တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။
ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော် စာအုပ်ထဲမှာ ရှေးရိုးဘောဂဗေဒအတွက် အခြေခံမူဘောင်ကို စမစ်က ချမှတ်ခဲ့တယ်။ လူတစ်ယောက်ချင်းစီ အနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးစီးပွားတွေနောက်ကို လိုက်တာဟာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးချမ်းသာကို အဆုံးစွန် အထိ တိုးပွားစေနိုင်တယ်လို့ အဲဒီစာအုပ်ထဲမှာ အကြံပြုထားပါတယ်။ ဈေးအသက်သာဆုံး ကုန်ပစ္စည်းတွေကို ကျွန်တော်တို့ ဝယ်တာက အရည်အချင်း အရှိဆုံး လုပ်ငန်းတွေကို ချီးမြှောက်ရာရောက်တယ်။ အကျိုးအမြတ်နောက်ကို လိုက်ရင်း စွန့်ဦးတီထွင်သူတွေဟာ အလုပ်အကိုင်ရယ်၊ စားသုံးသူလိုအပ်တဲ့ ကုန်ပစ္စည်း ရယ်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
ဒါဟာ လွတ်လပ်တဲ့ဈေးကွက်ရဲ့ ပဉ္စလက်ဆန်မှုဖြစ်တယ်။ မမြင်ရတဲ့လက်တစ်စုံက ကျွန်တော်တို့ရဲ့ ကိုယ်ကျိုး ကြည့်ခြင်း တွေကို နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ဗြိတိသျှ ဘောဂဗေဒ ပညာရှင် ဒေးဗစ်ရီကာဒို (၁၇၇၂-၁၈၂၃)2 နဲ့ ဝီလီယံစတန်လေဂျာဗွန် (၁၈၃၅-၈၂)3 လို ဘောဂဗေဒ စွန့်ဦးတီထွင်သူတွေက သူတို့ရဲ့ ဘောဂဗေဒသဘောတရားတွေထဲမှာ အယူအဆတစ်ခုကို မိတ်ဆက်ခဲ့တယ်။ စဉ်းစားတတ်တဲ့ လူတစ်ယောက် ဟာ သူပိုင်တဲ့ တန်ဖိုးတွေကို အဆုံးစွန်မြှင့်တင်နိုင်ဖို့ ကြိုးစားရှာဖွေနေတယ်ဆိုတဲ့ အယူအဆ ဖြစ်တယ်။ အဓိပ္ပာယ်က ကုန်ကျစရိတ် အနည်းဆုံးသုံးပြီး အဖိုးအတန်ဆုံးကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒေးဗစ်ရီကာဒို တို့ရဲ့ သဘောတရားရေးရာ ဘောဂဗေဒပညာထဲမှာ ဒီအယူအဆနဲ့ ချဉ်းကပ်တာက အရင်းအမြစ်တွေကို အကောင်းဆုံး ခွဲဝေနိုင်ဖို့ ဖြစ်လာပါတယ်။ ဘောဂဗေဒ ဘာသာရပ်မှာ လည်း ဩဇာရှိတဲ့ အစဉ်အလာတခု ပေါ်ပေါက် လာပါတယ်။ ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခြင်းက စီးပွားရေးကဏ္ဍကို တိုးတက်စေပြီး အရင်းအမြစ်တွေကို အကျိုးရှိရှိ ခွဲဝေနိုင်တဲ့အခြေအနေအထိ ရောက်သွားနိုင်ပါတယ်တဲ့။
