(၁)
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သူ့တစ်ဦးတည်းသောသားကိုမြင့်ဇံတို့ဆက်ဆံရေးက စိတ်ဝင်စားဖို့ ကောင်းသည်။ မာမီကြီးကသားကွယ်ရာမှာကိုမြင့်ဇံဘယ်လိုတော်ကြောင်း၊ ဘယ်လိုစာဖတ်ကြောင်း၊ ဖတ်ထားသမျှဘယ်ပုံမှတ်မိကြောင်း မကြာမကြာပြောတတ်သည်။ ဒီအချိန်မှာ မာမီ့မျက်နှာက သားချစ်စိတ်နှင့်နူးညံ့နေသည်။ သို့ပေမဲ့ သားအမိချင်း မျက်နှာချင်း ဆိုင်လိုက်လို့ကတော့ သို့ကလိုမဟုတ် တော့ပြီ။ ဒီသားအမိက အကြောင်းအရာတစ်ခုခုစပြောလိုက်ကတည်းက ခွန်းကြီးခွန်းငယ် အပြန်အလှန်ပြောကြတော့တာ။ စစချင်းတော့ ပုံမှန်အသံပါပဲ။ နောက်ပိုင်းကျတော့ အမေရော သားပါ အသံ volume တက်လာသည်။ နှစ်ဦးစလုံးက ဘာအကြောင်းအရာကိုမဆို တတ်သိနားလည်သူတွေ။ ပြီးတော့ နှစ်ဦးစလုံးကငြင်းရတာခုံရတာ ဝါသနာထုံသူတွေ။ မာမီကြီးက ငြင်းခုံရတာကို ဉာဏ်ကစားခြင်း တစ်မျိုး (Intellectual exercise) ဟုလက်ခံထားသူ။ ကိုမြင့်ဇံက ရှေ့နေ / ဥပဒေပညာရှင်။
မန္တလေးကို သားအမိနှစ်ဦးလာလည်စဉ်တုန်းက ကြုံရတာတစ်ခုကို မှတ်မိနေသည်။ မာမီက အရင်လာပြီး ကိုမြင့်ဇံက နောက်နေ့မှလိုက်လာတာ။ ထိုနေ့က မာမီတို့တည်းခိုသည့်အိမ်သို့ မာမီ့တပည့် တစ်ဦးဖြစ်သူကိုရဲလွင်လာလည်သည်။ ကိုရဲလွင်တို့အမေက မာမီ့သူငယ်ချင်းဆိုတော့ သူတို့ချင်း အလွန်ရင်းချာသည်။ ကိုရဲလွင်တို့ငယ်စဉ်က မာမီက သူတို့ရဲ့ မိသားစုဆရာဝန်။ မာမီ့ကို သူတို့ညီအကိုတွေက အများနည်းတူ မာမီဟုလည်းခေါ်သည်။ အန်တီဟုလည်းခေါ်သည်။ ကိုမြင့်ဇံကျတော့ Brian တဲ့။ ထိုနေ့က ကိုရဲလွင်ရောက်လာချိန် မာမီတို့သားအမိ ထုံးစံအတိုင်းစကားစစ်ထိုးနေရာ ကိုရဲလွင်က ရောက်ရောက်ချင်း “Brian ဒီရောက်နေတာ ၂၄ နာရီကျော်သွားပြီထင်တယ်” ဟုဖောက်လိုက်သည်။ ဒီမှာတင် သားအမိ ခေတ္တငြိမ်းချမ်းရေးရသွားသည်။
(၂)
