The Corner

The Corner

cropped-Logo_round_grey-background.png

အရောင်ကမ္ဘာထဲမှ အရောင်များသို့

Share မယ်

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက် သော်လည်းကောင်း အကြောင်းအရာ ကိစ္စတစ်ခု ရှိလာမှသာလျှင် ထိုထိုစာအုပ်မျိုးကိုသွားလှန်မိသည်ကအသေအချာပင်ဖြစ်သည်။ နောက်ထပ် တစ်ကြောင်းရှိသည်က ယနေ့ခေတ်စာအုပ်ဝယ်ရမှုတွင် စာအုပ်ပို့ခပေးရမည်ကို နှမြောတွန့်တို့နေခြင်းပင်ဖြစ်သည်။ စာအုပ်တစ်အုပ် တစ်သောင်းတန်ဝယ်ပြီဆိုပါစို့။ ပို့ခက လေးထောင်လောက်ကျသည်။ ၎င်းပို့ခကိုမပေးချင်သည်နှင့် စာအုပ်လည်း မဝယ်ဖြစ်သည်မှာကြာပြီ။ မည်သည့်စာအုပ်တွေထွက်နေလို့ ဘယ်လိုစာပေအမျိုးအစားတွေ ရောင်းကောင်း နေသလဲကို မျက်ကွယ်ပြုနေမိသည်။ သို့ပေမင့် စာကြည့်တိုက်တချို့ဆီမှ မကြာမကြာငှားဖတ်ဖြစ်သည်။ လက်ဆောင် တစ်ခါတလေ ရလျှင် ဖတ်ဖြစ်သည်။

ထိုသို့ လက်ဆောင်ပေးလေ့ရှိသည့် စာရေးဆရာများထဲတွင် ဒေါက်တာမြင့်သန်း (ညောင်လေးပင်) လည်းပါသည်။ ဆရာက တစ်နှစ် တစ်အုပ်လောက် ပုံမှန်ထွက်လေ့ရှိသည်။ များသောအားဖြင့်ဆေးပညာနှင့် သက်ဆိုင်သည့် စာအုပ် အမျိုးအစားများ ဖြစ်သည်။ သို့သော်လည်း ဆရာ့စာအုပ်များကို ကျွန်တော်ဖတ်သည်။ ဖတ်သည်ဆိုပေမဲ့လည်း ကျွန်တော်အတွက်က ခက်သည်။ ထိုခက်ခြင်းသည် ကျွန်တော်ကြောင့်မဟုတ်။ တစ်ချိန်က ပညာရေးစနစ်တွင် သိပ္ပံနှင့် ဝိဇ္ဇာ ခွဲခဲ့သောကြောင့်ဖြစ်သည်။ ကျွန်တော်က ဝိဇ္ဇာတွဲသမားဖြစ်သည်။ ထိုကြောင့် ဆရာက သိပ္ပံပညာရပ်များကို နားလည် လွယ်အောင် ကြိုးစား ရေးထားပါသည် ဟု ဆိုသော်လည်း ကျွန်တော်အတွက် ဝါးလုံးခေါင်းထဲလသာနေသလိုပင်။ သို့ပေမဲ့ လက်နက်မချ။ ရသမျှကြိုးစားဖတ်သည်။ သို့သော်ဖြည်းဖြည်း နှေးနှေး လိပ်ကလေးလို။ ဒီနှစ် ဆရာက စာအုပ် ထွက်ကြောင်း မီဒီယာပေါ်တွင်တင်လိုက်သည့်အခါတွင် ကျွန်တော်ချက်ချင်းစိတ်ဝင်တစားဖြစ်သွားမိသည်။ ဖြစ်နိုင်လျှင် ညောင်လေးပင်ကို ပြေး၍ပင် သွားတောင်းချင်မိသည်။ စာအုပ်ပညတ်က ရိုးရိုးလေး အရောင်များ ဟု။

