ကလေးနှင့် လူငယ်များအတွက် ကာကွယ်ရန် လိင်ပညာပေးခြင်း (Sexuality Education) သည် မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ဆွေးနွေးရ ပြောရဆိုရခက်သည့် ခေါင်းစဥ်တစ်ခုဖြစ်သော်လည်း ရှောင်လွှဲနေ၍ မရသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။ မိမိတို့၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို နားလည်ရန်နှင့် မိဘများဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြင်ဆင်ထားကြရန် ရှေးရှု၍ ဤဆောင်းပါးကို ရေးသားတင်ဆက် လိုက်ရခြင်းပါတယ်။
မကြာသေးခင်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အတော်လေး အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ စင်ပေါ်က အဆိုတော်တစ်ဦးဟာ ပရိသတ်ကို လိင်ဆက်ဆံရေးနဲ့ ကွန်ဒုံးအသုံးပြုမှု အကြောင်းတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့တာပါ။ အဲဒီနောက်မှာ ပိုပြီး အငြင်းပွားစရာ ဖြစ်သွားတာကတော့ အဲဒီ ရက်ပ်ပါဟာ ကွန်ဒုံးတွေကို စင်ရှေ့က ပရိသတ်တွေဆီကို ပစ်ချပြီး ဖြန့်ဝေ ပေးခဲ့တာပါပဲ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အွန်လိုင်းနဲ့ လူမှုပတ်ဝန်းကျင်တွေကနေ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ဝေဖန်သူအများစုရဲ့ အမြင်ကတော့ ဒီလုပ်ရပ်ဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ လုံးဝ မကိုက်ညီဘဲ သိက္ခာမဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ရှုမြင်ကြတာပါ။ အထူးသဖြင့် တန်ဆောင်တိုင်ပွဲတော်ကာလမှာ ဒီလိုမျိုး လိင်ကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေါ်ပေါ်တင်တင် ပြောဆိုပြီး ကွန်ဒုံးဖြန့်ဝေတာဟာ ရိုင်းစိုင်းတယ်၊ ညစ်ညမ်းတယ် ဆိုပြီး ပြောဆိုကြတာ များပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် အရှက်အကြောက်တရား ကို အလွန် တန်ဖိုးထားတဲ့ ယဉ်ကျေးမှု ရှိပါတယ်။ ဒီလို အများပြည်သူရှေ့မှာ လိင်ကိစ္စကို ပေါ်ပေါ်တင်တင် ပြောဆိုပြီး ပစ္စည်းတွေ ဖြန့်ဝေတဲ့ လုပ်ရပ်ဟာ အတော်လေး စော်ကားရာ ရောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှု စံနှုန်းတွေကို လွန်ကျူး သွားတယ်လို့ လူအများက သတ်မှတ်ကြပါတယ်။
ဒါကြောင့် အဆိုပါ အဆိုတော်ရဲ့ ကွန်ဒုံးအကြောင်း ပြောဆိုပြီး ဖြန့်ဝေခဲ့တဲ့ လုပ်ရပ်ဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် အသိပညာပေးမှု ဖြစ်ချင်ဖြစ်နိုင်ပေမယ့် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ စာရိတ္တ စံနှုန်းများအရ ကြည့်မယ်ဆိုရင်တော့ လက်ခံနိုင်ဖို့ ခက်ခဲတဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်ခင်ဗျာ။
BTS အဖွဲ့ဝင်ကို အတင်းအဓမ္မနမ်းမှုဖြင့် ဂျပန်အမျိုးသမီးအား တောင်ကိုရီးယားတွင် တရားစွဲ
တောင်ကိုရီးယား အစိုးရရှေ့နေတွေက ကမ္ဘာ့အကျော်ကြားဆုံး K-pop အဖွဲ့လို့ သတ်မှတ်ခံရတဲ့ BTS အဖွဲ့ဝင်တစ်ဦးကို ၂၀၂၄ ခုနှစ် အတွင်း ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ပွဲမှာ အတင်းအဓမ္မ နမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဂျပန် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခြင်းမပြုဘဲ တရားစွဲဆိုလိုက်ပြီလို့ မီဒီယာတွေက နိုဝင်ဘာလ ၂၆ ရက်မှာ သတင်းပို့ပါတယ်။
