The Corner

The Corner

cropped-Logo_round_grey-background.png

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

Share မယ်

ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်

အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့် စေတနာမှာ ဆရာရေးသားပြုစုခဲ့သော စာအုပ်ကသက်သေပင်ဖြစ်သည်။ ထိုစာအုပ်သည် ပခုက္ကူ ဦးအုန်းဖေ စာပေဆုလည်းရခဲ့သလို မြန်မာ့ပန်းချီ ပန်းပု လောကအတွက် မရှိမဖြစ် ပန်းချီ အဘိဓာန် စာအုပ်ဆိုလည်း မမှားပေ။ ဟိုတစ်ချိန် စာရေးသူတို့ ခပ်ငယ်ငယ် ကာလများက ပန်းချီစာအုပ်ဆို၍ လက်ချိုး ရေ၍ရ၏။ ပန်းချီ၊ ပန်းပု ပညာရှင်တို့၏ အတ္ထုပ္ပတ္တိဆန်ဆန် ရေးသားခဲ့သည့် စာအုပ်ဆို၍ ဂျီလှမောင်ရေးသည့် ကမ္ဘာ့ပန်းချီသိ မြန်မာ့ပန်းချီသိ စာအုပ်နှင့် ကာတွန်းဆရာကြီး ဦးဘထွေး၏ ပန်းချီ ပန်းပုမှတ်တမ်းစာအုပ်နှစ်အုပ်မျှသာရှိခဲ့သည်။ ယခု ထိုလိုနေသော ကွက်လပ်တစ်ခုအား ဆရာက ဖြည့်ဆည်းခဲ့လေသည်။ ဆရာသည် ငယ်စဉ်ကာလများက လည်း ပန်းချီဆုများရရှိ့ခဲ့သလို နွားခိုးငတိုဝတ္တုကိုလည်း ဒီးဒုတ်ဂျာနယ်၌ ဖော်ပြခံခဲ့ရဖူးလေသည်။ ထိုဝတ္တုသည် ဆရာ၏စာပေခရီးအစတစ်ခုပင်ဖြစ်သည်။ ပညာတန်ဆောင် မဂ္ဂဇင်းမှာလည်း ကလေး ပန်းချီ ဆောင်းပါးများ ရေးသားခဲ့သလို ပညာလောကမဂ္ဂဇင်း၊ ငွေတာရီ၊ တို့ကျောင်းသား၊ ရွှေသွေး၊  လုပ်သားဂျာနယ်၊ ဗမာခေတ်သတင်းစာ၊ လူထုသတင်းစာ၊ ဟံသာဝတီသတင်းစာ၊ ပန်မဂ္ဂဇင်းနှင့် အလှပညာမဂ္ဂဇင်းများ၌လည်း ပန်းချီပန်းပု အနုပညာ ဆိုင်ရာဆောင်းပါးများစွာကို ရေးသားခဲ့လေသည်။ စုစုပေါင်း ဆောင်းပါး အပုဒ်ရေ ၂၅၀ ကျော်ခန့် ရေးသား ခဲ့လေသည်။ ၎င်းတို့အပြင် ကမ္ဘာ့ပန်းချီကျော်များ စာအုပ်နှင့် မြန်မာ့ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်များ စာအုပ်တို့အပြင် ကဗျာများကို လည်း ရံဖန်ရံခါရေးသားခဲ့လေသည်။ စာရေးသားရာ၌လည်း ဦးဉာဏ်ရှိန် အမည်ဖြင့် ရေးသလို ဇင်ယော်၊ ညိုသန့်၊ ညိုဝင်းရှင် စသည့်ကလောင်ခွဲများဖြင့်လည်း ရေးသားခဲ့လေသည်။