ဤသို့စိတ်ဝင်တစားဖြစ်မိခြင်းက သူငယ်ချင်းအပေါင်းအသင်းများတွင် ယနေ့ထိ ပန်းချီဆရာများနှင့် ညီအစ်ကိုလို ခိုင်မြဲ နေခြင်းလည်းပါသည်။ သို့သော်လည်း ကျွန်တော်သူတို့နှင့်သာခင်မင်ခြင်းသက်သက်သာဖြစ်သည်။ သူတို့ပန်းချီ ရေးသလို လိုက်မရေး။ သူတို့ ပြပွဲများပြသလို ကိုယ့်မှာချင်ခြင်းမတပ်။ တစ်ခါတစ်ရံ စိတ်ထွက်ပေါက်အနေဖြင့် ဟိုခြစ် ဒီခြစ် လုပ်သည်ကလွဲ၍ သူတို့ဘာသာရပ်ထဲတွင် ကျွန်တော်ဝင်မရပ်ခဲ့။ သို့၍လည်း သူတို့ပန်းချီဆွဲနေလျင် ဘေးနားမှ နေ၍ အရောင်လှုံနေမိသည်။ သူတို့ဆေးရောင်လေးတွေ တစ်ထပ်ပြီးတစ်ထပ်တင်နေကြသည်ကိုသာ မေ့မေ့မော မော့ ကြည့်နေ တတ်သည်။ လူပုံ ဆွဲနေသည်လား၊ ရှုခင်းပုံဆွဲနေသည်လား စိတ်မဝင်စား။ အရောင်လေးတွေ တဖြည်းဖြည်း နေသားတကျ ဖြစ်လာသည်ကို စိတ်ဝင်စားမိသည်။ တချိန်ကဆိုလျင် ဆီဆေးက ချက်ချင်းမခြောက်သဖြင့် ဆေးခြောက် သွားအောင် စောင့်ရသည်ကိုပင် စိတ်မရှည်ခဲ့။ သူတို့က စိတ်အပန်းဖြေသည်ဟုပင်သဘောထားသည်။ ဤသို့နှင့် အရောင်များ အပေါ် မသိစိတ်က စွဲလမ်းနေမှန်း မသိနေခဲ့ရာမှ ဆရာ၏ အရောင်များ စာအုပ်ကိုမြင်ရသည်နှင့် ထိုဗိုင်းရပ်စ်က ပြန်ထလာခြင်း ဖြစ်သည်။

ဆရာ့စာအုပ်တွင် အရောင်နှင့်ပတ်သက်သည့် အခန်းကဏ္ဍ (၁၆) ခန်းပါဝင်လေသည်။ ထုံးစံအတိုင်း ကျွန်တော့် ဘာသာရပ်နှင့် သက်ဆိုင်သည့် အရောင်ဆိုင်ရာများကိုသာ ဦးစားပေးဖတ်မိသည်။ ဆရာက သိပ္ပံနည်းကျအခန်းများပါ ပါဝင် သော်လည်း ကျွန်တော်ပြန်ရေးပြရမည်မှာ ဘုန်းကြီးနှင့်ဘီးလိုဖြစ်နေ၍ ခွင့်လွှတ်ရန်သာ တောင်းဆိုရမည်သာ။ စစချင်းပင် ကျွန်တော့်အတွက် အဖြေတစ်ခုရခဲ့သည်။ ထိုအဖြေက ကျွန်တော့် ဝါသနာအနည်းငယ်ပါသည့် ဘွန်ဇိုင်း စိုက်ပျိုးခြင်း နှင့်ပတ်သက်သည်။ တစ်ခါတွင် ဝါသနာတူချင်းဆုံမိ၍ ကျွန်တော်က ကျွန်တော်သိသော ထိုင်းနိုင်ငံက မရန်း စိုက်ပျိုးရေး သမားများက တစ်နှစ်ပတ်လုံး အသီးသီးအောင် မရန်းခြံထဲတွင် မီးထွန်းပေးထားကြောင်းပြောသည်။ ထိုအခါ သူငယ်ချင်းက ထိုသို့ မီးထွန်းတာထက်စာလျှင် မီးအနီရောင် (သို့မဟုတ်) အပြာရောင် ထွန်းပေးတာ ပိုကောင်းကြောင်း ပြောပြခဲ့သည်။ ထိုအချိန်က မီးထွန်းပေးလျှင် သစ်ပင်တွေက ပိုအလုပ်လုပ်ကြောင်းလောက်သာ သိသည်။ ဆရာ့စာ အုပ်ဖတ်မိသည့်အခါမှ သဘောတရားကိုပါ သဘောပေါက် သွားသည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်တို့ရှိ သစ်ရွက်များက နေရောင်ထဲတွင်ပါလာသည့် အနီနှင့် အပြာရောင်ကို စုပ်ကာ သစ်ပင်ရှင်သန်ရေးအတွက်အစာချက်လုပ်သည့် ကလိုရိုဖီးလ် ရောင်ခြယ်များက အခြားအရောင်များထက် ပိုမိုစုပ်ယူသည်ကို သိလိုက်၍ပင်။