ဒါပေမဲ့ လွတ်လပ်တဲ့ဈေးကွက်နိဗ္ဗန်ဘုံဆိုတဲ့ ရေတိုအမြင်ကို ဘောဂဗေဒပညာရှင်အားလုံး သဘောမတူကြပါဘူး။ ဆက်ဖြစ်လာမယ့် ကိုယ်ကျိုးကြည့်ခြင်းတွေဟာ အာဏာလည်းမရှိ အခွင့်ထူးလည်းမရနိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲသားတွေ အတွက် မမျှတရာရောက်လိမ့်မယ်လို့ အရင်းရှင်စနစ်ဝေဖန်ရေးသမားတွေက ဆိုပါတယ်။ လူ့အဖွဲ့အစည်း ထဲက အင်အားအနည်းဆုံးသူတွေအပေါ် အမြတ်ထုတ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အရင်းရှင်တို့ရဲ့ ကိုယ်ကျိုးကြည့်ခြင်းကို ကားလ်မာ့က်စ် (၁၈၁၈-၈၃)4 က ရှုတ်ချပါတယ်။ မတူကွဲပြားတဲ့ ကိုယ်စားလှယ်တွေဆီမှာ အပေးအယူလုပ်နိုင်တဲ့အာဏာ ညီတူညီမျှ ရှိကြတယ်လို့ လွတ်လပ်တဲ့ဈေးကွက် ဘောဂဗေဒပညာက ဆိုတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်ထဲမှာ ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ရာကနေတဆင့် “မျှတတဲ့” ဟန်ချက်ညီမှုဆီကို ဆိုက်ရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကားလ်မာ့က်စ်အတွက်တော့ ဒီအယူအဆဟာ မဆီလျော်ပါဘူး။ အာဏာရယ် ဩဇာလွှမ်းမိုးနိုင်မှုတွေရယ်ကြောင့် ရွေးချယ်စရာသိပ်မရှိတဲ့ အလုပ်သမားတွေရဲ့ သွေးချွေးတွေကို အရင်းရှင်တွေ အနေနဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ညှစ်ထုတ်သွားလိမ့်မယ်လို့ ကားလ်မာ့က်စ်က ဆိုတယ်။ ကားလ်မာ့က်စ်အတွက်တော့ တစ်ကိုယ်ကောင်းဆန်ခြင်းဟာ အရင်းရှင်စနစ်ရဲ့ အဆိုးဆုံးသွင်ပြင်လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။
“လူသားတို့ နှလုံးသားအတွင်း၌ အကြမ်းကြုတ်ဆုံး၊ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးစိတ် သို့မဟုတ် ပုဂ္ဂလိက အကျိုးကြည့် နတ်ဆိုးများ ရှိနေ၏” ကားလ်မာ့က်စ်
သွယ်ဝိုက်တဲ့ အကျိုးကျေးဇူး (တချို့အတွက်)
ဒါပေမဲ့ အရင်းအမြစ်တွေကို ဖြန့်ဝေဖို့အတွက်ဆိုရင် လွတ်လပ်တဲ့ဈေးကွက်ရယ်၊ အကျိုးသင့်အကြောင်းသင့် ကိုယ်ကျိုးရှာခြင်းကို အားပေးတာရယ်က တစ်ခြားစနစ်တွေနဲ့စာရင် သဘောကျစရာပါပဲလို့ ရှေးရိုး ဘောဂဗေဒ ပညာရှင်တွေက အကြမ်းဖျင်း ယုံကြည်ကြတယ်။ ဥပမာအနေနဲ့ အမေရိကန်ဘောဂဗေဒပညာရှင် ဖရန့်နိုက် (၁၈၈၅-၁၉၇၂)5 က အခုလိုပြောပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာဆိုရင် လူတွေက ကိုယ့်အကျိုးစီးပွားကိုပဲ ကိုယ်ရှာကြပါတယ်။ အဲဒီလုပ်ငန်းတွေဟာ ပြဿနာအများစုကို အစိုးရထက်ပိုပြီး ထိထိရောက်ရောက် ဖြေရှင်း