၁၉၅၁ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကဘွဲ့ခဲ့ရတဲ့ကျောင်းသူကျောင်းသားတွေရဲ့ အနှစ် ၆၀ ပြည့်စိန်ရတုပွဲအတွက် တက္ကသိုလ်က ကျောင်းသား ကျောင်းသူဟောင်းတွေကို မေးခွန်းလွှာတွေပို့ပါတယ်။ ကျွန်မလည်းတစ်ခုရတယ်။ ဟုတ်ပ။ ကျွန်မတက်ခဲ့တဲ့ကောလိပ်က ရက်ကလစ်ဖ်လေ။ အဲဒီအချိန်က ကျွန်မတို့ကောလိပ်က ဟားဗတ်တက္ကသိုလ်ရဲ့နှီးနွှယ်ကောလိပ်လို့ဆိုပေတဲ့ ဟားဗတ်တော့မဟုတ်ဘူးတဲ့ရှင်။ အကြောင်းကတော့ အဲဒီအချိန်ကျွန်မတို့ကောလိပ်က အမျိုးသမီးများအတွက်ကောလိပ်ဖြစ်ပြီး ဟားဗတ်က ပုရိသတွေချည်းလက်ခံတဲ့ကျောင်းဖြစ်နေလို့ပါတဲ့။ ဒါပေမဲ့ စင်မြင့်ပေါ်ရောက်နေတဲ့ ဟားဗတ်လူကြီးမင်းတွေက ဒီလိုအသေးစိတ်အချက်အလက်တွေကို လျစ်လျူရှုပြီးသကာလ ကျွန်မတို့ ကောလိပ်ကို သူ့အောက်ထဲ လုံးထည့်လိုက်တာ။ ဘယ်လိုပဲဖြစ်ပစေ မေးခွန်း လွှာဖြေရာမှာ အမည်နာမထည့်စရာမလိုဘူး။ ဒါကြောင့် လိင်ခွဲခြားခြင်း မရှိဘူးလို့ ယူဆရတဲ့အပြင် စိတ်ဝင်စားစရာလည်းကောင်းလို့ ကျွန်မဖြေစမ်းကြည့်လိုက်တယ်။
ဒီမေးခွန်းလွှာဖြေမယ့်သူက အသက် ၈၀ တန်းတွေဖြစ်မှာ။ မျက်လုံးတောက်တောက်နဲ့ ဘွဲ့ရပြီးကာစ ပျိုရွယ်လူးတစ်ဦးတစ်ယောက်အဖို့ နှစ်ပေါင်း ၆၀ ကာလဆိုတာ အဖြစ်အပျက်ပေါင်းစုံ ဖြစ်ပွားဖို့ရာအတွက်လုံလောက်တဲ့အချိန်လို့ ဆိုရမှာပေါ့ရှင်။ ဒါ့ကြောင့် ကွယ်လွန် သွားပြီဖြစ်တဲ့ ကျောင်းသူကျောင်းသားဟောင်းတွေအတွက် ကိုယ်စားဖြေဆိုပေးဖို့ရာ ကျန်ရစ်သူမုဆိုးဖို၊ မုဆိုးမတွေကို ဖိတ်ကြားလွှာ ကလေးတောင် ပါလိုက်သေး။ မေးခွန်းလွှာ ၁ (ဂ) က “သင် အိမ်ထောင်ကွဲသူဖြစ်လျှင်” တဲ့။ ဘေးနားမှာ အမှတ်ခြစ်ပေးဖို့ လေးထောင့်ကွက်လေး တွေပါတယ်။ အိမ်ထောင်ကွဲတာ တစ်ကြိမ်လား၊ နှစ်ကြိမ်လား၊ သုံးကြိမ်လား၊ လေးကြိမ်နဲ့ လေးကြိမ်အထက်လား။ လက်ရှိအိမ်ထောင်နဲ့လား။ အဖော်နဲ့ အတူနေသလား။ ဒါမှမဟုတ် အထက်ကဟာထဲမပါတဲ့အစား (None of the above) လားတဲ့။ ဒီနောက်ဆုံးမေးခွန်းက ဦးနှောက်စားအောင်များ တမင်လုပ်ထားလေသလား။ ကျွန်မစဉ်းစားကြည့်တယ်။ အိမ်ထောင်ကွဲလည်းဆိုရဲ့။ အထက်ကဟာတွေထဲ တစ်ခုမှမပါတဲ့အစားလည်းဆိုရဲ့။ ဘာတွေလဲ။ ထားလိုက်ပါတော့။ ၁၉၅၁ ခုနှစ်က ကျောင်းသူကျောင်းသားဟောင်းတွေ ပြန်လည်ဆုံစည်းတဲ့ပွဲရဲ့ မေးခွန်းလွှာမတော့ ဒီလို လေးထောင့်ကွက်လေးတွေ မပါလောက်ဘူး။ “ဟေး – မင်းအရမ်းတိုးတက်လာပြီ ကလေးရေ” ဆိုတဲ့ စီးကရက်ကြော်ငြာအတိုင်းသာ မောင်မင်းကြီးသား တို့ကို ပြောလိုက်ချင်ပါပေရဲ့။
မေးခွန်းလွှာအမှတ် (၁၂) က “ မင့်ရဲ့မြေးလေးတွေက မင်းမျှော်မှန်းထားသလောက် ဖြစ်လာရဲ့လား” တဲ့။ ကျွန်မအငယ်ဆုံးမြေးက တလောကမှ လေးနှစ်ပြည့်တာ။ သူဘာဖြစ်လာသလဲ? ကောင်းပါ့ … ကောင်းပါလေ့ … ခြုံကြည့်ရင် ကောင်းပါလေ့။ လေးနှစ်သားလေးအပေါ် ဘယ်လို မျှော်မှန်းချက်တွေထားရမှာပါလိမ့်။ ဒီကလေး လူကောင်းသူကောင်းလေးဖြစ်လာမယ်။ မကြာမတင် စာဖတ်တတ်၊ စာရေးတတ်လာမယ်။ ကျွန်မစိတ်ထဲပေါ်လာတာ ဒါလောက်ပဲ။ သူ့ကို ဟားဗတ်သွားဖို့၊ ဒါမှမဟုတ် သူ့အဖေနဲ့ သူ့ဘေးခြေရာနင်းပြီး ကိုလံဘီယာတက္ကသိုလ်တက်ဖို့ ကျွန်မကိုမျှော်မှန်းစေချင်တယ်ထင်ပါရဲ့။ သို့ပေမဲ့ အခုအချိန်မတော့ လူကောင်းသူကောင်းလေးဖြစ်ရုံ၊ စာရေး စာဖတ်တတ်ရုံနဲ့တင်လုံ လောက်နေပါပြီရှင်။
တကယ်ပြောရရင် ကျွန်မမှာ မျှော်မှန်းချက်ရယ်လို့ တိတိပပမရှိပါဘူး။ ကျွန်မမှာ မျှော်လင့်ချက်တွေနဲ့ အကြောက်တရားပဲရှိတာ။ အခုအချိန် မတော့ ကျွန်မအပေါ်လွှမ်းမိုးနေတာက အကြောက်တရားပါပဲ။ ကျွန်မကလေးတွေငယ်တုန်းက သူတို့လေးတွေရဲ့အနာဂတ်အတွက် ပတ်ဝန်းကျင် ဩကာသလောကကို ကျွန်မတို့လူကြီးတွေ လုံးဝဥဿုံမဖျက်ဆီးလောက်ဘူးလို့ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မတို့က လုပ်ချ ပစ်လိုက်ပြီးပြီ။ အနာဂတ်မိုးကုပ်စက်ဝိုင်းဆီ မျက်စိတစ်ထောက်လောက်ပဲမျှော်ကြည့်တတ်တဲ့ အမြတ်အဓိကစက်မှုလုပ်ငန်းရှင်ကြီးတွေကို ကျွန်မတို့ရဲ့ ဩကာသလောကကြီးကိုအမြစ်ပါမကျန် ရောင်းစားပစ်လိုက်ကြပြီ။ နောင်လာမယ့် မျိုးဆက်တွေ ဘဝမှာသက်သောင့်သက်သာ အေးအေးချမ်းချမ်းနေရမှာဆိုတဲ့ ကျွန်မရဲ့မျှော်လင့်ချက်က တော်တော်ကြီးကို အခြေယိုင်သွားပါပြီ။ အမှောင်ထဲ ပိုလို့ ပိုလို့တိုးဝင်သွားပါပြီ။
