အပြင်ကနေ ကြည့်ရင် အော်တစ်ဇင် ဖြစ်နေသူတစ်ယောက်ကို နားလည်ရ အလွန် ခက်ခဲပါတယ်။ အော်တစ်ဇင် ရှိသူ တစ်ယောက်ဟာ ပါတီပွဲတစ်ခုမှာ ရောက်နေသလို ပျော်ရွှင်စရာ အပြည့်နဲ့ အခြေအနေကနေ ဆူညံသံတွေ၊ မီးရောင်တွေ၊ ပွတ်တိုက် ထိတွေ့မှုတွေ အတူ သူနားမလည်နိုင်တဲ့ လူမှုဆက်ဆံရေး စည်းကမ်းတွေကြောင့် ချက်ချင်းဆိုသလို ဆန့်ကျင်ဘက် အခြေအနေတစ်ခုဆီ ရောက်သွားနိုင်ပါတယ်။ တစ်ခါတလေမှာလည်း အော်တစ်ဇင် သမားတွေဟာ ဂီတ၊ သင်္ချာနဲ့ အနုပညာတွေမှာ ထွန်းပေါက်တတ်ပါတယ်။
အော်တစ်ဇင်သမားတွေ အခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ဒုက္ခဟာ သာမန်လူတစ်ယောက်အဖို့ နားလည်ရ ခက်ပါတယ်။ သူတို့အတွက် ကိုယ့်အသိုင်း အဝိုင်းရဲ့ ပြင်ပက လူတွေနဲ့ ဆက်ဆံရတာ စိတ်ဖိစီးမှုတွေ အတွန်းအတိုက် အရုန်းအကန်တွေ ဖြစ်ရပါတယ်။ သာမန်ထက် ပိုပြီး စိတ်ဖိစီးမှုကို ခံစားနေရတဲ့ အော်တစ်ဇင် ကလေးဟာ စိတ်သောကရောက်မှု တစ်ခုခု ကြုံတွေ့ရပြီဆိုလျှင် အနားမှာရှိတဲ့ အရာဝတ္ထု တစ်ခုကို အဆက်မပြတ်ခေါက်နေတာ လက်ဖဝါးကို မှောက်ချည် လှန်ချည် လုပ်တာမျိုးတွေ သိသိသာသာ မြင်ရပါတယ်။ ပုံမှန်လူတွေရဲ့ သာမန်ပြောဆို ဆက်ဆံနေမှုကိုပင် သူ့အတွက် စိတ်ပင်ပန်းမှု နဲ့ စိတ်သောကရောက်မှုကို ဖြစ်စေတတ်ပါတယ်။ အဲဒီအခြေအနေကနေ သူခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ ဆိုရင်တော့ လွတ်သွားတတ်ပါတယ်။ ဒါကို burnout (ဘန်းအောက်) ဖြစ်တယ်လို့ သုံးပါတယ်။ ဒီအခြေအနေကို ရောက်သွားတဲ့အခါ အော်တင်ဇင် ကလေးများဟာ တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံချင်း မတူပါဘူး။
ဆေးပညာ သတ်မှတ်ချက်အရ Autism spectrum disorder (ASD) မှာပါတဲ့ အော်တစ်ဇင် ဝေဒနာခံစားနေရသူ ကလေးများရဲ့ ကွဲပြားမှုဟာ ကွာခြားချက် အလွန်ကြီးတယ်လို့ ဆိုပါတယ်။ ASD ရှိတယ်လို့ သတ်မှတ်ထားခံရတဲ့ အချို့ အော်တစ်ဇင် ဖြစ်သူကလေးများဟာ လူမှုဝန်းကျင်ရဲ့ စည်းကမ်းချက် တော်တော်များများကို လိုက်နာနိုင်ကြကာ သူတို့ရဲ့ ဘဝကို ပုံမှန်အတိုင်း သွားလာနေထိုင်နိုင်ကြပြီး တချို့ ASD ကလေးများကတော့ သူတို့ဘဝတစ်လျှောက်လုံး အချိန်ပြည့် တစ်ဦးဦးက စောင့်ကြည့်ပေးရတာ၊ မှတ်ဉာဏ်လည်း ချို့ယွင်းနေကြတာအထိ ကွဲပြားပါတယ်။ အဲဒီအခါ အော်တစ်ဇင် ဖြစ်နေသူများ ကလေးများကို ကုသမှုပေးခြင်း နေ့စဥ် သွားလာလုပ်ကိုင် ရတဲ့နေရာမှာ လိုအပ်တဲ့ ပံ့ပိုးမှုများပေးခြင်းကို ထိရောက်အောင် လုပ်ပေးဖို့အတွက် ASD ဘယ်အခြေအနေမှာ ရှိနေတယ်ဆိုတာကို ခွဲခြားသိနိုင်မယ်ဆိုရင် ပိုမို အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။ အော်တစ်ဇင်နဲ့ ပတ်သက်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့ သုတေသန တစ်ခုက အော်တစ်ဇင်ဖြစ်သူကို အော်တစ်ဇင်ဆိုတာ တစ်မျိုးတည်းလို့ သတ်မှန်ပြီး ကုသ ပံ့ပိုးခြင်း မလုပ်မိစေဖို့ တိုက်တွန်းပါတယ်။
ကလေးဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိနေချိန် သို့မဟုတ် မွေးကာစ အရွယ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ အခြေအနေက အော်တစ်ဇင် စတင်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ဦးနှောက်ထဲက အချို့နေရာတွေရဲ့ တည်ဆောက်ပုံ နဲ့ ဖြစ်ပေါ်လာပုံကို ပုံမှန်နဲ့ မတူဘဲ ကြီးထွားလာတဲ့ အချိန်မှာ ရှိသင့်တဲ့ နေရာတွေမှာ ဦးနှောက်ဆဲလ်များ ပေါက်ထွက်လာပုံ၊ ဖြစ်တည်မှု နဲ့ ဆဲလ် တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုကို ထိခိုက်သွားစေနိုင်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ပုံက တစ်ခါတစ်ရံ လိုတာထက်ပိုနိုင်စေကာ တစ်ခါတလေမှာတော့ ပုံမှန်ထက် နည်းပါးသွားတဲ့အခါ အထက်မှာ ပြောခဲ့သလို့ အော်တစ်ဇင် ဖြစ်ပုံတွေက ကွဲပြား ခြားနားလွန်းတာတွေ ဖြစ်လာပါတယ်။
အော်တစ်ဇင်ဖြစ်စေနိုင်တဲ့ အချက်မှာ မျိုးရိုးဗီဇက အဓိက အကြောင်းတစ်ခုဖြစ်ပါတယ်။ မျိုးရိုးကြောင့် ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိတယ် ဆိုပေမယ့်လည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပဲ ဖြစ်နိုင်ဒီထက် ပိုများနေနိုင်တဲ့ ဗီဇကို သယ်ဆောင်ထားသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ လူအချို့ဆီမှာပဲ အော်တစ်ဇင် ဘာလို့ဖြစ်လာတာလည်းဆိုတာ ရှာဖို့ လွယ်ကူပါမယ်လို့လဲ တွေ့ရှိချက်တွေက ဆိုပါတယ်။ မိဘများဟာ အော်တင်ဇင် မဟုတ်ကြပေမယ့် အခြေအနေ တစ်မျိုးမျိုး ကြောင့် မိမိ DNA သန္ဓေပြောင်းလဲမှုဖြစ်ပြီး ပုံပြောင်းမျိုးဗီဇ (mutations) တွေ ထွက်လာနိုင်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ the Institut Pasteur က မျိုးရိုးဗီဇ ပညာရှင် သောမတ်စ် ဘိုဂျရွန်က ပုံပြောင်းမျိုးဗီဇတစ်မျိး ပါလာရုံနဲ့ “စကားမပြောတော့တဲ့လူ၊ လူ့အသိုင်းအဝိုင်း ကြားမှာ ပေါင်းသင်း ဆက်ဆံရ ခက်ခဲတဲ့ လူတစ်ယောက်” ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ပြင်းထန်တဲ့ ပုံပြောင်းမျိုးဗီဇကြောင့် လူဖြစ်လာတဲ့ ကလေးများဟာလည်း တစ်ခါတစ်ရံမှာ ဝက်ရူးပြန်ရောဂါနဲ့ မှတ်ဉာဏ်အားနည်းတဲ့ ရောဂါတွေ တွဲပါလာတတ်ပါသေးတယ်။
ဒီလို ပြင်းထန်တတ်တဲ့ ပုံပြောင်းမျိုးဗီဇများဟာ မျိုးရိုးလိုက်တာဖြစ်ဖြစ် ထင်မှတ်မထားဘဲ လူတစ်ယောက်ဆီမှာ သန္ဓေတည်ဖို့ဆိုတာ ရှားတော့ရှားပါတယ်။ စစ်တမ်းအရ အော်တစ်ဇင် ဖြစ်သူတွေရဲ့ ငါးဦးမှာ တစ်ဦးလောက်ပဲ ဒီလိုဖြစ်လာတာပါ။ ဒီဖြစ်ရပ်ကို အခြေခံပြီး ကောက်ချက်တစ်ခု ဆွဲလိုက်မယ်ဆိုရင် အော်တစ်ဇင် တော်တော်များများဟာ သာမန်လူ တစ်ဦး ထံကနေ ပုံပြောင်းမျိုးဗီဇ တစ်မျိုးမျိုး ပေါ်ထွက်လာတာကနေ ရလာခဲ့တာကြောင့် ပြောလို့ရပါတယ်။ ပုံပြောင်းမျိုးဗီဇတစ်မျိုးက အမေ သို့မဟုတ် အဖေထံမှာ ရှိနေတယ်ဆိုရင် မွေးလာမယ့် ကလေးမှာ အော်တစ်ဇင်ဖြစ်ဖို့ အခွင့်အလမ်း အများကြီး မရှိနိုင်ဘူး။ သို့သော် အမေ နဲ့ အဖေနှစ်ဦးစလုံးမှာ ပုံပြောင်း မျိုးဗီဇပါလာမယ်ဆိုရင်တော့ ကလေးမှာ အော်တစ်ဇင် ဖြစ်လာခြေ ပိုများသွားပြီလို့ ဒေါက်တာ ဘိုဂျရွန်က ပြောပါတယ်။ ပုံပြောင်းမျိုးဗီဇက အော်တစ်ဇင် ဆန်ဆန်ဗီဇ ဖြစ်နေပြီ ဆိုရင်တော့ ကလေးမှာ ဒီလို အော်တစ်ဇင် ပုံပြောင်းမျိုးဗီဇတွေ ရထားပြီး အော်တစ်ဇင် (ASD) ကို မိဘထံက ဆက်ခံတယ်လို့ နောက်တစ်မျိုး ပြောနိုင်ပါတယ်။
