လွတ်မြောက်လာခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ အာမက်အယ်လ်ရှာရား အစိုးရ အမှားအယွင်းတွေ ပြစပြုနေပြီ
ပေါက်ကွဲမှုတွေကနေ တဖျစ်ဖျစ် တဖြောက်ဖြောက် မည်တဲ့အသံတွေ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရဲ့ ကောင်းကင်ယံ တစ်ခိုမှာ ပဲ့တင်သံတွေ ထပ်နေတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ ဒီလိုပေါက်ကွဲသံတွေဟာ မြို့ပေါ်မှာရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေတဲ့ အသံတွေပါ။ ဒီကနေ့ အချိန်မှာတော့ ဒီအသံတွေဟာ အာဏာရှင် အောက်ကလွတ်မြောက်လာတဲ့နေ့ အထိမ်းအမှတ် ကျင်းပတဲ့ပွဲတွေက မီးရှူးမီးပန်းတွေ လွှတ်တဲ့ အသံတွေပဲ ဖြစ်တယ်။ ဆီးရီးယား ပြည်သူလူထုဟာ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ရတဲ့ သွေးစွန်း အာဏာရှင် ဘာရှား အယ်လ်အာ ဆတ်အစိုးရရဲ့ လက်အောက်ကနေ လွတ်မြောက်တဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ ပြင်ဆင်နေကြ ပါတယ်။ လွတ်မြောက်တဲ့ အထိမ်းအမှတ် အခမ်းအနားအတွက် လှုံ့ဆော်တဲ့ ဆိုင်းဘုတ်ကြီးတွေကို မြို့တော် နေရာအနှံ့အပြားမှာ မြင်ကြရ လိမ့်မယ်။ နိုင်ငံ အနှံ့အပြား နေထိုင်ကြတဲ့ ဆီးရီးယား ပြည်သူတွေဟာ အဲဒီအခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲကြဖို့ မြို့တော်ဆီကို ခရီး ထွက်လာခဲ့ ကြတယ်။
အခုအခါ ဆီရီးယားနိုင်ငံ ကြားကာလ အစိုးရအဖွဲ့မှာ သမ္မတ အဖြစ်ဆောင်ရွက်နေတဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ အာမက်အယ်လ်ရှာရားဟာ လွန်ခဲ့တဲ့ နှစ်တုန်းက အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ ဆီးရီးယားနိုင်ငံကို သံခင်း တမန်ခင်းအရ အဆက်အသွယ်ဖြတ်ပြီး ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန် ထားခဲ့တာကို သူက လက်ဖျားခါရလောက်တဲ့နှုန်းနဲ့ အဆုံးသတ်စေခဲ့တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပတဲ့ ကွန်ဖရင့်တွေမှာ သူက အမြဲပါဝင်တဲ့သူ ဖြစ်လာတယ်။ နိုဝင်ဘာလတုန်းကလည်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က သမ္မတ အယ်လ်ရှာရားကို သူ့မှာ ဇနီးဘယ်နှယောက်ရှိသလဲလို့ မေးရင်း မုတ်ဆိတ်ရိတ်ပြီးရင် လိမ်းရတဲ့ ဆေးရည်တွေနဲ့ ပက်ပြီး ကျီစယ်စနောက် ခဲ့သေးတယ်။ အမေရိကန်က တခြားသမ္မတတွေနဲ့ မတူတဲ့ထရမ့်ရဲ့ ထူးထူးခြားခြား ခင်မင်ရင်နှီးမှုကို နောက်တစ်ကြိမ် ပြသတာဖြစ်တယ်။

Photo: AL monitor