ဆိုးလ်ခရိုင် အစိုးရရှေ့နေတွေဟာ အသက် ၅၀ ကျော်အရွယ်ရှိတဲ့ အဲဒီအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ မဖြစ်မနေ စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီးနောက် “အလကား ပွေ့ဖက်ခြင်း” (free hug) ပွဲကြီးတစ်ခုအတွင်းမှာ BTS အဖွဲ့ရဲ့ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်သူ ဂျင် (Jin) ကို ခွင့်ပြုချက်မရှိဘဲ နမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇွန်လက ပရိသတ် ၁,၀၀၀ ခန့် တက်ရောက်တဲ့ အဲဒီပွဲအတွင်း ဂျင်ရဲ့ပါးကို ခွင့်ပြုချက်မရဘဲ နမ်းခဲ့တယ် လို့ စွပ်စွဲခံထားရတာပါ။ ဂျင်ဟာ မသက်မသာ ဖြစ်နေသလိုမျိုး ရုန်းကန်နေတဲ့ပုံစံ ပေါ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် တောင်ကိုရီးယားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ဖြစ်စဉ်ဖြစ်ပြီးနောက် ဂျပန်ကို ပြန်သွားခဲ့ပေမယ့် ဒီနှစ်အစောပိုင်းမှာတော့ ရဲစခန်းကို လာရောက်ဖို့အတွက် တောင်ကိုရီးယားကို ပြန်လည် ခရီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းဖြစ်ရပ်ဟာ လိင်ပညာပေး (Sexuality Education) ရှုထောင့်ကနေ အလွန်အရေးကြီးတဲ့ အချက်တွေကို မီးမောင်းထိုးပြနေပါတယ်။ အဓိကအားဖြင့် သဘောတူခွင့်ပြုချက် (Consent) ရဲ့ အရေးပါမှုပါပဲ။ ဒီအဖြစ်အပျက်က သင်ခန်းစာယူစရာပါ။ အဓိကကတော့ သဘောတူ ခွင့်ပြုချက် (Consent) ပါပဲ။
တစ်စုံတစ်ယောက်ကို ထိတွေ့ဖို့ဆိုရင် သူတို့ရဲ့ ရှင်းလင်းပြီး လွတ်လပ်တဲ့ သဘောတူညီချက် လိုတယ်။ ဒီကိစ္စမှာ ဂျင် က အတင်းအဓမ္မ နမ်းခံရတာကို မကြိုက်ဘဲ ရုန်းကန်တယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်နိုင်တယ်။ ပရိသတ်တွေအနေနဲ့ ကိုယ့်စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ကို ခွဲခြားရမယ်။ အနုပညာရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ ကိုယ်ပိုင် နယ်နိမိတ်ကို လေးစားဖို့ အရမ်းအရေးကြီးတယ်။ အစိုးရ ရှေ့နေတွေက တရားစွဲဆိုတာဟာ ခွင့်ပြုချက်မရှိတဲ့ ထိတွေ့မှုဟာ ရာဇဝတ်မှု ဖြစ်ကြောင်း ပြသလိုက်တာပဲ။
ဒီသတင်းက မြန်မာ့လူ့အဖွဲ့အစည်းအတွက် လိင်ပိုင်းဆိုင်ရာ ပညာပေး (Sexuality Education) တစ်ခုအနေနဲ့ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းပြီး ဆွေးနွေးသင့်တဲ့ ကိစ္စပါ။
မြန်မာ့ရိုးရာအမြင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ အမျိုးသားက အမျိုးသမီးကို ကျူးလွန်တယ်လို့ပဲ အများစုက သတ်မှတ်လေ့ ရှိပါတယ်။ အမျိုးသမီးတွေသာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုရဲ့ သားကောင်ဖြစ်ပြီး အမျိုးသားတွေက အမြဲတမ်း ကျူးလွန်သူပဲလို့ ထင်တတ်ကြတယ်။
ဒီဖြစ်ရပ်က အမျိုးသားတွေဟာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုရဲ့ သားကောင် ဖြစ်နိုင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါ။ စော်ကားမှုဟာ ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး စော်ကားခံရသူကို ဘယ်သူပဲဖြစ်စေ အမြဲတမ်း ယုံကြည်ပေးဖို့နဲ့ အသိအမှတ်ပြုပေးဖို့ အရေးကြီးပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု၊ အထူးသဖြင့် အနမ်းတစ်ခုလို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စမျိုးမှာ ရှင်းလင်းသော၊ လွတ်လပ်သော သဘောတူခွင့်ပြုချက် ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ချစ်ခင်လို့၊ အားပေးလို့ ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ထိတွေ့ခွင့်မရှိပါဘူး။
