The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၄)

Share မယ်

လတ်တလော ကမ္ဘာကြီးရဲ့ အခြေအနေ

ဦးမိုး – ဂွတ်မောနင်း။ ကိုတိုး လာဗျာ ထိုင်ဗျာ။ ခင်ဗျား လာမယ်ဆိုလို့ စောင့်နေတာ။ ကျွန်တော်လည်း ရောက်တာ မကြာသေးဘူး။ ကျွန်တော် လက်ဖက်ရည်တောင် မမှာရသေးဘူး။ ဟေ့ ချာတိတ်ရေ။ တို့ဝိုင်းကို ခါတိုင်းလိုပဲ လုပ်ကွာ။ ပေါ့ဆိမ့် နှစ်ခွက်။

ဦးတိုး – ဂွတ်ဒ် မောနင်းပါဗျာ။ ကျေးဇူးပဲ ကိုမိုး၊ နေကောင်းတယ်နော်။

ဦးမိုး – ကောင်းတယ် ကောင်းတယ်။ ကျွန်တော်ကတော့ ကောင်းတယ်။ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးလည်း နေကောင်းရဲ့လား မသိ ဟား ဟား ဟား။

ဦးတိုး – ကိုတိုးကတော့ လုပ်ပြီ။ စောစောစီးစီး။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီမှာသာ ရာသီဥတု အေးစိမ့်စိမ့်နဲ့ နေလို့ကောင်းရုံလေး ဖြစ်နေတာ။ ကျွန်တော်တို့ရဲ့ အနီးအနား တစ်ဝိုက်မှာတော့ မိုးရွာလား ရွာရဲ့။ ရေကြီးလား ကြီးရဲ့။ မြေပြိုလားဆို ပြိုရဲ့ဗျာ။

ဦးမိုး – ဟုတ်တယ်။ ကြားရတာ မသက်မသာ။ နောက် ဟောင်ကောင်မှာလည်း မီးလောင်တယ်ဆိုလို့ ပထမတော့ အမှုမဲ့ အမှတ်မဲပဲ။ ဒါပေမဲ့ နိုင်ငံတကာ သတင်းဌာနတွေက တကူးတက ထုတ်လွှင့်နေတော့မှ ကြည့်လိုက်တော့ နည်းနည်းနောနောလားဗျာ။ လူနေတိုက်ခန်တွဲကြီး ကုန်ပါရောလား။ လူတွေလည်း သေတာမနည်းမနောပဲဗျ။ ၇၇ နှစ်အတွင်း ဟောင်ကောင်ရဲ့ အကြီးဆုံးနဲ့ လူအသေအပျောက် အများဆုံး မီးလောင်မှုကြီးဆိုပါလားဗျ။

ဟောင်ကောင်မီး (Photo: The Guardian)

ဦးတိုး – အင်း ကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း တချို့နေရာတွေမှာ ရေကြီး၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှာလည်း ရေကြီး မြေပြိုတာတွေဖြစ်လို့ ပျောက်ဆုံး သေဆုံးတဲ့လူတွေ နည်းမှ မနည်းပဲ။ တစ်ပြိုင်နက်တည်းလိုလိုမှာပဲ သီရိလင်္ကာနိုင်ငံ မှာလည်း မိုးများပြီး ရေကြီးတာ လူပေါင်း ၄၅၀ လောက် အသက်ဆုံးရှုံးသွားကြတယ်လို့ ဖတ်လိုက်ရတယ်။ 

သီရိလင်္ကာ ရေဘေး (ပုံ – Britannica)

ဦးမိုး – ဂျပန်နဲ့ တရုတ်တို့လည်း ထိုင်ဝမ်အရေးနဲ့ အပြန်အလှန်တွေဖြစ်လို့ အာရှ-ပိစိဖိတ်တစ်ဝိုက် မငြိမ်မသက်လည်း ဖြစ်နေသေးတယ်နော်။ ကိုတိုး ကြားသေးလား။

