ထရမ့်ရဲ့ မိတ်ဆွေများ သိစေဖို့
ဦးတိုး – ကိုမိုး ကျွန်တော်ဒီမှာဗျ။ လာ လာ ထိုင်…။ ဟေ့ ကောင်လေးရေ တို့ကို ခါတိုင်းလိုပဲ လုပ်ဟေ့။
ဦးမိုး – ကျေးဇူးပါပဲ ကိုတိုးရာ။ ဒီနေ့ ခင်ဗျားက အစောကြီး ရောက်နေပြီကိုး။
ဦးတိုး – ဟုတ်တယ်ဗျ။
ဦးမိုး – ကိုတိုးတို့ လင်မယားရော။ လာမယ့် နှစ်သစ်ကူး ပိတ်ရက်ရှည် ဘယ်မှ မသွားကြဘူးလား။
ဦးတိုး – မသွားတော့ပါဘူးဗျာ။ ကျွန်တော်တို့လို အငြိမ်းစားတွေရဲ့ အရသာက သူများတွေ ခရီးသွားချိန်ကို ရှောင်ပြီး ကိုယ်ကြိုက်တဲ့အချိန် ခြေခင်းလက်ခင်း သာယာရှိတဲ့အခါမှ ခရီးသွားရ ကားလမ်းတွေလည်း ချောင်ချောင်ချိချိ လူလည်းရှင်း ဘယ်လောက် ကောင်းသတုံးဗျ။
ဦးမိုး – ဒါလည်း ဟုတ်တာပဲ။ ခရီးမသွားတော့ ဘာလုပ်မယ် စိတ်ကူးထားလဲ။
ဦးတိုး – ခါတိုင်းလိုပဲ ရာသီဥတုက ခပ်အေးအေးဆိုတော့ စာဖတ်၊ သတင်းလေး ဘာလေး စောင့်ကြည့် လုပ်ဖို့ပဲ ရှိတာပေါ့ဗျ။
ဦးမိုး – ကောင်းပါပီဗျာ၊ ဒါနဲ့ ခင်ဗျားက ဟိုစပ်စပ် ဒီစပ်စပ်ရှိတော့ မေးရဦးမယ် အခုတလောမှာ ဘာတွေ ထူးသေးလဲဗျ။
ဦးတိုး – အေးဗျ။ ခရစ္စမတ် နဲ့ နှစ်သစ်ကူး ပိတ်ရက်ရှည်တွေဆိုတော့ နည်းနည်းတော့ ငြိမ်နေတယ်ဗျ။ အမေရိကန်ရော အခြား နိုင်ငံတွေမှာလည်း အတူတူပဲ။ ဖြစ်နေကျ ကိစ္စတွေကတော့ သူ့ဟာသူ အရှိန်မသေသေးပဲ ဆက်ဖြစ်နေကြတာပေါ့ဗျာ။
ဦးမိုး – ဒီတော့ ခင်ဗျားလည်း ပျင်းနေမှာပေါ့။
ဦးတိုး – ပျင်းတယ်တော့လည်း မဟုတ်ပါဘူး။ ဒေါ်နယ်ထရမ့် ငြိမ်သွားတော့ ကျန်တာတွေပါ လိုက်ငြိမ်သွားတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဒီလိုဘယ်ဟုတ်မလဲဗျ။ သူရှိနေရင် တစ်နေ့ကို တစ်ခုမဟုတ် တစ်ခု သတင်း ဒါမှမဟုတ် တစ်ယောက်ယောက် နိုင်ငံတစ်ခုခုကို ထို့လိုက် ထိလိုက် ရမှ ကျေနပ်တဲ့သူ မဟုတ်လား။ အခုတော့လည်း ကမ္ဘာကြီးက အဲဒီလို တစ်နေ့ တစ်နေ့ သူ့ဆီက ထွက်လာမယ့် မဟုတ်က ဟုတ်ကတွေနဲ့ တဖြည်းဖြည်း နေသားကျစ ပြုနေပါပြီ။
ဦးမိုး – အင်း..။ ကောင်းတယ်လို့ ပြောရမှာလား ဆိုးတယ်လို့ ပြောရမှာလားတောင် မသိတော့ပါဘူးဗျာ။

ဦးတိုး – ပြောပြရဦးမယ်။ ဒီဇင်ဘာလ စောစောပိုင်းလောက်က အမေရိကန်ရဲ့ အစိုးရ ဝက်ဘ်ဆိုက်မှာ ထရမ့်အစိုးရရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ (NSS – National Security Strategy) ကို ကောက်ခါငင်ခါ တင်လိုက်တယ်လေ။ နိုင်ငံတွေ အထူးသဖြင့် ဥရောပမှာရှိတဲ့ ဥပဒေပြုသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြတာပေါ့ဗျ။
