The Corner

The Corner

cropped-Logo_round_grey-background.png

မိတ်ဆက်စာ

Share မယ်

(ဆရာကြီးသိပ္ပံစိုးလှသို့အမှတ်တရ)

(၁)

ကျွန်တော်သတိရနိုးထလာတဲ့အချိန်က နေ့လယ်ခင်း၊ နေရာက ကျွန်တော်မသိတဲ့ဆေးရုံကအဆောင်တစ်ခုထဲမှာဖြစ်သည်။ အဖြစ်အပျက်တွေ ကို ဆက်စပ်ကြည့်နိုင်သွားသည်နှင့် ချက်ချင်းလိုပဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ပြန်အမှတ်ရသွားသည်။ (ဟိုတယ်တစ်ခုမှာ ညစားပွဲထိုး လုပ်ရင်း သတိလစ်ပြီးလှေကားပေါ်ကနေ အောက်ကိုတလိမ့်ခေါက်ကွေးကျခဲ့တာ) အခု ဆန်တာမာရီယာ နူအိုဗာဆေးရုံက ပါမောက္ခဖရူဂိုနီရဲ့ ဖျားနာဆောင်မှာရောက်နေတဲ့အကြောင်း ခုတင်အနီးရောက်လာတဲ့ စစ္စတာ (သူနာပြုဆရာမကြီး) တစ်ယောက်ထံကသိရသည်။ စစ္စတာက သူ့ဂျူတီချိန်မှာ ကျွန်တော့်ကိုလာကြည့်တာဖြစ်သည်။ လူနာမှတ်တမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ကျွန်တော့်ကို စကားဆက် မပြောရန် သတိပေးသည်။

အလုပ်သင်ဆရာဝန်လေး ခုတင်ဘေးရောက်မလာမီအထိ ခုတင်ပေါ်လဲလျောင်းရင်း မဟုတ်ကဟုတ် ကအတွေးတွေ ကျွန်တော် တွေးနေမိသည်။ ဆရာဝန်လေးက ကျွန်တော့်ကိုရောဂါရာဇဝင်မေးသည်။ သူမေးပြီးသည်နှင့် ကျွန်တော်က စတုတ္ထနှစ် ဆေးကျောင်းသား ဖြစ်ကြောင်းသူ့ကိုပြောပြလိုက်သည်။ ဆရာဝန်လေးက အံ့သြသောမျက်နှာပေးနှင့် ကျွန်တော့်ဆေးမှတ်တမ်းကိုဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး ကျွန်တော့်ခေါင်းကို သူ့လက်နှင့်စမ်းကြည့်သည်။ ပြီးလျှင် “ခေါင်းထဲ နာသလား”ဟုမေးသည်။ (ဆေးမှတ်တမ်းထဲမှာ ကျွန်တော့် အလုပ်အကိုင်ကို စားပွဲထိုးဟုရေးထားသည်ကိုး။)

ကျွန်တော်သိလိုက်ပြီ။ ကျွန်တော်တောပြောတောင်ပြော ပြောနေသည်ဟုထင်ပုံရသည်။ ဒါ့ကြောင့် “တကယ်ပြောတာပါဗျာ။ ကျွန်တော်က ဆေးကျောင်းသားပါ။ ကျောင်းစရိတ်ရဖို့ စားပွဲထိုး ဝင်လုပ်နေတာပါ။ ခွဲစိတ်ပါမောက္ခဘူချီ ကျွန်တော့်ကိုကောင်းကောင်းသိပါတယ်။ ကျွန်တော့် အစာအိမ်အနာက သွေးယိုနေတာ ကျွန်တော်သိပါတယ်။ ကျွန်တော်အားနည်းလွန်းလို့ ဆရာတို့ ကျွန်တော့်ကို ခွဲစိတ်ကုသမှု မလုပ်နိုင်တာကို လည်း နားလည်ပါတယ်” ဟုပြောလိုက်သည်။

ဆရာဝန်လေးက ဆက်မပြောဖို့ ကျွန်တော့်ကိုတားသည်။

“ယုံပါပြီဆရာလေးရယ်။ ခင်ဗျားကိုအထူးကြည့်ပေးဖို့ ပါမောက္ခဖရူဂိုနီကို ကျွန်တော်တင်ပြလိုက်ပါမယ်။ ဒီကြားထဲမတော့ ခင်ဗျား ငြိမ်နိုင် သလောက်ငြိမ်ငြိမ်လေးနေရမယ်” ဟုသူကပြောသည်။ သူလှည့်ထွက်မသွားခင် “ခင်ဗျား ရေတအားငတ်နေသလား” ဟုမေးသည်။

“သိပ်ငတ်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ကိုဘာမှသောက်ခွင့်မပြုဘူးဆိုတာ သိပါတယ်”

“ပါးစပ်ကိုရေနဲ့ ပလုတ်ကျင်းတာလောက်တော့ မကြာမကြာလုပ်နိုင်ပါတယ်။ ကျွန်တော်စစ္စတာကိုမှာခဲ့ပါမယ်” ဟုပြောပြီး ခုတင်ဘေးမှ ခပ်သုတ်သုတ်ထွက်ခွာသွားသည်။

ဒီကြားထဲ ကျွန်တော်မှတ်မိသမျှက တစ်ချိန်ထက် တစ်ချိန်ပိုပိုအားယုတ်လာတာရယ်၊ တစ်ခါတစ်ရံပလုတ် ကျင်းရပေမယ့် မခံမရပ်နိုင် လောက်အောင် ရေဆာလာတာရယ်… ဒီနှစ်ခုပါပဲ။  ဒီနောက် ပါမောက္ခဖရူဂိုနီကိုယ်တိုင် သူ့အလုပ်သင်ဆရာဝန်လေးနှင့်အတူရောက်လာသည်။ ကျွန်တော့်ဆီကို လျှောက်လာတဲ့ခပ်သွက်သွက်ခြေလှမ်းသံတွေကျွန်တော်ကြားရသည်။ အရေးတကြီးပုဂ္ဂိုလ်ဖြစ်တဲ့ သမားတော်ကြီး ကိုယ်တိုင် ရောက်လာ တာရယ်၊ သူပြုနေကျ မဟုတ်တဲ့ခပ်သွက်သွက်ခြေလှမ်းတွေရယ်… ဒါတွေ ထောက်ပြီး ကျွန်တော့်အဖြစ်က “ဆတ်ဆတ်ထိမခံ”တဲ့ အခြေဆိုက် နေတယ် ဆိုတာသေချာသွားသည်။

ပါမောက္ခ ဖရူဂိုနီက ကျွန်တော့်ကို ကြင်နာစွာ ပြုံးပြသည်။

“ငါ့လူရေ … မင်းကိုဆရာကြာကြာဒုက္ခမပေးပါဘူးကွာ။ ဒါပေမဲ့ မင့်ကိုတော့ စမ်းကြည့်ရ လိမ့်မကွဲ့” ဟုပြောသည်။

သူ့ကို ပြန်ပြုံးပြဖို့ရာ ကျွန်တော့်မှာ အနိုင်နိုင်။ သူစမ်းသပ်တာ အဆင်ပြေအောင် ကျွန်တော့် ကိုယ်ခန္ဓာကို နည်းနည်းပါးပါး စောင်းပေး ပြုပေး ဖို့တောင် ကျွန်တော့်ကို သူခွင့်မပြု။ စမ်းသပ်ပြီးတဲ့အခါ သူကျွန်တော့်ကိုပြောသည်။