ဦးတိုး – ဟုတ်တယ် မကြာသေးခင်ကပဲ အိုကီနာဝါနားမှာ တရုတ်က ရေတပ် စစ်ရေး လေ့ကျင့်မှုလာလုပ်လို့ ဂျပန်က တရုတ် သံအမတ်ကို ခေါ်ပြီး ကန့်ကွက်လိုက်တယ်လို့ သိလိုက်တယ်။ ဒါက ဂျပန် ဝန်ကြီးချုပ်သစ် တာကိုင်ချီ ဆာနေးက ထိုင်ဝမ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုလိုက်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံစလုံး ရန်တစောင်စောင်နဲ့ ဖြစ်နေကြတာ အခုထက်ထိပဲ ဆိုပါတော့။ အဲဒီအနား တစ်ဝိုက်လည်း ရုရှား စစ်လေယာဥ်တွေ၊ အမေရိကန် စစ်လေယာဥ်တွေရော ခြေရှုပ်နေလို့ တောင်ကိုရီးယားက တရုတ်နဲ့ ရုရှား လေယာဥ်တွေ လေပိုင်နက်ထဲ ရောက်လာလို့ တရားဝင် ကန့်ကွက်စာ ထုတ်ပြောထားတယ် လို့ ပြောတယ်ဗျ။

 ဦးမိုး – ဒီလိုလား။ ဒါနဲ့ ကျွန်တော်တို့ အိမ်နီးချင်းမိတ်ဆွေတွေရော၊ တလောက ခေါင်းဆောင်နှစ်ဦး အာဆီယံ ထိပ်သီး ညီလာခံမှာ ပြေလည်သွားပြီဆိုပြီး လက်ဆွဲနှုတ်ဆက် ဓာတ်ပုံရိုက်ကြနဲ့ လုပ်ခဲ့ကြတာလေ။ အခုတော့ ထိုင်း နဲ့ ကမ္ဘောဒီးယားတို့လည်း အပြန်အလှန် ပြန်ပစ်ခတ်နေကြပြီဆိုတာ ကြားလိုက်သေးလား။

ဦးတိုး – ဒီတလောလည်း သတင်းတွေက စုံနေတော့ ကြားတော့ကြားလိုက်တယ်။ နောက်ဆက်တွဲတွေတော့ မသိလိုက်ဘူး။ ပြောပါဦး ပြီးသွားကြပြန်ပြီလား။ ဒီတစ်ခါ တကယ်ပြီးသွားတာလား။

ဦးမိုး – ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်ပြီး ပစ်ကြ ခတ်ကြတာလေ။ အဲဒီနေ့ကစပြီး မရပ်မနားဖြစ်နေလို့ နှစ်နိုင်ငံ နယ်စပ်အနီး တစ်ဝိုက်က လူ ငါး သိန်းနီးပါးကို ဘေးလွတ်ရာကို ရွေ့ပြောင်းပေးခဲ့ကြတယ်လို့ သိရတယ်။ အဲဒီလိုနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ရောက်တော့ ထိုင်းနိုင်ငံမှာ အာဆီယံ အားကစားပြိုင်ပွဲကို ရောက်နေတဲ့ အားကစားသမားတွေ အားလုံးကို ကမ္ဘောဒီးယား နိုင်ငံက လုံခြုံရေး အကြောင်းပြပြီး သူတို့နိုင်ငံကို ပြန်ခေါ်သွားကြတယ်။

ဦးတိုး – ဟာ ခက်တာပဲ။ ဒီလောက်တောင် ဖြစ်ကုန်ကြတာလား။ ဒါနဲ့ အမေရိကန် သမ္မတ ထရမ့်က သူပဲ ကြားက ဝင်စေ့စပ်ပေးလို့ ဒီစစ်ပွဲက ရပ်သွားတာဆို။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတုန်းကလည်း သူရှေ့မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပြုံးလို့ ရယ်လို့ စစ်ပြေငြိမ်းရေး လက်မှတ် ထိုးကြတာမဟုတ်လားဗျ။

ဦးမိုး – ဟုတ်တာပေါ့။ ကျွန်တော် ဒီနေ့ မနက်စောစာက ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်မှာတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ သမ္မတ ထရမ့်က ဖုန်းဆက်လာမှာကို စောင့်နေကြသတဲ့။ ဒီဇင်ဘာ ၁၁ ရက်နေ့က ထရမ့်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ သူမနက်ဖြန်ကျ ရင် နှစ်ယောက်စလုံးကို ဖုန်းခေါ်ပြီး ရပ်ခိုင်းလိုက်မယ် လို့ ပြောသတဲ့။ အဲဒီလောက် လွယ်သလားဗျာ။