သူငယ်ချင်းတစ်ဦးနှင့် သူ့အမေအကြောင်းကလည်း မှတ်မှတ်ရရ။ ၁၉၉၀ ကျော်နှစ်များက ကျွန်တော်တို့ သူငယ်ချင်းတစ်စု ယူကေနိုင်ငံသို့ ပညာတော်သင်သွားရသည်။ ရောက်စ ပထမတစ်နှစ်က စာမေးပွဲဖြေဖို့ လုံးပန်းရ၊ စာမေးပွဲအောင်ပြီး အလုပ်ရဖို့ ကြိုးပမ်းရနှင့် လုံးချာလည်နေသည်။ တစ်နှစ်ကျော်လာတော့ ဟိုမှာ နေသားကျလာပြီ။ အလုပ်နှင့်အကိုင်နှင့် ဖြစ်လာပြီ။ ဒီအချိန် တချို့က မိမိအိမ်သူအိမ်သားကို ယူကေသို့အလည်အပတ်လာရောက်ရန် လှမ်းခေါ်ကြသည်။ ထိုစဉ်က နိုင်ငံရပ်ခြားခရီးသွားဖို့ သိပ်မလွယ်ကူသေးသည့်အချိန်ကာလဖြစ်ရာ ရလာသည့်အခွင့်အလမ်းကို တချို့ကလက်လွတ်မခံဘဲ အပြည့်အဝ ကျင့်သုံး ကြသည်။
ဒီလိုနှင့် ကျွန်တော်တို့ထဲက သူငယ်ချင်းတစ်ဦး၏ဇနီး ယူကေရောက်လာသည်။ သူ့အမျိုးသမီးက ရောက်ရာအရပ်မှာ ဖြစ်သလို နေတတ်သည်။ ပြီးတော့ ပျော်ပျော်နေတတ်သည်။ သူ့ယောက်ျား အလုပ်သွားချိန် အဘွားကြီးတွေ ကစားတတ်တဲ့ ဘင်ဂို သွားကစားသည်။ စနေ၊ တနင်္ဂနွေ ရက်အားတွေမှာ သူ့ယောက်ျားနှင့် ဟိုဟိုဒီဒီလျှောက်လည်သည်။ သူယူကေ လာလည်ရတာ တန်သည်။ တခြားသူတွေလို အခန်းထဲကုပ်၊ ပိုက်ဆံစုမနေဘဲ နိုင်ငံရပ်ခြားအရသာ အပြည့်အဝခံစားသွားသည်။
ကျွန်တော်တို့မြန်မာပြည်ပြန်ရောက်တဲ့အခါ သူငယ်ချင်း၏မိခင်ကြီးကို ဆေးကုသခွင့်ကြုံသည်။ ဟိုဟိုဒီဒီပြောကြရင်း ယူကေအကြောင်းစကားစပ်မိသွားသည်။ သူ့သားဆီ သူ့မိန်းမလာလည်သည့်အကြောင်းရောက်သွားတော့ အမေကြီးက
“သူ့မိန်းမကို လှမ်းခေါ်ဖို့ သားကို ကျွန်မကိုယ်တိုင် တိုက်တွန်းလိုက်တာ။ သူတို့လည်း နဂိုကတည်းက အစီအစဉ်ရှိပုံရပါတယ်။ ဒါပေမဲ့ ကျွန်မတိုက်တွန်းလိုက်လို့ ဒီကိစ္စမြန်သွားတာ။ ကျွန်မသားအကြောင်း ကျွန်မသိတယ်။ သူက မိန်းမ မရှိရင်မနေတတ်ဘူး”။
ဪ … အမေ။
(၃)

နာမည်ကျော် အဆိုတော်/တေးရေးဆရာ/ကဗျာဆရာ ဘော့ပ်ဒီလန်နှင့် သူ့အမေဆက်ဆံရေး အကြောင်း ပြောဦးမည်။
အမေရိကန်ရုပ်/သံနှင့်ရေဒီယိုကွန်ရက် စီဘီအက်စ်၏ ဌာနအကြီးအကဲတစ်ဦးဖြစ်သူ ဝေါ်လ်တာ ယက်နီကော့ဖ် ပြန် ဖောက်သည်ချထားတာ။ ဘော့ပ်ဒီလန်၏ငယ်နာမည်က ရောဘတ်ဇင်မာမင်။ ၁၉၈၀ ခုနှစ်များအလွန် တစ်ခုသောညနေခင်းမှာ နယူးယော့ခ်မက်ဒီဆင်စကွဲယားပန်းခြံထဲ ဘော့ပ်ဒီလန်၏ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပသည်။ ထိုပွဲအပြီး ယက်နီကော့ဖ်က ဒီလန်ကို ညစာကျွေးသည်။ ဒီလန်က ဒီအချိန်မှာ ဓာတ်ပြားသန်းချီရောင်းရတဲ့ ဂီတကြယ်တစ်ပွင့်၊ လူငယ်လူရွယ်တွေရဲ့ သူရဲကောင်းတစ်ဦး။ မျိုးဆက်တစ်ဆက်ရဲ့အသံ။
