အောက်တိုဘာလ (၂၈) ရက်ကအစပြုခဲ့တဲ့ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တွေကြောင့် ဂါဇာ ပြည်သူ တစ်ရာကျော် သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဥ်က ရက်သတ္တပတ် သုံးပတ်မပြည့်သေးတဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးက ယိုင်မလို၊ ပြိုမလို ဖြစ်နေဆဲဆိုတာကို ညွှန်ပြနေပါတယ်။ ရာဖာ(Rafoh)မြို့ အနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တိုးမှု တစ်ခု အတွင်း အစ္စရေး စစ်သားတစ်ဦး သေဆုံးပြီးနောက် အစ္စရေးက တိုက်ခိုက်မှုတွေကို ဆက်တိုက် ဆောင်ရွက် လာခဲ့ပါတယ်။ အစ္စရေးက ဟားမတ်စ် အဖွဲ့အပေါ် အပစ်အခတ် ရပ်စဲရေးကို စတင် ချိုးဖောက်ခဲ့တယ် ဆိုပြီး အပြစ်တင် ခဲ့ပါတယ်။ အစ္စလာမ် ဘာသာရေး အခြေခံ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာ ကမ်းမြောင်ဒေသ တစ်ဝက်လောက်ကို လက်ရှိမှာ ထိန်းချုပ် ထားပါတယ်။ ဟားမတ်စ် အဖွဲ့ ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး သူတို့ဟာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာ စောင့်ထိန်း ခဲ့တဲ့အတွက် တာဝန်မရှိဘူးလို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

နောက်တစ်ရက် မနက်ခင်းပိုင်းမှာတော့ အစ္စရေးက အပစ်အခတ် ရပ်စဲရေး ပြန်လည် အသက်ဝင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း အစ္စရေးက ဟားမတ်စ်အဖွဲ့အနေနဲ့ အစ္စရေး ဓားစာခံ (၁၃)ဦးရဲ့ ရုပ်အလောင်းကို ပြန်မပေးသေးတဲ့အတွက် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်နေဆဲ ဖြစ်ကြောင်း မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဖိအားကြောင့် မခိုင့်တခိုင် ငြိမ်းချမ်းရေးက ပြန်လည်ရှင်သန်ခဲ့ပါတယ်။ အစ္စရေးက သဘော တူညီချက်အပေါ် လိုက်နာ စောင့်ထိန်းတာ သေချာစေဖို့ အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံအတွင်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ ကြီးကြပ်မှုအောက်မှာ အရပ်ဘက်၊ စစ်ဘက်ပူးပေါင်း ညှိနှိုင်းရေးစင်တာ (Civil-Military Coordination Centre) ကို ထူထောင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ပြသနိုင်ဖို့အတွက် အမေရိကန် ထိပ်တန်း အရာရှိကြီးတွေကို အစ္စရေးနိုင်ငံဆီ ဆက်တိုက် စေလွှတ်ခဲ့ပါတယ်။ ဒီလို စေလွှတ်ခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ ဒု-သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးလို ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