မစ္စတာ အာဆတ်ခေတ်တုန်းက ဆီးရီးယားကို အင်အားချည့်နဲ့စေပြီး အနိုင်ရစေဖို့အတွက် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှု အတော်များများကို ရပ်ဆိုင်းပေးခဲ့တယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်ကလည်း အထိရောက်ဆုံး ပြစ်ဒဏ်ခတ်မှု ဖြစ်တဲ့ ဆီဇာ အက်ဥပဒေကို ၂၀၂၆ စောစောပိုင်းမှာပယ် ဖျက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း စီးပွားလုပ်ငန်းတွေလုပ်ဖို့ စူးစမ်း လေ့လာနေကြတယ်။ ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာကျော် ရေနံ ကုမ္ပဏီကြီးဖြစ်တဲ့ ရှဲဗရွန် ကုမ္ပဏီက အမှုဆောင် အရာရှိချုပ် ဒမတ်စကတ် မြို့တော်ကို လာရောက်ခဲ့တယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ dp World က တာတပ်စ်မြို့မှာ ဆိပ်ကမ်းလုပ်ငန်းတစ်ခုကို ဆောင်ရွက်ဖို့ ဆီးရီးယားအစိုးရနဲ့ တန်ဖိုးကြီး ကန်ထရိုက် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တယ်။ မြို့တော်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်လိုက်ထွက်လိုက်နဲ့ အတော် အလုပ်ရှုပ်နေ ကြလေရဲ့။
အဲဒီအတောအတွင်းမှာ မစ္စတာ ရှာရားဟာ အတိတ်က အခြေအနေဆိုးတွေကို ဖျောက်ပစ်ပြီး သူ့နိုင်ငံအတွက် ပုံရိပ်အသစ် တစ်ခု ပြန်တည်ထောင် ဖို့ ကြိုးစားနေတယ်။ ဘာ့သ်ဝါဒီတွေရဲ့ ဆီးရီးယား နိုင်ငံခေတ်ကအနီရောင်ပါတဲ့ အလံကို တော်လှန်ရေးစံနဲ့ ညီတဲ့ အစိမ်းရောင် နဲ့ အစားထိုးခဲ့တယ်။ လူမုန်းများတဲ့ မစ္စတာအာဆတ် အစိုးရခေတ်က ယန္တရားအများစုကို ဖျက်သိမ်းခဲ့ တယ်။ အာဆတ်ရဲ့ အမြဲတမ်း စိုးရိမ် ကြောက်လန့်နေရတဲ့ ထောက်လှမ်းရေး တပ်ဖွဲ့လည်း ပြိုလဲ ပျက်စီးသွားခဲ့ပြီ။ ရာနဲ့ချီရှိတဲ့ အကျဉ်းထောင်တွေမှာလည်း အကျဉ်းသား တစ်ယောက်မှ မရှိတော့ဘူး။ ထောင်တွေ ဟောင်းလောင်း ဖြစ်ကုန်ကြပြီ။ ဆီးရီးယား လူထုဟာ သူတို့အစိုးရကို ရဲရဲတင်းတင်းနဲ့ အများ ပြည်သူ ရှေ့မှာ ဝေဖန်နိုင်တယ်လို့ ထင်နေကြပါပြီ။ ဆီးရီးယားနိုင်ငံဟာ သူ့ကို စောင့်ကြည့်ဝေဖန်သူတွေက ဟောကိန်းထုတ်ခဲ့သလို အစ္စလာမ္မစ် သက်သက် နိုင်ငံတော်အဖြစ် မပြောင်းလဲခဲ့ပါဘူး။ အမျိုးသမီးတွေကို ရဲတပ်ဖွဲ့မှာ ပါဝင် အမှုထမ်းဖို့ စုဆောင်းခဲ့တယ်။ ဒမတ်စကတ် မြို့ဟောင်းက စားသောက်ဆိုင်နဲ့ ဘားတွေမှာ ဝိုင်တွေ အရက်တွေကို လွတ်လွတ်လပ်လပ် ရောင်းချတယ်။ ဆီးရီးယားနိုင်ငံဟာ တာလီဘန် လက်အောက်က အာဖဂန်နစ္စတန် နိုင်ငံတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အက်ကြောင်းလေးတွေကတော့ စမြင်နေရပြီ။ စီးပွားရေးက လုံးဝ ပြိုကျပျက်စီးခဲ့တာတော့ မဟုတ်ပေမယ့် ဆီးရီးယား ပြည်သူ အတော်များများရဲ့ ဘဏ္ဍာရေး အခြေအနေကတော့ နိုင်ငံ လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း တစ်စတစ်စနဲ့ ယိုယွင်းပျက်စီး လာနေပါ တယ်။ ရာနဲ့ ထောင်နဲ့ချီတဲ့ အစိုးရ ဝန်ထမ်းတွေ အလုပ်ကနေ ရပ်စဲခံခဲ့ရတယ်။ ထောက်ပံ့ကြေးတွေ ဖြတ် တောက်ခံလိုက်ရတယ်။ ဒဏ်ခတ် ပိတ်ဆို့ ခံထားရတာတွေ သက်သာလျော့ပါးခဲ့တဲ့တိုင် ထုတ်လုပ်မှုကတော့ များများစားစားမရှိသေးပါဘူး။ ပြန်လည်ထူထောင်ရေး ဆိုတာကတော့ မရှိ သလောက်ပဲ။