ဦးမိုး – ဟုတ်လား။ ဘာတွေပါလို့လဲ ဘယ်လောက်တောင် ဆိုးဝါးနေလို့လဲ။
ဦးတိုး – အင်းဗျ.. ဆိုးတယ်လို့ ပြောရမယ်။ အဓိက အချက်ကြီး နှစ်ချက်ရှိတယ်။ ပထမ အကြောင်းက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက သူ့ချည်းပဲ ချာလည်လည် ဖြစ်နေဆဲရှိနေရာကနေ အခုတော့ ကောင်းလာဖို့ထက် ဆိုးသွားဖို့ အခြေအနေက ပိုများလာလို့ပေါ့။ နောက်အကြောင်းကတော့ အမေရိကန်က သူရဲ့ မဟာမိတ်တွေအပေါ် ဆက်ဆံတဲ့ပုံက ခန့်မှန်းရခက်တဲ့အထဲ ဒေါ်နယ်ထရမ့်ကိုယ်တိုင်ရော သူ့လက်အောက်က အဆင့်မြင့် အရာရှိတွေကလည်း သူတို့အချင်းချင်း အားပြိုင်နေကြတာကြောင့်မို့လို့ သူတို့ပြောတဲ့ စကားတွေဟာ အမှန်ယူဖို့ခက်ခဲ့ပြီး ဘာမှ အားကိုးလို့ကို မရဘူး လို့ဆိုတယ်ဗျ။
ဦးမိုး – အေးဗျာ။ ဆိုးပါတယ်လို့ ပြောပြီးသားဆိုတော့။ ဒီ့အပြင်လည်း ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။
ဦးတိုး – NSS (National Security Strategy) လို့ခေါ်တဲ့ မူဝါဒ စာတမ်းက စာမျက်နှာ ၃၂ မျက်နှာပါတယ်တဲ့။ အဲဒီအထဲမှာ ပါတာတွေက အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး မဟာမိတ်တွေအတွက် တုန်လှုပ် ချောက်ချားစရာတွေ အများကြီးပါတယ်တဲ့။ အဲဒီစာတမ်းမှာ အနောက်ကမ္ဘာ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုက “အစုလိုက် အပြုံလိုက် ရွှေ့ပြောင်း အခြေချမှု” ဖြစ်တယ်လို့ ဆိုထားတယ်။ အဲဒီ စိန်ခေါ်မှုကို တားဆီးဖို့ အမေရိကန်ရဲ့ နယ်စပ်လုံခြုံရေးကို မြှင့်တင်ဆောင်ရွက်သွားမယ် ဆိုတာတင်မကပဲ ဥရောပနိုင်ငံတွေရဲ့ နယ်စပ်လုံခြုံရေးကို တာဝန်ယူ လုပ်ဆောင်မယ့် လူထုကလည်း သဘောကျနေတဲ့ လက်ယာယိမ်း ပါတီတွေကို ကူညီပံ့ပိုးသွားမယ် လို့ ဆိုထားတယ်။
ဦးမိုး – အဲဒါဆိုရင် ရုရှားကြောင့် ဥရောပနိုင်ငံတွေ စိတ်အေးလက်အေး မနေနိုင်ကြတာ ပိုတောင် အဆင်ပြေသွားကြမယ် မဟုတ်ဘူးလား။ အခုဆို ရုရှားက ဥရောပ နယ်စပ်တွေကို ရန်စသလို အပြုအမူတွေ လုပ်နေတာ မဟုတ်ဖူးလားဗျ။
ဦးတိုး – ပြဿနာက အဲဒါပေ့ါဗျ။ ရုရှားကိစ္စကို ကျတော့ ဒီစာတမ်းထဲမှာ ရိုးတိုးရိပ်တိပ်တောင် ဖော်ပြမထားဘူးတဲ့။
ဦးမိုး – ဟင်..။ အဲဒီလို ဆိုရင်တော့ မဟုတ်သေးဘူး။