လက်ရှိမှာတော့ အစ္စရေး တပ်ဖွဲ့တွေနဲ့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ရဲ့ သတ်မှတ် နေရာတွေမှာ အထိုင်ချ ထားကြပါတယ်။ နှစ်သန်း ရှိတဲ့ ဂါဇာပြည်သူ အားလုံးနီးပါးဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ တစ်ဝက်မပြည့် ဧရိယာမှာ စုပြုံ နေကြရပါတယ်။ ဒီလို ဂါဇာပြည်သူတွေ စုပြုံ နေထိုင်ကြတဲ့ ဧရိယာမှာ ဟားမတ်စ်က လူမြင်ကွင်းမှာ သတ်ဖြတ်၊ ရိုက်နှက်၊ အပြစ်ပေး ဆိုတဲ့ နည်းလမ်းတွေကို သုံးပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို ထူထောင်ထားပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ ကျန်တစ်ခြမ်းမှာတော့ နေထိုင်တဲ့ အရပ်သားတွေက ရာဂဏန်း လောက်ပဲရှိတာပါ။ ဒီအရပ်သား အားလုံး နီးပါး ကလည်း အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပါလက်စတိုင်း ဆွေမျိုး အုပ်စုဝင်တွေပါ ဒီတစ်ခြမ်းမှာ အစ္စရေးက ကင်းစခန်း ၂၀ ကျော် အထိုင်ချ ထားပါတယ်။ ရည်ရွယ်ချက်က အစ္စရေးအနေနဲ့ ဂါဇာ နယ်စပ်မျဥ်း တစ်လျှောက်မှာ ရှိတဲ့ ကြားခံဇုန် ကို ကာကွယ်ဖို့ပါ။ ဒီကင်းစခန်း တစ်ခုခုကို သတင်းထောက်တွေ ရောက်ခဲ့မယ် ဆိုရင် အစ္စရေး စစ်သားတွေရဲ့ အနေအထားဟာ ရေရှည်တပ်စွဲဖို့ ပြင်ဆင်ထားတယ်လို့ပဲ ယူဆမိမှာပါ။

စက်တင်ဘာလ (၂၉) ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ခဲ့တဲ့ အချက်(၂၀)ပါ ငြိမ်းချမ်းရေး အစီအမံအရ ဆိုရင် ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့တွေ ဖြန့်ကြက်ထားရှိမှုဟာ ယာယီပဲဖြစ်ရမှာပါ။ အရပ်ဘက် စီမံ အုပ်ချုပ်ရေးအတွက် ပါလက်စတိုင်း ပညာရှင်တွေ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ (International Stabilization Force-ISF) ချထားမှုနဲ့ အတူ ဟားမတ်စ်အဖွဲ့အပေါ် လက်နက် ဖြုတ်သိမ်းရေး လုပ်ငန်းစဥ် စတင် အကောင်အထည် ပေါ်ပြီဆိုတာနဲ့ အစ္စရေးတပ်ဖွဲ့တွေက ဧရိယာ ပိုသေးငယ်တဲ့ ကြားခံဇုန်ကို ဆုတ်ခွာပေးရမှာပါ။
ဒါပေမဲ့ ဒီအဆင့်ဟာ ငါးရှဥ့်ဖမ်းရသလို ချော်ထွက်သွားနိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အီဂျစ်နဲ့ အစ္စရေးနိုင်ငံတွေဟာ အရပ်သား ပညာရှင် အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေ ပါထိုက်တယ် ဆိုတဲ့အပေါ် ငြင်းခုံနေကြတာပါ။ လက်ရှိ အချိန်အထိ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ (ISF) မှာ တပ်ဖွဲ့ဝင် ဘယ်လောက် ပါဝင်မယ်ဆိုတာကို ဘယ်နိုင်ငံကမှ တရားဝင် ကတိပေးတာမျိုး မလုပ်သေးပါဘူး။ လက်ရှိအချိန်မှာ ဟားမတ်စ်က လက်နက် ဖြုတ်သိမ်းမယ့် အရိပ်အယောင် မပြသေးပါဘူး။
အရပ်သား ပညာရှင် အုပ်ချုပ်ရေး ဖွဲ့စည်းအပေါ် သဘောတူညီချက်တစ်ရပ် မကြာခင် ရရှိနိုင်မယ်လို့ မျှော်လင့် ရပေမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ (ISF) ရဲ့ အလားအလာက မရေမရာ ဖြစ်နေဆဲပါ။ တူရကီနိုင်ငံက သူ့တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အဆင်သင့်ပဲလို့ ပြောဆိုခဲ့ပေမယ့် အစ္စရေးကတော့ တူရကီ တပ်ဖွဲ့တွေ ပါဝင်မှုကို ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။ အစ္စရေးက တူရကီနိုင်ငံရဲ့ အစ္စရေးနိုင်ငံအပေါ် ခါးခါးသီးသီး ဆန့်ကျင်မှုနဲ့ ဟားမတ်စ်အဖွဲ့အပေါ် ထောက်ခံမှုတွေကို သူ့ရဲ့ ပယ်ချမှု အကြောင်းရင်းအဖြစ် ထောက်ပြ ထားပါတယ်။ ဟားမတ်စ် ခေါင်းဆောင်တွေကို တူရကီနိုင်ငံ အန်ကာရာ (Ankara) မြို့မှာ မကြာခဏ ဆိုသလို ဖိတ်ခေါ်ဧည့်ဝတ်ပြုလေ့ရှိပါတယ်။