မေးခွန်းလွှာအမှတ် (၁၃) က “ဘာတွေက သင့်မိသားစုဝင် အနာဂတ်မျိုးဆက်တွေရဲ့ ဘဝအရည် အသွေးကို တိုးတက်မြင့်မားစေမလဲ” တဲ့။ လေးထောင့်ကွက်ထဲခြစ်တာနဲ့မပြီးဘူး။ အရေးကြီး / မကြီးပေါ်တည်ပြီး ‘၁’မှတ်ကနေ ‘၁၀’ မှတ်အထိပေးရဦးမတဲ့။ ပထမမေးခွန်းက “ပညာရေး အခွင့်အလမ်းများတိုးတက်မြင့်မားစေခြင်း” ပါတဲ့။ ဟုတ်ပေတယ်။ ဟားဗတ်ဆိုတာကိုက ပညာရေးလုပ်ငန်းကြီးတစ်ခု မဟုတ်ပါလားရှင်။ သူ့ကို ‘၁၀’ မှတ်ပေးလိုက်တယ်။ ဒုတိယလာတာက “အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု” တဲ့။ အတော်နှောက်တဲ့မေးခွန်းပါကလား။ အရင်းရှင်တွေ စဉ်းစားမှုပုံစံ / ?မစဉ်းစားမှုပုံစံရဲ့ အတော်ကောင်းတဲ့ ပြယုဂ်တစ်ခုလို့ ပြောရမှာပါ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုနှစ်ခုကို သူတို့ကတစ်ထပ်တည်းထားပြီးစဉ်းစားနေတာ။ လေးထောင့်ကွက်ဘေး နေရာလွတ်မှာ ကျွန်မရေးလိုက်တယ်။ “သင်ဟာ နှစ်ခုစလုံးကိုတစ်ပြိုင်နက်မရနိုင်ဘူး” လို့။ ဒီမေးခွန်းကျွန်မ,မဖြေဘူး။
ရွေးချယ်ဖို့ကျန်တာတွေထဲမှာ “အမေရိကန်နိုင်ငံရဲ့ ကြွေးမြီများလျှော့ချရေး”တို့၊ “နိုင်ငံခြားကလာတဲ့ စွမ်းအင်ပစ္စည်း အပေါ်မှီခိုမှု လျှော့ချရေး”တို့၊ “ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးမြင့်မားရေးနှင့် ကုန်ကျစရိတ်လျှော့ချရေး”တို့၊ “အကြမ်းဖက်မှုကို အမြစ်ဖြတ် သုတ်သင်ရေး”တို့၊ “ထိရောက်တဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီ ကျင့်သုံးရေး”တို့၊ “အမေရိကန်နိုင်ငံရေးမှာ နှစ်ပါတီပို၍ သင့်မြတ်ရေး”တို့၊ “ဒီမိုကရေစီကို ထုတ်ကုန်အဖြစ်တင်ပို့ရေး” တို့ပါတယ်။
