The Corner

The Corner

cropped-Logo_round_grey-background.png

ရာမြွန် သို့မဟုတ် ကိုရီးယား ခေါက်ဆွဲပြုတ် စပ်စပ်

Share မယ်

K-Pop အောင်မြင်တာနဲ့အမျှ ရာမြွန်ခေါက်ဆွဲရောင်းအား တစ်ကမ္ဘာလုံး တက်လာနေ

ကမ္ဘာကျော် ဂီတကြယ်ပွင့် အဆိုတော်တိုင်းမှာ ဖျော်ဖြေပွဲမစခင် လုပ်လေ့ရှိတဲ့ အလေ့အထလေးတွေ ရှိပါတယ်။ ဘီယွန်စေး (Beyoncé) က နှိပ်နယ်ပေးတဲ့ကုလားထိုင်မှာ ထိုင်ပါတယ်။ ဆယ်လီနာ ဂိုမက်ဇ် (Selena Gomez) က သံလွင်ဆီတစ်ဇွန်းကို မျိုချပါတယ်။ ဟန့်တာ/အိတ်စ် (HUNTR/X) အဖွဲ့ဝင်တွေဖြစ်တဲ့ ရူမီ (Rumi)၊ မီရာ (Mira) နဲ့ ဇိုဝီ (Zoey) တို့ကတော့ ရာမြွန် (ramyeon) ခေါက်ဆွဲပြုတ် စားပါတယ်။

HUNTR/X ဆိုတာ တကယ်ရှိတဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ‘KPop Demon Hunters’ လို့ခေါ်တဲ့ ကာတွန်းကား (Animated Film) ထဲက စိတ်ကူးနဲ့ ဖန်တီးထားတဲ့ K-Pop အဖွဲ့ပါ။ “KPop Demon Hunters” လို့ခေါ်တဲ့ ရုပ်ရှင်က ၂၀၂၅ ခုနှစ်မှာ Sony Pictures Animation က ထုတ်လုပ်ကာ နက်ဖလစ် (Netflix) ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ကာတွန်း၊ ဂီတ၊ အက်ရှင်-ဟာသ အမျိုးအစား ရုပ်ရှင်ကား ဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာက ဒီရုပ်ရှင်ဟာ Netflix ရဲ့ သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဇာတ်ဝင်တေး (Soundtrack) ကလည်း Billboard ဇယားရဲ့ ထိပ်ဆုံး မှာ ရပ်တည်ခဲ့ပါတယ်။

ဇာတ်လမ်းက ရူမီ၊ မီရာနဲ့ ဇိုဝီ ဆိုတဲ့ K-pop စူပါစတား မိန်းကလေးသုံးယောက်အကြောင်းပါ။ သူတို့ဟာ HUNTR/X လို့ခေါ်တဲ့ မိန်းကလေးအဖွဲ့ကို ဖွဲ့ထားပါတယ်။ နေ့ဘက်မှာတော့ သူတို့ဟာ ကမ္ဘာတစ်ဝန်း နာမည်ကျော်တဲ့ အနုပညာရှင်တွေပါ။ ညဘက်ရောက်ရင်တော့ သူတို့ရဲ့ လျှို့ဝှက်ကိုယ်ပွားတွေနဲ့ ဂီတကို အသုံးပြုပြီး သဘာဝလွန် အန္တရာယ်တွေကို တိုက်ခိုက်တဲ့ နတ်ဆိုးဖမ်း မုဆိုးတွေ ဖြစ်နေပါတယ်။