“မင်းကို ဆရာ မေးချင်တာလေး တွေရှိတယ်။ ဆရာမေးတာကိုဖြေတဲ့အခါမှာ စကားလုံးနည်းနည်းနဲ့ပဲဖြေပါ။ အားမစိုက်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတာ မင့်ကိုဆရာရှင်းပြဖို့လိုမယ်မထင်ပါဘူး”

ခုတင်ဘေးမှာ သူထိုင်ချပြီး စမေးသည်။

“မင်းဗိုက်နာနာနေတာ တစ်နှစ်ကျော်ပြီနော်”

မျက်တောင်ခတ်ပြပြီး ဟုတ်မှန်ကြောင်း ပြောလိုက်သည်။

“အသောက်အစားများရှိသလားကွယ်”

ကျွန်တော်ခေါင်းခါပြလိုက်သည်။

“မင်းဖြစ်ပုံကို စကားလုံးနည်းနည်းနဲ့ အတိုချုပ်ပြောနိုင်မလား”

“သုံးရက် ထမင်းငတ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ပိုက်ဆံမရှိလို့။ ဒီနောက် အစာတွေ တဝကြီးစားခဲ့တယ်။ အလောတကြီးစားခဲ့မိတယ်”

ပါမောက္ခကြီးက သူ့လက်ကိုမြှောက်ပြီး ကျွန်တော့်ကိုဆက်မပြောဖို့တားသည်။

“ဆရာခွင့်မပေးမချင်း မင်းဆက်မပြောနဲ့တော့နော်။ မင့်ဖြစ်စဉ်ကို အခုဆရာပြောကြည့်မယ်။ ဟုတ်မဟုတ် မျက်စိနဲ့ပဲဖြေပါ”

စက္ကန့်ပိုင်းလောက် သူခဏနားသည်။ ကျွန်တော့် ဖြစ်စဉ်တစ်ခုလုံး သူ ရှင်းရှင်းလင်းလင်း သိသွားပုံရသည်။

“မင်းအလုပ်ကို အလွန်အကျွံလုပ်ခဲ့တယ်။ ပြီးတော့ ဗိုက်နာတာကို မသိကျိုးကျွန် လုပ်ခဲ့တဲ့အပြင် စားတော့လည်း မတည့်တာစားတယ်။ ဒါမှမဟုတ် မစို့မပို့စားတယ်။ ပိုက်ဆံမရှိလို့လားဟင်”

ကျွန်တော် ခေါင်းခါပြလိုက်သည်။

“ဗိုက်နာစရာ တခြားအကြောင်းရှိသေးသလား”

ဆရာ့မေးခွန်း နောက်ကွယ်က အဓိပ္ပာယ်ကို ကျွန်တော်သိပါသည်။ (လူမသိစေချင်တဲ့ ဗိုက်နာစေတဲ့ တခြားအကြောင်းများ ရှိသေးသလား။) ဆရာ့သံသယတွေ ရှင်းသွားအောင် ကျွန်တော်ပြောရမည်။

“ဘွဲ့အမြန်လိုချင်တယ်။ ညညမနားရဘူး။ အသည်းအသန်စာကျက်ရ၊ အလုပ်လုပ်ရတယ်”

ဒီလောက်ပြောရတာနှင့်အားကုန်ပြီး ကျွန်တော်သတိမေ့သွားသည်။

(၂)

သတိလည်လာတဲ့အခါ ကျွန်တော်မှတ်မိတာက စကားပြောသံညံစီစီပဲဖြစ်သည်။ အသံတစ်သံက ကျွန်တော်ရင်းရင်းနှီးနှီးသိတဲ့အသံ။ သို့ပေမယ့် ဘယ်သူ့အသံမှန်း ကျွန်တော်မခွဲခြားနိုင်။ မျက်စိဖွင့်   ကြည့်ဖို့ရာကလည်း မိမိကအလွန်အားနည်းနေသည်။ သတိလစ်ပြီး မိန်းမောသူ တစ်ယောက်လို အိပ်ရာပေါ် ပက်လက်လဲနေရသည်။ ကြားနေရတဲ့အသံတွေက ကျွန်တော့်ကံကြမ္မာကို စီရင်မည့်အသံတွေ။ အသံတွေ ဝါးနေရာက တဖြည်းဖြည်း ကြည်လင်လာသည်။ ပြောနေတဲ့စကားလုံးတွေကို ကျွန်တော်နားလည်လာသည်။ ခွဲစိတ်ပါမောက္ခဘူချီရဲ့အသံကို ကျွန်တော်ဖမ်းမိသည်။ သို့ကလို ကျွန်တော်ကြားမိသည်။

“ကိုယ်အပူချိန်က ထပ်ကျသွားပြန်ပြီ။ သူ့ရဲ့ခံနိုင်ရည်အားလုံးဆုံးရှုံးသွားပြီ။ သူ့အတွက် ခွဲစိတ်ကုသမှု တစ်ခုပဲ ထွက်ပေါက် ရှိတော့တာ။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ သူ့ကို ကျွန်တော်မခွဲရဲဘူး။ ခင်ဗျားကော ဘယ်လိုထင်သတုံး” “ကျွန်တော့်သဘောကလည်း ခင်ဗျားနဲ့ ထပ်တူပါပဲ။ ဘယ်လိုခွဲစိတ်မှုကိုမှ သူမခံနိုင်လောက်ဘူး။ ဒီလိုအခြေအနေမှာကိုပဲ အရေးပေါ်ခွဲစိတ်မှုက သူ့အတွက်တစ်ခုတည်းသောထွက် ပေါက်ဖြစ်မယ်လို့ ကျွန်တော်ထင်တုန်းပဲဗျာ”

ဒီလိုဆုံးဖြတ်ရခက်ခဲတဲ့ လူနာဖြစ်စဉ်ကို ကျွန်တော်အလွန်အမင်းစိတ်ဝင်စားသွားသည်။ လူနာတွေကို ရောဂါရှာဖွေစမ်းသပ်ပြီး ဘယ်လို ကုသရမလဲ ဆိုတာကို ဆွေးနွေးတိုင်ပင်တဲ့နေရာ မိမိကိုယ်တိုင် ရောက်သွားသလို ခံစားလိုက်ရသည်။

“ဖရူဂိုနီ ခင်ဗျားဘယ်လိုထင်သလဲဗျ” ဟူသောဘူချီရဲ့အသံကိုကျွန်တော်ကြားရသည်။

သူတို့ပြောသမျှ ဘာမှမကြား၊ မသိသယောင်ဟန်ဆောင်နေရသည်။ မဟုတ်လျှင် ဒီစိတ်ဝင်စားစရာကောင်းတဲ့ ဆေးပညာဆွေးနွေးပွဲကလေး ရပ်တန့်သွားမည်။

ဘူချီရဲ့မေးခွန်းကို ဖရူဂိုနီဘာ့ကြောင့်မတုံ့ပြန်တာလဲဟု ကျွန်တော်တွေးမိချိန်မှာပဲ သူ့အသံကို အဝေးကလိုလိုခပ်သဲ့သဲ့ကြားလိုက်ရသည်။  