ဖျော်ဖြေပွဲအပြီး သားသားနားနားစားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ညစာအတူစားဖို့ ယက်နီကော့ဖ်က သူ့ကိုချိန်းလိုက်သည်။ ညစာစားဖို့ချိန်းထားတာက ညသန်းခေါင်အချိန်။ ည ၂ နာရီထိုးသည် အထိ သူရောက်မလာသေး။ ဒီလိုနှင့် ယက်နီကော့ဖ် အိမ်ပြန်မလို့ ပြင်နေတုန်း ဒီလန်နှင့်သူ့အဖွဲ့ ဆိုင် တံခါးပေါက်ရောက်လာတာမြင်လိုက်ရသည်။ သူ့အဖွဲ့ကိုတွေ့လိုက်တဲ့အခါ ယက်နီကော့ဖ် အံ့အား သင့်သွားသည်။ သူမျှော်လင့်ထားတာက ဖြစ်သလိုနေတတ်တဲ့ ကပျစ်ကညစ်ဝတ်စားတတ်တဲ့ သူတွေ၊ သူ့လိုဂီတသမားတွေ။ အခုပါလာတာက ဒီလန်နဲ့ သူ့မိသားစုဝင်တွေ။ ဂျူးလူမျိုး သူ့ဦးလေးတွေရယ်၊ ဂျူးလူမျိုး သူ့ဝမ်းကွဲ မောင်နှမတွေရယ်၊ ဂျူးလူမျိုးသူ့အမေမစ္စက်ဇင်မာမင်ရယ်၊ ဂျူးလူမျိုး သူ့ရည်းစား ကဲရိုးလ်ချိုင်းစ်ရယ်၊ အဆမတန်ဝဖီးတဲ့ သူ့ဂျူးခွေးကြီးတစ်ကောင်ရယ်။
ဘော့ပ်ဒီလန်နှင့် သူ့အမေနားကပ်ထိုင်ရသည့် ယက်နီကော့ဖ်တစ်ယောက် ဒီလန်တို့သားအမိအချင်း ချင်းပြောကြဆိုကြတာ လုံးစေ့ပတ်စေ့ ကြားရသည်။ ယက်နီကော့ဖ်တစ်ယောက် အကြီးအကျယ် အံ့အားသင့်သွားသည်။ အကြောင်းက ဒီထမင်းစားပွဲမှာ ဒီထူးထူးဆန်းဆန်းကဗျာဆရာဘော့ပ်ဒီလန်က ဘော်ဘီဇင်မာမင်ပေါက်စကလေးအဖြစ် တစ်မုဟုတ်ချင်းဘဝပြောင်းသွားတာ သူတွေ့လိုက်ရလို့ပါပဲ။ သူတို့သားအမိစကားဝိုင်းကို ယက်နီကော့ဖ်က သို့ကလို မှတ်တမ်းတင်သည်။
“ဘော်ဘီ။ မင်းဘာမှ မစားပါလား” ဟုအမေကပြောသည်။ ရည်းစားသည်ကဲရိုးလ်က ဒီလန့် ပန်းကန်ထဲကအစာကို ဓားနှင့်ခက်ရင်းနှင့် လှီးဖြတ်ပေးနေတာ။ အခါလည်သားလေးကို အစာ ကျွေးရမည့်ပုံစံမျိုး။
“အမေ့။ အမေက ကျွန်တော်ကသိကအောက်ဖြစ်အောင်လုပ်နေပြန်ပြီ”
“မင်း နေ့ခင်းတုန်းကလည်း ဘာမှမစားဘူး။ မင့်ဟာက အရိုးနဲ့အရေဖြစ်နေပြီ”
“ကျွန်တော်စားပါတယ်အမေရ။ ကျွန်တော်စားနေပါတယ်”