အစ္စရေးနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ အဇာဘိုင်ဂျန်နိုင်ငံက သူတို့ တပ်ဖွဲ့တွေ စေလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာပါ။ ဒီနှစ်နိုင်ငံဟာ မူစလင်အများစု နိုင်ငံတွေဖြစ်ပေမယ့် ဟားမတ်စ်အဖွဲ့ ဆုပ်ကိုင်ထားတဲ့ နိုင်ငံရေး အခြေခံ အစ္စလာမ်ဝါဒကို ဆန့်ကျင်ကြပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံဆိုရင် အစ္စရေးနိုင်ငံနဲ့ မဟာဗျူဟာမြောက် မဟာမိတ် ဖွဲ့စည်းမှုကို ကာလရှည်ကြာ ထူထောင် ထားခဲ့တာပါ။ အဇာဘိုင်ဂျန်က အစ္စရေးနိုင်ငံရဲ့ ရေနံ လိုအပ်တဲ့ အများစုကို ဖြည့်ဆည်းပေးနေပြီး အစ္စရေးနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူနေတာပါ။ နဂိုနို-ခါရာဘတ် (Nagorno-Karabakh) ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ ဖြစ်ပွားတဲ့ စစ်များမှာ အဇာဘိုင်ဂျန်က အစ္စရေးနိုင်ငံဆီက ဝယ်ယူထားတဲ့ စစ်လက်နက် ပစ္စည်းတွေကို ထိထိရောက်ရောက် ချေမှုန်း တိုက်ခိုက်နိုင်ဖို့ အသုံးပြုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာအစ္စရေးနိုင်ငံနဲ့ ပုံမှန် သံတမန် ဆက်ဆံရေး မထူထောင် ထားပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဗီယန်တို (Prabowo Subianto) က အစ္စရေးနိုင်ငံနဲ့ အဆက်အစပ်ရှိတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့လက ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အင်ဒိုနီးရှား သမ္မတ ပရာဘို ပိုဆူဗီယန်တိုက ငြိမ်းချမ်းရေး ဆုပ်ကိုင်နိုင်ဖို့ဆိုရင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးက မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လုံခြုံတည်ငြိမ်ရေးကို ကျွန်တော်တို့က အသိအမှတ်ပြု လေးစားဖို့ လိုအပ်သလို အာမခံချက်ပေးဖို့လည်း လိုအပ်ပါတယ် လို့ ထောက်ပြခဲ့ပါတယ်။ ပိုအရေးကြီးတာက အိမ်နီးချင်းနိုင်ငံနဲ့ ထိပ်တိုက်တိုး ရင်ဆိုင်နေရတဲ့ အဇာဘိုင်ဂျန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးဟာ သမ္မတဒေါ်နယ်ထရမ့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားနေကြ တာပါ။ အဇာဘိုင်ဂျန်နဲ့ အင်ဒိုနီးရှား အစိုးရ နှစ်ရပ်စလုံးက အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေကို နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်ဖွဲ့ (ISF) မှာ သူတို့ တပ်ဖွဲ့တွေ စေလွှတ်ပေးမယ်လို့ ပြောနေကြပေမယ့် သူတို့ အမှန်တကယ် စေလွှတ်ခဲ့ရင်တောင် အစ္စရေးလုံခြုံရေးအရာရှိတွေက