“ဘူချီရေ။ သူ့ကိုခွဲစိတ်ကုသမယ်ဆိုရင် အောင်မြင်မှုကဘယ်လောက်ရှိမယ်ထင်သတုံးဗျ”

“ငါးရာခိုင်နှုန်းအောက်ဖြစ်မယ်။ သိပ်နည်းတယ်။ ဒါ့ကြောင့် ကျွန်တော်လုပ်ခဲ့သမျှ ခွဲစိတ်ကုသမှုတွေထဲ ဒီတစ်ချီကျွန်တော်လက်တွန့်နေတာဗျ”

“ဒီလိုဆိုရင် သူ့ကိုဆေးနဲ့ပဲစမ်းကုကြည့်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ဒီလိုကုလိုက်ရင်စားပွဲထိုးတစ်ယောက်အဖြစ် သူ့ဝမ်းသူ ကျောင်းနိုင်တော့မယ်မဟုတ်ဘူးဆိုတာကျွန်တော်သိပါရဲ့။ ဒါပေမယ့် သူ့ရောဂါရာဇဝင်ကိုပြည့်ပြည့်စုံစုံသိထားသူတစ်ယောက်အနေနဲ့ပြောရရင် ခွဲစိတ်ကုသမှုသာလုပ်ခဲ့ရင် ခွဲစိတ်ခုတင်ပေါ် သူအသက်ပါသွားမှာပဲ။ ဒီတော့ကာ ဒီကောင်လေးကို ခင်ဗျား ခွဲစိတ် ကုသတာထက် ကျွန်တော့်ရဲ့ ဆေးကုထုံးနဲ့ကုသတာက သူ့အတွက်သက်သာဖို့အခွင့်အလမ်းပိုများတယ်။ အထူးသဖြင့် သူ့ရောဂါက ကလီစာတစ်ခုခုချွတ်ယွင်းလို့ မဖြစ်မနေခွဲစိတ်ရမယ့်ရောဂါမှမဟုတ်တာ”

“ခင်ဗျားဆေးကုလို့ ဒီကောင်ဆိုးလေးသက်သာလာတယ်ဆိုပါစို့။ ကျောင်းစရိတ်စကရှာဖို့ရာအတွက်အလုပ်မလုပ်နိုင်တော့ဘူးဆိုတာ သူသိသွားခဲ့ ရင်ကောဗျာ” ဟုဘူချီကမေးသည်။

ဖရူဂိုနီကတစ်ခုခုပြောသည်။ သို့ပေမယ့် ပါမောက္ခဘူချီ၏ကရုဏာစကားလုံးများကို နားထောင်နိုင် လောက်အောင် ကျွန်တော့်မှာခံနိုင်ရည်မရှိတော့ပြီ။ သို့နှင့် ကျွန်တော်တစ်ဖန်မေ့မြောသွားသည်။

ဖရူဂိုနီ၏ လက်စွမ်းပြကုထုံးအောင်မြင်သည်။ ထိုနာလန်ထစ ကာလ အမှတ်ရချက်တွေထဲ မခံမရပ် နိုင်အောင် ရေဆာတာ တစ်ခုပဲမှတ်မိသည်။ အစာအိမ်မှ သွေးစိမ့်ခြင်းမရှိတော့ပြီ။ တစ်လအကြာမှာအစာပျော့ပျော့စားရသည်။ ခေတ္တခဏထထိုင်ခွင့် လမ်းလျှောက်ခွင့်ရသည်။ ဖျားနာဆောင်ထဲက ပါမောက္ခဖရူဂိုနီ၏လက်ချာများ၊ လူနာစမ်းသပ်ပြပုံများကို တက်ရောက်နားထောင်ခွင့်၊ ကြည့်ရှုခွင့်ရသည်။ အဲ … အဝတ်အစားကတော့ လူနာအဝတ်အစားနှင့်ပေါ့။ သဘောကောင်းသောပါမောက္ခကြီးကကျွန်တော့်အပေါ်သိသိသာသာစိတ်ဝင်စားမှုရှိသည်။ သို့သော်လည်း ကျောင်းဘယ်တော့ပြန်တက်ရမလဲလို့ကျွန်တော်မေးတိုင်း သူကဝေ့လည်လည်ဖြေသည်။ သူတို့ ဆရာကြီး နှစ်ယောက် ဆွေးနွေးနေတုန်း ကျွန်တော် နားစွန်နားဖျား ကြားလိုက်တဲ့အချက် မှန်ကန်ကြောင်း သေချာသွားပြီ။ ကျွန်တော် အလုပ်မလုပ် နိုင်တော့ဘူး ဆိုတဲ့ အကြောင်းပေါ့ဗျာ။ သို့ပေမယ့် မိမိ၏ကိုယ်လက်ကြံ့ခိုင်မှုကို မိမိယုံသည်။ ပြည့်ပြည့်ဝဝ နာလန်ထူပြီးတဲ့နောက် မိမိ အသက်မွေးဝမ်းကျောင်း စားပွဲထိုးအလုပ်ကို မိမိပြန်လုပ်နိုင်မည်ဟု မယုံရဲယုံရဲ ယုံနေမိသည်။ 

(၃)

ပါမောက္ခဘူချီကလည်း ဆေးရုံမှာလုပ်စရာရှိလို့လာတဲ့အခါတိုင်း ကျွန်တော့်ကိုဝင်ကြည့်သည်။ ကျောင်းသားတွေ ကြောက်လန့်ကြတဲ့ ပါမောက္ခကြီးက ကျွန်တော့်အပေါ်ညင်ညင်သာသာဖေးဖေးမမလုပ်လေ ကျွန်တော့်မှာဝမ်းနည်းလေ။ အခုအချိန်မှာဖြင့် ကျွန်တော်ဟာ သနားစရာ သတ္တဝါ ဖြစ်နေပြီကော။ ကျန်တဲ့ဘဝတစ်လျှောက်လုံး သုံးစားမရတဲ့ဒုက္ခိတစ်ယောက်အဖြစ် ကျွန်တော် နေထိုင်သွားရတော့မည်။

မိမိကိုယ် မိမိ သနားစိတ်က ကျွန်တော့်ဦးနှောက်ကိုဒုက္ခပေးသည်။ နာရီပေါင်းများစွာထိုင်ပြီး မိမိနှင့်မထိုက်တန်တဲ့ကံကြမ္မာကိုယိုးမယ်ဖွဲ့ကာ အနုလုံပဋိလုံအတွေးနယ်ချဲ့နေမိသည်။ နေ့ခင်းပိုင်းတက်ရတဲ့လက်ချာတွေ၊ လူနာနှင့်သရုပ်ပြပွဲတွေကပဲ ကျွန်တော့်ရင်တွင်းပဋိပက္ခတွေကို မေ့မေ့ပျောက် ပျောက်ဖြစ်စေသည်။ အဲဒီအချိန်တွေမတော့ ဆေးကျောင်းပြီး ဆုံးသည်အထိ အောင်အောင်မြင်မြင် တက်ရောက်မည့် ဆေးကျောင်းသား တစ်ဦးအဖြစ် မိမိကိုယ်မိမိသဘောထားပြီး လေ့လာစရာရှိတာတွေကိုအသည်းအသန်လေ့လာသည်။ ဖတ်မှတ်သည်။