ဂျင်ဟာ မသက်မသာဖြစ်ပြီး ရုန်းကန်နေတယ်လို့ သတင်းထဲမှာ ဖော်ပြတယ်။ ဒါဟာ ‘No’ လို့ နှုတ်နဲ့ မပြောပေမယ့် ခန္ဓာကိုယ်အမူအရာနဲ့ သဘောမတူကြောင်း ပြသလိုက်တာပါပဲ။ သဘောတူခွင့်ပြုချက်မရှိဘဲ လုပ်တဲ့ ထိတွေ့မှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်နိုင်ပါတယ်။
ပရိသတ်တစ်ဦးက ကိုယ်ချစ်တဲ့ အနုပညာရှင်အပေါ် စိတ်ကူးယဉ်မှုတွေ ရှိနိုင်တယ်။ ဒါပေမဲ့ စိတ်ကူးယဉ်လောကနဲ့ လက်တွေ့လောကကို ခွဲခြားသိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အားပေးမှု၊ ချစ်ခင်မှုဟာ အခြားသူတစ်ယောက်ရဲ့ ကိုယ်ပိုင်နယ်နိမိတ်ကို ကျူးကျော်ဖို့အတွက် အကြောင်းပြချက် မဖြစ်စေရပါဘူး။
တောင်ကိုရီးယားက ဥပဒေအရ အရေးယူလိုက်တာဟာ လူ့အဖွဲ့အစည်းကို ရှင်းလင်းတဲ့ သတင်းစကား ပေးလိုက်တာပါ။ အဲ့ဒါကတော့ “သဘောတူခွင့်ပြုချက်မရှိဘဲ ထိတွေ့ခြင်းသည် ရာဇဝတ်မှုဖြစ်သည်” ဆိုတဲ့အချက်ပါပဲ။ ဒီလို တရားဥပဒေအရ အရေးယူမှုတွေဟာ နယ်နိမိတ်ကို ကျော်လွန်မယ့်သူတွေကို တားဆီးပေးနိုင်သလို၊ သားကောင်ဖြစ်သူကိုလည်း တရားမျှတမှု ရရှိစေပါတယ်။
မက္ကဆီကို သမ္မတ ရှိန်းဘောင်း စော်ကားခံရမှု
ဒီဖြစ်စဉ်က လွန်ခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်က မက္ကဆီကိုစီးတီး၊ အမျိုးသားနန်းတော်အနီး လမ်းမပေါ်မှာ ဖြစ်ခဲ့တာပါ။
အမျိုးသမီး သမ္မတ ကလော်ဒီယာ ရှိန်းဘောင်း ဟာ သူ့ကို အားပေးတဲ့ ပရိသတ်အုပ်စုတစ်စုနဲ့ စကားပြောနေတုန်း မိုဘိုင်းလ်ဖုန်း ရိုက်ကူးထားတဲ့ ဗီဒီယို မှာ အဲ့ဒီဖြစ်စဉ်ကို တွေ့ရပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးဟာ သမ္မတရဲ့ နောက်ကျောဘက် ကနေ ရုတ်တရက် ချဉ်းကပ်လာပြီး သူ့ရဲ့ လည်ပင်းကို နမ်းဖို့ ကြိုးစားတာနဲ့ ကိုယ်ခန္ဓာကို လက်နဲ့ထိတွေ့ဖို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။ သမ္မတ ရှိန်းဘောင်းက အဲဒီလူကို မြန်မြန်ဆန်ဆန် ရှောင်ထွက်သွား ပေမယ့် သမ္မတရဲ့ ထိပ်တန်းအရာရှိတစ်ဦး ဝင်ရောက်ဟန့်တားလိုက်တဲ့အချိန်မှာ သမ္မတဟာ သိသိသာသာ တုန်လှုပ်ချောက်ချားနေတာ ကို တွေ့မြင်ရပါတယ်။ အဲဒီ စော်ကားသူ အမျိုးသားကိုတော့ ချက်ချင်း ဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် (Bodily Autonomy) ဟာ အရေးကြီးဆုံးဆိုတာကို ပြသနေပါတယ်။
လူတိုင်းမှာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်ပြီး ဘယ်သူ့ကို ဘယ်လိုထိတွေ့ခွင့်ပေးမလဲ၊ ဘယ်အချိန်မှာ ပေးမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် အပြည့်အဝရှိပါတယ်။ “ချစ်ခင်လို့”၊ “အားပေးလို့” ဒါမှမဟုတ် “သမ္မတမို့လို့” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ဖက်လူရဲ့ ကိုယ်ပိုင်နယ်မြေကို ကျူးကျော်ခွင့်မရှိပါဘူး။ နိုင်ငံရေးသမား၊ အနုပညာရှင် စတာတွေဖြစ်နေလို့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ ပျောက်သွားတာ မဟုတ်ပါဘူး။ သမ္မတ ရှိန်းဘောင်းဟာ သူ့ဘဝတစ်လျှောက်လုံးမှာလည်း ပြည်သူ့ သယ်ယူပို့ဆောင်ရေးလို နေရာတွေမှာ အခုလိုမျိုး စော်ကားမှုတွေ ခံခဲ့ရဖူးကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖူးပါတယ်။
ဒီဖြစ်ရပ်ဟာ ခွင့်ပြုချက် (Consent)၊ ကိုယ်ပိုင်နယ်မြေ (Bodily Autonomy) နဲ့ လူမှုပတ်ဝန်းကျင်မှာ လေးစားမှုရှိဖို့အတွက် လိင်ပညာပေးမှု (Sex Education) ဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာကို ပြသနေပါတယ်။

လိင်မှုပညာပေးရေး