နိုင်ကြတယ်တဲ့။ စွန့်ဦးတီထွင်သူတွေက စွန့်စားမှုတွေ လုပ်ကြတဲ့အတွက် အကျိုးအမြတ်တွေရတယ်။ ဒါပေမဲ့ အဲဒီ ဖြစ်စဉ်ထဲမှာ အလုပ်အကိုင်တွေရယ် လူ့အဖွဲ့အစည်းထဲက တခြားလူတွေအတွက် ဥစ္စာဓနတွေရယ်ကို ဖန်တီးပေး တယ်လို့ နိုက်က ထောက်ပြတယ်။ တစ်နည်းပြောရရင် ကိုယ်ကျိုးစီးပွားရှာခြင်းဟာ ဥစ္စာဓနဖန်တီးတဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းဖြစ်နိုင်ပါတယ်။ အဲဒီဖန်တီးမှုက လူ့အဖွဲ့အစည်းထဲက အခြားသူတွေအပေါ်ကိုလည်း အကျိုး ရှိစေပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့ဈေးကွက်အမြင်တို့၊ ကိုယ်ကျိုးစီးပွားရှာခြင်းကနေ လူ့အဖွဲ့အစည်းထဲက အားလုံးကို အကျိုးရှိ စေတယ်တို့ စတာတွေကို ဝေဖန်သူတွေ ရှိလာတယ်။ အပေါ်လွှာကနေ အောက်လွှာကို စီးဆင်းတဲ့ သက်ရောက်မှုဟာ လက်တွေ့မှာတော့ အဆင်းရဲဆုံးသူတွေဆီကို မစီးဆင်းသလောက်ပါပဲတဲ့။ ကနေဒါမှာမွေးတဲ့ ဘောဂဗေဒပညာရှင် ဂျွန်ကန်နက် ဂဲလ်ဘရိတ်သ် (၁၉၀၈-၂၀၀၆)6 ရဲ့ ဝေဖန်ချက်ကတော့ အပေါ်လွှာကနေ အောက်လွှာကို စီးဆင်းတဲ့ ဘောဂဗေဒအယူအဆကို ရွှေရောင်ဝင်းတဲ့ခေတ် (၂၀ ရာစု အစပိုင်း) မှာ ကြိုးစားခဲ့ပြီးပြီ။ အဲဒီအချိန်တုန်းက “မြင်းနဲ့ စာကလေး သဘောတရား” ဆိုပြီး ထိထိမိမိ ပုံဖော်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ “ခင်ဗျားက မြင်းကို ဂျုံစေ့တွေ ဝအောင်သာကျွေး။ တချို့တလေက စာကလေးတွေအတွက် လမ်းပေါ်ကို ကျသွားလိမ့်မယ်” တဲ့။ ပိုပြီး ရှင်းအောင် ပြောရရင် ကိုယ့်ရဲ့ ဓနဥစ္စာကို အများဆုံး တိုးပွားအောင်လုပ်တာက အထူးသဖြင့် တဦးတည်း ချုပ်ကိုင်မှုပါဝါ အားကောင်းတဲ့ ခေတ်မှာ လူ့အဖွဲ့အစည်းထဲက လူတိုင်းကို မကူညီနိုင်ပါဘူး။ မညီမျှမှုတွေရယ် မမျှတဘူးဆိုတဲ့ ခံစားမှုတွေရယ်ပဲ တိုးလာဖို့များပါတယ်။
ကိုယ်ကျိုးကြည့်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
အမေရိကန်ဘောဂဗေဒပညာရှင် ရောဘတ်အိတ်ခ်ျဖရန့်7 (၁၉၄၅ မွေး) က အပေါ်မှာ ပြောခဲ့တာတွေထက်ပိုပြီးတော့ကို ပြောပါတယ်။ ဘောဂဗေဒကြောင့် လူတွေဟာ ပူးပေါင်းဆောင်ရွက်တာကို ငြင်းပယ်တယ်။ ရက်ရောမှုလည်း မရှိကြ တော့ဘူး။ ပြီးတော့ ကိုယ့်အတွက် ကိုယ်စိတ်ဝင်စားတဲ့ ရှုထောင့်ကပဲ ပိုစဉ်းစားကြတော့တယ်တဲ့။ ဘောဂဗေဒကို လေ့လာရင် ခင်ဗျား ပိုပြီးတစ်ကိုယ်ကောင်းဆန်လာမယ်လို့ ဖရန့်က တွေ့ရှိခဲ့တယ်။ ဘောဂဗေဒထဲမှာပါတဲ့ ဩဇာ ကြီးမားတဲ့ ကိုယ်ကျိုးကြည့်သဘောတရားက ခင်ဗျားကို လွှမ်းမိုးသွားတာကိုး။ တစ်နည်းပြောရရင် ကိုယ်ကျိုး ကြည့်ခြင်းကို ကျွန်တော်တို့ရဲ့ အပြုအမူတွေအတွက် စံတစ်ခုအနေနဲ့ လက်ခံလိုက်ရင် ပိုဆိုးသွားပါလိမ့်မယ်။