ဆေးရုံတက်ပြီး တစ်လခွဲအကြာ နေ့လယ်စာမစားမီအချိန်ကလေးမှာ ဘူချီနှင့်ဖရူဂိုနီတို့နှစ်ဦးသား ကျွန်တော့်ဆီ ပေါက်ချလာသည်။ လူအများမကြားနိုင်သည့် ဆေးရုံထောင့်တစ်နေရာသို့ ကျွန်တော့်ကိုခေါ်သွားပြီး ပါမောက္ခဘူချီက ရင်းရင်းနှီးနှီးစကားစပြောသည်။

“ဒီမှာငါ့ကောင်ရ။ မင့်အကြောင်းတော်တော်များများ ဆရာတို့စုံစမ်းပြီးပြီကွ။ ဆေးကျောင်းတက်ရဖို့ မင်းလျှောက်လှမ်းခဲ့ရတာတွေကိုသိရတော့ ဆရာတို့မင့်ကိုသိပ်လေးစားသွားတယ်။ ဒါပေမယ့် နောက်နောင် ခန္ဓာကိုယ်အားစိုက်ရတဲ့အလုပ်မျိုး မင်းလုပ်လို့ရမှာမဟုတ်တော့ဘူးကွ”။

ကျွန်တော်စိတ်ပျက်ညှိုးငယ်သွားပုံကိုမြင်သွားသည်နှင့် သူကစကားကို ခပ်သွက်သွက်ကလေး  ဆက်ပြောသည်။

“ဒါပေမဲ့ မင်းပူစရာမလိုဘူးကွ။ ဖရူဂိုနီနဲ့ဆရာတို့နှစ်ယောက် ပညာရေးဝန်ကြီးဌာနကနေ မင့်အတွက် အထူးအခွင့်အရေး တစ်ခု တောင်းခံလာခဲ့တယ်။ ရောမမြို့တော်မှာကျင်းပမယ့် အစိုးရပညာသင်ဆုစာမေးပွဲကို မင်းဖြေခွင့်ရဖို့ပဲ။ ဒီလိုအခွင့်အရေး ရဖူးတဲ့ နိုင်ငံခြားသားဆိုလို့ မင်းတစ်ယောက်ပဲရှိမှာ။ ဒီပညာသင်ဆု သုံးဆုအတွက် အီတလီတစ်နိုင်ငံလုံးက ဆေးကျောင်းသားတွေဝင်ဖြေကြမှာ။ ဖြေမယ့်သူက ၄၀၀ လောက်ရှိမယ်။ အီတလီ တက္ကသိုလ်တွေကနေ ခေါင်းခေါက်ရွေးထားတဲ့သူတွေချည်းပဲ။ ဒီစာမေးပွဲ မင်းအောင်လိမ့်မယ်လို့ ဆရာတို့ထင်တယ်။ ဒါ့ကြောင့် အခုကစပြီး စာမေးပွဲအတွက် ပြင်ပေတော့။ စာမေးပွဲကတစ်လလိုသေးတယ်”

ရုတ်ခြည်းပြောင်းလဲသွားတဲ့ မိမိကံကြမ္မာအတွက် ကျွန်တော့်မှာမည်သည့်စကားမှမဆိုနိုင်ဘဲ မတ်မတ်ရပ် နေမိသည်။ ကျွန်တော် တိတ်ဆိတ်နေတာကို ဆရာက တလွဲ မြင်သွားပုံရသည်။ ဒါ့ကြောင့် သူကဆက်ပြောသည်။ “ငွေရေးကြေးရေးကိစ္စစိတ်ပူနေတာလား။ မပူပါနဲ့ကွာ။ မင်းလိုအပ်တာမှန်သမျှ ဆရာတို့ စိုက်ပေးထားမှာပါ”။ ဒီတော့မှ ကျွန်တော် စကားပြောလို့ ရသွားသည်။ ကျွန်တော့်အတွက် အထူးဝါယမစိုက်ပေးတဲ့အတွက်ပါမောက္ခနှစ်ဦးစလုံးကိုကျေးဇူးတင်ပါကြောင်း၊ ဟိုတယ်ကရတဲ့လစာငွေ မိမိမှာအလုံအလောက်ရှိပါကြောင်း၊ စာမေးပွဲ ကာလအတွင်း လိုအပ်သမျှ ငွေကြေး မိမိမှာ ပြည့်စုံပါကြောင်း ပြန်ပြောရသည်။ ထိုနောက် ပါမောက္ခဘူချီက လက်ချာတွေ လိုက်မတက်တော့ဖို့၊ ဒီအရေးကြီးတဲ့စာမေးပွဲအတွက် အချိန်အပြည့်အဝအသုံးချနိုင်ဖို့ရာ အခန်းကလေးတစ်ခန်းငှားပြီး သီးသန့် နေထိုင်ဖို့ အကြံပေးသည်။

ဆေးရုံတက်ပြီး နှစ်လအကြာမှာ ကျွန်တော်ဆေးရုံဆင်းရသည်။ သမိုင်းဝင်အဆောက်အဦများရှိရာ ဆိတ်ငြိမ်ရပ်ကွက်တွင် တည်ရှိသော အလယ်ခေတ်အိမ်ကြီးရခိုင်တစ်လုံး၏ အထပ်ခိုးတစ်ခုကို ငှားရမ်းလိုက်သည်။ ဖလောရင့်စ်မြို့ရဲ့ဆူသံညံသံတွေနှင့်ဝေးရာပေါ့။ ဒီဆုကြီးသုံးဆုထဲကတစ်ဆုကို ကျွန်တော်ရကိုရရမည်ဟူသော ခိုင်မြဲသောသန္နိဋ္ဌာန်ချ၍ ဖတ်ရှုလေ့လာရမည့်စာများကို ကျွန်တော်  ဖတ်မှတ်လေ့လာသည်။ ဆေးပညာဘွဲ့ရဖို့အရေး ကျွန်တော်ပေးဆပ်ခဲ့ရတာတွေ များလှပါပကော။ ဒီတစ်ချီတော့ ဒီအဆုံးစွန် အောင်မြင်မှုကြီးကို ကျွန်တော့်အပေါ် ငြင်းပယ်လောက်အောင် ဘုရားသ  ခင်ရက်စက်မည်မဟုတ်ဟုကျွန်တော်ယုံကြည်သည်။ ကျွန်တော်ရရှိတဲ့ အခွင့်အရေးတွေကို မထိခိုက်မပျက်စီးရလေအောင် ဒီတစ်ချီ ကျွန်တော်ဂရုဓမ္မထားသည်။ စာဖတ်တာအလွန်အကျွံမဖတ်ဖို့၊ အစာကိုမစို့မပို့ မစားဖို့။ ပေါ့ပေါ့ပါးပါးကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့၊ အချိန်မှန်မှန်စားဖို့၊ ညကိုတစ်ချိုး တည်းအိပ်ဖို့။ ဒါတွေကြောင့် မိမိကျန်းမာရေးလျင်မြန်စွာတိုးတက်လာသည်။