ထိုအပြင် ပန်းချီဆရာများနှင့် အပေါင်းအသင်းဖြစ်နေ၍ အဖြူရောင်နှင့်အမည်းရောင်သည် ပင်မအရောင်ကြီးနှစ် မျိုးဟု ကြားဖူးနားဝရှိသည်။ ဆရာ့စာအုပ်ကိုဖတ်လိုက်သည်မှ အဖြူရောင်သည် အဖြူရောင်တစ်မျိုးတည်းမဟုတ် ကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ထိုအဖြူရောင်တွင် အနီ၊ လိမ္မော်၊ အဝါ၊အပြာ၊အစိမ်း၊မဲနယ်ရောင်၊ ခရမ်းရောင်တို့ ပါဝင်နေကြောင်းကို အိုင်းဆက်နယူတန်က ၁၆၆၆ ခုနှစ်တွင် သုံးမြှောင့်ပုံဖန်တုံးကိုသုံး၍ လက်တွေ့ပြ သနိုင်ခဲ့ပါသည်။ အဖြူရောင်အလင်းတန်း ဖန်တုံးထဲဝင်သွားသည့်အခါ အလင်းအလျင်ကျဆင်းသွားပြီး အလင်းယိုင် ကွေးညွတ်သွားပြီး အလျင်နှုန်းနှင့် အလင်းယိုင်ထောင့်များမတူသောကြောင့် အရောင်အသီးသီးပေါ်ထွက်လာရခြင်း ဖြစ်ကြောင်း နားလည်လိုက် ရသည်။ တစ်ဖန်ပြန်၍ နောက်ထပ်ဖန်တုံးကိုပြန်ဖြတ်ပါက အဖြူရောင်ပြန်ရသည်တဲ့။ ထိုအပြင် အရောင်များကို ဆက်လေ့လာရာတွင် မြင်ရသောအရောင်နှင့် မျက်စိတို့ကြားမှ လှိုင်းအလျားတို့သည် ကွာခြားကြကာ လှိုင်းတို၊ လှိုင်းလတ်၊ လှိုင်းရှည်အဖြစ်ကွဲပြားကြသည်။ လှိုင်းတိုအဖြစ် အပြာရောင်၊ လှိုင်းလတ် အဖြစ် အစိမ်းရောင်၊ လှိုင်းရှည်အဖြစ် အနီရောင်တို့ကို လှိုင်းအလျားအတိုင်းအတာအသေးစိတ်ကအစ ဖော်ပြထားပေသည်။

