုချင်တဲ့ တန်ဖိုးဖြစ်လာတာပေါ့။

မီလ်တန်ဖရီးမန်းကလည်း သူ့ရဲ့ “ပိုက်ဆံသုံးနည်း လေးမျိုး” အကြောင်း ဟောပြောပွဲမှာ လက်ဆောင် ပစ္စည်းဝယ်ခြင်းရဲ့ မထိရောက်ပုံတွေနဲ့ ပတ်သက်ပြီး အလားတူ ကောက်ချက်ချခဲ့ပါတယ်။

“လက်ဆောင်ပေးခြင်းရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခုကို ပြောရရင် ဘာပစ္စည်းသုံးရမလဲဆိုတဲ့ ရွေးချယ်ခွင့်ကို ကိုယ်တိုင်မသုံးတဲ့ အခြား တစ်ယောက်က ဆုံးဖြတ်ပေးတာပဲ ဖြစ်တယ်” ဝေါလ်ဒ်ဖိုးဂယ်လ်

ခင်ဗျားရဲ့ပိုက်ဆံကို ခင်‌ဗျားကိုယ်တိုင်အတွက် သုံးနိုင်တယ်။ အဲဒီလိုသုံးတဲ့အခါ ကိုယ်လုပ်နေတာကို ခင်ဗျား သေသေချာချာ ဂရုစိုက်လိမ့်မယ်။ ပြီးတော့ ပေးလိုက်ရတဲ့ ပိုက်ဆံအတွက် အကောင်းဆုံးပြန်ရအောင် ခင်ဗျား ကြိုးစားမှာပဲ။ တစ်ဖက်မှာ ခင်ဗျားရဲ့ ပိုက်ဆံကို တစ်ယောက်ယောက် အတွက် သုံးရဖို့ ဖြစ်လာတယ်။ ဥပမာ တစ်ယောက်ယောက်အတွက် မွေးနေ့လက်ဆောင် ကျွန်တော် ဝယ်တယ်ဆိုပါစို့။ အဲဒီလိုအခါမျိုးမှာ လက်ဆောင်ရဲ့ အကြောင်းကို ကျွန်တော် သိပ်ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဘယ်ဈေးလဲဆိုတာကိုပဲ ကျွန်တော် အသေအချာ ဂရုစိုက်မိပါလိမ့်မယ်။  မီလ်တန် နဲ့ ရို့စ်ဖရီးမန်း

ခရစ္စမတ်ပိုက်ဆံနဲ့ စာရင်းဇယား

ဝေါလ်ဒ်ဖိုးဂယ်လ်နဲ့ ဖရီးမန်းတို့ရဲ့ အဆိုအရ ကျွန်တော်တို့ကို ဒေါ်လာ၂၀ ဒါမှမဟုတ် ပစ္စည်းဝယ်လို့ရတဲ့ တိုကင်တွေ ပေးလိုက်တာက အန်တီဂျိန်းအနေနဲ့ ပိုပြီးထိရောက်မယ်တဲ့။ အဲဒါမှ ကျွန်တော်တို့ဘာသာ ဘယ်လို သုံးရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်မှာကိုး။ ဒါပေမဲ့ ဒီအတွေးအခေါ်အတိုင်းသာ ကျွန်တော်တို့ လိုက်လုပ်ကြရင် ခရစ္စမတ်ကို ကျွန်တော်တို့က စာရင်းဇယားတွေနဲ့ ကျင်းပရလိမ့်မယ်။ လူတိုင်းဟာ အရှုံးအမြတ် ချတွက်ပြီးမှ သူတို့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ကြတော့မှာပေါ့။