(၄)

ရောမမြို့သို့မသွားမီတစ်ရက် ပါမောက္ခနှစ်ဦးထံသွားပြီး သူတို့၏ကြင်နာမှု၊ စောင့်ရှောက်မှုအတွက်  ကျေးဇူးစကားထပ်ပြောသည်။ လက်ချာပြီးတဲ့အချိန် သူ့ကိုလာတွေ့ဖို့ရာ ပါမောက္ခဘူချီကပြော  သည်။ သူ့ဆီပြန်သွားတဲ့အခါ ရောမမြို့ကစာမေးပွဲဘုတ်အဖွဲ့ဥက္ကဋ္ဌထံ မိတ်ဆက်စာတစ်စောင် ကျွန်တော့်ကိုပေးသည်။

“ဒီမိတ်ဆွေကြီးနဲ့ ဆရာက ပနံမစားလှဘူးကွ။ ဒါပေမယ့် ဒီစာက မင့်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်” ဟု ရယ်သလို နောက်သလို ပြောသည်။

ဒီစာကြောင့် ဒီတစ်လအတွင်းမှာ ကျွန်တော့်အဖို့ပထမဆုံးအကြိမ်အိပ်၍မပျော်သောညတစ်ညဖြစ်သွားသည်။ ဒီစာကြောင့် လူကြီးသူမတို့၏ အစောင့်အရှောက် ခံလွန်းသူဟု တစ်ဖက်လူ ထင်သွားမှာစိုးသည်။ အလုပ်အတွက် မိတ်ဆက်စာ တောင်းခဲ့ဖူးသည့် အနည်းငယ်သော အတွေ့အကြုံအရ ပြောရလျှင် ဒီမိတ်ဆက်စာကြောင့်ပဲ အလုပ်အကိုင်အဆင်မပြေဖြစ်ခဲ့ရတာများသည်။ အခုတော့ ဒီမိတ်ဆက်စာကို လူတစ်ယောက်ထံ ပေးရမတဲ့။ ဒီလူကလည်း ပါမောက္ခဘူချီနှင့် သိပ်ပနံမစားဘူးတဲ့။ အရုဏ်တက်ပြီးမကြာခင် ကျွန်တော် အိပ်ပျော်သွားပြီး နောက်နှစ်နာရီအကြာမှာနိုးလာသည်။ နိုးလာသည်နှင့် ရန်သူဟောင်း၏ပထမဆုံးလက္ခဏာပြန်ပေါ်လာသည် … ဗိုက်နာခြင်း။ ကျွန်တော်ပုံမှန်          မနက်စာစားသည်။ ပေါင်မုန့်နှင့် နွားနို့နွေးနွေး။ ခဏနားပြီး မိမိရှိတဲ့ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးသည်။ ဗိုက်နာပြန်ပေါ်မလာတော့သော်လည်း အပူမီးနှစ်ခုရင်ဝယ်ပိုက်ပြီး ရောမသို့သွားရသည်။   

(ဗိုက်နာတာရယ်၊ မိတ်ဆက်စာရယ်)

ရောမရောက်သွားတော့ ကျွန်တော့်အပူအပန်တွေက ထာဝရမြို့တော်ကြီးကလှုပ်နိုးလိုက်တဲ့ မျှော်လင့်ချက်လှိုင်းသစ်တွေကြား မှေးမှိန် ပျောက်ကွယ်သွားသည်။ ခံ့ထည်သောမြင်ကွင်းကျယ်ကြီးတွေ  အပေါ်နွေဦးပေါက်နေရောင်ခပုံနှင့် ရှေးဟောင်းအနုပညာလက်ရာတွေ၊ ရှေးခေတ်ပညာရိပ်မြုံတွေရဲ့အငွေ့ အသက်က မိမိသောကကို မေ့ပျောက်သွားစေသည်။ မိမိရှိရင်းစွဲအင်အားများ၊ မိမိအပေါ် မိမိ ယုံကြည် ကိုးစားမှုများ ကျွန်တော်ပြန်ရလာသည်။ အခက်ခဲဆုံးပြဿနာများကိုပြည့်ပြည့်ဝဝရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ။ ဗိုက်နာပေါ်မလာတော့။ မိတ်ဆက်စာကိုမပေးတော့ရန်ဆုံးဖြတ်ချက်ချလိုက်သည်နှင့် ဒီစာနှင့်ပတ်သက်သည့်ဝိဝါဒတွေပြေသွားသည်။ မြို့တော်၏ ဗိသုကာ ကျက်သရေတွေကို ဖြည်းဖြည်းချင်း လျှောက်လှမ်းကြည့်ရင်း တစ်နေ့တာအားလပ်ချိန်ကိုကုန်ဆုံးစေသည်။

နောက်တစ်နေ့မနက် စာမေးပွဲစသည်။ ဘာသာရပ်သုံးခုဖြေဆိုရသည့်စာမေးပွဲ – ရောဂါဗေဒ၊ ဆေး  ပညာနှင့်ခွဲစိတ်ပညာ။ စာမေးပွဲ၏ သမာသမတ်ကျမှုကို ကျွန်တော် ချက်ချင်း လေးစားသွားသည်။ ဘယ်သူ့ဘယ်သူကိုမှ ပစားပေးလို့မရတဲ့စာမေးပွဲစနစ်ဖြစ်သည်။ ပထမဆုံးလုပ်ရတာက မဲနှိုက်ရတာ။ မိမိ ဖြေဆိုရမည့် ဘာသာရပ် မေးခွန်းတွေပါတဲ့မဲ။ ကျွန်တော်က နံပါတ် (၁) ပေါက်သည်။ ဖြေရမည့် မေးခွန်းတွေက သိုင်းရွိုက်ဂလင်း၏ရောဂါသဘာဝ၊ ဒူးဒဏ်ရာ၊ ရင်ဝမ်းခြားကြွက်သား စုတ်ပြဲခြင်း။ ဒီဘာသာရပ်တွေက အခက်ခဲဆုံး ဘာသာရပ်တွေထဲ ပါသည်။ စိတ်ဝင်တစားဆွေးနွေးစရာတွေများသည်။ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တော်ဆေးရုံတစ်ခုမှာ ခန္ဓာဗေဒ သရုပ်ပြ လုပ်ခဲ့စဉ်ရခဲ့တဲ့အတွေ့အကြုံတွေကြောင့် ဒီဘာသာရပ်တွေကို ကျွန်တော်ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင် သည်။

အချိန်စေ့သည်နှင့် မိမိအဖြေလွှာတွေကို ယုံကြည်စိတ်အပြည့်ဖြင့်ကျွန်တော်အပ်လိုက်သည်။ သို့ပေမယ့် အောင်စာရင်းကို စိတ်လှုပ်ရှားစွာ စောင့်နေရတဲ့ နာရီပိုင်းကလေးအတွင်းမှာ ဆေးစာအုပ်တွေကို ကျွန်တော်ပြန်လှန်လှောကြည့်မိသေးသည်။ ကျွန်တော်သုံးခဲ့တဲ့ ဆေးပညာ ဝေါဟာရ အသုံးအနှုန်းတွေက စာအုပ်ထဲကအတိုင်း ကွက်တိဖြစ်နေတာ တွေ့ရသည်။ ဝီရိယအကျိုးကျွန်တော်ခံစားရပြီ။ အဖြေလွှာမှာ ကျွန်တော်ရေးခဲ့တဲ့ကောက်ချက်တွေကို ဆေးစာအုပ်တွေနှင့်တိုက်ကြည့်ပြန်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ ညနေခင်း အောင်စာရင်း လာကပ်တဲ့အခါ နောက်တစ်နေ့ဆေးပညာဖြေရမည့်သူ စာရင်းထဲ ကျွန်တော့်နာမည်ပါလာသည်ကို ကျွန်တော်မအံ့သြတော့ပြီ။