ဆရာကြီး ဦးဉာဏ်ရှိန်ကို ၁၉၂၅ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ အဖ ဦးစံဘ အမိ ဒေါ်မေ တို့မှ မွေးဖွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ၁၉၃၉ ခုနှစ်တွင် တောင်တွင်းကြီးမြို့ အမျိုးသားကျောင်းမှ ကိုးတန်း အောင်မြင်ခဲ့ပြီး အခြေခံ ပန်းချီပညာကို ဆရာကြီး ဦးဘရွှေနှင့် ဦးစံရှိန်တို့ထံတွင် သင်ကြားခဲ့ပြီးနောက် တောင်တွင်းကြီး ပန်းချီ ပြန့်ပွားရေးအသင်း တွင်လည်းလေ့ကျင့်သင်ကြားခဲ့လေသည်။ ရေဆေးပညာကို ရေဆေးမင်းသား ဆရာဆောင်ထံ၌ သင်ယူခဲ့သလို ဆီဆေးပညာ ကိုလည်း ဆရာ မန္တလေး၌ တာဝန်ထမ်းဆောင်စဉ်ကပင် ရန်ကုန်မှ ဆရာကြီး ဦးစံဝင်းထံသို့ ၎င်းရေးဆွဲသည့် ပန်းချီကားများပို့၍ (ပန်းချီ အနုပညာဝန်ထောက်) ထံ အပြန်အလှန် စာပေး စာယူ စနစ်ဖြင့် သင်ယူဆည်းပူးခဲ့သလို လူကိုယ်တိုင်လည်း သင်ယူခဲ့ လေသည်။