အော်စကာဝိုင်းလ်ဒ် တစ်ခါတုန်းက ပြောခဲ့တဲ့ နာမည်ကျော် စကားတစ်ခွန်းရှိတယ်။ အပြစ်မြင်တတ်တဲ့သူ (ဘောဂဗေဒ ပညာရှင်ကို ပြောတာ ဖြစ်နိုင်တယ်) ဆိုတာ “အရာရာတိုင်းရဲ့ ဈေးနှုန်းကိုသိပြီး ဘယ်ဥစ္စာရဲ့တန်ဖိုးကိုမှ မသိတဲ့သူ” လို့ ပြောခဲ့တယ်။ ကျွန်တော်တို့သာ အပြစ်တင် ချင်စိတ်ရှိရင် ခရစ္စမတ်ကို ဖျက်သိမ်းချင်တဲ့သူတွေကို ကပ်စေးနှဲတွေ၊ ရှေးရိုးဘောဂဗေဒသဘောတရားဝါဒီတွေလို့ ကောက်ချက်ချကြမှာ ဖြစ်တယ်။

လက်ဆောင်ပေးခြင်းရဲ့ ရည်ရွယ်ချက်

ဘောဂဗေဒသဘောတရားက လူအများသိမြင်ထားတာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘာသာရပ်ရဲ့ အပြင်ကိုထွက်ပြီး စဉ်းစားရပါတယ်။ ဥပမာ စာတမ်းရေးဆရာ လူးဝစ်ဟိုက်ဒ်က ၁၉၈၃ ခုနှစ်ထုတ် “လက်ဆောင်ပစ္စည်း (တီထွင် ဖန်တီးစိတ်သည် ကမ္ဘာကို မည်သို့ ပုံပြောင်း စေနိုင်သနည်း)” ဆိုတဲ့ စာအုပ်မှာ သူ့အမြင်ကို ရေးခဲ့တယ်။ အဲဒီအမြင်က ဘောဂဗေဒဘာသာရပ်ရဲ့ အခြေခံ တစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းရဲ့ ရည်ရွယ်ချက်ဟာ ထိရောက်တဲ့ ဈေးကွက်ပေးချေမှုကို ဖန်တီးဖို့ မဟုတ်ဘူး။ ဟန်ချက်ညီမှုကို မတည်ငြိမ်အောင် လုပ်ဖို့နဲ့ လက်ဆောင်ပေးသူ ယူသူတွေကို မညီမျှအောင် လုပ်ဖို့ပဲတဲ့။

မနုဿဗေဒပညာရှင်လည်းဖြစ် လူမှုရေးသိပ္ပံပညာရှင်လည်းဖြစ်တဲ့ မာဆယ်မော့စ် က “လက်ဆောင်ပစ္စည်း (ရှေးခေတ် လူ့အဖွဲ့အစည်းများ၏ ပစ္စည်းလဲလှယ်ရေး ပုံသဏ္ဌာန်နှင့်လုပ်ဆောင်မှုများ)” ဆိုတဲ့ စာအုပ်ထဲမှာ အပြန်အလှန် လက်ဆောင်ပေးခြင်းနဲ့ ပတ်သက်ပြီး ဥပမာတွေ အများကြီး ထုတ်ပြခဲ့တယ်။ လက်ဆောင် ပေးခြင်းဟာ ဆက်ဆံရေးခိုင်မြဲဖို့ရယ်၊ ယုံကြည်မှုရှိဖို့ရယ် နဲ့ အသင်းအဖွဲ့ တည်ဆောက်ဖို့ရယ် အတွက် အရေးကြီးပါတယ်တဲ့။ တင်းကျပ်တဲ့ ဘောဂဗေဒအမြင်နဲ့ ကြည့်ရင်တောင် အဲဒါက မလုံလောက်သေးဘူးတဲ့။ ပေးသူနဲ့ ယူသူတွေ အကြားက တာဝန်ဝတ္တရားရယ် ကတိကဝတ်ယုံကြည်မှုတွေရယ်အတွက် ခံစားချက်အသစ်ကို လက်ဆောင်ပေးခြင်းက ဖြစ်စေပါတယ်။ ဒါပေမဲ့ ခရစ္စမတ်ရဲ့ နှစ်လိုဖွယ်ရာတွေကို ကာကွယ်ဖို့အတွက် မနုဿဗေဒပညာရှင်တွေကို မလိုအပ်ပါဘူးလို့ တချို့ ဘောဂဗေဒပညာရှင်တွေက ပြောကြတယ်။ အနားသတ် အသုံးဝင်မှု သဘောတရားကို လွဲမှားစွာအသုံးပြုခြင်း ဒါမှမဟုတ် သဘောတရားရဲ့ အကန့်အသတ်တွေကို မော့စ်ရဲ့ လေ့လာစိစစ်ချက်က ပြသခဲ့ပြီးပြီလို့ သူတို့က အခိုင်အမာဆိုကြတယ်။