ဦးတိုး – မှန်တာပေါ့။ အဆိုးဝါးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ဘက်ကကြည့်မယ်ဆိုရင် အမေရိကန်က ဥရောပကို ရုရှားရဲ့ လွှမ်းမိုး ခြယ်လှယ်မှုအောက်ထဲ တွန်းပို့နေသလိုမျိုးတောင် မြင်ရမယ်ထင်တယ်။ အဲဒီနောက်ကွယ်မှာ ယူကရိန်း စစ်ပွဲကို အတင်းအကျပ် အဆုံးသတ်စေပြီး ဥရောပက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သုံးပြီး ဥရောပ၊ ယူကရိန်းနဲ့ ရုရှားတို့ စီးပွားရေး ပြန်လုပ်ကြ။ ဒါမှ သူ့ရဲ့ အမေရိကန် ကုမ္ပဏီတွေလည်း အကျိုးအမြတ်ရဖို့ ဖြစ်လာစေဖို့ စီးပွားရေးအရ ဆင်ထားတဲ့ အကွက်တွေ ပေ့ါဗျာ။ ဒါတင်မကသေးဘူး ဥရောပက ပိတ်ဆို့ထားတဲ့ ရုရှား စွမ်းအင်တွေကိုပါ ပြန်ဝယ်ယူဖို့ ဆိုတာတွေပါ ပါသေးတယ်။
ဦးမိုး – စီးပွားရေးသမား ထရမ့်နော်။ တော်တော်ကြောက်စရာကောင်းပါလား။ ခင်ဗျား အခုနက ပြောသလို ဥရောပ နိုင်ငံတွေ ဒါကိုကြည့်ပြီး သွေးလန့်နေတယ်ဆိုတာ မှန်လောက်တယ်။
ဦးတိုး – ဥရောပတင် ဘယ်ဟုတ်ဦးမလဲဗျ။ အခြား ဒေသက နိုင်ငံတွေလည်း စိတ်ပူနေကြတာ။ အဲဒီစာတမ်းမှာ အမေရိကန်က သူ့အနီးအနားတစ်ဝိုက်က ဒေသတစ်ဝန်းမှာ အင်အားအကြီးဆုံး ဖြစ်စေဖို့ ရည်မှန်းချက်နဲ့ သူ့တပ်တွေကို ဖြန့်ချထားဦးမတဲ့။ ဒါကတော့ လက်တင်အမေရိက နိုင်ငံတွေအတွက် အကျပ်အတည်းတစ်ခုပဲ။ အဲဒီနိုင်ငံတွေက အရင်ကတည်းက အမေရိကန်ရဲ့ gunboat diplomacy ကို ကြိုက်မှမကြိုက်ဘဲကိုးဗျ။ ဒါက အမေရိကန်ရဲ့ အခု ထုတ်ပြန်လိုက်တဲ့ NSS ထဲမှာပါတဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထူးခြားချက် တစ်ခုပဲ။
ဦးမိုး – ကျန်တော့ နားလည်ပါတယ်။ gunboat diplomacy ဆိုတာ ဘာလဲဗျ။
ဦးတိုး – လွယ်လွယ်နဲ့ ရှင်းရှင်း ပြောရရင်တော့ လက်နက်ပြ ခြိမ်းခြောက်တဲ့နည်းလမ်းပေါ့ဗျာ။ လေတပ်၊ ရေတပ် တွေနဲ့ ခြိမ်းခြောက် အင်အားပြပြီး လုပ်တဲ့ သံတမန်ရေး နိုင်ငံရေးပေါ့။
ဦးမိုး – တစ်ကမ္ဘာလုံးကို အငြိမ်မနေရအောင် လုပ်တဲ့သူပဲဗျ။ ဟုတ်လား။
ဦးတိုး – ဟုတ်တယ် ဟုတ်တယ်၊ ခင်ဗျားပြောတာ သိပ်မှန်တာပဲ။ တစ်ကမ္ဘာလုံးဆိုလို့ သူ့တို့ စာတမ်းက အာရှနဲ့ ပတ်သက်တာကိုတော့ သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ချင်ပုံရတယ်။ အထူးသဖြင့် ထရမ့်ရဲ့ အရင်သမ္မတသက်တမ်းကထက် အခုသက်တမ်းက စာတမ်းမှာပါတဲ့ တရုတ်အပေါ် ခြိမ်းခြောက်တဲ့ လေသံ နည်းနည်းလျော့သွားတယ်လို့ ဆိုရမယ်။ သူတို့ စဥ်းစားထားတဲ့ပုံက လာမယ့် ဧပြီလမှာ ထပ်တွေ့ဖို့ရှိတဲ့ တရုတ်သမ္မတ ရှီနဲ့ ထရမ့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို မပျက်စီးစေလိုတဲ့ သဘောတွေ အများကြီး တွေ့ရတယ်။