ဒီနှစ်နိုင်ငံ တပ်ဖွဲ့တွေအနေနဲ့ ဟားမတ်စ်အဖွဲ့က လက်နက် ဖြုတ်သိမ်းဖို့ ငြင်းဆန်ခဲ့ရင် ထိပ်တိုက် တိုးရဲပါ့မလား ဆိုတာကို သံသယ ဝင်နေကြတာပါ။ အဇာဘိုင်ဂျန်နဲ့ အင်ဒိုနီးရှား အစိုးရတွေဟာ အစ္စရေးနိုင်ငံနဲ့ ဆက်ဆံရာမှာ ပြည်တွင်း လူထု သဘောထားအပေါ် အလေးအနက်ထား ကိုင်တွယ်နေရသလို အစ္စရေးနိုင်ငံ ဘက်ရပ်တည်သလို ဖြစ်သွားမှာကိုလည်း စိုးရိမ်နေ ကြရတာပါ။
အစ္စရေးဗိုလ်ချုပ်တစ်ဦးက “အရှေ့အလယ်ပိုင်းဒေသမှာ ပုံမှန်မဟုတ်တဲ့ အရာတွေကတော့ ဖြစ်ခဲ့ပါပြီ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ အကောင်းဆုံး မျှော်လင့်နိုင်တာက နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ (ISF) အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို ထိထိရောက်ရောက် စောင့်ကြည့် ထိန်းသိမ်းနိုင် ဖို့ပါပဲ။ ဒီတပ်ဖွဲ့တွေက ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းပေးရမယ့် တပ်ဖွဲ့တွေ မဟုတ်ပါဘူး။ လက်နက် ဖြုတ်သိမ်းရေးဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ ဖိအားအပေါ် မူတည်နေမှာပါ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အစ္စရေး လုံခြုံရေး အသိုက်အဝန်း အနေနဲ့ ဟားမတ်စ်အဖွဲ့က အနာဂတ်မှာ ညှိနှိုင်းရမယ့် ကျယ်ပြန့်တဲ့ ဂါဇာဒေသ ပြန်လည် ထူထောင်ရေး စီမံကိန်း လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ကိုပဲ ဦးတည်ပြီး လက်နက် တစ်စိတ် တစ်ဒေသ စွန့်လွှတ်နိုင်တယ်လို့ တွက်ဆထားပါတယ်။ လက်ရှိမှာတော့ ဂါဇာဒေသမှာ အပစ်အခတ် ရပ်စဲရေးကို အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားနိုင်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေလည်း ပြန်ဝင်ရောက် လာတဲ့အတွက် စိတ်သက်သာရာ ရနေတယ်လို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ ဂါဇာဒေသဟာ ဖုန်းဆိုးမြေဆိုတာက ငြင်းမရပါဘူး။ အစ္စရေးနိုင်ငံက မျှော်လင့်နေတာက ဆောင်းဝင်လာတာနဲ့ ဂါဇာပြည်သူတွေက ဘာကြောင့် ပြန်လည် တည်ဆောက်ရေးတွေ မစရသေးတာလဲ၊ နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့ (ISF) ကျောထောက်နောက်ခံပေးထားတဲ့ ပါလက်စတိုင်း လုံခြုံရေး တပ်ဖွဲ့သစ်ဘာကြောင့် အသက်မဝင်ရသေးတာလဲ၊ ဂါဇာဒေသ ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတကာ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေးကို ဘာကြောင့် အကောင်အထည်မဖော်နိုင်သေးတာလဲ စတာတွေကိုမေးလာကြမှာကိုပါ။ ဒီလိုမှမဖြစ်ခဲ့ဘူး ဆိုရင်တော့ အစ္စရေးနဲ့ ဂါဇာကို ပြန်ဝင်ရောက်ပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်ကြရမှာပါ လို့ အစ္စရေး ဗိုလ်ချုပ်တစ်ဦးက မှတ်ချက်ပြု ထားပါတယ်။
လူလေးဝိုင်း
ရည်ညွှန်း – The Next Stage of the Trump Peace Plan for Gaza is stalling, Oct 2025