ကျေနပ်မှု အကြောင်းတရားများ

အသုံးဝင်မှုတန်ဖိုး နဲ့ အပေးအယူတန်ဖိုး တို့ရဲ့ အယူအဆတွေကို ရစ်ချတ်သေလာက ထုတ်ဖော်ခဲ့တယ်။ အသုံးဝင်မှု တန်ဖိုးဆိုတာ အရာဝတ္ထုတခုခုကို အသုံးပြုရာကနေ ကျွန်တော်တို့ ရရှိတဲ့ အသုံးတည့်မှု ဖြစ်တယ်။ ခရစ္စမတ် အတွက် ခင်ဗျားရဲ့အမေကို ဖုန်စုပ်စက် အသစ်တစ်လုံး ခင်ဗျားက ပေးတယ် ဆိုပါစို့။ အိမ်သန့်ရှင်းလို့ရတဲ့အတွက် အဲဒါက အသုံးဝင်မှုတန်ဖိုး ကြီးမားတယ်။ ခင်ဗျားက သူ့ကို လက်ဝတ်တန်ဆာ တစ်ခုခုပေးလိုက်ရင် အသုံးဝင်မှု တန်ဖိုးတော့ သိသိသာသာ နည်းသွားလိမ့်မယ်။ ဒါပေမဲ့ အမှတ်တရ တန်ဖိုး ရှိသွားပါတယ်။ ပစ္စည်းကိုပေးတဲ့ လူပုဂ္ဂိုလ်ကြောင့် ခံစားချက်ပြင်းပြတဲ့ ကျေနပ်မှုစစ်စစ် ဖြစ်လာတာပါ။ ဒါပေမဲ့ အသုံးဝင်မှုတန်ဖိုးထက် အရေးထားရမှာတွေ ဘဝမှာ အများကြီး ရှိပါတယ်။ သေလာရဲ့ အဆိုအရ ထပ်ဖြည့်စဉ်းစားရမယ့် အရာကို အပေးအယူတန်ဖိုး လို့ ခေါ်တယ်။ ပစ္စည်းတစ်ခုကို ဝယ်လိုက်တာ ဒါမှမဟုတ် လက်ခံရရှိလိုက်တာကနေ ပေါ်လာတဲ့ ကျေနပ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပစ္စည်းတစ်ခုကို ကျွန်တော်တို့က ၂၅% လျှော့စျေးနဲ့ ရလိုက်တယ်။ စျေးလျှော့ပေးတာကို ကျွန်တော်တို့အားလုံး ကြိုက်ကြတဲ့အတွက် အပေးအယူ တန်ဖိုးလည်း ရှိသွားပါတယ်။ အလားတူပါပဲ။ ကျွန်တော်တို့ ချစ်ခင်ရတဲ့ လူတယောက်ဆီက လက်ဆောင်ပစ္စည်း တစ်ခုကို ရတဲ့အခါ အပေးအယူ တန်ဖိုး ကျွန်တော်တို့ ရလိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ခင်ရတဲ့သူတွေဆီက လက်ဆောင်တွေ ရတာကို ကျွန်တော်တို့ နှစ်သက်လို့ပါပဲ။