ဒီလိုရှုပ်ထွေးလှတဲ့ မျိုးရိုး ဗီဇအခြေခံ၊ ဇီဝ ဖြစ်တည်မှုများ၊ ပုံပြောင်းမျိုးဗီဇ အနည်းအများပေါ် မူတည်ပြီး ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက အော်တစ်ဇင် လက္ခဏာရဲ့ အတိမ်အနက် ကို ပြသပါတယ်။
ပုံပြောင်းမျိုးဗီဇ ကနေ ဘယ်လို့ အော်တစ်ဇင်မျိုး ဖြစ်လာနိုင်သလဲ ဆိုတာကို ဒိန်းမတ်နိုင်ငံ အားဟော့စ် တက္ကသိုလ်က ဇီဝ အချက်အလက်များ ဆိုင်ရာ ပညာရှင် ဂျက်ကော့ ဂရို့ဖ်က ဒိန်းမတ်လူမျိုး ၄၆၀၀၀ ယောက်ကို လေ့လာခဲ့ပါတယ်။ သူလေ့လာခဲ့တဲ့ လူအားလုံးထဲမှာ ၄၀ ရာခိုင်နှုန်း က အော်တစ်ဇင် တွေဖြစ်ပါတယ်။ သူ့တွေ့ရှိချက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ တချို့ ပုံပြောင်း မျိုးဗီဇတွေက ဦးနှောက်ရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ လူမှုဆက်ဆံရေး တွေနဲ့ ပတ်သက်တဲ့နေရာ၊ တချို့ကျတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့နေရာ၊ တချို့ကိုတော့ အထိအတွေ့ အာရုံခံစားတဲ့ နေရာမျိုး တွေမှာ တွေ့ခဲ့ရတယ်ဆိုပါတယ်။ အော်တစ်ဇင် ဖြစ်သူအားလုံးက ဒီလိုမျိုး ဖြစ်နေကြတာပါ။ ဒေါက်တာ ဂရိုဖ့်ကတော့ ဘယ် ပုံပြောင်းမျိုးဗီဇက အော်တစ်ဇင် အတိမ် အနက် ဘယ်လိုရှိတယ်ဆိုတဲ့ အသေးစိတ်ကို မပြောပြခဲ့ပါဘူး။
အော်တစ်ဇင်ဖြစ်စေနိုင်တာ ရာနဲ့ ချီပြီးရှိတဲ့ မျိုးရိုးဗီဇတွေကနေ ထောင်နဲ့ချီပြီး ကွဲထွက်လာတဲ့ ပုံစံကွဲတွေ၊ ထောင်နဲ့ချီပြီးတဲ့ ပုံပြောင်း မျိုးဗီဇတွေ ကြောင့် ဇီဝအာရုံများက ဦးနှောက်ကို သွားရောက် ထိခိုက် လှုံ့ဆော် ပါတယ်။ အော်တစ်ဇင် ပုံစံပေါင်း မျိုးစုံဖြစ်နေတာရယ်၊ သူ့ရဲ့ လက္ခဏာတွေကြောင့် အဓိကကျတဲ့ မေးခွန်းတစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါဘာမေးခွန်းလည်းဆိုတော့ “အော်တစ်ဇင် ဆိုတာ တစ်မျိုးတည်း မဟုတ်ပဲ အများကြီး ဖြစ်နေတယ်ဆိုတာ မှန်ပါရဲ့လား”
အော်တစ်ဇင်များကို အုပ်စုခွဲခြင်းကို အစဥ်တစိုက် လုပ်ခဲ့ကြပြီးပါပြီ။ ၁၉၈၀ တစ်ဝိုက်မှာ ဒီ အခြေအနေကို တွေ့ရှိခဲ့ကြပြီး တရားဝင် သတ်မှတ်ချက်တစ်ခုအဖြစ် စိတ်ရောဂါဆိုရင် ရောဂါဗေဒနှင့် အချက်အလက်များ (Diagnostic and Statistical Manual of Mental Disorders – DSM) မှာ ထည့်သွင်းခဲ့ပါတယ်။ DSM လက်စွဲ စာအုပ်ကို “စိတ်ပညာဆိုင်ရာ သမ္မာကျမ်း စာအုပ်” လို့တောင် အမည် ပေးထား ကြပါတယ်။ အဲဒီတုန်းကတော့ အကျယ်တဝင့်မဟုတ်ဘဲ လူမှု ဆက်ဆံရေး နယ်ပယ်ထဲကို မဝင်ကြတဲ့ ကလေးများကို အကြောင်းပြုထားတဲ့ လေ့လာချက် အကျဥ်းချုပ် တစ်ခုလောက်ပါပဲ။