သူတို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ Saja Boys လို့ခေါ်တဲ့ ပြိုင်ဘက် နတ်ဆိုး ယောက်ျားလေးအဖွဲ့ ကို ရင်ဆိုင်ဖို့ပါပဲ။ ဒီ Saja Boys တွေကလည်း လူယောင်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Maggie Kang နဲ့ Chris Appelhans တို့ပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ သူ့ရဲ့ တောက်ပ ခမ်းနားတဲ့ ရုပ်မြင် တင်ဆက်မှု၊ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေ နဲ့ K-pop ကို ကိုရီးယား ဒဏ္ဍာရီတွေနဲ့ ပေါင်းစပ်ထားတဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတွေကြောင့် ချီးကျူးခံရပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ဂရမ်မီဆု ငါးဆု အတွက် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ဝင်တေးထဲက သီချင်း လေးပုဒ်ဟာ Billboard Hot 100 ရဲ့ ထိပ်ဆုံး ၁၀ နေရာ မှာ ပါဝင်ပြီး  စံချိန်ချိုးခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် နောက်ဆက်တွဲ ဇာတ်ကား (sequel) ရိုက်ဖို့နဲ့ အရုပ်တွေ၊ အမှတ်တံဆိပ် ပစ္စည်းတွေလို ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ တောင်းဆိုမှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

HUNTR/X အဖွဲ့ဝင်တွေဖြစ်တဲ့ ရူမီ၊ မီရာနဲ့ ဇိုဝီ တို့ဟာ နတ်ဆိုးတွေကို လိုက်ဖမ်းပြီး ပင်ပန်းတဲ့အခါ ဒါမှမဟုတ် တစ်နေကုန် ဖျော်ဖြေရေးပွဲတွေပြီးလို့ အနားယူချိန်တွေမှာ အခြား ကိုရီးယားလူငယ်တွေလိုပဲ အရမ်းရိုးရှင်းတဲ့ အစားအစာ ကိုမှ စားကြပါတယ်။

ညဘက်မှာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ပြီး အိမ်ပြန်ရောက်တဲ့အခါ၊ ဒါမှမဟုတ် စတူဒီယိုမှာ သီချင်းအသစ်တွေ အများကြီး လေ့ကျင့်ပြီးတဲ့အခါ  ရာမြွန် (Ramyeon) ခေါက်ဆွဲပြုတ်ကို အတူတူ ဝိုင်းဖွဲ့ပြီး စားကြပါတယ်။ ရာမြွန် ဆိုတာကတော့ ကိုရီးယားခေါက်ဆွဲခြောက် ဒါမှမဟုတ်  အမြန်ပြုတ် ချက်ချင်းစား ခေါက်ဆွဲ (Instant Noodles) ကို ပြောတာပါ။ ချက်ရတာ အရမ်းလွယ်တယ်။ ပွက်ပွက်ဆူနေတဲ့ ရေထဲကို ခေါက်ဆွဲခြောက်ရယ်၊ အထုပ်ထဲမှာ ပါတဲ့ ဟင်းခတ်အမှုန့်တွေရယ် ထည့်ပြီး နှစ်မိနစ်၊ သုံးမိနစ်လောက် ဆူအောင်တည်လိုက်ရုံပဲ။ ရာမြွန်ဟာ အရမ်းကို လူကြိုက်များတဲ့ အစားအစာ ဖြစ်ပြီး ကိုရီးယားရုပ်ရှင် တွေနဲ့ ဒရာမာတွေထဲမှာ မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ တန်ဖိုးလည်း သက်သာတယ်၊ ချက်ရတာလည်း မြန်တယ်၊ ပြီးတော့ အရသာလည်း စပ်ပြီးကောင်း ပါတယ်။

နက်ဖလစ် (Netflix) က နုန်းရှင် (Nongshim) လို့ခေါ်တဲ့ ကုမ္ပဏီကြီး တစ်ခုနဲ့ ပူးပေါင်းပြီး ရာမြွန် အမျိူးအစား ခေါက်ဆွဲအသစ်တွေ ထုတ်လုပ်ခဲ့ပါတယ်။ ရာမြွန်အထုပ်တွေရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်ပုံတွေ ကို အသုံးပြုထားတာပါ။ နာမည်ကြီး ခေါက်ဆွဲကုမ္ပဏီကြီးဖြစ်တဲ့ နုန်းရှင်က နက်ဖလစ် ရဲ့ လူကြိုက်များတဲ့ ကားသစ်ဖြစ်တဲ့ “KPop Demon Hunters” ဆိုတာနဲ့ ပေါင်းပြီး ပစ္စည်းအသစ်တွေ ထုတ်လုပ်လိုက်ပါတယ်။