“ဒီနေ့ညစာကောင်းကောင်းတည်ခင်းတဲ့ မစ္စတာယက်နီကော့ဖ်ကိုကျေးဇူးတင်ကြောင်း သားပြောပြီးပြီလား”
“ကျေးဇူးတင်ပါတယ် ဝေါ်လ်တာ”
“ဘော်ဘီ။ မင့်ဟာက ဝူးဝူးဝါးဝါးနဲ့။ မစ္စတာယက်နီကော့ဖ်ကြားမယ်လို့ ငါတော့မထင်ဘူး”
“ကျွန်တော်ပြောတာ သူကြားပါတယ်” ဟု ဒီလန်က အချဉ်တူးသည့်လေသံနှင့်ပြောသည်။
“ဘော်ဘီ။ စကားကိုကောင်းကောင်းပြောပါကွယ်”
“အမကြီးသားက အမကြီးကို ဒီလိုဒုက္ခ ပေးနေကျလား” ဟု ကျွန်တော်ကဝင်မေးလိုက်သည်။
“ဘော်ဘီလား။ အမလေး ဘုရားမလို့။ ဘော်ဘီက သူ့အမေကိုဂုဏ်ယူစရာတွေပဲ ပေးတာ။
သူက လူကောင်းလေး။ အကျင့်ကောင်းတယ်။ အမေ့ကို ဖုန်းပြောတယ်။ အမေ့ဆီစာရေးတယ်။ အမေ့စကားနားထောင်တယ်။ အမေတိုင်း ဒီလိုသားမျိုးရှိထိုက်တယ်”
“အမေရယ် တော်ပါတော့။ အမေက ကျွန်တော့်ကို ကသိကအောက်ဖြစ်အောင် လုပ်နေပြန်ပါပြီ” ဟုဘော့ပ်ကပြောသည်။
“ခင်ဗျား ကသိကအောက်ဖြစ်သင့်တယ်ဗျ။ ခင်ဗျားက အပြောနဲ့အလုပ်နဲ့မညီတဲ့သူပဲ” ဟု ကျွန်တော်က ဒီလန့်ကို ပြောလိုက်သည်။
ဒီလန်က ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော်ပြောတာ သူနားမလည်သည့်ပုံစံမျိုး။ ကျွန်တော်က သူ့ကိုရှင်းပြသည်။ “ခင်ဗျားရဲ့ ‘ခေတ်တွေက ပြောင်း .. ပြောင်း .. လို့နေ’ သီချင်းထဲမှာ
‘မြေပြင်တစ်ဝန်းက
မိခင်တွေ ဖခင်တွေ လာကြလေ
ကိုယ်နားမလည်နိုင်တာတွေ
ဝေဖန်သမှု မပြုနဲ့လေ
ခင်ဗျားတို့ သားတွေ ခင်ဗျားတို့သမီးတွေအပေါ်
ခင်ဗျားတို့ သြဇာမရှိတော့ပေ’
လို့ခင်ဗျားရေးခဲ့တယ်မဟုတ်ဘူးလား။ ဒီလိုလူက အမေ့ကိုဘာ့ကြောင့် တညည်းညည်းတညူညူလုပ်နေရတာတုံး”
“ဒီသီချင်းက ကျွန်တော်ရေးခဲ့တာ ကြာလှပေါ့ဗျာ။ အမေ့ကို ကျွန်တော်ချစ်တာ ခင်ဗျားအတွက် ဘာမှ အနှောင့်အယှက်မဖြစ်ပါဘူးနော်”
“ဟာ .. ဒါက ဝမ်းသာစရာကောင်းတဲ့ကိစ္စပဲဗျ။ ‘ကျွန်တော့်ရဲ့ ဂျူးမေမေ’ ကိုခင်ဗျားရဲ့ ဗားရှင်းနဲ့ပြန်ဆိုနေတာလို့ ကျွန်တော်တော့ခံစားရတယ်”
သူပြုံးသည်။
(၄)
ဒီတစ်ချီ အမေနှင့်သမီးကြားဆက်ဆံရေးအကြောင်းပြောမည်။