ပြောရရင် ဒါက အစဉ်အလာအရလက်ခံထားတဲ့ အသုံးဝင်မှုတန်ဖိုး သဘောတရားနဲ့ မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အသုံးဝင်မှုတန်ဖိုးက ဘာလဲဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ့် အချက်တော့ ဖြစ်ပါတယ်။

လက်‌ဆောင်ပေးခြင်းရဲ့ သွင်ပြင်လက္ခဏာ တစ်ခုကို ဘောဂဗေဒပညာရှင် ဒီယေဂို ဇူလူအာဂါ က ပြောပြခဲ့တယ်။ အချက်ပြတာပါပဲတဲ့။ လူတစ်ယောက်အတွက် လက်ဆောင်ကို ဝယ်ပြီး ထုပ်ပိုးတာကိုက အဲဒီလူကို ကျွန်တော်တို့ ဂရုစိုက်ကြောင်း အချက်ပြတာ ဖြစ်တယ်။ “ကျွန်တော် အမေ့ကို ချစ်တယ်”လို့ ကျွန်တော်တို့က ပြောချင်စိတ် တကယ်ရှိချင်မှရှိလိမ့်မယ် (တကယ်ပြောဖို့ မလိုအပ်သေး သရွေ့)။ ဒါပေမဲ့ ဈေးကြီးတဲ့ ရေမွှေးတစ်ပုလင်းကို ဝယ်ဖို့တော့ ပြဿနာမရှိပါဘူး။ အဲဒါကို ထုပ်ပိုးပြီး အမေကြိုက်လောက်ရဲ့လို့ မျှော်လင့်တတ်ကြတယ်။ ကျွန်တော်တို့ ဝယ်ခဲ့တဲ့ ရေမွှေးအနံ့က သူကိုယ်တိုင် ရွေးတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလို ဝီရိယစိုက် ဝယ်ပေးတဲ့အတွက် သူ ပျော်သွားပါတယ်။ ရှေးက ဆိုရိုးစကား တစ်ခွန်းလိုပါပဲ။ စေတနာသာ အဓိကပဲ ဖြစ်တယ်တဲ့။ ဒေါ်လာ ၂၀ တန် ပိုက်ဆံ တစ်ရွက်ကို ကျွန်တော်တို့ အမေက ပိုလိုချင်ပါ့မလား။

မျှော်လင့်မထားတဲ့ အကျိုးကျေးဇူးများ

လက်ဆောင်ပေးခြင်းရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အပြုသဘောဆောင်တဲ့ ပြင်ပသက်ရောက်မှုများ (တခြားသူတွေရမယ့် အကျိုးကျေးဇူးများ) ပဲ ဖြစ်ပါတယ်။ အန်တီဂျိန်း ကျွန်တော်တို့ကို အနီရောင်တောက်တောက် ဆွယ်တာအင်္ကျီကြီး လက်ဆောင်ပေးတုန်းက ကျွန်တော်တို့ အဲဒီလက်ဆောင်ထုပ် ဖွင့်နေတာကို ကြည့်ပြီး ကျွန်တော်တို့ညီမက ပျော်နေပါတယ်။ ကျွန်တော်တို့ အဲဒီအင်္ကျီကို လုံးဝကြိုက်မှာ မဟုတ်ဘူးဆိုတာလည်း သူက သိနေတယ်။ ကျွန်တော်တို့ ကြိုက်ချင်ယောင်ဆောင် နေရတာကို ကြည့်ပြီး သူက သဘောကျ နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ရလိုက်တဲ့ အသုံးတည့်မှုက နည်းပေမယ့် တခြား မိသားစုဝင်‌တွေကတော့ လက်ဆောင် အတူတူဖွင့်ကြည့်ရတဲ့ အတွေ့အကြုံကနေ ပျော်ရွှင်မှုကို ရရှိကြပါတယ်။