ဦးတိုး – ရယ်လဲ ရယ်ရပါ့။ စစ်ပွဲတစ်ပွဲကို သူက ရပ်ဆိုရင် မရပ်ခဲ့လို့ အခုလို ပြန်ဖြစ်တာပေါ့ဗျ။ သူကသာ ဒီလိုပြောနေတာ သူ့နိုင်ငံမှာတောင် သူ့ဒုက္ခနဲ့သူ ဖြစ်နေတာဗျ။

ဦးမိုး – ဟုတ်လား။ ဘာတွေဖြစ်နေလို့လဲ။

ဦးတိုး – ဟိုတလောက ကာကွယ်ရေး ဌာနကို စစ်ရေး ဌာနလို့ ပြောင်းလိုက်တဲ့ စစ်ရေးဝန်ကြီး ပိထ်ဟက်ဆက်သ်ပေါ့။ မူးယစ်ဆေးဝါးတွေ မှောင်ခိုသယ်လာတယ်လို့ စွပ်စွဲပြီး နိုင်ငံတကာ ရေပြင်မှာ ဗင်နီဇွဲလားနိုင်ငံက သင်္ဘောငယ်တွေကို နှိမ်နင်း ပစ်ခတ်နေရင်းက သင်္ဘောတစ်စင်းကို ထိပြီး အဲဒီကလွင့်စဥ်ထွက်လာပြီး အသက်ရှင်ကျန်သေးတယ်လို့ ယူဆရတဲ့ လှေသေးသေးလေးပေါ်မှာ ဘာလက်နက်မှ ကိုင်မထားတဲ့ လူနှစ်ယောက်ကို ဒုံးကျည်နဲ့ ပစ်ပြီး အပြတ် ရှင်းပစ်လိုက်ပါရောလား။

ဦးမိုး – နိုင်ငံတကာ ဥပဒေမှာ လက်နက်မရှိတဲ့ လူတွေကို ပစ်ခတ် သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကြားဖူးထားတာ ဟုတ်လားဗျ။ အဲဒီတော့…

ဦးတိုး – အဲဒါကြောင့် အမေရိကန်အစိုးရ ဒုက္ခရောက်နေတယ် ပြောတာပေါ့ဗျ။ ဒါကိုသိသွားကြတဲ့ သတင်းထောက်တွေက ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုကြတယ်။ နောက် ဒီကိစ္စမှာ တာဝန်အရှိဆုံးသူဖြစ်တဲ့ ဝန်ကြီး ပိထ်ဟက်ဆက်သ် ကိုယ်တိုင်လည်း အရင်တုန်းက စစ်ရာဇဝတ်မှုကြောင်းမြောက်နိုင်တဲ့ ဒီလိုကိစ္စမျိုးကို အထက်က ခိုင်းရင်တောင် ငြင်းဆန်ခွင့်ရှိတယ် ဘာညာနဲ့ ပြောခဲ့ဖူးတဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာတော့ ပိုဆိုးကုန်တာပေါ့ဗျာ။

ဦးမိုး – အေးလေ ရယ်ရခက် ငိုရခက် ကိစ္စပဲဗျ။ ဒါနဲ့ ဗင်နီဇွဲလားဆိုလို့ ခင်ဗျားကို မေးရဦးမယ် ထရမ့်က ဗင်နီဇွဲလားနိုင်ငံကို ဝင်တိုက်မယ် ဘာမယ် လုပ်နေတာ ဘယ်လိုလဲ။ ဖြဲခြောက်နေတာလား တကယ်တိုက်မယ့် အခြေအနေလား။

ဦးတိုး – ခင်ဗျားလည်း ထရမ့်အကြောင်းသိတာပဲလေ။ ဒီပုဂ္ဂိုလ်က ဘာမှ မှန်းလို့ရတာမဟုတ်ဘူးဗျ။ သူက တကယ်ပြောနေတာလား ထင်ရာပြောနေတာလားဆိုတာ မှန်းဖို့ ခက်တဲ့လူဗျ။ ကာရေဘီယံ ပင်လယ်ထဲကို ရေတပ် စစ်သင်္ဘောတွေ လွှတ်လားလွှတ်ရဲ့။ ဗင်နီဇွဲလား သမ္မတ မာဒူရိုကိုလည်း ဖုန်းဆက်တယ်လို့ ပြောလားပြောရဲ့။ သတင်းတွေ အရတော့ ဒီဇင်ဘာ ၁၁ ရက်နေ့က ဗင်နီဇွဲလား ပုဂ္ဂလိကပိုင် ရေနံတင် သင်္ဘောတစ်စင်းကို အမေရိကန်တပ်တွေက ထိန်းသိမ်းလိုက်တယ်လို့ ပြောတယ်။