သူတို့က ရုပ်ရှင်ထဲက ပုံတွေ ပါတဲ့ ခေါက်ဆွဲအသစ်တွေကို ထုတ်လုပ်ခဲ့တာပါ။ သြဂုတ်လကုန်လောက်ကစပြီး HUNTR/X အဖွဲ့ဝင်တွေရဲ့ ပုံတွေကို ခေါက်ဆွဲထုပ်တွေပေါ်မှာ စတင် မြင်ရတယ်။။ ဒါ့အပြင် ရုပ်ရှင်ထဲမှာ HUNTR/X အဖွဲ့ စားတဲ့ပုံစံ အထူးထုတ် ခေါက်ဆွဲကိုလည်း နုန်းရှင်က ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ထဲမှာ ရာမြွန် ခေါက်ဆွဲကို အကြိမ်ပေါင်းများစွာ ပြသထားလို့ လူတွေက နုန်းရှင်ကို ပိုစိတ်ဝင်စားလာပါတယ်။။ ဒီရုပ်ရှင်က ကိုရီးယားယဉ်ကျေးမှု (K-Culture) ကို ကမ္ဘာကို မျှဝေနေသလိုပါ။ နုန်းရှင်အနေနဲ့လည်း ဒီလို ပူးပေါင်းပြီး ကိုရီးယားခေါက်ဆွဲ (K-Ramyeon) နဲ့ ကိုရီးယားမုန့် (K-Snacks) တွေရဲ့ အရသာကို မျှဝေပါတယ်။ ဒါဟာ ရုပ်ရှင်ကြည့်သူတွေကို သူတို့ ကြိုက်တဲ့ ဇာတ်ကောင်တွေ နည်းတူ ရာမြွန်ကိုပါ စားစေဖို့ စျေးကွက်ရှာတာလို့ ပြောလို့ရပါတယ်။

ရာမြွန် ဆိုတဲ့ နာမည်က ဂျပန်ခေါက်ဆွဲဟင်းရည်ဖြစ်တဲ့ ရာမင် (ramen) ကနေ ဆင်းသက်လာတာပါ။ ရာမင်ကတော့ လတ်လတ်ဆတ်ဆတ် လုပ်ရပြီး ဟင်းရည်ကို နာရီပေါင်းများစွာ ပြုတ်ရပေမယ့် ရာမြွန်ကတော့ ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီဟင်းလျာကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တီထွင်ခဲ့ပြီး တောင်ကိုရီးယားအစိုးရက လွယ်ကူတဲ့၊ ဈေးသက်သာပြီး အားရှိတဲ့ အစားအစာအဖြစ် မြှင့်တင်ခဲ့ပါတယ်။ အဲဒီအချိန်က စစ်အာဏာရှင်ဖြစ်တဲ့ ပတ်ချုန်ဟီး (Park Chung-hee) က ကိုရီးယားလူမျိုးတွေ ပိုကြိုက်အောင် ငရုတ်သီးမှုန့် ထည့်ဖို့ အကြံပေးခဲ့တယ်လို့လည်း ပြောကြပါတယ်။

ရာမြွန် ဟာ အခုဆိုရင် အတော်လေး ရောင်းအားကောင်းနေတဲ့ ပစ္စည်းပါ။ ပြီးခဲ့တဲ့နှစ်မှာ တောင်ကိုရီးယားက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ဒါဟာ ၂၀၂၃ ခုနှစ်ထက် ၃၁% တိုးလာတာ ဖြစ်ပါတယ်။

ဘူးလ်ဒါ့ခ် (Buldak) ခေါက်ဆွဲကို ထုတ်လုပ်တဲ့ ဆမ်ယန်းဖုဒ်စ် (Samyang Foods)  က ဝင်ငွေရဲ့ လေးပုံသုံးပုံဟာ ပြည်ပတင်ပို့မှုကနေ ရတာလို့ ပြောပါတယ်။ အမေရိကမှာဆိုရင် Samyang ရဲ့ အရောင်းဟာ ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ် ကြားမှာ နှစ်ဆကျော် တက်လာခဲ့ ပါတယ်။ Target နဲ့ Walmart လို စတိုးဆိုင်ကြီးတွေမှာပါ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်လို့ရနေပါပြီ။ ဈေးကွက်သုတေသနကုမ္ပဏီ Numerator  ရဲ့ အဆိုအရ အမေရိကန်က Gen Alpha (မျိုးဆက်သစ် ကလေးငယ်များနဲ့ ဆယ်ကျော်သက်) တွေရဲ့ အကြိုက်ဆုံး အမှတ်တံဆိပ်ဟာ Samyang ဖြစ်တယ်လို့ သိရပါတယ်။