ဦးမိုး – အင်း ဒါကလည်း ထုံးစံအတိုင်းပြောရရင် အခြေအနေကို အကဲခတ်ကြည့်ပြီး ရေးထားတာ ထင်ပါတယ်။ တရုတ်ကလည်း သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေပုံလည်းရ အလျှော့ပေးမယ့်ပုံလည်း မတွေ့ရလို့ လှန်ထားတဲ့ သဘောလို့ ထင်ပါတယ်။
ဦးတိုး – မှန်ပါလိမ့်မယ်။ အဲဒါအပြင် အမေရိကန်က ပိတ်ဆို့ထားတဲ့ နဗီးဒီးယား (Nvidia) ကုမ္ပဏီက ချစ်ပ်ပြား အမျိုးအစား တချို့ကို တရုတ်မှာ ပြန်ရောင်းခွင့်ပေးလိုက်မယ်လို့ပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ နည်းပညာ အသာစီးဖြစ်နေမှုကို စတေးပေးလိုက်တယ်ဆိုပေမယ့် ရေရှည်တော့ ဟုတ်ပုံမရပါဘူး။
ဦးမိုး – ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ထရမ့်ရဲ့ စီးပွားရေးတွက် တွက်မှုကလည်း နေရာတကာ ပါနေတယ်လို့ပဲ ပြောရမလား မသိပါဘူး။ ဘယ်လိုချစ်ပ် အမျိုးအစားတွေ ရောင်းပေးမယ်ဆိုတာ မသိပေမယ့် နဗီးဒီးယား ကုမ္ပဏီက အမေရိကန်ပိုင် ကုမ္ပဏီဆိုတော့ အကျိုးအမြတ်တစ်ခုခု ရှိမှာ အသေအချာပါပဲ။ ဒါနဲ့ မေးပါဦးမယ်။ အာရှဘက်ဆိုတော့ ထိုင်ဝမ်ကိစ္စကိုရော ဘာရေးထားသေးသလဲ။
ဦးတိုး – ဒါတော့ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး။ ထိုင်ဝမ်ဘက်ကနေ အမေရိကန်နိုင်ငံ အမြဲရပ်တည်နေမှာပဲ ဆိုတဲ့ ကတိကဝတ်ကိုတော့ ထပ်ပေးသွားတယ်။ ဒါဟာ အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ရပ်တည်ချက် ပြောင်းသွားပြီလားလို့ စိုးရိမ်နေသူတွေအတွက်တော့ စိတ်သက်သာရာ ရသွားစေပေမယ့် စိတ်ချလက်ချ နေနိုင်သေးတဲ့ အခြေအနေတစ်ခုတော့ မဟုတ်သေးဘူး။
ဦးမိုး – ဘာပဲပြောပြော အဲဒီလို ထပ်ပြောတာပဲ ကျေးဇူးတင်ရဦးမယ်။
ဦးတိုး – ဒီ NSS စာတမ်းရဲ့ ထူးခြားနေတာကို ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ ဒီစာတမ်းကို ကမန်းကတန်း ကောက်ရေးပြီး ဗြုန်းစားကြီး ထုတ်ပုံကိုထောက်ရင် အစိုးရအဖွဲ့ဝင်တွေ အားလုံးရဲ့ သဘောတူညီချက် ရအောင်မယူဘဲနဲ့ ထုတ်ပြန်တယ်လို့ တော်တော်များများက ယူဆနေကြတယ်ဗျ။ ဒီတစ်ခေါက် အမျိုးသား လုံခြုံရေး မဟာဗျူဟာ စာတမ်းဟာ အစိုးရအဆက်ဆက် ဘယ်တုန်းကနဲ့မှ မတူဘူး။ ထုံးစံက အဲဒီလိုလည်း မဟုတ်ဘူး။