ဘောဂဗေဒ သဘောတရား
ဆင်ခြင်တုံတရားအခြေခံပြီး ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခြင်းဟာ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ခွဲဝေနိုင်တဲ့အပြင် စီးပွားရေး ဖူလုံတိုးတက်ဖို့အတွက် လိုအပ်တဲ့အရာဖြစ်ကြောင်း လွတ်လပ်တဲ့ဈေးကွက် ဘောဂဗေဒ ပညာက ဆိုပါတယ်။
ဩစတီးယန်း ဗြိတိသျှ ဘောဂဗေဒပညာရှင်လည်းဖြစ် ဘောဂဗေဒနိုဘယ်ဆုရှင်လည်းဖြစ်တဲ့ ဖရီးဒရစ်ခ်ဟိုင်းယက်ခ် (၁၈၉၉-၁၉၉၂) 8လို လွတ်လပ်တဲ့ဈေးကွက် ဘောဂဗေဒသဘောတရားကို ကာကွယ်သူတွေက အခုလို ပြောပါတယ်။ ကိုယ်ကျိုးစီးပွားနောက်ကို လိုက်တဲ့အတွက် တစ်ကိုယ်ကောင်းဆန်ခြင်းကို ကျွန်တော်တို့ လက်ခံတယ်ဆိုရင် မမှန်ပါ ဘူးတဲ့။ လူတွေ ကိုယ်ကျိုးစီးပွားနောက်ကိုလိုက်တာက သူတို့ရဲ့ ပိုကောင်းတဲ့ သဘောသဘာဝကို ပျိုးထောင်ရာ ရောက်နိုင်ပါတယ်။ ဈေးကွက်ယန္တရားစနစ်ရဲ့ အသုံးဝင်ပုံကို ဝန်ခံခဲ့တဲ့ အဒမ်စမစ်ဟာ ကိုယ့်ကျင့်တရားကို တန်ဖိုးထားတဲ့ ဒဿနပညာရှင် တစ်ယောက် ဖြစ်တယ်။ ကိုယ်ကျိုးကြည့်ရုံထက်ပိုတဲ့ ပြင်းပြတဲ့ဆန္ဒ လူတွေဆီမှာ ရှိသင့်တယ်လို့ သူက မျှော်လင့်ခဲ့တယ်။ စမစ်ကို ဘောဂဗေဒပညာရပ်ရဲ့ ဖခင်ကြီးအဖြစ် လူတွေက မြင်ကြပေမယ့် တစ်ဦးတည်း ချုပ်ကိုင်မှုပါဝါရဲ့ အပျက်သဘောဆောင်တဲ့လက္ခဏာတွေရယ်၊ ကိုယ်ကျိုးစီးပွားနောက်ကိုလိုက်ခြင်း ကြောင့် ဖြစ်လာတဲ့ လူမှုပြဿနာတွေနဲ့ အရင်းအမြစ် ဖြန့်ဝေရာမှာ မမျှတမှုတွေရယ်ကို သူက သတိထား မိခဲ့ပါတယ်။
“ဘာကိုမှအလေးမထားတဲ့ ကိုယ်ကျိုးကြည့်ခြင်းဟာ မကောင်းတဲ့ ကိုယ်ကျင့်တရားဖြစ်ကြောင်း ကျွန်တော်တို့ တစ်လျှောက်လုံး သိခဲ့ကြပါတယ်။ အဲဒါက မကောင်းတဲ့ စီးပွားရေးလည်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အခုထပ် သိရပါပြီ” ဖရန်ကလင် ဒီလာနို ရူးစဗဲ့လ်တ်လစ်ဘရယ်ဝါဒီ ဘောဂဗေဒပညာရှင်တွေဖြစ်တဲ့ ဩစတီးယန်း အမေရိကန် လုဒ်ဗစ်ဂ်ဖွန်မီးဇစ် (၁၈၈၁-၁၉၇၃)9 နဲ့ အမေရိကန်နိုင်ငံသား