ဒါကို သိပ်ပြီး အတိုချုံးလွန်းတယ်လို့ တချို့ ဆေးပညာရှင်တွေက မြင်ကြတယ်။ အဲဒါနဲ့ ၁၉၉၄ ခုနှစ်မှာ ပိုပြီးကျယ်ပြန့်တဲ့ အော်တစ်ဇင် လက္ခဏာပေါင်း မျိုးစုံပါဝင်တဲ့ လူများကို ခြုံငုံပြီး စစ်တမ်းတစ်ခု လုပ်ကာ DSM လက်စွဲကို ထပ်မံမွမ်းမံပြီး အော်တစ်ဇင် အုပ်စု ငါးစု ခွဲပါတယ်။ အုပ်စု ငါးမျိုးကို ဖော်ပြရမယ်ဆိုလျှင် ၁) ဖြစ်ရိုးဖြစ်စဥ် အော်တစ်ဇင်၊ ၂) အက်စ်ပါဂါ ရောဂါလက္ခဏာအစု (ပုံမှန်စကားပြောတဲ့ အချိန်မှာ စကားစပြောသော်ငြားလည်း လူမှုဆက်ဆံရေးတွင် မဝင်ဆန့်ကြ သူများအုပ်စု)၊ ၃) ငယ်ရွယ်စဥ်ကတည်း တစ်စတစ်စ ပြိုကွဲ ပျက်စီးခြင်း (ကလေးအရွယ်မှာ တိုးတက်လာမှု မရှိပဲ ဆုတ်ယုတ်ခြင်းများသာဖြစ်၍ သင်ကြားထားသမျှ မေ့ပျောက်ကုန်ခြင်း)၊ ၄) အော်တစ်ဇင် စိတ်ရောဂါ တစ်ခုခု ဖြစ်နေခြင်း (အော်တစ်ဇင် လက္ခဏာ တစ်မျိုးလောက်နှင့်သာ ကိုက်ညီနေသည့် လက္ခဏာမျိုးသာ ဖြစ်ရခြင်း)၊ နှင့် ၅) ရက်တ်စ် ရောဂါလက္ခဏာစု (မိန်းကလေးများတွင်သာ ဖြစ်တတ်သည့် ပုံပြောင်းမျိုးဗီဇ တစ်မျိုးကြောင့် အော်တစ်ဇင် ဖြစ်ခြင်း) တို့ပဲ ဖြစ်ပါတယ်။
သို့သော်လည်း ဒီအုပ်စု ငါးအုပ်စု သတ်မှတ်ချက်ကိုလည်း နောက်ပိုင်းမှာ ဆက်ပြီးမသုံးစွဲတော့ ပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အော်တစ်ဇင် ဖြစ်သူတစ်ယောက်ရဲ့ သွင်ပြင် လက္ခဏာတွေဟာ ဘယ်လောက်များများ ဘယ်လိုပဲ ဆိုးရွားနေပါစေ အော်တစ်ဇင် ဖြစ်နေသူ အုပ်စုထဲက သူတွေရဲ့ လက္ခဏာတစ်ခု မဟုတ် တစ်ခုနဲ့ တစ်ထပ်တည်း သွားတူနေလို့ပါ။ ဒီတော့ ဘယ်လို လက္ခဏာ ရှိတဲ့သူက ရှေ့လျှောက် ဘာတွေဖြစ်လာမယ်လို့ ခန့်မှန်းတွေးဆချက်တွေဟာ အလဟဿ ဖြစ်ကုန် ပါတယ်။ ၂၀၁၃ ခုနှစ် ရောက်တဲ့အခါမှာတော့ အခုနောက်ဆုံး ပြောင်းလဲ ခေါ်ဝေါ်နေတဲ့ ASD လို့ အသစ် ပြန်လည် ခေါ်ဝေါ်သုံးစွဲကာ အော်တစ်ဇင်ကို ပြန်လည် အဓိပ္ပာယ်ဖွင့်ခဲ့ ကြပြန်ပါတယ်။
ဒီလို အပြောင်းအလဲတွေက ဇီဝသိပ္ပံ ပညာရှင်များရဲ့ သုတေသန အလုပ်ကို ရပ်နားမသွားစေဘဲ ASD ခံစားနေသူများရဲ့ ပုံစံအနေအထားများကို အမြဲမပြတ် ဆက်လက် လေ့လာ ဖော်ထုတ် နေခဲ့ကြပါတယ်။ နယူးယောက်မှာရှိတဲ့ ပရင်စတန် နဲ့ ဖလက်အိုင်ရင် တက္ကသိုလ်များက သုတေသီများက အမေရိကန်မှာ နေထိုင်ကြတဲ့ အော်တစ်ဇင် အယောက် ၅,၀၀၀ ကျော်တို့ရဲ့ မျိုးရိုးဗီဇများနဲ့ အမူအကျင့်များ စတဲ့ အချက်အလက်တွေကို အခြေခံပြီး ASD ကို အုပ်စု လေးစု ခွဲခြမ်းပြနိုင်ခဲ့ပါတယ်။ ပထမဦးဆုံး သုတေသီများက အော်တစ်ဇင် ၅,၀၀၀ ကျော် စလုံးရဲ့ အကျင့် စရိုက်တွေနဲ့ ဖြစ်ပေါ်လာမှုတွေကို ခွဲခြမ်းပါတယ်။ အဲဒီနောက်ကျတော့မှ လက္ခဏာတူ အုပ်စု လေးစု ထပ်ခွဲလိုက်ပါတယ်။ သူတို့ အုပ်စုတစ်စုနဲ့ တစ်ခုကြားမှာလည်း မျိုးဗီဇတွေ မတူတာကိုလည်း တွေ့ရတယ်။ ဒါတင်မကပဲ ပုံပြောင်းမျိုးဗီဇကို ဆက်ခံထားတဲ့ သူတွေဆီမှာ ဘယ် ဗီဇတွေက သန္ဓေသား ဘဝကနေ ကလေးအရွယ် ရောက်တဲ့အထိ ဆက်လက် ရှင်သန်လာကြတယ်ဆိုတာတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေကို ဇူလိုင်လထုတ် Nature Genetics မှာ အများပြည်သူထံ တင်ပြခဲ့ပါတယ်။