ဒီပညာပေးမှုရဲ့ ရည်ရွယ်ချက်ကတော့ လူတစ်ယောက်ချင်းစီအနေနဲ့ ဘဝတစ်လျှောက်လုံးမှာ သူတို့ရဲ့ ခန္ဓာကိုယ်၊ ဆက်ဆံရေးနဲ့ လိင်ကျန်းမာရေး အတွက် ဆင်ခြင်တုံတရားရှိတဲ့၊ ကျန်းမာတဲ့၊ လေးစားမှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ ခံယူချက်နဲ့ တန်ဖိုးတွေကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။ ပြည့်စုံပြီး စနစ်တကျ အထောက်အထားခိုင်မာတဲ့ လိင်မှု ပညာပေးခြင်းဟာ အခြေခံ ဇီဝဗေဒနဲ့ မျိုးပွားခြင်းကို ကျော်လွန်ပြီး ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကိုပါ ထည့်သွင်းသင်ကြားပေးပါတယ်။
အဓိက ရည်မှန်းချက်ကတော့ ကလေးတွေနဲ့ လူငယ်တွေဟာ သူတို့ရဲ့ ကျန်းမာရေး၊ သုခချမ်းသာနဲ့ ဂုဏ်သိက္ခာကို သိရှိနားလည်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့အတွက် စွမ်းရည်တွေ မြင့်တက်လာစေဖို့ပဲ ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ယူနက်စကို (UNESCO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့က ပြုစုထားတဲ့ လိင်မှုပညာပေးရေး သင်ခန်းစာတွေကို မဖြစ်မနေ လေ့လာသင်ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသင်ခန်းစာတွေဟာ ဘဝအတွက် အလွန်အရေးကြီးတဲ့ အသိပညာတွေကို စနစ်တကျ ပြန်လည်ဖြည့်ဆည်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီး သုံးခုရဲ့ လမ်းညွှန်ချက်တွေဟာ အဓိကအားဖြင့် လူငယ်တွေရဲ့ ကျန်းမာရေး၊ ဘဝနေထိုင်မှုပုံစံနဲ့ လူ့အခွင့်အရေး စတဲ့ အရေးပါတဲ့ အချက်တွေကို အခြေခံထားပါတယ်။
ယူနက်စကို (UNESCO) ရဲ့ လိင်မှုပညာပေးရေး လမ်းညွှန်ချက် (CSE)
ယူနက်စကိုရဲ့ အဓိက အာရုံစိုက်ချက်ကတော့ စနစ်တကျ ပြည့်စုံလွှမ်းခြုံသော လိင်မှုပညာပေးရေး (Comprehensive Sexuality Education – CSE) ကို အသက်အရွယ်အလိုက် သင့်တော်စွာ သင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီသင်ခန်းစာ တွေကို သိပ္ပံနည်းကျ အချက်အလက်နဲ့ လူ့အခွင့်အရေးအခြေခံ အပေါ်မှာ မူတည်ပြီး သင်ကြားရမှာပါ။ ယူနက်စကိုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး၊ သူတို့ရဲ့ဘဝမှာ ကျန်းမာတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းညွှန်ချက်ရဲ့ အနှစ်ချုပ်ကတော့ လူငယ်တွေကို ပြည့်စုံတဲ့ ဗဟုသုတနဲ့ မှန်ကန်တဲ့ တန်ဖိုးထားမှု တွေ ရှိလာအောင် မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။
UNFPA ရဲ့ လိင်မှုနှင့် မျိုးပွားကျန်းမာရေးဆိုင်ရာ အစီအစဉ်များ
UNFPA ရဲ့ အဓိက အာရုံစိုက်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ကျား/မ တန်းတူညီမျှရေး (Gender Equality) ကို အခြေခံပြီး လိင်မှုနဲ့ မျိုးပွားကျန်းမာရေး ဝန်ဆောင်မှုတွေကို လူတိုင်း ရရှိစေဖို့ပါပဲ။ သင်ကြားရမယ့် အကြောင်းအရာ တွေကတော့ ခွင့်ပြုချက် (Consent) နှင့် ကိုယ်ပိုင်နယ်မြေ (Bodily Autonomy)၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ခြင်းနဲ့ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးခြင်းတို့ ဖြစ်ပါတယ်။ UNFPA ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည် ရှိလာဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးကို အပြည့်အဝ ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမ်းညွှန်ချက်ရဲ့ အနှစ်ချုပ်ကတော့ အခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကို အားဖြည့်ပေးဖို့ပါပဲ။