အရောင်များ သမိုင်းတွင်လည်း ကျွန်တော်တို့ ပြောပြောနေသည့် ခရမ်းရောင်သည်အဘယ်ကြောင့် နန်းဆန်သောအရောင် ဖြစ်ရသည်ကို သိခဲ့ရသည်။ တစ်ချိန်က‌ ရှေးလူသားများက အရောင်များကို ဖန်တီးခဲ့ကြရာတွင် အီဂျစ်လူမျိုးများသည် အစောဆုံး ဖြစ်သည့်အပြင် သဲ၊ကျောက်၊ကြေးနီ၊ အယ်ကာလိုင်းမြေသားများကိုအသုံးပြု၍ အရောင်းများကို ဖန်တီးခဲ့ကြသည်။ ထိုသို့ အရောင်များကို ဖန်တီးရာတွင် ရှေးဖိုးနီးရှားခေတ်တွင် ခရမ်းရောင်ကို ရရှိရန်အတွက်မူ murex sea snail ခေါ် ပင်လယ်ခရု တစ်မျိုးမှ ထုတ်ယူရသည်။ ယင်းခရုသည် အလွန်ရှားပါပြီး တန်ဖိုးကြီးလှသောကြောင့် သာမန် ပြည်သူများအတွက် မထိုက်တန် သဖြင့် တော်ဝင်ထီးနန်းသုံးဖြစ်ခဲ့သည်။ ထိုအစဉ်အလာမှ ဆင်းသက်လာသဖြင့် ခရမ်းရောင်သည် နန်းဆန်သော အရောင်အဖြစ် ဆက်လက် တည်ရှိနေခြင်းဖြစ်သည်။

အရောင်များနှင့်ပက်သက်လျှင် ကျွန်တော်တို့မျက်လုံးနှစ်လုံးစဖွင့်ကတည်းက အရောင်များကိုမြင်နေကျဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ် (သို့) သမားရိုးကျ ဖြစ်စဉ်တစ်ခု ဖြစ်နေ၍သာ အရောင်များအပေါ် သတိမထားမိခြင်းဖြစ်သည်။ ကျွန်တော် ကျောင်းတက်စဉ် ကာလက အရောင်များနှင့်ပတ်သက်၍ ကြုံခဲ့ဖူးသည်ကို ဆရာ့စာအုပ် ဖတ်မိမှပြန်လည် သတိရလာသည်။ မည့်သည့် အကြောင်းနှင့် ပတ်သက်၍ အငြင်းပွားမိသည်ကို မသိတော့သော်လည်း သေချာသည်က ကျွန်တော်မြင်နေသည့် အစိမ်းရောင်ကို ကျွန်တော်သူငယ်ချင်းက အပြာရောင်ဟုဆိုခြင်းဖြစ်သည်။ ဤသို့ အရောင်များနှင့် ပတ်သက်ပြီး နှစ်ခါသုံးခါကြုံဖူးသည်။ ကိုယ်က တစ်ရောင် မြင်ပေမယ့်လည်း ကိုယ်မြင်သည့်အရောင်နှင့် ကိုယ့်သူငယ်ချင်းမြင်သည့်အရောင်မှာမတူ။ အစတွင် ငြင်းခုံ မိသော်လည်း နောက်ပိုင်းတွင် အင်း သာလိုက်မိသည်။ ပြိုင်၍မငြင်းမိချေ။ ကျွန်တော်တို့သိသည်မှာ အမြင်ကန်းခြင်းသာဖြစ်သည်။ မျက်စိမြင်သည့်သူမှန်သမျှ လောကထဲမှ အရာမှန်သမျှကိုမြင်နိုင်စွမ်းရှိသည်။ မျက်စိမမြင်သည့်သူသာလျင် မည်သည့်အရာမှ မမြင်။ ဤသို့ဖြစ်သည်။ ထိုကြောင့် ဆရာ့စာအုပ်ထဲတွင် အရောင်ကန်းမှုဟူသည့်အခန်းကို ပိုသိချင်မိသည်။ ဖတ်ပြီးမှ အမြင်တွင် မျက်စိမမြင် သည်သာ တစ်ခုတည်းရှိသည်မဟုတ် အမြင်ကန်းမှုများလည်းရှိပါလားဟု သဘောပေါက်မိသည်။ ကျောင်းတုန်းက အဖြစ်အပျက်များသည်လည်း ထိုကြောင့်ဟုပင် အဖြေထုတ်မိသည်။ ထိုထက်မက အံ့ဩစရာကောင်းသည်က ၁၉ ရာစု ပြင်သစ်ပန်းချီဆရာ Charles Meryon သည် နီ စိမ်းအရောင်ကန်းသူဖြစ်နေခြင်းနှင့် ကမ္ဘာကျော် Walt Disney Animation Studiod များတွင် ရေးဆွဲသူ Jim Kim သည်လည်း အနီ‌ရောင်မမြင်ရသူဖြစ်နေခြင်းဟု သိလိုက်ရခြင်း ပင်ဖြစ်သည်။ ထိုထက် အံ့ဩမိသည်က ကမ္ဘာကျော်စပိန်နွားရိုင်းသတ်ပွဲများတွင် အနီရောင်အဝတ်စကိုကိုင်ထားပါ သော်လည်း အကယ်စစ်စစ်၌ နွားရိုင်းများသည် အနီရောင်ကိုမြင်နိုင်စွမ်းမရှိဆိုသည်ပင်။ ထိုနွားရိုင်းများသည် အနီရောင်အဝတ်စကိုမြင်၍ လိုက်ဝှေ့ခြင်းမဟုတ်။ ထိုပွဲတွင် နွားရိုင်းအား တိုက်ခိုက်ရန်စမှုသည် ကသာ အဓိကကျ သည့်အချက်ဖြစ်ကြောင်းကို လေ့လာ ဆန်းစစ်ချက်များဖြင့် တင်ပြထားသည်။