၂၀၀၅ ခုနှစ်ထုတ် ဂျဲနက်ဝေါလ်စ်ရေးတဲ့ “မှန်ရဲတိုက်” (The Glass Castle) ဆိုတဲ့ဘဝမှတ်တမ်းထဲက အမေနှင့်သမီးဆက်ဆံရေး။ သူ့အဖေက လူကတော်သလောက်အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်သူ။ အမေက ပန်းချီဆရာယောင်ယောင်၊ စာရေးဆရာ ယောင်ယောင်။ သမီးသုံးယောက်၊ သားတစ် ယောက်မွေးထားပြီး ကလေးတွေကိုလူလုံးလှအောင် မကျွေးနိုင်မမွေးနိုင်သူ။ ကြံရည်ဖန်ရည်မရှိသူ။ အဖေက လေထဲမှာ မှန်ရဲတိုက်ကြီးဆောက်ဖို့ကြိုးစားရင်း ကျရှုံးပြီးရင်း ကျရှုံးနေသူ။ ကလေးတွေခမျာ အိမ်မှာထမင်းနပ်မှန်အောင်မစားရလို့ ကျောင်းကအမှိုက်ပုံးကြီးထဲခေါင်းစိုက်ပြီး သူများစားပြီးသားလက်ကျန်တွေ ရှာဖွေစားရသည်။ ဒီလိုရုန်းရင်းကန်ရင်း နောက်ဆုံးတစ်နေ့ သူတို့မောင်နှမ တစ်တွေ နယူးယောက်မှာ အခြေကျသွားသည်။ အလုပ်ကိုယ်စီနှင့် တစ်ဝမ်းတစ်ခါးလှလှကျောင်းနိုင်သည့်အဆင့်ရောက်သွားသည်။ မိဘနှစ်ပါးလုံး သမီးနှင့်သားရှိရာ နယူးယော့ကိုလိုက်လာသည်။ သို့ရာတွင် သူတို့ဒဏ်ကို သားရောသမီးပါ မခံနိုင်။ ဒီလိုနှင့် အဖေနှင့်အမေ လမ်းပေါ်ရောက်သွား သည်။ အိမ်မဲ့ရာမဲ့ဘဝ။ နောင်တော့ အဆောက်အဦပျက်ကြီးတစ်ခုမှာနေခွင့်ရသည်။
တစ်ရက် ဂျဲနက်တစ်ယောက် တက္ကစီနှင့်လမ်းပေါ်ဖြတ်သွားရင်း သူ့အမေကို လမ်းဘေးတစ်နေရာမှာ လှမ်းမြင်လိုက်သည်။ အမှိုက်ပုံးကြီးထဲ ခေါင်းထိုးပြီး စားစရာရှာနေတာ။ သူရှက်လွန်း၍ တက္ကစီနောက်ခန်းထဲ ကိုယ်ကိုမသိမသာ လှဲချလိုက်သည်။ ဒီအကြောင်း သူ့အမေကို သူပြန်ပြောပြသည်။
“ညည်းက ငါ့ကိုတွေ့ရက်နဲ့ဘာလို့နှုတ်မဆက်တာတုံး”
“ကျွန်မ ရှက်လွန်းလို့အမေ။ ဒါကြောင့် ကျွန်မ ပုန်းနေလိုက်တယ်”
“ကဲ၊ တွေ့တယ်မဟုတ်လား။ ငါပြောနေတာ ဒါပဲ။ ညည်းက ဘာကလေးဖြစ်ဖြစ် ထိလွယ်ရှလွယ်တယ်။ ညည်းအဖေနဲ့ အမေရဲ့ ဘဝက ဒီလိုပဲ။ ဒါကိုလက်ခံလိုက်”
“လူတွေက အမေတို့အဖေတို့အကြောင်းမေးခဲ့ရင် ကျွန်မဘယ်လိုဖြေရမလဲ”
“အမှန်အတိုင်းဖြေလိုက်ရုံပေါ့။ ဒါကရှင်းရှင်းလေးဥစ္စာ”
ဟင် … ဒီအမေက အာဂအမေပါကလား။