အစိုးရ ဝန်ထမ်း ဘဝကို ၁၉၅၀ မှ ၁၉၈၄ ခုနှစ်ကာလအထိ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၆၅ တွင် လက်ထောက်ကထိက၊ ၁၉၆၇ တွင် ပန်းချီ ပညာအုပ် လက်ထောက် ကြီးကြပ်ရေးမှူး စသည်ဖြင့် ၃၄ နှစ်ကြာမျှ ပညာရေး ဌာန တွင် ထမ်းဆောင်ခဲ့သည်။ ရန်ကုန် အနုပညာ အသင်း၏ တာဝန်ပေးချက်အရ ရန်ကုန် တက္ကသိုလ်၌ အချိန်ပိုင်း နည်းပြအဖြစ် နှစ်နှစ်တာမျှ သင်ကြား ပို့ချခဲ့သည်။ ၁၉၅၃-၁၉၅၄ခုနှစ်အတွင်းက  အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တွင် ကျင်းပသည့် အမေရိကန်နိုင်ငံမှ ကလေးများ အနုပညာသင်ကြားမှုဆိုင်ရာ ပါမောက္ခနှင့် အဖွဲ့ဝင်များ သင်ကြားပို့ချမှု သင်တန်းသို့ သွားရောက်ရန် မြန်မာနိုင်ငံမှ ပညာရေးအရာရှိ နှစ်ဦးနှင့် ဆရာကြီး ဦးဉာဏ်ရှိန်အား ရွေးချယ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း အကြောင်း မညီညွတ်သဖြင့် အစီအစဥ်ကို ပယ်ဖျက်လိုက်သည်။ ထို့နောက် ယင်းနေ့မှာပင် ကလေးများ အနုပညာ သင်ကြားမှုဆိုင်ရာ ပါမောက္ခသည် အိန္ဒိယ နိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တမျှ ရောက်ရှိပြီးနောက် ရန်ကုန်မြို့ရှိ ပန်းချီအနုပညာ ဆရာ ဆရာမ များအတွက် သင်ကြားပို့ချမှု ခွင့်ပန်ရာ ရက်တို သင်တန်းဖွင့်လှစ်ဖြစ်ခဲ့သည်။ ယင်းသင်တန်းတွင်လည်း ဆရာကြီး ဦးဉာဏ်ရှိန်သည် ပါမောက္ခ၏ ဂုဏ်ပြု ချီးမွမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၆၁ တွင် နိုင်ငံတကာ ပန်းချီ ပြိုင်ပွဲများတွင်လည်း ဆရာကြီး ဦးဉာဏ်ရှိန်၏ တပည့်များ ဆုရရှိခဲ့သည့် အပြင် ဆရာ၏သား ဖြစ်သူ မောင်ကြည်စိုးကလည်း ဆွတ်ခူးရရှိခဲ့သည်။ ပိုလန်နိုင်ငံ ဝါဆော မြို့ အနုပညာ အကယ်ဒမီ ပါမောက္ခ၏ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ယူဂိုဆလားဗီးယား နိုင်ငံမှ အနုပညာ အကယ်ဒမီ ပါမောက္ခ ကလေးပန်းချီ သင်ကြားမှု ဒီပလိုမာ လက်မှတ်နှင့် ဆုတံဆိပ်များကိုလည်း ချီးမြင့်ခြင်း ခံခဲ့ရသည်။ ဤနှစ်တွင်လည်း ဆရာ၏သားငယ်ဖြစ်သူ ထွန်းထွန်းမျိုးသည် ဆုတံဆိပ် သုံးခု တစ်ပြိုင်တည်းရရှိခဲ့သည်။ မြန်မာနိုင်ငံ ပန်းရိုးရာ ပညာရှင်များ အစည်အရုံးဗဟိုတွင်လည်း နာယက အဖြစ်လည်း ဆောင်ရွက်ခဲ့လေသည်။ ဆရာ၏ ရေဆေးကားများ ကလည်း စွဲမက်ဖွယ် ကောင်းလေသည်။ ဆရာ၏ အာရုံများကြောင့် လှပသော အရောင်များ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်မှာ အသေချာပင်။ ရေဆေးကို အစိုအခြောက် ရေး နည်း dry & wash ရေးဆွဲထားပြီး layer by layer တစ်လွှာပြီး တစ်လွှာ ပေါင်းစပ်ခြင်း ကြောင့် မတူကွဲပြား ခြားနားသော အရောင်များရောစပ်၍ လှပသော အရောင်များ အဖြစ်သို့ ကူးပြောင်း ခဲ့သည်မှာ အသေချာပင် ဖြစ်သည်။ atmosphere effect ဖြင့် အချိုးညီညီ ပေါင်းစပ်ရေးဆွဲထားသော ပန်းချီကားများပင် ဖြစ်ပေတော့သည်။ ဆရာရေးဆွဲသောနည်းကား ယခုအချိန်အထိ ကမ္ဘာပေါ်တွင် ခေတ်စားနေဆဲပင်ဖြစ်သည်။  ရေဆေး ပန်းချီတွင် ကိုယ်ပိုင်ဟန်ဖြင့် ရေးဆွဲကြသူများမှာ ဦးဘဉာဏ်၊ ဦးဘဇော်၊ ဦးထွန်းလှ၊ ဆရာဆောင်၊ ဦးမောင်မောင်မြ၊ ဦးချစ်မောင်၊ ဗိုလ်ကလေးကျော်လှိုင်၊ ဦးဘသက်၊ ဦးအုန်းလွင်၊ ဦးကြည်၊ ဦးရွှေအောင်သိန်း၊ ဦးကံညွန့်၊ ဦးခင်မောင်သန်း၊ ဦးကျော်လေး၊ ဦးမာလာ၊ ဦးမြအေး၊ ဆရာဦးဉာဏ်ရှိန်တို့သည် ကိုယ်ပိုင်ရေးချက် ကိုယ်ပိုင်ဟန်များရှိကြသူများဖြစ်သည်။ လက်ရှိခေတ်၌လည်း သီးခြား ကိုယ်ပိုင်ဟန် ဖြင့် ရေးနေသော ပန်းချီဆရာများလည်း များစွာရှိလေသည်။ ဆရာသည် သင်ဆရာများ၏ ရေးဟန်နှင့် အရောင်များကို မယူဘဲ ကိုယ်ပိုင်ရေးဟန်တစ်ခု အခိုင်အမာ တည်ဆောက်ခဲ့သူပင် ဖြစ်သည်။ ၎င်း၏ ဆရာ ရေဆေးမင်းသား ဆရာဆောင်ကဲ့သို့ အရေးခံ စာရွက်တစ်ရွက်လုံးကို ရေဆွတ်ပြီး ရေးနည်းမျိုးမဟုတ်ဘဲ ၎င်းနည်းဖြင့် လမ်းသစ် ရှာဖွေကာ ရေဆေး၌ ဦးဉာဏ်ရှိန် ဟူသော ဟန်သစ်တစ်ခုကို အမိအရ ဖော်ဆောင်နိုင်ခဲ့သူတစ်ဦးပင်ဖြစ်လေသည်။