 တစ်ခါ ယခုလို အင်တာနက်များမပေါ်ခင် အိန္ဒိယရုပ်ရှင်ကားတစ်ကားတွင် အရောင်မျိုးစုံပါသည့်အမှုန့်များဖြင့် ပက်ဖျန်းသည့် ပွဲတော်အကြောင်း ကြည့်လိုက်မိသည်။ မိမိတို့အနားရှိ မျိုးနွယ်တူများကို မေးကြည့်သည့်အခါတွင် ရိုးရာပွဲတော်တစ်ခု ဖြစ်ကြောင်း ကိုသာသိရသည်။ ယခုဆရာ့စာအုပ်ဖတ်လိုက်ရမှ အတိတ်နှင့်ပစ္စုပ္ပန်ကိုဆက်စပ်မိ သွားသည်။ ပွဲတော်အမည်က Holi ဟိုလီ။ ချစ်ခြင်းနှင့် ပျော်ရွှင်ခြင်းရည်ရွယ်ချက်ဖြင့် Radha , Krishma နတ်သား နတ်သမီးတို့ကို ပူဇော်ခြင်းပင်။ ထိုပွဲတော် ကလည်း ၄ ရာစုကတည်းက ကျင်းပလာခဲ့ပြီး နွေရာသီကိုကြိုဆိုသည့် သ‌ဘောဖြင့် မတ်လတွင်ကျင်းပလေ့ရှိပေသည်။

ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလတွင် မည်သည့်ကျောင်းသားမဆို နေ့ခင်းဖက်ကျောင်းပြန်တက်ပါက အိပ်ငိုက် တတ်ကြ သည်။ ထမင်းဆိပ်တက်သည် ဟုလည်းဆို၏။ ဤအခါတွင် ဆရာများက အိပ်ချင်စိတ်ပြေစေရန် ပတ်ဝန်း ကျင်ရှိ သစ်ပင်များကို ခဏလောက်ကြည့်ခိုင်းကြသည်။ အခြားသူများ မည်သို့ရှိသည်ကိုမသိ။ ကျွန်တော်က သစ်ပင် များကိုကြည့်လည်း ငိုက်စမြဲပင်။ ထိုကြောင့်ဘဝတူများပေါင်း၍  ကျောင်းဘေးနားကပ် လျက်ရှိ လက်ဖက်ရည်ဆိုင် ခိုးထိုင်ကြသည်။ ဆရာများက ဆူလျှင် အကြောင်းအမျိုးမျိုးပြခဲ့သည်။ တချို့ဆရာများက အပြန်ထွက်ခွင့် မပေး သော်လည်း အိပ်ချင်လျှင် အတန်းထဲတွင် အိပ်ခွင့်ပေးသည်။ မပေး၍လည်းမရ။ အိပ်က လည်းအိပ်ချင်။ အပြင်လည်း ထွက်ခွင့်မရပါက အတန်းထဲတွင် စကားတွတ် ထိုးလိုက် ဟိုလူစလိုက် ဒီလူစလိုက်နှင့် ဖြစ်၍ ဆရာစာသင်ရသည်က စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ထိုကြောင့် တခြားကျောင်းသားများ အတွက် ရန်ကင်း ရန်ရှင်း စိတ်ဖြောင့်ဖြောင့် စာသင်ရရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ ကျောင်းသားတိုင်း ထိုအချိန် ရောက်တိုင်း ထိုအဖြစ် အပျက်များ အတွက် ထိုသို့သစ်ပင်ကိုကြည့်စေခြင်းက ဆရာ့စာအုပ် ဖတ်လိုက်မှ သဘော ပေါက်ခဲ့ရသည်။ အစိမ်းရောင်သည် မယ်လာတိုနင် (melatonin) ဟော်မုန်း မထွက်အောင်တားဆီး ပေးသည်။ မယ်လာတိုနင်ဟော်မုန်း ထွက်သဖြင့် အိပ်ငိုက်ခြင်းဖြစ်ပြီး ထိုဟော်မုန်းထွက်ခြင်းကို အစိမ်းရောင်က လျော့ကျ စေသဖြင့် သစ်ပင်များကို ကြည့်စေခြင်း ဖြစ်သည်။ သို့သော် လူငယ်များဖြစ်၍ သစ်ပင်ကိုကြည့်ဆိုလျင် စိတ်ဝင် စားစရာ မကောင်းသဖြင့် ခဏသာ ကြည့် သောကြောင့် အိပ်ချင်စိတ်တို့မလျော့သွားခြင်းပေလိမ့်မည်။ (ဤနေရာတွင် အနည်းငယ် ထပ်မံဖြည့်စွက်ချင် သည်က နောက်ပိုင်းစာပေများဖတ်ရှုမိသည့်အခါ အိပ်ချင်စိတ်များကို ပျောက်အောင်မည်သို့လုပ်ရမည်ကို ကျွန်တော် တို့ကိုးကွယ်သည့် ဗုဒ္ဓဘုရားရှင်က ရှင်မောဂ္ဂလန်အားတရားပြသည့် အခန်းတွင် အကျယ်တဝင့်ပါပေသည်။ စာကြိုး  လိုသောကျောင်းသားကျောင်းသူများအနေဖြင့် သွားရောက်ဖတ်ရှု လေ့လာနိုင် ရန်အတွက်ဖြစ်ပါသည်။ တနည်း အားဖြင့် ကျောင်းသားဘဝအချိန်လစ်မိသည်ကို အစားထိုးကုစားခြင်းလည်းဖြစ်သည်။ )