ဦးမိုး – အဲဒီလို လုပ်လို့ရလားဗျ။ ကျွန်တော် တကယ် နားမလည်လို့ပါ။

ဦးတိုး – ဒီလိုဗျ။ အမေရိကန်နိုင်ငံက စွပ်စွဲတာက ဗင်နီဇွဲလား ရေနံတင်သင်္ဘောက ရေနံတွေကို အီရန်နိုင်ငံကို တင်ပို့တာလို့ ပြောတယ်။ သူပြောတာမှန်တယ်ဆိုရင်တော့ အီရန်က နိုင်ငံက စီးပွားရေး ပိတ်ဆို့ခံရတဲ့ နိုင်ငံဆိုတော့ ဒီလုပ်တာ မမှားဘူးလို့ ပြောလို့ရတယ်။

ဦးမိုး – သြော် ဟုတ်ပါပြီ။ ဒါနဲ့ ရုရှားနဲ့ အမေရိကန်တို့ ဦးဆောင်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲရပ်ဖို့ အဆိုပြုချက်ရော ဘယ်အခြေအနေ ရောက်ပြီနေပြီလဲဗျ။ ဒီစစ်ပွဲကို ပြီးစေချင်လှပါပြီဗျာ။ ဘယ်စစ်ပွဲမှ မဖြစ်စေချင်တော့ပါဘူး။

ဦးတိုး – ကျွန်တော်လည်း အတူတူပါပဲ။ စစ်ပွဲတွေဟာ မကောင်းပါဘူး။ အမေရိကန်က စစ်ပွဲရပ် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ကိုယ်စားလှယ်တော် စတိဗ် ဝှစ်ကော့နဲ့ ထရမ့် သမက် ဂျရက် ကူရှနာတို့ မော်စကိုမှာ ရုရှား ခေါင်းဆောင် ပူတင်နဲ့ သွားဆွေးနွေးကြတယ်။ ဒါပေမဲ့ ဘာမှ ထူးထူးခြားခြား တိုးတက်မှုတော့ မရှိဘူးလို့ကြားရတာပဲ။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ (ဝဲ) နှင့် ရုရှား သမ္မတ ပူတင် အဖွဲ့ (ယာ) တို့ မော်စကိုတွင် ယူကရိန်းအရေး ညှိနှိုင်းကြစဥ် (ပုံ – Reuters)

ဦးမိုး – စတိဗ်ဝှစ်ကော့ကတော့ ဟုတ်ပါပြီ။ ထရမ့်သမက် ဂျရက် ကူရှနာက စီးပွားရေးသမား မဟုတ်လား။ သူကဘာလို့ ပါသွားရတာလဲ။

ဦးတိုး – ခင်ဗျားမေးသလိုပဲ လူတော်တော်များများလည်း ဒီမေးခွန်းကို မေးကြတယ်။ အမှန်တော့ ဂျရက် ကူရှနာက ထရမ့်အစိုးရမှာ ဘာရာထူး ဘာတာဝန်မှ ပေးထားတာမရှိဘူး။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို စေ့စပ်ညှိနှိုင်းဖို့ သူပါသွားတာတာကို အားလုံးက စိတ်ဝင်စားနေကြတာ။