မစ္စတာ ရှာရားကတော့ ဦးတည်နေတဲ့လမ်းက ဆီးရီးယားနိုင်ငံကို ပူပန်သောကတွေ ပိုများမယ့်ဘက်ကို ခေါ်ဆောင်သွားနေသလိုပဲ။ နယ် စပ်ဒေသနဲ့ အကောက်ခွန်ဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ အစိုးရက တည်ထောင်ပြီး စီမံခန့်ခွဲတဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (Sovereign Wealth Fund – အချုပ်အခြာပိုင် ဓနရန်ပုံငွေ) လို အဖွဲ့အစည်းတွေကို သမ္မတရဲ့အမိန့် ဒီကရီနဲ့ ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးဌာနတွေ ကိုယ်ပိုင်ရန်ပုံငွေ ရှာနိုင်တဲ့ အခွင့်အာဏာတွေကို ဖြုတ်ချလိုက်တယ်။ ဒီအဖွဲ့ တွေကို မစ္စတာရှာရားရဲ့ သစ္စာခံတွေကပဲ ဦးစီး ဆောင်ရွက်နေတာ ဖြစ်ပြီး ပြည်သူက စောင့်ကြည့် ဆန်းစစ် တာဝန် ခံမှုရှိစေဖို့ ကြီးကြပ်တဲ့ အဖွဲ့ (Public Oversight) ဆိုတာမျိုး လုံးဝ မရှိဘူး။ “သူတို့တွေမှာ တရားဥပဒေ ကြောင်းအရရော ဖွဲ့စည်းပုံ ဥပဒေအခြေခံ ဥပဒေအရရော မရှိဘဲ ပရမ်းပတာ လုပ်နေပါ” လို့ ဒမတ်စကတ်မှ ရှေ့နေတစ်ဦးက စိုးရိမ်မကင်း ပြောပါတယ်။
အဲဒီအတောအတွင်းမှာ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ အတွင်းဝန်ချုပ်ရုံး ခေါ်တဲ့ အဖွဲ့သစ်တစ်ခုကို ဖွဲ့စည်း တည်ထောင်ခဲ့တယ်။ သူရဲ့ လုပ်ပိုင်ခွင့်အာဏာတွေက ထင်သာမြင်သာ မရှိဘူး။ ဒါပေမဲ့ တော်တော့်ကို အစွမ်းထက်တယ်လို့ လူသိများတယ်။ အဲဒီ ရုံးကနေ ခြိမ်းခြောက်တဲ့စာရတာကြောင့် အစည်းအဝေးပွဲတွေနဲ့ အခမ်းအနားတွေကို ဖျက်သိမ်းခဲ့ရတယ်လို့ လူမှု အဖွဲ့အစည်းများက ဆိုပါတယ်။ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်းတွေကိုလည်း အဲဒီအဖွဲ့ကနေပဲ စိစစ်ခဲ့တာလို့ တချို့က ဆိုတယ်။
တစ်နှစ်တာအတွင်း အုပ်ချုပ်ပုံကတော့ သမ္မတရုံးနဲ့ ဝန်ကြီးဌာနတွေ ရောထွေးနေပြီး ဖရိုဖရဲအမိန့်တွေ ဒီကရီတွေနဲ့ အုပ်ချုပ်တဲ့ ပုံစံပါပဲ။ ဝန်ကြီးဌာနတွေက အမိန့်ဒီကရီတွေ ထုတ်ပြန်တယ်။ နောက်တော့ ပြန်ရုပ်သိမ်းတယ်။ မရုပ်သိမ်းဖြစ်တဲ့ အခါမှာလည်း သိပ်မကြာခင် နောက်ဝန်ကြီးဌာနတစ်ခုက စောစောက ထုတ်ပြန်တဲ့အမိန့်နဲ့ ရောထွေးစေတဲ့ အမိန့်တစ်ခု ထပ်ထုတ်ပြန်လိုက် တာမျိုးလုပ်တယ်။ မတ်လအတွင်းက ဒရောသောပါး ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ညီလာခံမှာ သမ္မတကို ကျယ်ပြန့်တဲ့ အကြွင်းမဲ့ ဩဇာအာဏာတွေ ပေးခဲ့တယ်။ အောက်တိုဘာလ ရောက်တဲ့အခါ သမ္မတက ပါလီမန်သစ်ရဲ့ အမတ်သုံးပုံနှစ်ပုံအတွက် “ရွေးကောက်ပွဲ “ကို ကျင်းပပေးခဲ့တယ်။ ခေါင်းဆောင် ရွေးချယ်ရေး ပါတီကိုယ်စားလှယ်အဖွဲ့က ရွေးချယ်ထားတဲ့ကိုယ်စားလှယ် လောင်းစာရင်းကနေ မဲဆန္ဒရှင်တွေ ရွေးချယ်တဲ့ အဖွဲ့ဝင်တွေကို အတည်ပြုပေးခဲ့တယ်။ ကျန်တဲ့သူ တွေကိုတော့ မစ္စတာရှာရားက တိုက်ရိုက် ခန့်အပ်တယ်။ ဒီလုပ်ငန်းစဉ်က အတော်ပဲ စိတ်ပျက်စရာ ကောင်းပါတယ်။ “အဲဒါတွေက ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်တာတွေပါပဲ “လို့ ဒမတ်စကတ် မြို့က လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မိုဟာမက်ဒါလာကပြောပြလိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ အာဏာရော မရှိဘူးလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မစ္စတာအာဆတ်ခေတ်က သူ့ဘက်တော်သား ခရိုနီတွေကို တရားဥပဒေကြောင်းအရ အရေးယူဖို့လုပ်မယ့် လက္ခဏာမျိုးတွေကိုတော့ မတွေ့ရသေးပါဘူး။ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးကို ကြီးကြပ် ကွပ်ကဲဖို့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းလည်ပတ်ဖို့ ရန်ပုံငွေ အခုအထိ မရသေးပါဘူး။ မစ္စတာအာဆတ်ရဲ့ လက်ထောက်အရာရှိကြီး အတော်များများကို အခု အစိုးရအဖွဲ့သစ်က နိုင်ငံရေး ကိစ္စတွေမှာ စီမံခန့် ခွဲဆောင်ရွက်ဖို့ ငှားရမ်း အသုံးပြုခဲ့တယ်။ ဆီးရီးယား နိုင်ငံသူ နိုင်ငံသားတွေက သူတို့ပြဿနာကို သူတို့ ဘာသာပဲ ရှင်းတာတွေ ကတော့ တိုးလာနေတယ်။ လက်စားချေ သတ်ဖြတ်မှုတွေ နေ့တိုင်း နီးပါး ပေါ်ပေါက်နေတယ်။ အထူးသဖြင့်ကတော့ ဟုမ်းမြို့ ပတ်ဝန်းကျင်နဲ့ ကမ်းရိုးတန်းဒေသ ဝန်းကျင် လူမျိုးတွေ ရောနှောနေထိုင်ကြတဲ့ နေရာမှာဖြစ်တယ်။ ဆီဒနာယာ အကျဉ်းထောင်က အကျဉ်းသားတစ် ယောက်ဖြစ်ခဲ့ပြီး အခု အစိုးရကို အကြံပေးနေတဲ့သူ တစ်ဦးဖြစ်တဲ့ ရှာဒီဟာရွန်က ပြောရာမှာ ဒီလိုတောင်း ဆိုမှုတွေကတော့ ဘယ်တော့မှ မှေးမှိန်သွားမှာမဟုတ်ဘူးတဲ့။ “ဆီးရီးယား ပြည်သူလူထုက တော်လှန်ရေးကို ဖော်ဆောင်ခဲ့တာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဆင်းရဲကြတယ်ဗျာ၊ ဒီလို ဘာကြောင့် လုပ်ခဲ့တာလဲဆိုတော့ လူအဖွဲ့အစည်းမှာ တန်ဖိုးတွေ ပျောက်ဆုံးနေတယ်။ အဲဒီ တန်ဖိုးဆိုတာတွေက လူ့ရဲ့သိက္ခာ၊ တရားမျှတမှုနဲ့၊ နိုင်ငံသားဖြစ်မှုတွေပါပဲ” လို့ သူက သုံးသပ်ပြခဲ့တယ်။