ဦးမိုး – သတင်းတွေတော့ တက်နေတာတွေ့တယ်ဗျ။ ရီပတ်ဗလီကင်ထဲမှာလည်း အယူအဆတွေ ကွဲနေကြတယ် ဆိုဗျ။
ဦးတိုး – ဟုတ်တယ်။ ထရမ့်အလိုကြိုက် အလိုက်ဆောင်နေတဲ့ အစွန်းရောက် တင်းမာသူတွေက တစ်ဖက်၊ မဟာမိတ်တွေကို မျက်နှာ မပျက်စေချင်တဲ့ အဖွဲ့က တစ်ဖက်ဖြစ်နေတယ်။ သူတို့ ခန့်မှန်းချက်တွေအရဆိုရင် လာမယ့် တစ်နှစ်အတွင်း ဝါရှင်တန်ဒီစီမှာ မဟာမိတ်နိုင်ငံတွေကို လိုလားသူတွေကို ရာထူးကနေ ရှင်းထုတ်ခံရနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေတယ် ပြောကြတယ်။ အဲဒီအထဲမှာ လက်ရှိနိုင်ငံခြားရေးဝန်ကြီး မာကို ယူဘီယိုလည်း ပါတယ်လို့ဆိုတယ်။
ဦးမိုး – ပါဝါပလေးဆိုတာ ဒါပဲလေ။
ဦးတိုး – ဟုတ်တယ်။ ထရမ့်ရဲ့ လူတွေက တစ်စတစ်စ သြဇာအာဏာ ပိုကြီးလာကြတယ်။ သိပ်ကောင်းတဲ့ လက္ခဏာ တစ်ခုတော့ မဟုတ်ဘူး။ ထင်ရာစိုင်းမယ့် သဘောပဲ။
ဦးမိုး – အေးလေ။ ဒါမျိုးတွေက မြင်ဖူး တွေ့ဖူး နေကျ ကိစ္စတွေပဲ။ ဒါနဲ့ ဒီစာတမ်းအကြောင်းကို သမ္မတကိုယ်တိုင်ဖြစ်တဲ့ ထရမ့်ကရော ဘာပြောသတဲ့တုံးဗျ။
ဦးတိုး – ဒါကြောင့် ကျွန်တော် စောစောကတည်းကပြောတာပေါ့ဗျ။ အမေရိကန်ရဲ့ မဟာမိတ်တွေ အိပ်မက်ဆိုးတွေ မက်ကြတာပေါ့။ သတင်းထောက်တွေက ထရမ့်ရဲ့ သဘောထားကို မေးတဲ့အခါ သူက ဒီစာတမ်းပါ အကြောင်းအရာတွေကို သိပ်ပြီး နားလည်တဲ့ပုံ မပေါက်သလိုဖြစ်နေတယ်။ သူကိုယ်တိုင် မဖတ်ဖူးဘဲ သူဘာလုပ်မယ်ဆိုတာ ခန့်မှန်းရခက်တာလောက် စိတ်ပျက်စရာ ရှိဦးမလား။ အခုဟာက သူ့နိုင်ငံ တစ်နိုင်ငံတည်း အတွက်ဆိုရင် ပြဿနာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်နေတာ။ နိုင်ငံတွေ အထူးသဖြင့် သူရဲ့ မဟာမိတ်နိုင်ငံတွေ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားတာ အကောင်းဆုံးပဲလို့ အကဲဖြတ်သူတွေက ဆိုကြတယ်။
ဦးမိုး – အေးဗျာ။ ဒီလိုနဲ့ပဲ အဆုံးသတ်မယ်ဆိုတာ ကျွန်တော် ကြိုမြင်ပြီးသားပါ။ ကဲ ကဲ ကျွန်တော်တို့လည်း ဒီနေ့အတွက် ဝိုင်းသိမ်းလိုက်ကြရအောင်။
ဦးတိုး – ကောင်းပါပြီဗျာ။ အိမ်ပြန် သတင်းတွေနောက် လိုက်လိုက်ဦးမယ်ဗျို့…။ နောက်တစ်ရက် တွေ့ကြတာပေါ့။
ကိုးကား – More reasons for America’s friends to plan for the worst, The Economist, December 2025