သူတို့သားအမိဆုံကြတဲ့တစ်ချိန်မှာ ဂျဲနက်ကသူ့အမေကို ကူညီချင်ကြောင်းပြောသည်။ သူ့မှာအလုပ် အကိုင် ကောင်းကောင်း ရှိနေပြီ။ အဖေနှင့်အမေကို သူထောက်ပံ့နိုင်ပြီ။ ကားဝယ်ပေးရမလား။ စပေါ်ငွေသွင်းပေးထားရမလား။ တိုက်ခန်းငှားပေးရမလား။ ဈေးခပ်ချောင်ချောင်အိမ်တစ်လုံးဝယ်ပေးရမလား … ။ အမေကဖြေသည်။
“ငါတို့ ဘာမှမလိုဘူး။ ငါတို့အဆင်ပြေတယ်။ ငါတို့က ညည်းကိုပူနေတာ”
“အမေတို့က ကျွန်မကို ပူနေတယ်။ ဟုတ်လား”
“ဟုတ်တယ်။ ညည်းအတွက် အကြီးအကျယ်ပူနေရတာ”
“အမေ။ ကျွန်မ အရမ်းအဆင်ပြေနေတာ။ အခုကျွန်မ အရမ်းဇိမ်ကျနေတာ”
“အေး။ အဲဒါကြောင့်ကို ညည်းအတွက် ငါတို့ပူနေရတာ။ ညည်းနေပုံထိုင်ပုံ ကြည့်လိုက်စမ်း”
ဘဝမှာ တန်ဖိုးထားရမယ့် အရာအားလုံး ညည်းရောင်းစားပစ်လိုက်ပြီ။ မကြာဘူး ညည်း ရီပတ်ဘလီကန် ပါတီဝင် ဖြစ်တော့မှာ” ဟုပြောပြီး အမေ သူ့ခေါင်းသူ ခါသည်။
“ဘာတွေကို တန်ဖိုးထားဖို့ ညည်းကိုငါသင်ခဲ့သတုံး”
ဘဝတစ်လျှောက်လုံး သမီးတွေ သားတွေ အထင်ကြီးရက်စရာမရှိတဲ့အမေ။ ပန်းချီဆရာမယောင်ယောင်၊ စာရေးဆရာမ ယောင်ယောင် အမေ။ ဆရာဖြစ်လက်မှတ်ရှိလျက်ကနှင့် ကျောင်းဆရာ အလုပ်ကို အောင်အောင်မြင်မြင်မလုပ်နိုင်ခဲ့တဲ့အမေ။ တက္ကဆက်ပြည်နယ်ထဲမှာ ဒေါ်လာတစ်သန်းတန် ဘိုးဘွားပိုင်မြေရှိလျက်ကနှင့် နယူးယောက်မှာ အိမ်ခြေရာခြေမဲ့ဘဝခံယူရင်း အမှိုက်ပုံးထဲ ခေါင်းစိုက်ပြီး မွှေနှောက်စားသောက်နေတဲ့အမေ။ ဒီအမေက သူတို့ထင်သလို ခပ်ညံ့ညံ့အမေမဟုတ်တန်ရာ။ ဪ … သားအမိချင်းပြောဖြစ်သည့် ဒီအမေးအဖြေနှစ်ခုနှင့်ပဲ ဂျဲနက်ဝေါလ်စ်၏အမေ ရို့စ်မေရီဝေါလ်စ်ဆိုတာ အာဂအမေဖြစ်ကြောင်း ကျွန်တော်ချွင်းချက်မရှိ လက်ခံလိုက်ပါသည်။
ဖေဖော်ဝါရီ ၂၀၂၅
စာညွှန်း။
- Jeannette Walls. The Glass Castle. 2005
- John Gross (ed.). The New Oxford Book of Literary Anecdotes. 2006
မှတ်စု။
“ကျွန်တော့်ရဲ့ ဂျူးမေမေ” = “My Yiddishe Momme”
ပိုလန်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ဂျူးလူမျိုး ဂျော့ချ်ယဲလန်စပ်ဆိုခဲ့သည့်သီချင်း။ ၁၉၂၈ ခုနှစ် အမေရိကန်နိုင်ငံ အရောင်းရဆုံး ဓာတ်ပြား ငါးချပ်စာရင်းဝင်။ အင်္ဂလိပ်ဘာသာ၊ ဂျူးဘာသာ နှစ်မျိုးလုံးနှင့်စပ်ဆိုထားသည်။