လူကြိုက်များရခြင်း အကြောင်းရင်းများ

ခပ်စပ်စပ်လေး မြည်းစမ်းဖို့ အသင့်ဖြစ်နေတဲ့ ရာမြွန်ခေါက်ဆွဲ (Photo: Flickr)

“ရာမြွန် ကို စားသုံးလိုမှု ပိုမိုအားကောင်းလာရတဲ့ အကြောင်းရင်း သုံးခု ရှိပါတယ်။ ပထမအကြောင်းရင်း ကတော့ လူငယ်လေး တွေဟာ အစားအစာ အသစ်တွေကို စမ်းသပ် စားသုံးကြည့်ဖို့ ကြိုက်နှစ်သက်ကြပြီး အွန်လိုင်းမှာ အတွေ့အကြုံသစ်ကို ဆိုရှယ်မီဒီယာပေါ်ကို တင်ချင်ကြလို့ပါပဲ။

ဒီဘက်ခေတ် ဆိုရှယ်မီဒီယာ ပေါ်မှာ ဗိုင်းရယ်လ် (Viral) ဖြစ်သွားတဲ့ အကြောင်းအရာတွေထဲမှာ အစပ်များတဲ့ အစားအသောက် စိန်ခေါ်မှုတွေဟာ အတော်လေး လူကြိုက်များပါတယ်။ အထူးသဖြင့် စပ်တဲ့ ပမာဏက ပိုများလေ၊ အဲဒါကို စားတဲ့သူရဲ့ တုံ့ပြန်မှုက ပိုပြီး ဖျော်ဖြေမှု ပေးနိုင်လေပါပဲ။

ဥပမာအနေနဲ့ ပြောရရင် “မီး ခေါက်ဆွဲ စိန်ခေါ်မှု” (fire-noodle challenge) ကို ကြည့်ပါ။ ဒီဗီဒီယိုတွေထဲမှာ လူတွေဟာ Samyang ရဲ့ အစပ်ဆုံး ခေါက်ဆွဲထုပ်ကို စားဖို့ ကြိုးစားရင်းနဲ့ မျက်နှာမဲ့၊ ချောင်းဆိုး၊ မျက်ရည်ကျတာမျိုးတွေ ဖြစ်ကြပါတယ်။ အဲဒီလို ဗီဒီယိုမျိုးတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှုသူ သန်းပေါင်းများစွာ ရနေတာကို တွေ့ရပါတယ်။

ဗိုင်းရယ်လ် (Viral) ကွန်တန့် ဆိုတာက အွန်လိုင်း မီဒီယာပေါ်က ဗီဒီယို၊ ဓာတ်ပုံ၊ ဒါမှမဟုတ် စာသား စတာတွေ လူကြိုက်များပြီး ‘ပေါက်’ သွားတာပေါ့။ ဆိုရှယ်မီဒီယာ ကတစ်ဆင့် တစ်ခဏတာအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ သွားတာပါ။ တိုတောင်းတဲ့ အချိန်လေး အတွင်းမှာကို ကြည့်ရှုသူ၊ Like နဲ့ Share အရေအတွက် အများကြီးကို ရရှိသွားပါတယ်။