လက်ဆောင်ဖွင့်ကြည့်ရတဲ့ ခံစားချက်ဟာ ခရစ္စမတ်အတွက် စာရင်းဇယားတွေကို တွက်ချက်နေရတာ ဒါမှမဟုတ် တိုကင်တွေ အပြန်အလှန် လဲလှယ်နေရတာထက်စာရင် ပိုပြီးတော့ ပျော်စရာကောင်းတာ အမှန်ပါပဲ။ လက်ဆောင်တွေ ရတဲ့အတွက် “အံ့အားသင့်ကိန်း” တစ်ခု ဖြစ်လာပြီး အဲဒီထဲမှာ အသုံးဝင်မှုတန်ဖိုး အတော်အသင့် ရှိတယ်လို့ ဘောဂဗေဒပညာရှင် ခရစ္စတီယန်နီးမီးအက်စ် က ပြောတယ်။ လိုချင်တာမှန်သမျှ တစ်နည်းနည်းနဲ့ ရရှိနေတဲ့သူတွေအတွက်ဆိုရင် အဲဒီ အံ့အားသင့်ကိန်းက ပိုတောင် မြင့်နိုင်ပါတယ်။

ကျွန်တော်တို့အများစုဟာ ကပ်စေးနှဲကော်တရာတွေ မဟုတ်ကြပါဘူး။ ခရစ္စမတ်ကာလမှာ ပစ္စည်းကောင်းကောင်းလေးတွေအတွက် ကျွန်တော်တို့ ပိုက်ဆံသုံးချင်ကြပါတယ်။ ဒါပေမဲ့ တခြားသူတွေ အဲဒီလိုလုပ်ရင်တော့ နှာခေါင်းရှုံ့ပြီး ညည်းတွားတတ်တယ်။ ဘာဖြစ်လို့လဲ။ ခရစ္စတီယန် နီးမီးအက်စ်

ဘောဂဗေဒသဘောတရား

Photo: Original article

သတင်းအချက်အလက် မညီမျှမှုတွေကြောင့် ခရစ္စမတ်လက်ဆောင်အတွက် ဆွေမျိုးတွေကို ပိုက်ဆံပေး လိုက်တာက ပိုပြီးထိရောက်ပါတယ်။ ဒီနည်းဟာ မလိုချင်တဲ့လက်ဆောင်တွေကနေ ဖြစ်လာတဲ့ တန်ဖိုးသေ အကျိုးဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

ဗြိတိန်အခြေစိုက် ဘောဂဗေဒသိပ္ပံက ရိုင်ယန်ဘွန်း (၁၉၈၇ ဖွား) က ဝေါလ်ဒ်ဖိုးဂယ်လ်ဟာ လက်ဆောင်ပစ္စည်း ပေးတဲ့သူရဲ့ အသုံးဝင်မှု တန်ဖိုးကို ဖယ်ထုတ်ခဲ့တယ်လို့ ထောက်ပြခဲ့တယ်။ လက်ဆောင်ရတဲ့အခါ ပျော်ရတာထက် လက်ဆောင်ပေးတဲ့အခါ ပျော်ရတာက မသာဘူးဆိုရင်တောင် အတူတူလောက်ပါပဲ။ အဲဒီလိုယူဆတာက အကျိုးအကြောင်းမသင့်ဘူးလို့ မပြောနိုင်ပါဘူး။ အန်တီဂျိန်းရဲ့ ခရစ္စမတ်လက်ဆောင်ကို ကျွန်တော်တို့ သိပ်မကြိုက်ဘူးဆိုရင်တောင် သူ့အနေနဲ့ ‌လက်ဆောင်ပေးရတာရယ် ဝယ်ရတာရယ် အဝယ် ထွက်ရတာတွေ ရယ်ကနေ ပျော်ခဲ့မှာ အမှန်ပါပဲ။ အဲဒါက ကျွန်တော့်ရဲ့ တန်ဖိုးသေအကျိုးဆုံးရှုံးမှုထက် များပါလိမ့်မယ်။