မီလ်တန်ဖရီးမန်း (၁၉၁၂-၂၀၀၆)10 တို့က လွတ်လပ်တဲ့ ဈေးကွက်အတွက် ထောက်ခံပြောဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ စည်းမျဉ်းဥပဒေတွေမရှိတဲ့အခါ ရလဒ်အနေနဲ့ လူတွေက သူတို့ရဲ့အိမ်နီးချင်းတွေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ များပါတယ်။ အဲဒါဟာ လူမှုဘဝကို အပြန်အလှန်အကျိုးသက်ရောက်ပြီး နှစ်ဦးနှစ်ဖက်လည်း အကျိုးရှိပါတယ်။
လစ်ဘရယ်ဝါဒီတွေက ဒါကို အလိုအလျောက်ဖြစ်လာတဲ့စနစ် လို့ ခေါ်ကြတယ်။ ဥပမာအနေနဲ့ပြောရရင် အများပြည်သူ လူ့အဖွဲ့အစည်းကနေ ပေါက်ဖွားလာခဲ့တဲ့ အဖွဲ့အစည်း အမျိုးမျိုးကို ဆိုလိုတာ ဖြစ်တယ်။ တစ်နည်း ပြောရရင် အစိုးရ စွက်ဖက် မှုမရှိရင် လူတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားရယ် ကိုယ့်ရပ်ကိုယ့်ရွာနဲ့ နိုင်ငံအကျိုးရယ် ဘယ်လိုဘယ်ပုံ ဆက်စပ် နေသလဲ ဆိုတာကို မြင်လာကြပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးစီးပွားတွေ နောက်ကို လိုက်ခြင်းကနေ လူ့အဖွဲ့အစည်းအပေါ် အကျိုးရှိစေတယ်ဆိုတာကို ဖွန်မီးဇစ် အနေနဲ့ သံသယမရှိခဲ့ပါဘူး။
“ကိုယ်ကျိုးနဲ့ အများအကျိုး၊ စီးပွားရေးနဲ့ ကျင့်ဝတ်၊ ပုဂ္ဂလလိုအင်ဆန္ဒနဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ အကြားမှာ ညှိနှိုင်းလို့မရလောက်အောင် ကွဲလွဲနေတာတွေ မရှိပါဘူး” လုဒ်ဗစ်ဂ်ဖွန်မီးဇစ် ပြိုင်ဆိုင်မှုပြင်းထန်ပြီး လွတ်လပ်တဲ့ ဈေးကွက်ထဲမှာ ကိုယ်ကျိုးစီးပွားရှာကြဖို့ ရှေးရိုးဘောဂဗေဒပညာက ဆိုခဲ့ရင်တောင် ပြင်ပတန်ဖိုးတွေ ဒါမှမဟုတ် ပြင်ပသက်ရောက်မှုတွေရဲ့ ပြဿနာ ရှိနေသေးတယ်။ အဲဒါတွေဟာ စီးပွားရေး လုပ်ဆောင်မှု တွေရဲ့ ဘေးထွက် အကျိုးတွေဖြစ်ပြီး တိုက်ရိုက်မပါဝင်တဲ့ တခြားသူတွေကိုပါ သက်ရောက်တယ်။ ဗြိတိသျှ ဘောဂဗေဒ ပညာရှင် အာသာပီဂူး (၁၈၇၇-၁၉၅၉)11 ရဲ့ ကောင်းကျိုးချမ်းသာ ဘောဂဗေဒပညာ (၁၉၂၀) ဆိုတဲ့ စာအုပ်ထဲမှာ လုပ်ဆောင်မှု ပေါင်းများစွာက တစ်ခြားလူတွေအပေါ် သွယ်ဝိုက်တဲ့သက်ရောက်မှုတွေ ဘယ်လိုဖြစ်စေသလဲ ဆိုတာကို ရှင်းပြ ခဲ့ပါတယ်။ ဥပမာ ရုပ်ကြွင်းလောင်စာတွေကို မီးရှို့ပြီး လျှပ်စစ်ဓာတ်အားထုတ်တာက ပြင်ပတန်ဖိုးတွေ တစ်နည်းအား ဖြင့် လေထု ညစ်ညမ်းမှု၊ အက်ဆစ်မိုး နဲ့ မှန်လုံအိမ်အာနိသင် တို့လို အပျက်သဘောဆောင်တဲ့ ပြင်ပသက်ရောက်မှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခြင်းဟာ ကမ္ဘာကြီးနဲ့ အနာဂတ် မျိုးဆက်တွေ အတွက် ဆိုးရွားတဲ့ အဖိုးအခတွေ ပေးရမယ့်အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီသဘောတရားကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘောဂဗေဒ ပညာရှင်တွေက ကိုင်စွဲခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေထက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေကို ပိုပြီးအလေးထားသင့်ကြောင်း သူတို့က ထောက်ပြကြပါတယ်။
ဆုံးဖြတ်ချက်ချမှတ်ခြင်း
စီးပွားရေးနဲ့ ကုန်သွယ်မှု နယ်ပယ်တချို့အတွက်တော့ လွတ်လပ်တဲ့ဈေးကွက် ဘောဂဗေဒပညာရှင်တွေ ဖြစ်ကြတဲ့ ဖရီးမန်းနဲ့ ဖွန်မီးဇစ်တို့ ပြောတာ မှန်ပါတယ်။ ကိုယ်ကျိုးစီးပွားနောက်ကိုလိုက်ခြင်းက လူ့အဖွဲ့အစည်းအတွက် အလုံးစုံအကျိုးကျေးဇူး ရနိုင်ဖို့အထိ ဖြစ်နိုင်တယ်လို့ သူတို့က ဆိုကြတယ်။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် စဉ်းစားရုံနဲ့ မလုံလောက်သေးဘူးလို့ ပြောကြတဲ့ ပီဂူးနဲ့ ဖရန့် တို့ရဲ့ အယူအဆကိုလည်း ခင်ဗျား သဘောတူကောင်း တူပါလိမ့်မယ်။ သူတို့ဆက်ပြောတာက တစ်ခြားလူတွေရယ် သဘာဝပတ်ဝန်းကျင်ရယ်အပေါ် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရိုက်ခတ်မှုကိုလည်း စဉ်းစားသင့်တယ်တဲ့။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုက ကျွန်တော်တို့ကိုယ်တိုင်နဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ထိခိုက်စေပါလိမ့်မယ်။
စာရေးဆရာ Tejvan Pettinger ရေးတဲ့ What would Keynes do? How the greatest economists would solve your everyday problems စာအုပ်က Is it OK to be selfish? ဆောင်းပါးကို ဘာသာပြန်ပါတယ်။
- Adam Smith – Wikipedia ↩︎
- David Ricardo – Wikipedia ↩︎
- William Stanley Jevons – Wikipedia ↩︎
- Karl Marx – Wikipedia ↩︎
- Frank Knight – Wikipedia ↩︎
- John Kenneth Galbraith – Wikipedia ↩︎
- Robert H. Frank – Wikipedia ↩︎
- Friedrich Hayek – Wikipedia ↩︎
- Ludwig von Mises – Wikipedia ↩︎
- Milton Friedman – Wikipedia ↩︎
- Arthur Cecil Pigou – Wikipedia ↩︎