မူလ ဖန်တီးသူရဲ့ Follower အရေအတွက်ထက် အများကြီး ပိုများတဲ့ ပရိသတ်ဆီကို ရောက်ရှိသွားပါတယ်။ ဒီလို ဗီဒီယိုအတိုလေးတွေဟာ များသောအားဖြင့် ရယ်မောခြင်း ဒါမှမဟုတ် အံ့ဩခြင်းလိုမျိုး ပြင်းထန်တဲ့ စိတ်ခံစားမှု တစ်ခုခုကို ဖြစ်ပေါ်စေတဲ့ အတွက် လူတွေက သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကို ပြန်ပြီး Share ချင်စိတ် ဖြစ်ပေါ်စေတာပါ။ ဒါကြောင့်  အလျင်အမြန် ပျံ့နှံ့မှု နဲ့ ပါဝင်ဆောင်ရွက်မှု (Engagement) များပြားမှု တို့က အွန်လိုင်းပေါ်မှာ ဈေးကွက်ရှာဖွေဖို့ (Marketing) နဲ့ လူအာရုံစိုက်မှု ရယူဖို့ အတွက် တန်ဖိုးရှိတဲ့ ကိရိယာ တစ်ခု ဖြစ်လာပါတယ်။ ‘မီး ခေါက်ဆွဲ စိန်ခေါ်မှု’ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူ သန်းပေါင်းများစွာ ရရှိနေပါတယ်။

ဒုတိယ အကြောင်းရင်း

ရာမြွန်ကို စိတ်ဝင်စားမှု တိုးလာရတဲ့ ဒုတိယအကြောင်းရင်း ကတော့ ‘ကိုရီးယားလှိုင်း’ (Korean Wave) ကြောင့်ပါပဲ။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုတွေ အရမ်းတိုးလာနေတာကို ဆိုလိုတာပါ။

‘KPop Demon Hunters’ ဇာတ်ကားမှာ ပြသသလို လူတွေဟာ ကိုရီးယားရုပ်ရှင် ဒါမှမဟုတ် တီဗီဇာတ်လမ်းတွဲတွေကို ကြည့်တဲ့အခါ ဇာတ်ကောင်တွေ စားတဲ့ အစားအစာတွေကို သိချင်လာကြပါတယ်။ အထူးသဖြင့် ရူမီ၊ မီရာ၊ ဇိုဝီ တို့လို စိတ်အားထက်သန်စွာ စားပြတဲ့အခါ ပိုပြီး စိတ်ဝင်စားကြပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ မှာ အော်စကာဆုရခဲ့တဲ့ ပါရာဆိုက်  (Parasite) ဇာတ်ကားဟာ လည်း ခေါက်ဆွဲခြောက်နှစ်မျိုး ပေါင်းစပ်ထားတဲ့ ကြာပါဂူရီ (Jjapaguri) ကို ကမ္ဘာ့အာရုံစိုက်မှု ရစေခဲ့ပါတယ်။

ကြာပါဂူရီ (Jjapaguri) ခေါက်ဆွဲအကြောင်း

ကြာပါဂူရီ ဆိုတာ ကိုရီးယားမှာ အရမ်းလူသိများတဲ့ အမြန်ပြုတ် ချက်ချင်းစား ခေါက်ဆွဲ (instant noodle) တစ်မျိုး ဖြစ်ပါတယ်။ ဒီ ခေါက်ဆွဲ က Oscar ဆုရတဲ့ “Parasite” ဆိုတဲ့ ရုပ်ရှင်ကားကြောင့် တစ်ကမ္ဘာလုံးမှာ ပိုပြီး နာမည်ကြီးလာတာပါ။ ရုပ်ရှင်ထဲမှာတော့ အင်္ဂလိပ်ဘာသာပြန်သူကနေ “ram-don” လို့ နာမည်ပေးထားပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ လူတန်းစား ကွာခြားချက်တွေကို ပြဖို့အတွက် ဒီခေါက်ဆွဲကို ဈေးကြီးတဲ့ အသားလွှာနဲ့ ရောပြီး ချက်ပြတာကို ပြထားပါတယ်။