WHO ရဲ့ လိင်ကျန်းမာရေးလမ်းညွှန်ချက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ လိင်ကျန်းမာရေးဆိုင်ရာ ကျန်းမာရေး အသိပညာ ကို တိုးတက်စေဖို့ကို အဓိက အာရုံ စိုက်ထား ပါတယ်။ သင်ကြားရမယ့် အကြောင်းအရာတွေထဲမှာ လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါများ (STIs)၊ HIV/AIDS ကာကွယ်ရေး၊ ဘေးကင်းတဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အကျင့်များနဲ့ မျိုးပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု တွေ ပါဝင်ပါတယ်။ WHO ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေရဲ့ ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချဖို့၊ ဘေးကင်းလုံခြုံတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု တွေကို အလွယ်တကူ ရယူတတ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် WHO လမ်းညွှန်ချက်ရဲ့ အနှစ်ချုပ်ကတော့ ကျန်းမာရေး အကာအကွယ် ကို အဓိကထားပြီး သင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာ အဆင့်မီ သင်ခန်းစာတွေကို လေ့လာခြင်းအားဖြင့် လူငယ်တွေဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ပိုပြီး တာဝန်ယူ နိုင်လာပါမယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တတ်လာပြီး လူ့အခွင့်အရေးနဲ့ လေးစားမှုအပေါ် အခြေခံတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်တတ်လာမှာ ဖြစ်ပါတယ်။
ယူနက်စကို (UNESCO) ရဲ့ လိင်မှုပညာပေးရေး
(CSE) ဆိုတာက လူငယ်တွေ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့၊ ဆင်ခြင်တုံ တရားရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ပညာပေးတာ ဖြစ်ပါတယ်။ ဒီပညာပေးမှုရဲ့ အခြေခံ အကျဆုံး မူကတော့ လူ့အခွင့်အရေး (Rights-Based Approach) ပဲ ဖြစ်ပြီး ကလေးတွေနဲ့ လူငယ်တွေဟာ သူတို့ရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေ ရပိုင်ခွင့် ရှိတယ်ဆိုတာကို အထူးအလေးထားပါတယ်။
ဒီ CSE ရဲ့ သင်ကြားမှု နယ်ပယ်ကလည်း ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံ (Comprehensive Scope) ပါတယ်။ ဇီဝဗေဒ (Biology) သက်သက်ကို ပဲ သင်တာမဟုတ်ဘဲ ဆက်ဆံရေး၊ သဘောတူညီမှု (Consent)၊ စိတ်ခံစားမှု၊ ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ လိင်မှုကိစ္စ အားလုံးကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းသင်ကြားပေးပါတယ်။ ရည်ရွယ်ချက်ကတော့ လူငယ်တွေကို လိုအပ်တဲ့ ဗဟုသုတ၊ စွမ်းရည်နဲ့ တန်ဖိုးတွေကို ပေးအပ်ပြီး သူတို့ကိုယ်တိုင် ကျန်းမာရေး အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ စွမ်းပကား မြှင့်တင်ပေးဖို့ (Empowerment Focus) ပါပဲ။ ဒါ့အပြင် သင်ရိုးညွှန်းတမ်းကိုလည်း ကလေးငယ်ဘဝကနေ လူကြီးဘဝအထိ အသက်အရွယ်အလိုက် သင့်တော်တဲ့ အကြောင်းအရာတွေကို ခွဲပြီး အသက်အရွယ်အလိုက် သင်ကြား (Age-Appropriate Delivery) ပေးပါတယ်။
CSE ရဲ့ နောက်ထပ် အရေးကြီးတဲ့ အပိုင်းကတော့ ကျား/မ တန်းတူညီမျှရေးကို မြှင့်တင်ခြင်း (Gender Equality Promotion) ပါ။ ဒါက အန္တရာယ်ရှိတဲ့ ကျား/မ ပုံစံခွဲခြားမှုတွေနဲ့ အယူအဆတွေကို စိန်ခေါ်ပြီး လိင်စိတ်နဲ့ ကျား/မ ခွဲခြားသတ်မှတ်မှု အမျိုးမျိုးကို လေးစားကာ တန်းတူညီမျှမှုကို တိုးမြှင့်ပေးဖို့ ရည်ရွယ်ပါတယ်။ ကျန်းမာရေးပိုင်းမှာဆိုရင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (STIs)၊ HIV၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ (Health and Well-Being) သင်ကြားပေးပါတယ်။ ဒါ့အပြင် လိင်စိတ်တိမ်းညွတ်မှု၊ ကျား/မ သတ်မှတ်မှု၊ မသန်စွမ်းမှု ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံ ကွဲပြားသူတွေ အပါအဝင် လူတိုင်းအတွက် ပါဝင်သင်ကြားနိုင်ဖို့ (Inclusivity) ကိုလည်း အာရုံစိုက်ပါတယ်။
လူငယ်တွေဟာ ဆက်ဆံရေးတွေနဲ့ လူမှုဖိအားတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဝေဖန်ပိုင်းခြားပြီး တွေးခေါ်ခြင်း (Critical Thinking Skills)၊ ဆက်သွယ်ပြောဆိုခြင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း စွမ်းရည်တွေကိုပါ ဒီပညာပေးမှုကနေ လေ့ကျင့်ပေးပါတယ်။ ဒီဘာသာရပ်ပါ အကြောင်းအရာတွေအားလုံးဟာ ဘက်လိုက်မှု မရှိဘဲ သိပ္ပံနည်းကျ အထောက်အထား (Evidence-Based Content) တွေနဲ့ အကောင်းဆုံး အလေ့အကျင့်တွေအပေါ် အခြေခံထားပါတယ်။ နောက်ဆုံးအနေနဲ့ ဒီ CSE အစီအစဉ်တွေကို ကျောင်းတွေ၊ ရပ်ရွာလူထုတွေ၊ မိသားစုတွေနဲ့ မီဒီယာတွေကတစ်ဆင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ နေရာပေါင်းစုံကနေ ပံ့ပိုးမှု (Multi-Setting Implementation) အပြည့်အဝနဲ့ ဆောင်ရွက်ပါတယ်။
ဗုဒ္ဓဘာသာက လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဘာသင်ပေးလဲ
ဗုဒ္ဓဘာသာမှာ ‘မေထုံငယ်’ လို့ ခေါ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီထဲမှာ ‘စက္ခု ရူပေန သံဝါသ’ (စက္ခု ရူပေန သံဝါသာ) လို့ ပြောတဲ့ လိုချင်စိတ်နဲ့ မျက်စိဖြင့် ပြစ်မှားကြည့်လိုက်တာကိုတောင် အပြစ်ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ကိုယ်က ရုပ်ပိုင်းဆိုင်ရာ ပြစ်မှားမှု မလုပ်ရသေးပေမယ့် အဲဒီလို ရုပ်အဆင်းကို ကြည့်ပြီး ကာမစိတ်နဲ့ စွဲကပ်သွားရင် ‘စိတ်ပိုင်းဆိုင်ရာ ညစ်နွမ်းမှု’ ဖြစ်သွားတာမို့ အကုသိုလ်ကံ ဖြစ်တယ်လို့ သတ်မှတ်ထားတာပါ။
လူသားတွေဆိုတာ ရုပ်နဲ့ နာမ် နှစ်ခုနဲ့ ဖွဲ့စည်းထားတော့ ‘ကိလေသာ’ ဆိုတဲ့ တရားတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိပါတယ်။ ဒါကြောင့် တစ်ချိန်ချိန်မှာ သတိလစ်ဟင်းလို့ဖြစ်စေ ကာမဂုဏ်ဆိုင်ရာ အမှားတွေကို ပြုလုပ်မိ နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို မှားသွားတာဟာ မကောင်းမှု အကုသိုလ်ဖြစ်တယ်ဆိုတာကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံတရားနဲ့ ပြန်ထိန်းသိမ်းဖို့ က အရေးကြီးဆုံးပါပဲ။
ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကတော့ သာသနာ့ဘောင်ကို ဝင်လာတဲ့သူတွေ ဖြစ်တဲ့အတွက် မြတ်စွာဘုရား ကိုယ်တော်တိုင် ချမှတ်ထားတဲ့ ‘ဝိနည်းပိဋကတ်တော်’ က စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာကြရပါတယ်။
အဲဒီ ဝိနည်းစည်းကမ်းတွေက သံဃာနဲ့ သီလရှင်တွေရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ဖြူစင်နေဖို့နဲ့ ဗုဒ္ဓဘာသာရဲ့ စင်ကြယ်မှုကို ထိန်းသိမ်းဖို့ အတွက် အဓိကသော့ချက်ပါပဲ။
ဥပမာအနေနဲ့ ပြောရရင် သံဃာတော်တစ်ပါးက လိင်မှုကိစ္စ (မေထုန်မှီဝဲခြင်း) ကို ကျူးလွန်မိရင် ပါရာဇိက အာပတ် သင့်သွားပါတော့တယ်။ အဲဒီလိုဖြစ်သွားရင် ရဟန်းအဖြစ်ကနေ အလိုအလျောက် ပျက်စီးသွားတယ် (သာသနာ့ဘောင်က ထွက်သွားတယ်) လို့ သတ်မှတ်ထားပါတယ်။
ပါရာဇိကအာပတ်သင့်ပြီဆိုရင် ဘယ်နည်းနဲ့မှ ပြန်လည်ကုစားလို့ မရတော့ဘဲ တစ်သက်လုံး သာသနာ့ဘောင် ကနေ ဖယ်ခွာရမယ့် အပြစ် အကြီးစား ဖြစ်ပါတယ်။