ဆရာသည် ရေဆေး ပန်းချီကားများကို ၁၉၅၀ ခုနှစ်ခန့်ကပင် စတင်ပြသခဲ့သူဖြစ်သည်။ ဆရာကြီး ဦးဉာဏ်ရှိန် ၏ဆရာဖြစ်သူ ဆရာကြီးဦးစံဝင်း သည်လည်း ရွှေတိဂုံဘုရား များကို ရှုထောင့်ပေါင်းစုံမှ ပန်းချီကားမြောက်များစွာ ရေးဆွဲခဲ့သူ တစ်ဦးဖြစ်သည်။ ရွှေတိဂုံဘုရား ကားများဖြင့် နာမည်ရခဲ့သော ဦးထွန်းလှ၊ ဦးဘဉာဏ်တို့ ကဲ့သို့ ဖွဲ့စည်းပုံမျိုး မဟုတ်ဘဲ ဆရာကြီးဦးဉာဏ်ရှိန်၏ ရွှေတိဂုံဘုရား ပန်းချီကားကြီးကို မြင်ကွင်းကျယ် (panorama) ဖြင့်ရေးဖွဲ့ထားလေသည်။ မြင်ကွင်းကျယ်ကြီးကို ဘုရားရင်ပြင်တော်တစ်ခုလုံး ခြုံငုံမိစေရန် အမြင်ဆန်းစွာဖြင့် ရေးဆွဲထားလေသည်။ မြန်မာ့ ဗိသုကာ စုလစ်မွမ်းချွန်များနှင့် ကြည်ညိုသပ္ပာယ် ခမ်းနား ထည်ဝါမှုကို ခံစားမိစေသည်။ ဘုရားရင်ပြင်တော် တစ်ခုလုံး၌လည်း ကုသိုလ်ယူ ပွားများနေကြသော ရဟန်းရှင်လူ လူကြီးလူငယ် ကလေးများနှင့် ဆီမီးပူဇော်သူ အမွှေးတိုင်ထွန်းညှိ ပူဇော်သူများ ဂြိုဟ်တိုင်၌ ရေသပ္ပာယ် ဆုတောင်းနေသူများ ဝတ်ပြုနေသူများ နားနေသူများ ရေထမ်း ရေကုသိုလ် ပြုနေသူများ  ဘုရားဖူးလာ ပရိသတ်များ သွားလာလှုပ်ရှားနေပုံများကို အသေးစိတ် ရေးဖွဲ့ထား လေသည်။ ၎င်းရွှေတိဂုံ ဘုရားကားကြီး၌ လူပုံများတွင် ဆရာကြီးဦးစံဝင်း၏ အရောင်အသွေး များအနည်းငယ် လွှမ်းမိုး နေသယောင် ရှိသော်လည်း တန်ဆောင်းပြာသာဒ်များနှင့် ရွှေတိဂုံဘုရားကြီးကို မူကား ဆရာ၏ကိုယ်ပိုင် အရောင်အသွေးများဖြင့်သာ ရေးဆွဲထားသည်မှာ မြင်သာလေသည်။ ကောင်းကင်ပြာပြာငွေ့ငွေ့ ၌ ဖြူလျော့လျော့ တိမ်စိုင်များကို သဘာဝ အရောင်အသွေး များဖြင့် ရေးဆွဲထား လေသည်။ ရွှေတိဂုံဘုရားကြီး၏ ရွှေရောင်ကိုပင် အဝါရောင် အနွေးလောက်သာ သုံးထားပြီး ရွှေရောင် သဘောပါရုံမျှသာ သုံးထားသည်။ အထားအသို (composition) မှာလည်း ပညာသားပါလှလေသည်။ ပန်းချီကားတစ်ကားလုံးကို အပူရောင် နည်းနိုင် သမျှ နည်းအောင်သုံးထားပြီး နွေးသော အရောင်များဖြင့်သာ ရေးဆွဲထားလေသည်။ ပန်းချီဆရာ၏ နူးညံ့သော အမြင်အာရုံများက ပို၍လှပသော အရောင်များအဖြစ်သို့ ကူးပြောင်းကာ ဓမ္မ၏ အေးမြမှုရသ ကို ပေးသော ပန်းချီကား ကောင်းကြီး တစ်ကားပင်ဖြစ်လေတော့သည်။ ဤရွှေတိဂုံဘုရားပန်းချီကားကြီးကိုလည်း ၁၉၈၇ ခုနှစ် ကာလက ရေးဆွဲခဲ့ပြီး ဆရာအစိုးရ အလုပ်က အနားယူစဥ်ကာလက ဖြစ်သဖြင့် စိတ်အေးလက်အေးဖြင့် ရေးဆွဲ ထားသော ပန်းချီကားကြီး တစ်ကားပင် ဖြစ်လေသည်။ ဤကဲ့သို့ကြီးမားသော ပန်းချီကားကြီးများကိုလည်း ဆရာ၏ တပည့်ဖြစ်ခဲ့ဖူးသူ ရွှေငါးရွှေဆိုင်မှ အပ်သဖြင့် ရှစ်ပေပတ်လည်ပဥ္စဝဂ္ဂီ ငါးဦးတရားဦးဟောခန်းနှင့် နှစ်ပေခွဲ ခြောက်ပေရှိ ရွှေတိဂုံဘုရား ပန်းချီကားကြီး နှစ်ကား ကိုသာ ရေးဆွဲခဲ့လေသည်။