ဒီပထမအသုတ် စာမေးပွဲအပြီးမှာ ဖြေဆိုသူ တစ်ဝက်ကျော်ကျော် ထွက်သွားရသည်။ နောက်တစ်နေ့မှာလည်း ကျွန်တော်အောင်မှာပဲဟု ကလေးဆန်ဆန်ယုံကြည်မှုအပြည့်နှင့်ဖြေသည်။ ညနေခင်းမှာ   ထွက်လာတဲ့ အောင်စာရင်းက ကျွန်တော့်အထင်ကိုအတည်ပြုပေးသည်။ တတိယနေ့ဖြေဆိုရမည့် ဆန်ခါတင်ကျောင်းသားအစိတ်ထဲ ကျွန်တော်ပါသည်။ ဖြေဆိုရမည့်ဘာသာရပ်က ကျွန်တော့်စိတ်ကြိုက် ဘာသာရပ်ဖြစ်တဲ့ ခွဲစိတ်ပညာ။

ကျွန်တော်ဖြေရမည့်မေးခွန်းတွေက နှလုံးထိခိုက်ဒဏ်ရာ၊ အစာအိမ်အနာနှင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း။ ဒီဘာသာရပ်တွေက ကျွန်တော် ပိုင်နိုင်တဲ့ဘာသာရပ်တွေ။ ကျွန်တော်အားသွန်ဖြေ သည်။ ရေးဖြေပြီးဆုံးသည်နှင့် ပါမောက္ခနှစ်ဦးထံ နှုတ်ဖြေစာမေးပွဲဝင်ရသည်။ ကျွန်တော့် အဖြေတွေကို သူတို့လက်ခံသဘောတူသည့်ပုံကိုကြည့်ပြီး ဒီစာမေးပွဲအောင်မြင်ပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်သည်။ ဒီတိုက်ပွဲကို ကျွန်တော်နိုင်ပြီဟု ယူဆလိုက်ချိန်မှာပဲ စာမေးပွဲဘုတ်အဖွဲ့ဥက္ကဋ္ဌကြီးက ကျွန်တော့်ကိုအခေါ်လွှတ်လိုက်သတဲ့။ အောင်စာရင်းကို တရားဝင်အတည်ပြုဖို့ရာခေါ်တာဖြစ်မှာပေါ့ဟုတွေးမိသည်။ 

ဥက္ကဋ္ဌကြီးမေးတဲ့ ပထမမေးခွန်းသုံးလေးခုက ရှုပ်ထွေးသော်လည်းလွယ်လင့်တကူ ကျွန်တော်ဖြေနိုင်သည်။ သို့ပေမယ့် အေးစက်စက် ခပ်တင်းတင်း မျက်နှာပိုင်ရှင် ပါမောက္ခကြီး ဆက်မေးတဲ့မေးခွန်းက ကျွန်တော်ဘယ်လိုမှမဖြေနိုင်လောက်တဲ့မေးခွန်းဖြစ်သည်။ ဆိုဖီယာ*မှာ ရခဲ့တဲ့အတွေ့အကြုံတွေသာကျွန်တော့်မှာမရှိခဲ့ဘူးဆိုလျှင် ဒီမေးခွန်းက ကျွန်တော့်ကို မှောက်လျက်လဲစေမည့်မေးခွန်းမျိုးဖြစ်သည်။ နောက်ထပ် မေးတဲ့ မေးခွန်းက စတုတ္ထနှစ် ဆေးကျောင်းသားနှင့် လားလားမှ မထိုက်တန်တဲ့မေးခွန်း။ ကျွန်တော်သိလိုက်ပြီ။ မမြင်သာတဲ့၊ မိမိကိုမလိုလားတဲ့ အာဃာတတရားကြီးတစ်ခုနှင့် မိမိရင်ဆိုင်နေရပြီဟူလို။ “ငါက နိုင်ငံခြားသားပဲ။ ဒါကြောင့်ဒီလူကြီးက ငါ့ကို စာမေးပွဲ မအောင်စေချင်တာ နေမှာ”ဆိုတဲ့ အတွေးက ဖျတ်ခနဲပေါ်လာသည်။

ဒီလူကြီးကို ပါမောက္ခဘူချီရေးပေးလိုက်တဲ့မိတ်ဆက်စာမပေးခဲ့တာ ကျွန်တော်အကြီးအကျယ် နောင်တရမိသည်။ အခုအချိန်မှာတော့ ဒီကိစ္စဘယ်လိုမှမတတ်နိုင်တော့ပြီ။ ဒီရက်ရက်စက်စက် အမဲဖျက်တဲ့စာမေးပွဲကြီးကို တစ်နာရီကြာကြာ ကျွန်တော်တောင့်ခံနေရသည်။ ဒီကြားထဲကပဲ အောင်ရ  မယ်ဆိုတဲ့ မိမိသန္နိဋ္ဌာန်ကို မိမိဘာသာအသည်းအသန်ဖက်တွယ်ထားသည်။ ကျွန်တော်အလျှော့ပေးမည်မဟုတ်။ နောက်ဆုံးမတော့ ဒီချောက်ချားဖွယ်စာမေးပွဲကြီးပြီးဆုံးသွားသည်။ သူ့နှိပ်စက်မှုအောက်မှာ  ကျွန်တော်မပြိုမလဲ၍ထင့်၊ ဒီလူကြီးရဲ့ မထုံတက်သေးမျက်နှာ ဇဝေဇဝါဖြစ်နေတာ ကျွန်တော်ပြောရဲသည်။  

(၅)

အောင်စာရင်းစောင့်ရတဲ့နောက်ထပ်နှစ်နာရီကတော့ ပကတိစိတ်ညစ်ညူးဖွယ်ပေပဲ။ ကျွန်တော့်စိတ် တွေဟာလာဟင်းလင်းဖြစ်နေသည်။ အနီးနားရှိ နာရီစင်ကဒေါင်ဒင်မြည်သံကြားတော့မှ ကျွန်တော်သတိပြန်လည်လာသည်။ ဒီတော့မှ ရောမကနေ ဖလောရင့်စ်ကိုသွားတဲ့ မီလ်ဗီယိုတံတားကြီးပေါ်  ရောက်နေမှန်း ကျွန်တော်သိလိုက်ရသည်။ တခြားနာရီတွေလည်းထမြည်ကြသည်။ ဟာ … ၆ နာရီထိုးပါပေါ့လား။ အောင်စာရင်းထွက်မယ့်အချိန်ပါကလား။ တက္ကစီတစ်စီးပေါ် ခုန်တက်လိုက်ပြီး “တက္ကသိုလ်ကိုဗျို့” ဟုကျွန်တော်အော်လိုက်သည်။