ဒီနေရာမှာ ပိဋကတ်စာပေ ပါဠိတော်ကနေ အောက်ပါစာပိုဒ်တစ်ခုကို ကိုးကား တင်ပြချင်ပါတယ်။
ပါရာဇိကအဓိပ္ပာယ် (၃) မျိုး
၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) – သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။
၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) – ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။
၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) – လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။
ထို သုံးမျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိကဟု ခေါ်သည်။
ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တွေအတွက်ကျတော့ ‘ကာမေသုမိစ္ဆာစာရ’ (သူများ သားသမီး၊ သူများ ဇနီးမယားကို မတရား ပြစ်မှားခြင်း) ဆိုတာ ထိန်းသိမ်းကြရပါတယ်။
ကာမေသုမိစ္ဆာစာရဝိရတိ အဆုံးအမကတော့ —
ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း (သူတစ်ပါးသားမယားကို မပြစ်မှား မကျူးလွန်ခြင်း) ဖြစ်တယ်လို့ လေ့လာရပါတယ်။
ဒါကြောင့် တရားဝင် လက်ထပ်ထိမ်းမြားပြီးမှ လိင်ကိစ္စ ဆက်ဆံတာက ဗုဒ္ဓရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ အပြုအမူ ဖြစ်ပါတယ်။ အိမ်ထောင်မပြုရသေးဘဲ အိမ်ထောင်ဖက် မဟုတ်သူတွေနဲ့ လိင်ဆက်ဆံတာ ကတော့ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်ပြီး ငါးပါးသီလကို ဖောက်ဖျက်တာဖြစ်လို့ မသင့်လျော်ဘူးလို့ ရှုမြင်ထားပါတယ်။
ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေနဲ့ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေအရဆိုရင် သစ္စာရှိတဲ့ ‘တစ်လင်တစ်မယားစနစ်’ ဟာ အကောင်းဆုံးပါပဲ။ အဲဒီစနစ်ကသာ မိသားစုဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းစေပြီး လူ့ဂုဏ် သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ဘဝနေထိုင်မှု ပုံစံပါပဲ။ ဒီစနစ်ဟာ မိသားစုငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သလို လူမှုရေး ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဗုဒ္ဓရဲ့ ‘သစ္စာလေးပါး’ တရားတော်အရ လောကမှာ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခ (ဒုက္ခသစ္စာ) တွေအားလုံးရဲ့ အဓိက အကြောင်းရင်းဟာ ‘တဏှာ’ (သမုဒယသစ္စာ) လို့ ခေါ်တဲ့ လိုချင်တပ်မက်မှု၊ စွဲလမ်းမှုတွေပဲ ဖြစ်တယ်လို့ မြတ်စွာဘုရားရှင်က သင်ကြားပေးခဲ့ပါတယ်။ ဒီတဏှာက ကာမဂုဏ်တွေကို တပ်မက်တာ၊ အမြဲရှိနေချင်တာ၊ ပျက်စီးသွားတာကို တပ်မက်တာ စသဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။ ဒါတွေဟာ သံသရာဝဋ်ဆင်းရဲကို ဆက်ပြီး ဖြစ်စေတဲ့ အရင်းခံတရားတွေ ဖြစ်တယ်လို့ သင်ကြား ပို့ချထားပါတယ်ခင်ဗျာ။
ခြွင်းချက်ရှိတဲ့ ဂျပန်နိုင်ငံက ထုံးထမ်းစဥ်လာတစ်ခု
ဒီနေရာမှာ ခြွင်းချက်အနေနဲ့ ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာ ကျောင်းတော်အချို့မှလွဲ၍ အာရှမှာရှိတဲ့ ဗုဒ္ဓဘာသာ ကျောင်းတော် အများစုရဲ့ သံဃာတော်တွေဟာ ဝိနည်းပိဋကတ်ကို ဆက်လက် လိုက်နာနေကြပါတယ်။