ကျွန်မတို့ကို စဉ်းစားခိုင်းနေတာက အနာဂတ်မျိုးဆက်တွေရဲ့ဘဝတဲ့။ ဒါဆိုရင် သူပေးထားတဲ့စာရင်းကြီးက ဆန်းမနေဘူးလား။ သူ့စာရင်းက လောလောလတ်လတ်ပြဿနာတွေအပေါ် ပဲ မဲတင်းထားတဲ့အပြင် လက်ရှိခေတ်စားနေတဲ့ လက်ယာဝါဒီတွေရဲ့ပူပန်ကြောင့်ကြမှုတွေကို ရောင်ပြန်ဟပ်ထားတာပဲ မဟုတ်ပါလားရှင်။ ဘာတဲ့… “အကြမ်းဖက်မှု”တဲ့။ “ထိရောက်သော” လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတဲ့။ “ဒီမိုကရေစီ”ကို “ထုတ်ကုန်အဖြစ်တင်ပို့ရေး’တဲ့။ (ဒါကလည်း ကျွန်မတို့မကြိုက်တဲ့နိုင်ငံကိုဝင်ရောက်ကျူးကျော်ပြီး သူ့နိုင်ငံရဲ့ လူ့အဖွဲ့ အစည်းရယ်၊ ယဉ်ကျေးမှုဓလေ့ရယ်၊ ကိုး ကွယ်တဲ့ဘာသာရယ်ကိုဖျက်ဆီးချေမှုန်းတဲ့ ကျွန်မတို့နိုင်ငံရဲ့မူဝါဒကို စကားလုံး လှလှသုံးပြီး ပြောနေတာ)။ ရွေးချယ်စရာ ကိုးခု ပေးထားတဲ့အထဲ ရာသီဥတုဖောက်ပြန်တာ မပါဘူး။ နိုင်ငံတကာနိုင်ငံရေး မပါဘူး။ လူဦးရေပေါက်ကွဲမှု မပါဘူး။ စက်မှုလုပ်ငန်းတွေကြောင့်ဖြစ်ပွားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်း မှု မပါဘူး။ ကော်ပိုရေးရှင်းကြီးတွေက အစိုးရကိုချုပ်ကိုင်တာ မပါဘူး။ လူ့အခွင့်အရေးတို့၊ တရားမျှတမှုကင်းမဲ့ခြင်းတို့၊ ဆင်းရဲမွဲတေခြင်းတို့ မပါဘူး။
မေးခွန်းလွှာ (၁၄) က “သင်ဟာ သင့်ရဲ့လျှို့လျှို့ဝှက်ဝှက်ဆန္ဒတွေနောက် လိုက်သလား”ပါတဲ့။ ဒုက္ခပါပဲ။ ကျွန်မ “ဟုတ်ကဲ့” လည်းမဖြေဘူး။ “နည်းနည်းပါးပါး” လည်းမဖြေဘူး။ “မဟုတ်ဘူး” လည်းမဖြေဘူး။ နောက်တော့ ရေးထည့်လိုက်တယ်။ “ကျွန်မမှာ ဘာလျှို့လျှို့ဝှက်ဝှက်မှ မရှိဘူး။ ကျွန်မဆန္ဒတွေက လူမြင်သူမြင်တွေချည်း” လို့။

မေးခွန်းလွှာတွေထဲ ကျွန်မကိုတကယ်ဒုက္ခပေးတဲ့ မေးခွန်းလွှာအမှတ် (၁၈) ပါပဲရှင်။ “သင့်ရဲ့အားလပ်ချိန်မှာ သင်ဘာလုပ်သလဲ”တဲ့။ စာရင်းက “ဂေါက်ရိုက်ကစားခြင်း” နဲ့စတယ်။ ပြီးတော့ “အခန်းတွင်း ဘောလုံးရိုက်ကစားခြင်း”၊ “ဈေးဝယ်ထွက်ခြင်း”၊ “တီဗီကြည့်ခြင်း”၊ “ဖဲကစားခြင်း”စတာတွေ ပါတယ်။ စုစုပေါင်း ၂၇ မျိုးပါတယ်။ နံပတ် (၇) က “အနုပညာလုပ်ငန်းများ” တဲ့။ ပန်းချီဆွဲတာ၊ စာရေးတာ၊ ဓာတ်ပုံရိုက်တာ စသည်ဖြင့်ပေါ့ရှင်။
ဒီနေရာကနေ ကျွန်မရှေ့ဆက်မတက်နိုင်တော့ဘူး။ ဒီမေးခွန်းကို ကျွန်မထိုင်စဉ်းစားရပြီ။ ဒီမေးခွန်းရဲ့သော့ချက်စကားလုံးက “အားလပ်ချိန်” ဆိုတာပါပဲ။ သူတို့ ဘာကိုဆိုလိုတာပါလိမ့်?