မိနစ်ပိုင်းအတွင်း တက္ကသိုလ်ကိုရောက်သွားသည်။ ဒရိုင်ဗာကိုငွေစကြေးစပစ်ပေးပြီး လှေကားရှိရာသို့ကျွန်တော်ဒုန်းပြေးသည်။ အောင်စာရင်းက ကြော်ငြာဘုတ်ပေါ်မှာကပ်ပြီးနေပြီ။ ဘုတ်နားတစ်ဝိုက် ကျောင်းသားတစ်အုပ် ဆူဆူညံညံစကားပြောနေသည်။ ကြော်ငြာဘုတ်နား ကျွန်တော်မကပ်နိုင်။ အလင်းရောင်က အားပျော့လွန်းလှသဖြင့် နာမည်တွေကိုအဝေးကလှမ်းမမြင်နိုင်။ စီစီညံညံအသံတွေ  ကိုကျော်ပြီးထွက်လာတဲ့ ခပ်ကြမ်းကြမ်းအော်သံတစ်ခု ကျွန်တော် ရုတ်ချည်းကြားလိုက်ရသည်။ “ဂျော်ဂျီယိုဆာဗား”။ “ကျွန်တော်ဒီမှာ”ဟု ပြန်အော်လိုက်သည်။

လာခေါ်သူ အထောက်တော်က သိသိသာသာကြီးစိတ်ဆိုးနေသည်။ နိုင်ငံတကာက အငယ်တန်းအရာရှိတွေမှာတွေ့ရတတ်တဲ့ရောဂါတစ်ခုပါပဲ။ လူရှေ့သူရှေ့ သဟောက်သဟ လုပ်ချင်တဲ့ညာဉ်ပေါ့ဗျာ။

“ပြီးခဲ့တဲ့တစ်နာရီက မင်းဘယ်သွားနေတာလဲ။ ငါ့ … ချီးတဲ့မှ”

သူပြောချင်ရာပြောဖို့ ကျွန်တော်လွှတ်ပေးထားသည်။ ပြီးမှသူ့ကိုမေးသည်။

“ကျွန်တော့်ကိုဘာကြောင့်ခေါ်တာတုံး”။

“ငါက မင်းကိုခေါ်စရာဘာအကြောင်းမှမရှိဘူး ငတုံးရဲ့။ ဥက္ကဋ္ဌကြီးက မင်းကိုခေါ်နေတာဟ”

ခဏအကြာ နှိပ်စက်သူကြီးထံ ကျွန်တော့်ကို ခေါ်သွားသည်။ သူ့မျက်နှာကတော့ အရင်လိုမထုံတက်သေးပါပဲ။ ကျွန်တော်ရောက်သွားတဲ့အခါ “မင်းနောက်ကျလှပါကလား။ ဒီမှာလက်မှတ်ထိုး” ဟုပြောသည်။

စာရွက်ကိုကြည့်ပြီး တစ်စုံတစ်ခုကိုမြင်လိုက်၍လက်မှတ်ထိုးရန် တွန့်ဆုတ်မိသည်။

“ဘာဖြစ်တာတုံး” ဟုစိတ်မရှည်တဲ့ဥက္ကဋ္ဌကြီးကမေးသည်။

“ဒီစာရွက်က ဘာစာရွက်ပါလဲ ဥက္ကဋ္ဌကြီးခင်ဗျား” ကျွန်တော် အထစ်ထစ်အငေါ့ငေါ့ မေးမိသည်။

“စာမေးပွဲအောင်တဲ့သုံးယောက်ထဲ မင်းပါတယ်၊ ကဲပါ – လက်မှတ်သာထိုးပါ” 

ဘာပြန်ပြောရမှန်းမသိအောင် ကျွန်တော်ကြောင်အမ်းနေသည်။ စာရွက်ပေါ် ကျွန်တော်လက်မှတ်ထိုးပေးလိုက်သည်။

ထို့နောက် ဥက္ကဋ္ဌကြီးက မတ်တတ်ရပ်လိုက်ပြီး “မင်းကို ကျုပ်ဂုဏ်ပြုပါရစေ”ဟုပြောသည်။ ပြီး သူ့လက်ကိုဆန့်ပေးသည်။ ကျွန်တော်က ခုထိအိပ်မက်မက်နေသလိုလို။  ခေတ္တခဏဆိုင်းငံ့ပြီးမှ ကမ်း ထားတဲ့သူ့လက်ကိုဆုပ်ကိုင်လှုပ်ယမ်းဖို့ သတိရသွားသည်။

ဥက္ကဋ္ဌကြီးက မေးသည်။ “မင်းကခွဲစိတ်ပညာကို ဘူချီနဲ့ သင်ခဲ့တာလား”

ပါမောက္ခဘူချီနာမည်ကြားမှ ကျွန်တော့်စိတ်ထဲမိတ်ဆက်စာကပေါ်လာသည်။

“ဟုတ်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျား။ ပါမောက္ခဘူချီက ဥက္ကဋ္ဌကြီးကို စာတစ်စောင်ပါးလိုက်ပါတယ်” ဟုဖြေပြီး အိတ်ထောင်ထဲမှ စာကို ထုတ်ပေးလိုက်သည်။

စဖတ်ဖတ်ချင်း ဥက္ကဋ္ဌကြီး၏မျက်နှာပေါ် ဘာအပြောင်းအလဲမှ ကျွန်တော်မမြင်ရ။ ဒီနောက် သူပြုံးတာမြင်လိုက်ရသည်။ စာဖတ်ပြီးသွားသည်နှင့် “မောင်ရင်က ဒီစာကို ဘာ့ကြောင့်ကျုပ်ကိုစောစောက မပေးတာတုံး” ဟုသူကပြောသည်။

“ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်က နိုင်ငံခြားသားတစ်ယောက်ပါ။ မိတ်ဆက်စာကြောင့် တစ်မျိုးတစ်မည်အထင်ခံရမှာစိုးလို့ပါခင်ဗျား”

ထို့ထက် ပါမောက္ခဘူချီရဲ့ မင်းတို့ဥက္ကဋ္ဌကြီးနဲ့ငါနဲ့ ပနံမစားဘူးဆိုတဲ့မှတ်ချက်ကိုပို၍ကြောက်ရွံ့မိကြောင်းကိုတော့ သူ့ကိုပြောမပြဖြစ်တော့။

ဒီအခါမှာ အနှီပုဂ္ဂိုလ်ကြီး ထရယ်ပါလေတော့သည်။ “ကောင်းပြီ။ ကျုပ်က မင့်ဆရာဘူချီပြောတဲ့အတိုင်းလုပ်ခဲ့တာပဲ။ သူရေးထားတာ နားထောင်” ဟုပြောသည်။

“ဒီရုရှားကောင်လေးကို မင်းစစ်ချင်သလောက်စစ်ပေတော့။ သူ့ကိုစာမေးပွဲချလို့ရမှာမဟုတ်ဘူး”