ဦးမိုး – ထားပါတော့။ စစ်ပွဲကိုပဲ စိတ်ဝင်စားပါတယ်။ ဘာဆက်ဖြစ်ကြသေးလဲ။

ဦးတိုး – ထရမ့်ကိုယ်တိုင်လည်း နောက်တစ်ဆင့်က ဘာဖြစ်မလဲဆိုတာ သူမသိဘူးတော့ဘူးလို့ ဝန်ခံတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီး ကတော့ ရုရှားက တစ်ကမ္ဘာလုံးက ခေါင်းဆောင်တွေရဲ့ အချိန်ကို ဖြုန်းနေတာလို့ ဝင်ပြောတယ်။ ဒါပေမဲ့ ပူတင်ကတော့ လေတော့ မလျှော့ဘူးဗျ။ ဥရောပကို စစ်တိုက်ဖို့ အသင့်ရှိတယ်လို့ ထပ်ပြောတယ်။ အဲဒါနဲ့ပဲ နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ ကသုတ်ကရက်နဲ့ ဘရပ်ဆဲမှာ စုဝေးကြပြီး ပြောနေကျအတိုင်း ယူကရိန်းကို ဆက်လက်ထောက်ခံ ကြမယ် ဆိုတာလောက်နဲ့ ပြီးသွားကြတယ်။ အစည်းအဝေးအပြီး ဘာမှ ထူးထူးခြားခြား ဆုံးဖြတ်ချက်တွေ ထွက်မလာဘူး။ နေတိုး အတွင်းရေးမှုးချုပ် မာခ့်ရုတ်က “မစ္စတာ ထရမ့် တစ်ဦးတည်းသာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့” ပြောတယ်။

ဦးမိုး – သြော် နေတိုး အတွင်းရေးမှုး မာခ့်ရုတ်ဆိုတာ ထရမ့်ကို “ဒက်ဒီ ဖေဖေကြီး” လို့ခေါ်တဲ့ ပုဂ္ဂိုလ်ကြီးလား။ ခက်တာပဲဗျာ။

ဦးတိုး – ဒါတင် မဟုတ်သေးဘူး။ ဥရောပ ကော်မရှင်က ရုရှားရဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းနဲ့ ငွေတွေကို ယူကရိန်းအတွက် စစ်လက်နက်အတွက် ထောက်ပံ့မယ်ဆိုတဲ့ အဆိုကို ဆွေးနွေးနေတာလည်း ကြာနေပြီး အခုအထိ လိပ်ခဲတည်းလည်းပဲတဲ့။ 

ဦးမိုး – ကဲ ကဲ ခဏနေ ပြန်ကြရအောင်။ ဘာသတင်းကောင်း ရှိသေးလဲဗျ။

ဦးတိုး – သတင်းကောင်းလား သတင်းဆိုးလားတော့ ခင်ဗျားပဲ ဆုံးဖြတ်တော့ဗျာ။ ကျွန်တော်ကတော့ သတင်းကိုပဲ ပြောပြမယ်။ လက်ရှိ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုက သမ္မတ အိုင်ဇက် ဟားဇော့ ဆီကနေ သူ့ကို လိမ်လည်မှု၊ လာဘ်စားမှုတွေ စတာတွေနဲ့ စွပ်စွဲပြီး တရားရင်ဆိုင်နေရတာကို သူဘာမှမလုပ်ရပါဘူး။ ဒါကြောင့်မို့လို့ ဒီအမှုတွေကို ဆက် စစ်ဆေး မနေတော့ဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုလိုက်တယ်တဲ့။ အရင်ကတည်းက သမ္မတ ထရမ့်က ဒီအမှုတွေနဲ့ စွပ်စွဲထားတာကို ရပ်သင့်တယ်။ နေတန်ညာဟုဟာ တိုင်းပြည်အတွက် အများကြီး လုပ်ပေးခဲ့တဲ့ အမျိုးသား သူရဲကောင်း မို့လို့ သူ့ကို ဒီလိုမဆက်ဆံသင့်ဘူး လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်တယ် တဲ့။

ဦးမိုး – ဟမ်… နေတန်ညာဟုက တလောကပဲ ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆု အတွက် ထောက်ခံပေးထားတယ်လို့ ပြောခဲ့သေးတာ မဟုတ်လား။ လိုက်လဲ လိုက်တဲ့နှစ်ယောက်ဗျာ။

ဦးတိုး.. ကဲကဲ ကျွန်တော် ပြန်ပြီ။ လမ်းမှာ မနက်ခင်းစာလေး ဝယ်ပြီး လင်မယားနှစ်ယောက် အတူတူစားကြမယ်လို့ မိန်းမကို ပြောခဲ့တယ်ဗျ။ နောက်မှ တွေ့ဦးမယ်ဗျို့။

ကိုးကား –  နိုင်ငံတကာ နေ့စဥ် သတင်းများ

Click to rate this post!
[Total: 0 Average: 0]