ဂျပန်မှာတော့ ၁၈၇၂ ခုနှစ် မီဂျီအစိုးရရဲ့ အမိန့်အရ ဘုန်းကြီးသံဃာတွေဟာ လက်ထပ်နိုင်ခွင့် ရှိလာပြီး “ကျောင်းတော် မိသားစု” ဆိုတာ ပျံ့နှံ့လာပါတယ်။ ဒါကြောင့် ဂျပန်မှာ လက်ထပ်ခြင်းရှိ-မရှိဆိုတာ ကျောင်းတော်အလိုက်၊ သံဃာအလိုက် ကွဲပြားသွားပါတယ်။ ၁၈၆၈ ခုနှစ်မှာ ဂျပန်မှာ မီဂျီခေတ် ပြန်လည်ထူထောင်ရေး (Meiji Restoration) လို့ခေါ်တဲ့ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုကြီး စတင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းအနေနဲ့ မီဂျီအစိုးရဟာ နိုင်ငံတော်ကို ခေတ်မီအောင်၊ လောကီဆန်အောင် ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို ပြုလုပ်တဲ့နေရာမှာ ၁၈၇၂ ခုနှစ်မှာ အစိုးရကနေ အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ကတော့…
ဗုဒ္ဓဘာသာ ဘုန်းကြီး သံဃာတွေဟာ အသားစားခွင့် ရှိတယ်။ ပြီးတော့ လက်ထပ်ခွင့် (အိမ်ထောင်ပြုခွင့်) လည်း ရှိတယ်လို့ တရားဝင် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုပေးလိုက်တာဟာ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတွေကို သာမန်အရပ်သားတွေလိုပဲ မိသားစု မှတ်ပုံတင်စနစ် (Secular Family Registration System) ထဲကို ပေါင်းစည်းဝင်ရောက်စေဖို့ ရည်ရွယ်ခဲ့တာလည်း ပါပါတယ်။
ဒီလို ဘုန်းကြီးတွေ တရားဝင် လက်ထပ်ခွင့်ရသွားတဲ့ အလေ့အထကို ဂျပန်လို “နိကုဂျိကိ စိုင်တိုင်” ( Nikujiki Saitai) လို့ ခေါ်ပါတယ်။ ဒီအမိန့်ကြောင့် ဂျပန်ဘုန်းကြီးအများစုဟာ လောကီလူ့ဘဝပုံစံနဲ့ နေထိုင်လာကြပြီး လက်ထပ်အိမ်ထောင်ပြုကြတာ အခုထိပဲ ဖြစ်ပါတယ်။
လက်ထပ်ထိမ်းမြားခြင်း
အနောက်တိုင်းက ဘာသာတရားနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ထုံးအများစုဟာ လက်ထပ်ထိမ်းမြားခြင်းကို ရှင်းလင်းပြတ်သားတဲ့ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ပါတယ်။ လက်ထပ်ပြီးမှ လိင်ဆက်ဆံရင် ကောင်းပြီး လက်ထပ်ခြင်းမရှိဘဲ ဆက်ဆံရင် မကောင်းဘူးဆိုတဲ့ သဘောပါ။
ဗုဒ္ဓဘာသာကတော့ သစ္စာရှိတဲ့ တစ်လင်တစ်မယားစနစ်ဟာ အကောင်းဆုံးလို့ ရှုမြင်ပါတယ်။
ဗုဒ္ဓဘာသာမှာ လိင်တူချစ်ခင်တာကို ဆန့်ကျင်တဲ့ အဆုံးအမတွေ တွေ့နိုင်ပေမယ့် ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရထက် ဒေသန္တရ ယဉ်ကျေးမှုဓလေ့ကို ပိုပြီး ရောင်ပြန်ဟပ်တာ ဖြစ်ပါတယ်။
လိုချင်တပ်မက်မှု
ဒုတိယ အရိယာသစ္စာမှာ ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်းဟာ တဏှာ (လိုချင်တပ်မက်မှု) ဖြစ်တယ်လို့ သင်ကြားပေးထားပါတယ်။
ဒါက လိုချင်တပ်မက်မှုတွေကို ဖိနှိပ်ထားရမယ် ဒါမှမဟုတ် ငြင်းပယ်ရမယ်လို့ မဆိုလိုပါဘူး။ ဗုဒ္ဓဘာသာ ကျင့်စဉ်မှာ ကိုယ့်ရဲ့ တပ်မက်မှုတွေကို အသိအမှတ်ပြုပြီး ဒါတွေဟာ အနှစ်မရှိတဲ့အရာ ဖြစ်တယ်လို့ သိမြင်အောင် လေ့လာရပါတယ်။ ဒါမှ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မှာပါ။ ဒီသဘောတရားဟာ အမုန်း၊ လောဘစတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေအတွက်လည်း မှန်ပါတယ်။ လိင်ဆန္ဒကလည်း မခြားနားပါဘူး။
ဗုဒ္ဓဘာသာက အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ပြီး အလယ်အလတ်လမ်းကို ရှာဖွေဖို့ အမြဲတမ်း သင်ကြား ပေးပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ဒီအတိုင်းပါပဲ။
တစ်ဦးချင်းအနေနဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပေမယ့် ကျွန်ုပ်တို့ကို လမ်းပြပေးမယ့်အရာတွေက စည်းမျဉ်းစာရင်းတွေ မဟုတ်ဘဲ ပညာ နဲ့ မေတ္တာတို့သာ ဖြစ်ပါတယ်။
SOURCES:
- UNESCO : International Technical Guidance on Sexuality Education (CSE )
- UNFPA & WHO operational guidances
- What Buddhism Teaches About Sex?