စာကို စားပွဲပေါ်ချလိုက်ပြီး သူဆက်ပြောသည်။

“ပညာသင်ဆု သုံးဆုထဲကတစ်ဆုကို မင်းရထိုက်တယ်လို့ ငါတို့အားလုံးဆုံးဖြတ်ပြီးသားပါ။

နောက်ဆုံးအနေနဲ့ မင်းကိုငါထပ်”မောင်း”မယ်။ ကျန်တဲ့နှစ်ယောက်ကို ငါ့အဖွဲ့ဝင်တွေက “မောင်း”မယ်ပေါ့။ မင့်ကိုလိုတာထက်ပိုစစ်မိတာ ငါသိတယ်။ ဒါပေမဲ့ မင်းကို စစ်ရင်းစစ်ရင်း ငါကိုယ်တိုင်စိတ်ပါလာတာနဲ့ ငါ့စိတ်ကို မထိန်းနိုင်ဘဲ ဆက်စစ်နေမိတာပဲ”

ကျွန်တော်ဆိုတဲ့ကောင်က ဆေးပညာပိုင်းမှာတော်သလောက် လူရေးလူရာအလွန်ညံ့ဖျင်းသူဟု သူ  ထင်သွားမည်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုကျေးဇူးတင်တဲ့အကြောင်းဝေဝေဆာဆာမပြောနိုင်ဘဲ စကားလုံးသုံးလေးလုံးမျှသာ ကျွန်တော်အနိုင်နိုင်ပြောခဲ့မိလို့ပါပဲ။

မိမိနောက်ကျောက ခန်းမတံခါးကြီးပိတ်သွားသည်နှင့် ကြေးနန်းရုံးကို ကျွန်တော်ပြေးသည်။ ကျွန်တော့်ဆရာ ပါမောက္ခကြီး ဘူချီ ဒီသတင်းသိမှဖြစ်မည်။ ကျွန်တော်ကြေးနန်းရိုက်လိုက်သည်။

 “အောင်ပြီ ဆရာကြီး”

၁၅ ဇူလိုင် ၂၀၂၅

စာညွှန်း။ George Sava. 1938. The Healing Knife: A Surgeon’s Destiny. Faber and Faber. London

Photo: author

ဆိုဖီယာ*

အီတလီနိုင်ငံတွင်ဆေးပညာသင်ကြားခွင့်မရမီ ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော်ဆိုဖီယာ၌သူခဏ ခိုနားခဲ့ရသေးသည်။ ဆိုဖီယာ မီးယပ်ရောဂါ အထူးကုဆေးရုံကြီး၌ မီးထိုးသမားအဖြစ်အလုပ်လုပ်ရင်း ကိုယ်ပိုင်အားလပ်ချိန်ကိုလု၍ ခန္ဓာဗေဒပညာကိုမိမိဘာသာကျိတ်၍လေ့လာခဲ့သည်။ နောင် အခါ ခန္ဓာဗေဒပါမောက္ခက သူ့အရည်အချင်းကို အမှတ်မထင်တွေ့ရှိသွားပြီး သူ၏ဌာန၌ သရုပ်ပြ ဆရာအဖြစ်ခန့်အပ်တာဝန်ပေးခဲ့သည်။ ထိုစဉ်ကတည်းက ခွဲစိတ်လူနာများအကြောင်း၊ ခွဲစိတ်နည်းနာများအကြောင်းကို သူ့အရွယ်နှင့်မမျှ တွေ့ခဲ့ကြုံခဲ့မှတ်သားခဲ့ရသည်။ ထိုအတွေ့အကြုံများက စာမေးပွဲတွင်သူတွေ့ကြုံခဲ့ရသောမေးခွန်းများကို ဖြေဆိုရာ / ဖြေရှင်းရာမှာအထောက်အပံ့ကြီးစွာပြုခဲ့သည်ဟူလို။

မှတ်ချက်

ဤစာမှာ ၁၉၃၈ ခုနှစ်တွင်ထုတ်ဝေခဲ့သော ရုရှားလူမျိုးခွဲစိတ်ဆရာဝန် စာရေးဆရာ ဂျော့ဆာဗား (၁၉၀၃-၁၉၉၆) ၏ The Healing Knife: A Surgeon’s Destiny ဆိုသည့် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဆန်ဆန်ဝတ္ထု၊ အခန်း ၁၆ (VITTORIA!) ကိုပြန်ဆိုထားခြင်းဖြစ်သည်။

ဤစာကို ဆရာကြီးသိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်း၌ “ထောက်ခံစာ” ဟူသောအမည်ဖြင့်ပြန်ဆိုခဲ့ဖူးပါသည်။ အဖေက “သား၊ ဒီစာဖတ်ကြည့်စမ်း၊ ကောင်းသကွာ”ဟုပြောသည့်အတွက် ကျွန်တော် ဖတ်ရှုခဲ့ရာနောက်ပိုင်း မိမိဘယ်နှကြိမ်ထပ်ဖတ်မိမှန်းမမှတ်မိတော့ပါ။ ကျွန်တော့်စိတ် ငယ်တိုင်း ပြန်လည်ဖတ်ရှုအားမွေးရသည့်စာဖြစ်သွားပါသည်။ နောင်ယင်းငွေတာရီမဂ္ဂဇင်းကိုပြန်မတွေ့တော့ပါ။ တလောက အင်တာနက်တွင် ဂျော့ဆာဗားစာတွေကိုအလွမ်းပြေလိုက်ရှာရင်း ဤစာကိုပြန်တွေ့ရာ အတိုင်းမသိဝမ်းမြောက်သွားပါသည်။ ငယ်ချစ်ဦးနှင့်ပြန်ဆုံ ရင်ခုန်ရသလို။

သို့နှင့် ဆရာကြီးသိပ္ပံစိုးလှ အလွမ်းပြေ ဤစာကို ထပ်မံဘာသာပြန်တင်ဆက်လိုက်ပါသည်။ မိမိဘာသာပြန်ထားသည်များထဲ ဆရာကြီး သိပ္ပံစိုးလှ၏ဘာသာပြန်ချက်များနှင့် ထပ်တူဖြစ်နေတာတွေပါကောင်းပါနိုင်ပါသည်။ ပါခဲ့လျှင်လည်း ဆရာကြီး၏စာကိုခိုးချသည်ဆိုတာထက် ဆရာကြီးစာကိုကြိုက်လွန်းလှ၍ ယခုထက်တိုင်ရင်ထဲစွဲနေသမို့ မိမိလက်မှအလိုအလျောက်ချရေးသွားမိခြင်းဟုသာ စာရှုသူ နှလုံးပိုက် စေလိုပါသည်ခင်ဗျား။

အထက်ပါစာကို ရေးပြီး များမကြာမီ ဆရာကြီးသိပ္ပံစိုးလှ၏ “ထောက်ခံစာ” ဘာသာပြန်ကို ၁၉၇၀ ခု မတ်လထုတ် ငွေတာရီမဂ္ဂဇင်းအမှတ် ၁၁၇ တွင်သွားတွေ့သည်။ မိမိ၏ ဘာသာပြန်စာစုကို ဆရာ ကြီး သိပ္ပံစိုးလှအလွမ်းပြေအဖြစ်မှတ်ယူကြပါကုန်။

၁၄ သြဂုတ် ၂၀၂၅

Click to rate this post!
[Total: 2 Average: 5]