ဆရာ့ပန်းချီ သက်တမ်းတစ်လျှောက် ဆရာသည် အပ်ထည်များကို ရေးဆွဲလေ့မရှိပေ။ သျှင်ဥက္ကဌ တပည့်ဖြစ်ခဲ့သူ အနေအထိုင်ရိုးစင်း သလောက် ဖန်တီးတွေးခေါ်မူတို့၌ ဆန်းသစ်ခဲ့သူ ဆရာကြီး ဦးဉာဏ်ရှိန်သည် အောက်တိုဘာလ ၇ ရက် နံနက် ၅နာရီ ၃၀ မိနစ် အချိန်တွင် သူချစ်သော ပန်းချီလောက၊ မိသားစုနှင့် လူ့ဘဝကြီးကို အပြီးတိုင် ခွဲခွာသွားခဲ့သည်မှာ ၂၂နှစ်ရှိခဲ့ပါပြီ။ နူးညံ့သော သိမ်မွေ့သော အေးဆေးသော ဆရာတစ်ယောက် ကောင်းမွန်သော ဘုံဘဝ တစ်ခုကို ရောက်ရှိနေမည်ကို အကြွင်းမဲ့ ယုံကြည်လျက် . . . . . . . . . .။

ဆရာကြီးဦးဉာဏ်ရှိန်ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့် အမှတ်တရ

(ပုံများကို စာရေးသူမှ ပေးပို့ပါသည်)

ရည်ညွှန်း

– ညိုဝင်းရှင် (သို့မဟုတ်) ပန်းချီဆရာကြီးဦးဉာဏ်ရှိန်၏ ပုံရိပ် အပိုင်းအစများ

– ဦးရွှေစိန်  နိင်ငံတကာကျောင်းသားလူငယ်ပန်းချီပြိုင်ပွဲများ


– ဆရာ၏သား ထွန်းထွန်းမျိုး၏ပြောပြချက်များ

Click to rate this post!
[Total: 1 Average: 5]