အလုပ်လုပ်နေတဲ့လူတစ်ယောက် – ဥပမာ ကုန်ပဒေသာတိုက်ကြီးက ငွေကိုင်တို့၊ ရှေ့နေတို့၊ အဝေးပြေးလမ်းမကြီးရဲ့ဝန်ထမ်းတို့၊ အိမ်ရှင်မတို့၊ တယောသမားတို့၊ ကွန်ပျူတာပြင်တဲ့ဆရာတို့၊ ကျောင်း ဆရာတို့၊ စားပွဲထိုးတို့ဆိုပါစို့။ သူတို့အဖို့ အားလပ်ချိန်ဆိုတာ သူတို့အလုပ်မှာ မသုံးရတဲ့အချိန်ကိုပြောတာဖြစ်မှာပေါ့။ ဒါ့အပြင် သူတို့ဘဝရပ်တည်ရှင်သန်ဖို့ လုပ်နေရတဲ့အလုပ်မျိုး – ဥပမာ ထမင်းဟင်းချက်ရတဲ့အချိန်၊ ကိုယ်လက်သန့်စင်ရတဲ့အချိန်၊ ကားပျက်လို့ပြင်ရတဲ့အချိန်၊ ကလေးတွေကို ကျောင်းကြိုပို့လုပ်ရတဲ့အချိန် – အဲဒီအချိန်တွေကကြွင်းတဲ့ အချိန်ကိုခေါ်တာဖြစ်မှာပေါ့။ ဒီလိုအလုပ်စုံစီနဖာကြားကလူတွေအဖို့ အားလပ်ချိန်ဆိုသဟာ လွတ်လွတ်လပ်လပ်နေလို့ရတဲ့အချိန်ပဲ။ အဲဒါကိုလည်း သူတို့ကတန်ဖိုးထားကြတယ်လေ။
သို့ပေမဲ့ အသက်ရှစ်ဆယ်တန်းလူတွေအတွက်ကျတော့ ဒီအားလပ်ချိန်ဆိုတာ ဘာပါလိမ့်မလဲ။ အလုပ်က အနားယူ ထားတဲ့ လူတွေ ရနေတာတွေက “အချိန်ပို” တွေမဟုတ်ပါလားရှင်? အမှန်တကယ်က ကျွန်မဟာ အငြိမ်းစားယူထားသူ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မကဘာ ‘အခစားအလုပ်’ မှမလုပ်ခဲ့လေတော့ အငြိမ်းစားယူဖို့ရာ ဘာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်မခုထိအလုပ် လုပ်နေပါ သေးတယ်။ အရင်လောက်တော့ ပြင်းပြင်းထန်ထန်မလုပ်နိုင်တော့ပါဘူး။ ကျွန်မကိုယ်ကျွန်မ “အလုပ်လုပ်တဲ့မိန်းမ” အဖြစ်အမြဲဂုဏ်ယူခဲ့တာ ခုထက်ထိပါပဲ။ ဒါပေမယ်လို့ ဟားဗတ်က မေးခွန်းလွှာထုတ်တဲ့ လူကြီးမင်းတွေအဖို့တော့ ကျွန်မရဲ့တစ်သက်တာအလုပ် (စာရေး စာဖတ် အလုပ်)က “အနုပညာလုပ်ငန်းတစ်ခု” မျှသာဖြစ်ပါသတဲ့။ သင့်ရဲ့အားလပ်ချိန် / အချိန်ပိုကိုကုန်ဆုံးစေတဲ့ “ဝါသနာ” တစ်ခု မျှသာ ဖြစ်ပါသတဲ့။ အကယ်၍သာ ဒီ “အချိန်ပိုအလုပ်” နဲ့ ကျွန်မအသက်မွေးနေတယ်ဆိုတာ သူတို့သိခဲ့မယ်ဆိုရင်ဖြင့် ဒီအလုပ်ကို ဒီထက် အဆင့်မြင့်တဲ့ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်ထင်ပါရဲ့။ သို့ပေမဲ့ အဲဒါလည်း ကျွန်မ,မသေချာဘူး။