သူတို့အခေါ် “ကျယ်ပြန့်စွာ ဖြစ်နေသည့် (Broadly affected)” အုပ်စုမှာ ပါဝင်နေသူများဟာ အော်တစ်ဇင် လက္ခဏာ များစွာ တွေ့ရသူများ ဖြစ်ပြီး သူတို့ဟာ ကိုင်တွယ်ရ အလွန်ခက်ခဲသူများလည်း ဖြစ်ပါတယ်။ အဲဒီအုပ်စုမှာ ပါဝင်သူများဟာ တိုးတက်မှု နှေးကွေးခြင်း၊ ထပ်ကာ တလဲလဲ အပြုအမူများ ပြခြင်း များအပြင် ကြောင့်ကြစိတ်များကာ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင်မပြေသူများ ဖြစ်ကြပါတယ်။ Broadly affected group ဟာ အနည်းဆုံး အုပ်စုဖြစ်ပြီး အော်တစ်ဇင် ဖြစ်နေသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
နောက်အုပ်စုတစ်ခုဖြစ်တဲ့ “အလယ်အလတ် ခက်ခဲသူများ – moderate challenge” ဟာ ဒုတိယ အများဆုံးဖြစ်ပြီး အားလုံးရဲ့ ၃၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သူတို့မှာ အော်တစ်ဇင် ပုံစံမျိုးစုံ တွေ့ရပေမယ့် မသိမသာလေး ပါသလောက်ပါပဲ။
တတိယ Mixed ASD with Developmental Delay အုပ်စုမှာ အော်တစ်ဇင် မျိုးစုံပါဝင်ပြီး ရှေ့က အုပ်စုလိုပဲ တိုးတက်မှု နှေးကွေးမယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ ခက်ခဲကြမယ်။ သို့သော်လည်းပဲ သူတို့မှာ ပူပင်သောကနဲ့ တစ်ပါးသူကို နှောင့်ယှက်တတ် တဲ့ အပြုအမူမျိုး နည်းပါးတယ်လို့ဆိုပါတယ်။ သူကတော့ အားလုံးရဲ့ ၁၉ ရာခိုင်နှုန်းလောက် ရှိပါတယ်။
နောက်ဆုံး “လူမှုဆက်ဆံရေး – social/behaviroural” အုပ်စုလို့ခေါ်တဲ့ ရှိပါမယ်။ သူကတော့ အများဆုံး ဖြစ်ပြီး ၃၇ ရာခိုင်နှုန်းတောင် ရှိပါတယ်။ အော်တစ်ဇင်ဖြစ်စေတဲ့ မျိုးရိုးဗီဇ များစွာဟာ မိခင် ဝမ်းကြာတိုက်အတွင်းရှိစဥ် ကာလအတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲပြီး အော်တစ်ဇင် အဖြစ် မွေးလာခဲ့ပေမယ့် ဒီအုပ်စုမှာ ပါတဲ့သူများဟာ မွေးဖွားပြီးနောက်ပိုင်းမှာ အော်တစ်ဇင် ဖြစ်လာကြပြီး တချို့မှာ ကြီးကောင်ပေါက် အရွယ်အထိ တဖြည်းဖြည်း လက္ခဏာများ ပေါ်ထွက်လာသူတွေ ဖြစ်ကြပါတယ်။ ဒီအုပ်စုမှာ ပါဝင်ကြသူတွေဟာ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ ဝန်ဆံ့ဖို့ ခက်ခဲရုန်းကန်ကြရတဲ့သူတွေဆိုတာကို အုပ်စုကို ပေးထားတဲ့ နာမည်ကို ကြည့်ရုံနဲ့တင် သိသာမှာပါ။ ပူပန် ကြောင့်ကြတတ်တဲ့ စိတ်တွေလည်း ရှိကြပေမယ့် တိုးတက်မှု နှေးကွေးတဲ့ အထဲမှာတော့ မပါကြပါဘူး။
သူတို့ဟာ ငယ်တုန်းမှာတော့ မသိသာလှပါဘူး။ ဒီကလေးများဟာ ပုံမှန်ကလေးတွေအတိုင်း ကြီးပြင်းလာခဲ့ကြပြီး ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်တွေ ကိုလည်း ကျော်ဖြတ်လာခဲ့ကြပါတယ်။ ဒီကလေးတွေမှာ ရောဂါရှိမှန်း သိလာတာက နောက်ပိုင်းကျမှလို့ အဆိုပါ သုတေသနကို အတူတူ လက်တွဲလုပ်ဆောင်ခဲ့သူ ဖလာတီရွန် တက္ကသိုလ် ဇီဝဆိုင်ရာ ပညာရှင် နာတာလီက ပြောပါတယ်။ ရောဂါဖော်ထုတ်ချိန်မှာလည်း အဆိုပါ ကလေးများဟာ ADHD (Attention-deficit hyperactivity disorder) ရောဂါလက္ခဏာတွေနဲ့ တူညီနေတတ်သေးပါတယ်။