ကိုးကွယ်ယုံကြည်မှုအကြောင်းတိုက်ဆိုင်လာ၍ ဆရာ့စာအုပ်ကိုဆက်ဖတ်ကြည့်ရာတွင် အရောင်ယဉ်ကျေးမှုဆိုင် ရာ ယုံကြည်မှုများဆိုသည့်အခန်းတစ်ခန်းကိုဖတ်လိုက်ရသည်။ အရောင်နှင့်ပတ်သက်၍ ကျွန်တော်တို့တစ်ခါမျှ အထူး တလည် မစဉ်းစားဘူးသော်လည်း ၁၉၇၁ ခုနှစ် ရန်ကုန်စက်မှု တက္ကသိုလ်မှ ရုရှား ပါရဂူနှစ်ဦးဖြစ်သည့် ရုရှာကော့ဗ်နှင့် ရိုဒီယိုနော့ဗ် တို့နှစ်ဦးက သံဃာတော်များဝတ်ရုံအရောင်နှင့် ပက်သက်ပြီး မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသအား မေးလျှောက်ဖူးလေသည်။ “ ဘာကြောင့် သင်္ကန်းကို ဒီလို ခပ်ဝါဝါနဲ့ နီရင့်ရင့်ရောဆိုးပြီး ဝတ်ရပါသလဲ” ဟု။ ထိုအခါ ဆရာတော်ကြီးက ဘုရားမပွင့်မီကတည်းက သစ်ခေါက်ဆိုး ဝတ်လေ့ရှိကြတယ်။ သူတော်ကောင်း အထိမ်းအမှတ်ပဲ။ ဒီအရောင်ဟာ ညစ်ပေရေခံတယ်။ လောဘ ဒေါသနည်းသူဆိုတဲ့သဘောလည်း ဆောင်တယ်။ ဒါကြောင့် ဒီလိုဝတ်ရပါတယ် ဟုပြန်လည်မိန့်ကြားခဲ့ပေသည်။ ထိုအတူပဲ ဆရာက အရောင်များ နှင့် ပက်သက်သည့် အယူအဆများကို နိုင်ငံအလိုက် တင်ပြထားပေသည်။ ပုပ်ရဟန်း မင်းကြီးရွေးပွဲကအစ အရောင်နှင့် သက်ဆိုင်ကြောင်းတွင် ဗာတီကန်နန်းတော်ရှိမီးခိုးခေါင်းတိုင်မှ အနက်ရောင်မီးခိုး ထုတ်လွှတ်လျှင် ပုပ်ရဟန်း မင်းကြီးမရွေးချယ်နိုင်သေးကြောင်း၊ အဖြူရောင်မီးခိုးထုတ်လွှတ်လျင် ပုပ်ရဟန်း မင်းကြီးရွေးချယ်ပြီးကြောင်း အများပြည်သူများကို အရောင်ဖြင့်အချက်ပြပေသည်ကိုလည်းနှိုက်နှိုက်ချွတ်ချွတ်ရှာဖွေ ထားပေသည်။

ဆရာ၏အ‌ရောင်များစာအုပ်အကြောင်းပြောရမည်ဆိုလျင် သိစရာမှတ်စရာ ဝိဇ္ဇာနည်းသာမက သိပ္ပံနည်းကျကျ လည်းပါသဖြင့် ကျမ်းတစ်စောင်မဟုတ်သော်ငြားသော်လည်း တစ်နည်းအားဖြင့် ဟင်းပွဲကြီးမပါသော်လည်း ဟင်းမျိုးစုံသည့် ထမင်းဝိုင်းကြီး တစ်ခုလိုပင်ဖြစ်သည်။ မည်သည့်ဟင်းခွက်ကိုကြည့်ကြည့် စားချင်စရာကောင်းသည့် အပြင် အနည်းငယ်စားခွင့်ရပါသော်လည်း အရသာရှိသည့် ဟင်းပွဲများဖြင့် ပြည့်နှက်နေသည်ဟုသာဆိုချင်ပါသည်။ ကဏ္ဍမျိုးစုံကို အခန်း (၁၆) ခန်းဖြင့်တင်ပြထားသဖြင့် ထိုအခန်းများအတွက် ပြည့်စုံအောင်ညွှန်းဆိုမည်ဆိုဖို့ရာ မစွမ်းသာပါ။ ထိုကြောင့် မိမိကြုံဖူးခဲ့ရာ တချို့တစ်ဝက်ဖြင့် အရောင်အချို့ကို တို့ထိမိခြင်းသာဖြစ်သည်။ ထိုအထဲတွင် ကျွန်တော်ကိုယ်တိုင်ကလည်း အရောင်ကန်းခြင်း သဘောများ ပါဝင်ကောင်းပါဝင်နေနိုင်ပါသည်။ သို့သော်လည်း ဆရာ့ စာအုပ်ထဲတွင်မူကား သိချင်စရာ၊ တွေးတောဆင်ခြင်စရာ၊ မှတ်သားနာယူစရာ၊ လိုက်နာလေ့ကျင့်ဖွယ်ရာများပါဝင် နေကြောင်းကို စာတတန်ပေတဖွဲ့ဖြင့် လမ်းညွှန်လိုက်ပါသည်။ အရောင်များဖြင့် ဘဝကိုခြယ်သနိုင်ကြပါစေသော်။

Click to rate this post!
[Total: 2 Average: 5]