ကျွန်မအဖို့ မေးခွန်းက ဒီမှာတင်အဆုံးမသတ်သေးဘူး။ ကျွန်မတို့မှာရှိသမျှအချိန်တွေက အချိန်ပိုတွေဖြစ်နေရင်၊ ဘာမှလုပ်စရာမရှိဘဲ အားနေမယ်ဆိုရင် အဲဒါကိုဘယ်လိုသုံးကြမတုံး။ ပြီးတော့ အဲဒီအချိန်ကို ကျွန်မတို့အသက် ၅၀ အရွယ်မှာ၊ ၃၀ အရွယ်မှာ၊ ၁၅ နှစ်သမီး အရွယ်မှာရခဲ့တဲ့အချိန်ပိုနဲ့နှိုင်းယှဉ်ကြည့်ရင် တကယ်တမ်း ဘာများကွာခြားပါလိမ့်?
ကလေးတွေက သူတို့ဘဝမှာ အချိန်ပိုတွေ တစ်ပုံကြီးရခဲ့တာလေ။ အထူးသဖြင့် လူလတ်တန်းစားသားသမီးတွေပေါ့ရှင်။ ကျောင်းချိန်ပြင်ပမှာ၊ အားကစားတစ်ခုခုမှာမပါခဲ့ရင် သူတို့ရဲ့အချိန်အတော်များများက အချိန်ပိုတွေပဲလေ။ အဲဒီအချိန်တွေကို ဘာလုပ်ပစ်ရမလဲဆိုတာ သူတို့ ကောင်းကောင်းကြီးသိပ။ ကျွန်မကြီးကောင်ဝင်စတုန်းက နွေကျောင်းပိတ်ရက်တွေက ကျွန်မအတွက်အချိန်ပိုတွေပဲ။ သုံးလကြီးများတောင်။ ဘာလုပ်ရမယ်လို့ပြဋ္ဌာန်းထားတာမရှိဘူး။ ကျောင်းချိန်ပြင်ပအများစုကလည်း အချိန်ပိုတွေပါပဲ။ ကျွန်မစာဖတ်တယ်။ စာရေးတယ်။ သူငယ်ချင်း ဂျီးနဲ့၊ ရှာလီနဲ့၊ ဂျွိက်စ်နဲ့ အချိန်ဖြုန်းတယ်။ အေးအေးလူလူ ဟိုဒီလမ်းလျှောက်တယ်။ တွေးတယ်။ ခံစားတယ်။ အလိုလေးလေး … အတွေးနက်နက်တွေ၊ ပြင်းပြင်းပြပြခံစားမှုတွေလည်းပါပါ့။ ခုခေတ်ကလေးတချို့တလေ မှာ ဒီလိုအချိန်တွေရှိဦးမယ်ထင်ပါရဲ့။