ကျွန်တော်တို့ရတဲ့ လက်ဆောင်တွေက တစ်ခါတလေ စိတ်ပျက်စရာ ကောင်းပေမယ့် ကျွန်တော်တို့ ဘာသာ ဝယ်ဖို့ စိတ်တောင်မကူးမိတဲ့ လက်ဆောင်မျိုးတွေကိုလည်း ရံဖန်ရံခါ ရတတ်တယ်လို့ ဘွန်းက ပြောပါတယ်။ ဒါကြောင့်မို့ လက်ဆောင်ရတဲ့ကိစ္စမှာ ထီထိုးတဲ့အခါမှာ ရတဲ့အရသာမျိုး ရှိနေတတ်တယ်။ အစပိုင်းမှာ ကျွန်တော်တို့က နည်းနည်းလေးပဲမျှော်လင့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကံကောင်း သွားတတ်တယ်။ ရတဲ့လက်ဆောင်ရဲ့ အသုံးဝင်မှု တန်ဖိုးက ကိုယ့်ဘာသာ ဝယ်တဲ့ ပစ္စည်းတွေထက်တောင် များသွားတတ်တယ်။

နောက်ဆုံးအနေနဲ့ ဘွန်းက မှတ်ချက်ပေးခဲ့တာကတော့ လက်ဆောင်ပေးခြင်းဟာ အဖြူအမည်း သဲကွဲတဲ့ ကိစ္စ မဟုတ်ဘူးတဲ့။ ဒီကိစ္စကို ပိုကောင်းအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိကောင်းရှိလိမ့်မယ်။ သိပ်မနီးစပ်တဲ့ ဆွေမျိုးတွေအတွက် ပိုက်ဆံလွှဲပေးတာမျိုး ဒါမှမဟုတ် ကိုယ်နဲ့ပိုနီးစပ်တဲ့ မိသားစုဝင်တွေအတွက် လိုချင်တာကို စာရင်းလုပ်ခိုင်းတာမျိုးပေါ့။ ဒီလိုနည်းနဲ့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံး အဖြေကို ကျွန်တော်တို့ ရနိုင်ပါတယ်။ လက်ဆောင် ပေးတာ ရတာတွေ ဆီကနေ‌ ပျော်ရွှင်မှု ရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ တူမလေးအတွက် သင့်လျော်တဲ့ လက်ဆောင် ရပါ့မလားဆိုပြီး ပူပန်ရတာလည်း ကင်းဝေးပါလိမ့်မယ်။

ဆုံးဖြတ်ချက်ချမှတ်ခြင်း

ခင်ဗျားအံဆွဲထဲမှာ စိတ်ပျက်စရာ ခရစ္စမတ်ဆွယ်တာတွေ အများကြီးရှိနေရင် ပိုက်ဆံရလိုက်တာက ပိုကောင်းမယ်ဆိုတဲ့ ဖရီးမန်းနဲ့ ဝေါလ်ဒ်ဖိုးဂယ်လ်တို့ရဲ့ အယူအဆကို ခင်ဗျား သဘောတူပါလိမ့်မယ်။ ဒါမှမဟုတ် ဘွန်း နဲ့ ဇူလူအာဂါတို့ရဲ့ အယူအဆဘက်ကို ခင်ဗျား ရွေးကောင်းရွေးလိမ့်မယ်။ ပိုက်ဆံက ဘယ်တော့မှမပေးနိုင်တဲ့ ပျော်ရွှင်မှုပုံစံမျိုးကို ခရစ္စမတ်လက်ဆောင်တွေက ပေးတယ်လို့ သူတို့က ပြောခဲ့ကြတယ်။

စာရေးဆရာ Tejvan Pettinger ရေးတဲ့ What would Keynes do? How the greatest economists would solve your everyday problems စာအုပ်က Should I give a gift or money for a Christmas present? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

Click to rate this post!
[Total: 1 Average: 5]