ဒါပေမဲ့ အဆိုးဆုံးကတော့ မစ္စတာရှာရားရဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဆက်ဆံရေးမှာ အောင်မြင်မှု မရရှိတာပါပဲ။ သူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက လူမျိုးရေး ခွဲခြားဂိုဏ်းခွဲ သင်းခွဲနဲ့ ရက်စက် ယုတ်မာမှုတွေကို သူ မထိန်းသိမ်းနိုင်တာ နှစ်ကြိမ် ရှိခဲ့ပါပြီ။ ပြုတ်ကျသွားတဲ့ အာဆတ် အစိုးရကို သစ္စာခံတဲ့ အလာဝိုက် တိုက်ခိုက်ရေးသမားတွေက ဒီနှစ် မတ်လအတွင်းတုန်းက ပုန်ကန် ခြားနားဖို့ ကြိုးပမ်းတာကို သူတို့က လက်တုံ့ပြန်ခဲ့တာနဲ့ ဆူဝေဒါမြို့မှာ ဇူလိုင်လတုန်းက ဒရုဇ်တိုက်ခိုက်ရေးသမားတွေ ပုန်ကန်ထကြွတာကို နှိမ်နင်းတဲ့ ဖြစ်ရပ်တွေပါပဲ။
ဆူဝေဒါမှာ တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်မှုတွေ ဖြစ်နေတာက မျိုးဆက် တစ်ခုလောက်အထိ တာရှည် ကောင်းတာရှည်သွားလိမ့်မယ်လို့ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရာမှာပါဝင်ခဲ့တဲ့ ဒရုဇ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။ တချို့စိုးရိမ်တာကတော့ အလာဝိုက်တွေဟာ သူပုန်လုပ်တမ်း ကစားနေသလို ဖြစ်နေတဲ့အချက်ပါပဲ။ အလာဝိုက် တွေကို မစ္စတာ ရှာရားက ဆက်လက် ဖယ်ထုတ်မယ်ဆိုရင် လူထု အုံကြွမှုလိုမျိုး ဖြစ်လာအောင် လုပ်လာနိုင်ပါတယ်။ ကြားဖြတ်အစိုးရ သမ္မတဟာ ဆွန်နီလူမျိုးတွေ လွှမ်းမိုးတဲ့ နိုင်ငံ တစ်နိုင်ငံမှာ အရင် ဂျီဟတ် ဝါဒီတစ်ဦးရဲ့ အုပ်ချုပ်မှုကို လူနည်းစုတွေက ဘာလို့ ကြောက်ရွံ့နေရသလဲဆိုတာကို နားလည်ပုံမရပါဘူး။ အဲဒီ အစား သူဟာ ပုန်ကန်တဲ့သူ တွေကို လက်နက်ချပြီး သူနှင့် ပူးပေါင်းဖို့ပဲရှိတယ်လို့ ရိုးရိုးရှင်းရှင်းပဲ တိုက်တွန်းခဲ့တယ်။
မစ္စတာ ရှာရားဟာ ဆီးရီးယားရဲ့ နိုင်ငံခြား ဆက်ဆံရေးကို ပြန်ပြီး တည်ဆောက်ဖို့ အတွက်ပဲ သူရဲ့ စွမ်းအင်တွေကို ပုံအောထားတယ်။ သူလုပ်တတ်တာ သူလုပ်ချင်တာကို လုပ်နေပုံရပါတယ်။ ဘယ်လိုပဲပြောပြော အခုအချိန်အထိ သူတစ်ဦးတည်းကပဲ နိုင်ငံကို စည်းလုံးစေနိုင်တဲ့ စွမ်းရည်ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လူနည်းစုတွေကို နေရာမပေးနိုင်ဘဲ အာဏာကို ပိုမိုကျယ်ပြန့်အောင် ခွဲဝေ မပေးနိုင်ရင် အဲဒီ အခြေအနေဟာ ပြောင်းလဲသွားနိုင်တယ်။ မစ္စတာ ရှာရားဟာ သမ္မတဟောင်း အာဆတ်ရဲ့ နောက်ဆုံးနှစ်များတွေမှာ အုပ်ချုပ်ခဲ့တဲ့ အစ်ဒ်လစ် ပြည်နယ်က ကုန်သည်တစ်ဦး ပြောကြားခဲ့တဲ့ အတိုင်း “သူဟာ အခုဆိုရင် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတယ်ဆိုတာ သိထားရမယ်၊ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်သလို မလုပ်မိဖို့လိုတယ်” တဲ့။
ကိုးကား – Syria uneasily celebrates a year of liberation, The Economist December 2025