ကျွန်မသိတဲ့ကလေးတွေကဖြင့် “အစီအစဉ်” ဆိုတဲ့လည်နေတဲ့စက်ခါးပတ်ကြီးပေါ် တက်ပြေးနေသူတွေနဲ့တူလိုက်တာ။ အစီအစဉ် တစ်ခုပြီးတာနဲ့ နောက်အစီအစဉ်တစ်ခုဆီ အရပ်အနားမရှိအပြေးအ လွှားသွားနေလိုက်ကြတာ။ ဘောလုံးကန်လေ့ကျင့်ဖို့၊ ဒါမှမဟုတ် ကစားပွဲတစ်ခုခုမှာဝင်ပါဖို့။ သူတို့လေးတွေ ဒီအစီအစဉ် ကျပ်ကျပ်ကြီးရဲ့ အက်ကြောင်းလေးတွေကြားထဲကနေ လူးလွန့် တိုးထွက် လာနိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်မိပါရဲ့။ တစ်ခါတလေ ကျွန်မသတိထားမိတာက ကလေးတစ်ယောက်ဟာ မိသားစုကြားထဲ ခန္ဓာကိုယ်ကြီး ကတော့ရှိလျက်သား။ ခပ်ပြုံးပြုံး၊ ပျူပျူငှာငှာ၊ စိတ်ပါလက်ပါပုံနဲ့။ သို့ပေမဲ့ သူ့စိတ်က ဒီမှာမရှိဘူး။ ကျွန်မထင်တယ်။ သူ “အက်ကြောင်း” တွေ့သွားပြီ။ သူ့ဘာသာ အချိန်ပိုရသွားပြီ။ အဲဒီထဲ သူတိုးထွက်သွားပြီ။ အဲဒီထဲ သူတစ်ယောက်တည်း။ အဲဒီနေရာနက်နက်ထဲ မှာ သူစဉ်းစားနေမှာ။ သူခံစားနေမှာ။
အချိန်ပိုရဲ့ဆန့်ကျင်ဘက်က “သုံးနေတဲ့အချိန်” ဖြစ်မယ်။ ကျွန်မအဖို့ “အချိန်ပို” ဆိုတာဘာမှန်းမသိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ အချိန်တွေအားလုံးက “သုံးနေတဲ့အချိန်” တွေဖြစ်နေလို့ပါပဲ။ အရင်တုန်းကလည်း အမြဲဒီအတိုင်းပဲ။ ခုလည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့အချိန်တွေက အသက်ရှင်သန်ခြင်းနဲ့ ကုန်ဆုံးနေတာ။ ကျွန်မအသက်အရွယ်မှာ အသက်ရှင်နေထိုင်ခြင်းရဲ့အချိန်တော်တော်များများကို မိမိခန္ဓာကိုယ် မိမိ ထိန်းသိမ်းစောင့်ရှောက်ရာမှာ သုံးနေရတာ။ ငြီးငွေ့စရာကြီးပေါ့ရှင်။ သို့ပေမဲ့ ကျွန်မဘဝမှာ “မသုံးတဲ့အချိန်” (အချိန်ပို) ရယ်လို့မရှိခဲ့ဘူး။ ကျွန်မအားပေမယ့် ကျွန်မရဲ့အချိန်ကတော့ မအားရှာဘူး။
ကျွန်မအချိန်က အိပ်ရတာရယ်၊ စိတ်ကူးတည့်ရာတွေးရတာရယ်၊ အလုပ်လုပ်ရတာရယ်၊ မိတ်ဆွေတွေနဲ့ မိသားစုဆီ အီးမေးလ်ပို့ရတာရယ်၊ စာဖတ်ရတာရယ်၊ ကဗျာရေးရတာ စာရေးရတာရယ်၊ တွေးရတာရယ်၊ မေ့ရတာရယ်၊ ဇာပန်းထိုးရတာရယ်၊ စားဖို့ချက်ပြုတ်ရတာရယ် စားရတာရယ်၊ မီးဖို ချောင်ရှင်းလင်းရတာရယ်၊ ဂရိစာဆိုတော်ဗာဂျီးလ်ရဲ့စာကိုအနက်ဖော်ရတာရယ်၊ မိတ်ဆွေတွေနဲ့တွေ့ရတာရယ်၊ ခင်ပွန်းသည်နဲ့ စကားစမြည်ဆိုရတာရယ်၊ ကုန်စုံဆိုင်သွားရတာရယ်၊ လမ်းလျှောက်နိုင်ရင် လမ်းလျှောက်ရတာရယ်၊ ခရီးထွက်တဲ့အခါ ခရီးသွားရတာရယ်၊ တစ်ခါတစ်ခါ တရားထိုင်ရတာရယ်၊ မကြာမကြာရုပ်ရှင်ကြည့်ရတာရယ်၊ တတ်နိုင်ရင် အဖိုးတန်လှတဲ့ တရုတ်ရိုးရာ လေ့ကျင့်ခန်း ရှစ်မျိုးလုပ်ရတာရယ်၊ နေ့လယ်နေ့ခင်း ကြောင်နဲ့ကြွက်ကာတွန်းတစ်အုပ်နဲ့ ဇိမ်ယူရတာရယ်၊ ကျွန်မရဲ့ နည်းနည်းကြောင်တဲ့ ကြောင်က ကျွန်မရဲ့ပေါင်နဲ့ ခြေသလုံးသားကြားနေရာယူပြီး ချက်ချင်းပဲ အိပ်မောကျသွားတာရယ် … ဒါတွေနဲ့ အပြည့်အဝ အသားပါပါ သုံးလိုက်ရတာလေ။
ဘယ်အချိန်မှ အချိန်ပိုရယ်လို့ပြောမရဘူး။ ကျွန်မ အချိန်ပိုမထားနိုင်ဘူး။ ဟားဗတ်က လူကြီးမင်းတွေက ဘာတွေများစဉ်းစားနေပါလိမ့်။ နောက်တစ်ပတ်ဆို ကျွန်မ ၈၁ နှစ်ပြည့်ပြီ။ ကျွန်မမှာ အချိန်ပိုရယ်လို့မရှိပါဘူးရှင်။
၄ နိုဝင်ဘာ ၂၀၂၅
စာညွှန်း။
- In Your Spare Time – October 2010
- Ursula K. Le Guin. 2017. No Time to Spare: Thinking About What Matters. Houghton Mifflin Harcourt. Boston. New York
အမေရိကန်စာရေးဆရာမ အာဆူလာ လဂွင်း (၁၉၂၉-၂၀၁၈) ကို သူ၏စိတ်ကူးယဉ်သိပ္ပံဝတ္ထုများကြောင့် လူသိများသည်။ စာရေးသက် နှစ်ပေါင်းခြောက်ဆယ်အတွင်း ဝတ္ထုအုပ်ရေ ၂၀ ကျော်၊ ဝတ္ထုတိုစုစုပေါင်း ၁၀၀ ကျော်အပြင် ကဗျာ၊ စာပေဝေဖန်ရေး၊ ဘာသာပြန်၊ ကလေးစာပေ စသည်ဖြင့် စာစုံရေးသားခဲ့သူဖြစ်သည်။ အထက်ပါအက်ဆေး (သင့်အားလပ်ချိန်မှာ) ကို သူ၏ “အချိန်ပိုမရှိဘူး” (၂၀၁၇) စာအုပ်ထဲမှထုတ်နုတ်ပြန်ဆိုထားခြင်းဖြစ်သည်။ အသက်ကိုးဆယ်နီးနီး ဘဝနေညိုချိန်၌ သူ့အတွက်အရေးပါသည့် အရေးအရာများကို စာဖွဲ့ထားခြင်းဖြစ်သည်။