ကြာပါဂူရီ ဆိုတာ ဘာလဲဆိုတော့ နုန်းရှင် (Nongshim) ကုမ္ပဏီက ထုတ်တဲ့ မတူညီတဲ့ ခေါက်ဆွဲနှစ်မျိုးကို ရောပြီး ချက်ထား တာပါပဲ။ အဲဒီနှစ်မျိုးကတော့ ပထမတစ်ခုက ချာပါဂက်တီ (Chapagetti) ဖြစ်ပြီး ဒါက ကိုရီးယားရဲ့ ပဲနက်ခေါက်ဆွဲ (Jjajangmyeon) ပုံစံ ခေါက်ဆွဲပါ။ ဒါက ခေါက်ဆွဲကို အရသာရှိတဲ့ ချိုချိုလေးဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ နိုဂူရီ (Neoguri) ဖြစ်ပြီး ဒါကတော့ ပင်လယ်စာအရသာရှိတဲ့ အစပ် ဥဒုံ (Udon) ခေါက်ဆွဲပါ။ ဒီဟာက အစပ်ဓာတ်နဲ့ ကြေညက်တဲ့ ခံစားချက်ကို ပေါင်းစပ်ပေးပါတယ်။ ကြာပါဂူရီ ဆိုတဲ့ နာမည်ကလည်း ဒီပစ္စည်းနှစ်ခုရဲ့ နာမည်တွေကို ပေါင်းစပ်ပြီး ပေးထားတာပါ။ တောင်ကိုရီးယားမှာတော့ ဒါဟာ လူတိုင်းစားနိုင်တဲ့၊ ဈေးပေါတဲ့၊ လူအများ နှစ်သက်ကြတဲ့ အစားအစာ ဖြစ်ပါတယ်။

“Parasite” ရုပ်ရှင်ထဲမှာတော့ သူဋ္ဌေးဖြစ်သူ မစ္စစ်ပတ်ခ် (Mrs. Park) က သူ့ရဲ့ အိမ်အကူကို သားဖြစ်သူအတွက် ကြာပါဂူရီ ချက်ခိုင်းပါတယ်။ ဒါပေမဲ့ သူက ဈေးကြီးတဲ့ ဝါဂယု (Wagyu) အသားနဲ့တူတဲ့ အရည်အသွေးမြင့် ဟန်နူ (Hanwoo) အမဲသားကို ထည့်ခိုင်းပါတယ်။ နေ့စဉ်စားနေကျ ရိုးရိုးရှင်းရှင်း အစားအစာထဲကို ဒီလို ဈေးကြီးပြီး အဆင့်မြင့်တဲ့ အသားကို ထည့်ခိုင်းတာက ချမ်းသာတဲ့ မိသားစုဟာ လူတန်းစား ကွာခြားချက်ကို သဘောမပေါက်ဘဲ သူတို့ အမြင်မှာ အဆင့်နိမ့်တယ်လို့ ယူဆတဲ့ ဟင်းလျာကို တန်ဖိုးမြှင့်ဖို့ ကြိုးစားတာကို ပြသတာပဲ ဖြစ်ပါတယ်။

တတိယအကြောင်းရင်း

ရာမြွန် ခေတ်စားရတဲ့ တတိယအကြောင်းရင်း ကတော့ အဆင်ပြေလွယ်ကူခြင်း (convenience) ပါပဲ။ ၂၀၂၄ ခုနှစ်မှာ YouGov  ကလုပ်တဲ့ စစ်တမ်းအရ အမေရိကန် နိုင်ငံသား ၄၈% ဟာ ညစာချက်ပြုတ်ရာမှာ မိနစ် ၃၀ အောက်သာ အချိန်ပေးချင်ကြပြီး၊ ၁၂% ကတော့ လုံးဝ မချက်ပြုတ်ချင်ကြပါဘူးတဲ့။

ရာမြွန် ခေါက်ဆွဲတစ်ခွက်ကို ရေနွေးထည့်လိုက်ရင် သုံးမိနစ်အတွင်းမှာ ချက်ချင်း စားသုံးလို့ရပါပြီ။ ဒါကြောင့် သင့်ဘဝကို အရသာထည့်ဖို့ ဘာကြောင့် စောင့်နေရမှာလဲ။

ဘဝကို အခုပဲ ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်လိုက်ပါတော့လား။

SOURCE: World in a dish:   Young people are hot for ramyeon, The Economist, October 2025

Click to rate this post!
[Total: 0 Average: 0]