နောက်တစ်ခု သိစေချင်တာက အော်တစ်ဇင် ဖြစ်နေသူများဟာ ADHD ဒါမှမဟုတ် အခြား စိတ်ရောဂါ ဖြစ်လာနိုင်ခြေ ရှိတာမို့လို့ အော်တစ်ဇင် ဖြစ်မှန်းကြိုသိနေမယ်ဆိုရင် ပညာရေးအတွက် ဘယ်လို ကျောင်းမျိုးမှာ ထားမယ်။ ဒီကလေးကို ဘယ်လို ပံ့ပိုးမှုတွေ ပေးနိုင်မလဲဆိုတာ အုပ်ထိန်းသူများနေနဲ့ လမ်းညွှန် ပေးနိုင်မှာဖြစ်ပါတယ်။
မျိုးဗီဇတစ်ခုတည်းနဲ့ကြောင့် အော်တစ်ဇင် ဖြစ်လာတယ်ဆိုတာ မဟုတ်ဘူး လို့ဆိုရုံနဲ့ နောက်ဆက်တွဲ အပြည့်အစုံကို ဘယ်လိုမှ ရှင်းပြလို့ ရမယ် မထင်ပါဘူး။ အော်တစ်ဇင် ဖြစ်သူတစ်ယောက်ရဲ့ ပတ်ဝန်းကျင် အခြေအနေကလည်း အလွန် အရေးကြီးပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်္ဂလန်က ဆရာဝန်တစ်ဦး ဖြစ်သူ ဒေါက်တာ အန်ဒရူး ဝိတ်ခ်ဖီးက အော်တစ်ဇင်ဟာ ဝက်သက် ကာကွယ် ထိုးဆေးတစ်မျိုးကြောင့် ဖြစ်တယ်လို့ မှားယွင်းစွာ ကောက်ချက်ချခဲ့ပါတယ်။ အဆိုပါ မှားယွင်းတဲ့ တွေ့ရှိမှုက ပတ်ဝန်းကျင် အနေအထားကြောင့် အော်တစ်ဇင် ဖြစ်သူကို လွှမ်းမိုးနိုင်တယ်လို့ ယူဆထားချက်တွေကို မှေးမှိန်သွားစေနိုင်တဲ့အပြင် သူပြောနောက်ကို လိုက်ပြီး ကာကွယ်ဆေးက အော်တစ်ဇင် ဖြစ်နိုင် မဖြစ်နိုင် ရှာဖွေဖို့အတွက် အချိန်ကုန် လူပန်း အကျိုးမရှိတဲ့ သုတေသန လုပ်ငန်းများများကို ဦးတည်သွားစေခဲ့ပါတယ်။
“ဒါကြောင့်မို့လို့ အော်တစ်ဇင်နဲ့ ပတ်သက်လို့ သုတေသနတွေ လုပ်ရမယ်ဆိုရင် ဒီ ပရောဂျက်မှာ ပါတဲ့သူတွေအားလုံး စိတ်လှုပ်ရှား တတ်ကြတယ်” လို့ ဖီလာဒလ်ဖီးယား ကလေးဆေးရုံက စိတ်ပညာရှင်တစ်ဦးလည်းဖြစ်သူ ADSI ပရောဂျက်ကို ဦးဆောင်သူ ဒေါက်တာ ဂျူးဒစ်မေလာ က ပြောပြပါတယ်။ အခုချိန်အထိတော့ လုပ်ငန်းတွေဟာ ချောချာမွေ့မွေ့ ဖြစ်နေပါသေးတယ်။ သူ့ရဲ့ ပရောဂျက်မှာ ၂၀၀၈ ခုနှစ်လောက်က မွေးဖွားခဲ့ပြီး သူ့ဆေးရုံမှာ အော်တင်ဇင် ရှိ/မရှိ အစစ်ဆေး ခံခဲ့ဖူးသူ ကလေးပေါင်း ၁၀၄,၀၀၀ ကျော် (အဲဒီအထဲကမှ အော်တစ်ဇင် ရှိသူ ၄,၀၀၀)တို့ကို စောင့်ကြည့် လေ့လာနေတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေ၊ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်စဥ်ကာလက ကျန်းမာရေးအခြေအနေတွေ နဲ့ ကလေးနေထိုင်ကြီးပြင်းရာက လေ၊ ရေ အနေအထား စတဲ့ အချက်အလက် မျိုးစုံကိုပါ စောင့်ကြည့်နေပါတယ်။
ဒေါက်တာ မေလာက သူ့ ပရောဂျက်အသစ်ဟာ မျိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ အော်တစ်ဇင် ကလေးအကြား ဆက်စပ်မှုတွေကို ရှာဖွေနေတာဖြစ်ပြီး အဲဒီတွေ့ရှိချက်တွေကို ပိုမို ခိုင်မာ တိကျအောင် ဖော်ထုတ် သွားမယ်လို့ ဆိုပါတယ်။
ယေးလ် တက္ကသိုလ်က ကူးစက်ရောဂါဗေဒ ပညာရှင် ဇီယန်လျူက ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းခံနဲ့ မျိုးဗီဇဆိုင်ရာ ပါဝင်မှုတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ စဥ်းစားလိုက်ရုံနဲ့ ရတာမို့ သိပ်ခက်ခဲ့တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ဥပမာ – အသက်ကြီးမှ အိမ်ထောင်ကျတာဟာ မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်ဖို့ စပ်ဆက်နေတာမျိုး။ အမှန် တကယ်တော့ မျိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုရမှာပါ။ သို့သော်လည်း အသက်ကြီးမှ အိမ်ထောင်ပြုတယ်ဆိုတာက ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းခံတစ်ခု ဟုတ် မဟုတ် ဆိုတာ ငြင်းနေကြတုန်းပါပဲ။ မျိုးဗီဇကြောင့်လို့ ဆိုရတာက အသက်ကြီးလာတဲ့အခါ လူတွေမှာ မျိုးဗီဇပြောင်း အသစ်တွေ စုလာတတ်ကြတယ်။ အရှေ့မှာ တင်ပြခဲ့သလို ပြောင်းလာတဲ့ မျိုးဗီဇ အသစ်တွေက အော်တစ်ဇင် ဖြစ်စေနိုင်တယ်။
နောက်ထပ် ဖြစ်နေခြေတစ်ခုကတော့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်း တစ်ခုခုက မျိုးဗီဇ ပြောင်းတာ အားကောင်းစေအောင် လှုံ့ဆော်တတ်တာမျိုး ဖြစ်ပါတယ်။ ဒါကို အက်ပီ ဂျနက်တစ် အကျိုးဆက် (Epigenetic effect) လို့ခေါ်ပါတယ်။ အော်တစ်ဇင် ဖြစ်ပွားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတစ်ခုမှာ မိခင်ဟာ ကိုယ်ဝန်လွယ်ထားရစဥ် valproate ဆေးနဲ့ ထိတွေ့မိခြင်းဖြစ်ပြီး ဒီဆေးကြောင့် အက်ပီ ဂျနက်တစ် အကျိုးဆက် ဖြစ်စေပါတယ်။ valproate ဆေးဟာ တက်တဲ့ရောဂါ ကုသတဲ့ နေရာမှာ ပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အငြင်းပွားဖွယ် ကိစ္စတွေ ဖြစ်လာရတဲ့ အကြောင်းတစ်ခုကတော့ ကိုယ်ဝန်ဆောင် မိခင်တွေဟာ ဒီဆေးနဲ့ ပတ်သက်ပြီး ဗိုက်ထဲက သန္ဓေလောင်းကို ထိခိုက်နိုင်စေတယ်လို့ ကြိုတင် သတိပေးချက် မရခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဆရာဝန်က ဒီဆေးကို ညွှန်ပေးတာ မဟုတ်ဘဲ တိုက်ရိုက်ထိတွေ့မှု ရှိခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာ သုတေသနပေါင်း ၃၆ ခုကို လေ့လာဆန်းစစ်ခဲ့ရာမှာ အော်တစ်ဇင် ကလေးများ မွေးဖွားခဲ့တဲ့ မိခင်များဟာ ကိုယ်ဝန်ဆောင်စဥ် ကာလမှာ အပြင်းအထန်ဖျားနာခဲ့သူများ ဖြစ်ခဲ့ကြသူတွေပါ။ သို့သော်လည်း လူသားများကို အော်တစ်ဇင်ဖြစ်စေတယ်တဲ့ တိုက်ရိုက်အကြောင်းရင်း ဖြစ်ကြောင်းကိုတော့ ကောက်ချက်တစ်ခု မဆွဲနိုင်သေးပါ။
ယေးလ် တက္ကသိုလ်က ဒေါက်တာ လျူးက “အော်တစ်ဇင်ကို တစ်မျိုးတစ်စားတည်းအဖြစ် သတ်မှတ်ဖို့အတွက် သုတေသီများဟာ ခိုင်မာတဲ့ ကောက်ချက်တစ်ခုချဖို့ ဘယ်လောက် ခက်ခဲနေသလဲဆိုတာကို ပြသနေတာပဲ” လို့ ဆိုပါတယ်။ လျူ ကဆက်ပြီး “အော်တစ်ဇင် အမျိုးအစား တစ်ခုထက်ပိုပြီးရှိတယ်ဆိုရင် အမျိုးအစား တစ်ခုချင်း တိတိကျကျ ခွဲခြားနိုင်အောင် အပြင် ဖြစ်လာစေတဲ့ အကြောင်းရင်းကို ရှာဖွေ တွေ့ရှိမှသာ အကျိုး ပိုဖြစ်ထွန်းစေမှာပါ” လို့ ပြောသွားပါတယ်။
အချို့သော အော်တစ်ဇင်ကလေး မိဘများကတော့ အမျိုးအစားခွဲခြားလိုက်ခြင်းအားဖြင့် သူတို့ရဲ့ အခက်အခဲ မတူညီတာတွေကိုပါ တစ်ခါတည်း ခွဲလိုက်နိုင်တယ်လို့ ပြောကြပါတယ်။ အော်တစ်ဇင် ကလေး နှစ်ယောက်မိခင် လက်ရှိလည်း အော်တင်ဇင် ပရဟိတ ကူညီရေး အဖွဲ့ ခေါင်းဆောင် ဂျေးလ် အာရှာက သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲမှာတော့ မိဘများစာ သူတို့ဘဝကို အော်တစ်ဇင် ကလေးများကို ၂၄ နာရီပတ်လုံး ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ ဘဝထဲမှာ မြှုပ်နှံထားလိုက်ကြပြီ လို့ ပြောပါတယ်။ အဲဒီ ကလေးထဲက တချို့ဟာ အော်တစ်ဇင် ပြင်းထန်သူများ ဖြစ်ကြပြီး သူတို့ကိုယ်ကို နဲ့ သူများကို ထိခိုက်အောင် လုပ်ခြင်း၊ ရန်လိုခြင်းနဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးခြင်း စတဲ့ ရှုပ်ထွေး နားလည်ရခက်တဲ့ အပြုအမူတွေ ပြသလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အော်တစ်ဇင်ရှိတဲ့ ကလေးငယ်တွေရဲ့ စကားပြောဆိုခြင်း၊ လှုပ်ရှားသွားလာခြင်းနဲ့ သူတို့ရဲ့ စိတ်ခံစားမှု ထိန်းချုပ်ခြင်း စတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အမူအကျင့်ပိုင်းနဲ့ ပညာရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေအပြင်၊ သုတေသီတွေဟာ လူမှုဆက်ဆံရေး အားနည်းမှုနဲ့ အလုပ်တစ်ခုကို ထပ်တလဲလဲ ပြုလုပ်ခြင်း စတဲ့ အဓိက လက္ခဏာရပ်တွေကို ကုသပေးနိုင်မယ့် ဆေးဝါးဗေဒဆိုင်ရာ ရှာဖွေနေကြပါတယ်။ အခုအချိန်အထိတော့ ဒီလို လက္ခဏာတွေကို ကုသပေးနိုင်တဲ့ ခွင့်ပြုပြီးသား ဆေးဝါးမရှိသေးပါဘူး။ Risperidone လို့ခေါ်တဲ့ စိတ်ကျန်းမာရေးကုဆေး (Anti-psychotic) ကဲ့သို့သော အချို့သော ဆေးဝါးတွေဟာ စိတ်တိုလွယ်ခြင်း၊ ရန်လိုခြင်းနဲ့ မိမိကိုယ်ကို ထိခိုက်အောင် လုပ်ခြင်း စတဲ့ အမူအကျင့်ပိုင်း ဆိုင်ရာ လက္ခဏာတွေကိုတော့ သက်သာစေနိုင်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ ကုသမှုတွေ ရရှိဖို့အတွက် အော်တစ်ဇင်ရဲ့ ဇီဝဗေဒဆိုင်ရာ သဘောသဘာဝကို ပိုမိုနက်ရှိုင်းစွာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါဟာ တစ်ဖက်မှာလည်း မျိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်း နှစ်ခုစလုံးကို ပိုမိုကောင်းမွန်စွာ နားလည်လာအောင် တည်ဆောက်ရမယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။”
ကာလရှည်ကြာစွာ အော်တစ်ဇင်အခွင့်အရေး လှုပ်ရှားသူတွေက လူမှုပတ်ဝန်းကျင်အနေနဲ့ အော်တစ်ဇင်ရှိသူတွေ ဖြစ်ထွန်း အောင်မြင်နိုင်ဖို့ အတွက် ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ အများ ပြည်သူဆိုင်ရာ နေရာတွေကို ပိုမိုလိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲပေးဖို့ နည်းလမ်း မှန်ကန်စွာ တောင်းဆိုခဲ့ကြပါတယ်။ အလားတူပါပဲ ပိုမိုကောင်းမွန်တဲ့ ကုထုံးနဲ့ ကုသမှုတွေဟာ ဒီကနေ့ စိန်ခေါ်ချက်တွေ အများကြီး ရှိနေတဲ့ ကမ္ဘာကြီးထဲမှာ လူတစ်ဦးချင်းစီအတွက် ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းနဲ့ ပိုမို ကောင်းမွန်တဲ့ နေထိုင်မှုဘဝတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
စာကိုး –
၁) Why autism should not be treated as a single condition?, The Economist December 2025
၂) New study reveals subclasses of Autism by linking traits to genetics, Simons Foundation


