စီးပွားရေး အကြမ်းဖက်မှု ချိန်ခွင်လျှာ မျှတနေတာဟာ တည်ငြိမ်မှု အတွက် အခြေခံ မဟုတ်ပါဘူး။
“တရုတ်နိုင်ငံနဲ့ ပတ်သက်လို့က မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ”လို့ တရုတ်ပြည်ရဲ့ ဘက်ထရီနဲ့ မြေရှား သတ္တုတွေ ပေါ်မှာ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု အဟန့်အတားသစ်တွေ ချမှတ်ခဲ့တာနဲ့ စပ်လျဥ်းလို့ လက်စားချေ တုံ့ပြန်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးလိုက်တယ်။ တရုတ် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း “ကမ္ဘာ့နိုင်ငံတွေ စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေ သွားမှာပါ” လို့ စောစောပိုင်း တစ်ရက်က သတင်းစာ ရှင်းလင်းပွဲမှာ အကြမ်းဖျင်း ပြောခဲ့တယ်။ အဲဒီမှာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက ရောင်းချရေး အချိတ်အဆက်တွေမှာ ထိခိုက်မှု အနည်းအပါးပဲ ရှိမယ်လို့ ဆိုတယ်။
အတော် များများကတော့ ဒီလို အာမခံချက်တွေကို ယုံကြည် ကြတယ်။ ထရမ့်ရဲ့ ဒေါသတကြီးနဲ့ ကနဦး တုံ့ပြန်တာတွေ ကြောင့် ဈေးကွက်တွေ အတော် ကျဆင်းကုန်တယ်။ မကြာလှပါဘူး ပြန်ကောင်းလာတယ်။ လေ့လာ အကဲခတ် နေကြတဲ့ သူတွေကတော့ မစ္စတာထရမ့်ဟာ တရုတ် သမ္မတ ရှီကျင့်ပင်ကို အကျိုးလိုလို့ ညောင်ရေလောင်းပြီး ပျားရည်နဲ့ ဝမ်းချလိမ့်မယ် လို့မှန်းကြတယ်။ ဖြစ်နိုင်တာက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်နေ့မှာ စီစဉ်ထားတဲ့ အတိုင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ကြလိမ့်မယ်လို့ ဆိုတယ်။ ဒါပေမဲ့ တကယ်လို့ သင့်မြတ်မှု ပြန်လည် ထူထောင်နိုင်တဲ့ တိုင်အောင် သူတို့ အခု နောက်ဆုံး အခြေအတင် စကားများ ထားတာကတော့ အနှောင့်အယှက် ဖြစ်နေဦးမှာပဲလို့ သုံးသပ်ကြပါတယ်။
အဲဒီ အခြေအနေက ထရမ့်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ တစ်နိုင်ငံကို ကိန်းဂဏန်း ’သုံး’ လုံး (ရာဂဏန်း ရာခိုင်နှုန်း) အထိ သွင်းကုန်ခွန် ချမှတ်ဖို့ ချင့်ချိန် စဉ်းစားရတာကို စိတ်ချမ်းမြေ့ ပျော်ရွှင်နေတယ် ဆိုတာကို ဖော်ပြနေတယ်။ ရင်းနှီးမြှုပ်နှံသူ အတော် များများကတော့ တရုတ်ဘက်က အရာရှိတွေဟာ ထရမ့် ခြိမ်းခြောက်တာကို အယုံအကြည် မရှိကြဘူးလို့ မြင်ပုံရတယ်။ အမေရိကန် သမ္မတ ထရမ့်ဟာ ငွေကြေးဈေးကွက်နဲ့ စပ်လျဉ်းရင် အထိအခိုက် အတိမ်းအစောင်း မခံဘူး ဆိုတာကတော့ အမှန်ပါပဲ။ ဒါကြောင့် အခုနှစ် စောစောပိုင်း တုန်းက သူ အလျှော့ပေးခဲ့တယ်။ ဒါပေမဲ့ မတရား အနိုင်ကျင့်ခံရတဲ့ ပုံစံမျိုး ပေါ်တာကို သူအတော်မုန်းပုံရတယ်။ သူရဲ့ ခံနိုင်ရည်ကို စမ်းသပ်သလို တစ်နေရာကို ရောက်ပြီဆိုရင် ရပ်တန်းက ရပ်ရမယ် ဆိုတာကို သူဆုံးဖြတ်ရ တော့မှာပါ။
သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက စေ့စပ်ညှိနှိုင်းသူ တစ်ယောက်က တစ်ဆင့် တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက် တိုက်ခိုက်ခဲ့လို့ ပိုပြီး အန္တရာယ်များတဲ့ အကျိုးရလဒ်တွေ ထွက်ခဲ့ရတယ်။ အမေရိကန်သမ္မတက တရုတ်ရဲ့ တစ်ပိုင်း လျှပ်ကူး ပစ္စည်းလုပ်ငန်းတွေအတွက် အရေးပါပြီး မရှိမဖြစ် ဆော့ဖ်ဝဲတွေကို ထိန်းချုပ်ထားတဲ့ နည်းလမ်းနဲ့ အင်အားချည့်နဲ့ပြီး လုပ်ငန်း ထိခိုက်သွားအောင် အန္တရာယ် ပေးခဲ့တယ်။ သမ္မတရဲ့ အစိုးရ အဖွဲ့ထဲက သဘောထား ပြင်းထန်တဲ့ သူတွေက တရုတ် နည်းပညာနဲ့ ငွေကြေးလုပ်ငန်း ကုမ္ပဏီတွေကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ ဆွေးနွေး ခဲ့ကြသေးတယ်။ သူတို့ဘက်က ကြည့်ရင်တော့ မယုံရတဲ့သူတွေ၊ စိတ်မချရတဲ့ သူတွေကို ရှာဖွေတဲ့ ဟယ်ရီပေါ်တာထဲက မှော်မှန်ပြောင်းတွေ သုံးပြီး ရှာတာလို အမေရိကန်က ချစ်ပ်ပြားကလေးတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ Qualcomm ကုမ္ပဏီကို စုံစမ်း စစ်ဆေးမှု အသစ်တွေ လုပ်ဆောင်တာမျိုး ဆောင်ရွက်ခဲ့တာ တွေကြောင့် ဖြစ်တယ်။
နောက်ဆုံး သဘောထား ကွဲလွဲတာကိုက အမေရိကန်နဲ့ တရုတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နားလည် မှု လွဲနေတယ် ဆိုတာကို ဖော်ပြခဲ့တယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ ဘက်ဆင်က တရုတ်ရဲ့ စီးပွားရေးဟာ ကပ်ဆိုက်တဲ့ အခြေအနေ ဆိုက်နေတယ်လို့ ဆိုတယ်။ စင်စစ် အဲဒီနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ခိုင်ခိုင်မာမာ မရှိဘူး။ အကြောင်း ရင်းစစ်ကြည့်တဲ့အခါ သူစည်းကြပ်တဲ့ အကောက်ခွန် နှုန်းထားကြောင့်ပဲလို့ ဆိုတယ်။ လွန်ခဲ့တဲ့ ၁၂ လကနေ စက်တင်ဘာလ အထိ ကြည့်မယ်ဆိုရင် တရုတ် ကုန်ပစ္စည်းတွေ ပြည်ပကို တင်ပို့တာဟာ ၈ ရာခိုင်နှုန်းတိုး တက်ခဲ့တယ်။ အခြား ဈေးကွက်တွေမှာ အမေရိကန်ရဲ့ နေရာကို အစားထိုး နေရာယူပြီး ရောင်းချတာ ဖြစ်တယ်။ အိမ်ဖြူတော်က အကြီးအကျယ် ဒေါသ ထွက်တာကတော့ တရုတ်ပြည်ဟာ သူတို့ခေါင်းဆောင်တွေ စီစဉ်ထားခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးကြီး မတိုင်ခင်မှာ ရက်သတ္တပတ်တွေ အတွင်း စည်းမျဉ်း ဥပဒေသစ် တွေကို စတင် ထုတ်ပြန်ခဲ့တာပဲ ဖြစ်တယ်။ တရုတ်က တန်ပြန် တိုက်ခိုက်တာက အမေရိကန်ဟာ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ တရုတ် ကုမ္ပဏီတွေကို နာမည်ပျက်စာရင်း (အမည်မည်း စာရင်း) ဖြစ်သွားစေနိုင်တဲ့ ပို့ကုန် ထိန်းချုပ် ရေး နည်းလမ်းတွေကို ကျင့်သုံးလို့ တရုတ်နဲ့ စေ့စပ်ထားတဲ့ အခြေအနေ အပစ်အခတ် ရပ်စဲထားတာကို ချိုးဖောက် ခဲ့တယ်လို့ ဆိုတယ်။
တရုတ်က ချမှတ်လိုက်တဲ့ စည်းမျဉ်း ဥပဒေသစ်တွေဟာ လက်တုံ့ပြန်ဖို့အတွက် တစ်စိတ် တစ်ပိုင်း ဖြစ်ခဲ့ရင်တောင် သူတို့ဟာ အခြေအနေကို ပိုပြီး အရေးတကြီး ဖြစ်အောင် မသိကျိုးကျွန် လုပ်ဖို့ခက်ခဲအောင် ဖန်တီးသလို ဖြစ်နေတယ်။ ကမ္ဘာမှာအကောင်းဆုံး ဖြစ်တဲ့ တရုတ်က ဘက်ထရီ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ထွက်ကုန်တွေ၊ ထည့်သွင်း အသုံးပြုတဲ့ ပစ္စည်းတွေ၊ အသင့် ယူဆောင်သွားဖို့ ပစ္စည်းတွေကို နိုင်ငံခြားသားတွေကို မျှဝေ ဖြန့်ဖြူးရာ မှာ ခွင့်ပြုချက် ရဖို့ လိုအပ်ပါ လိမ့်မယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာ ရှိတဲ့ တရုတ် ကုမ္ပဏီတွေဟာ တရုတ်ပြည်ရဲ့ တရားစီရင်ပိုင်ခွင့် နယ်ပယ်ပြင်ပမှာ ရှိနေပေမယ့် တရုတ်ရဲ့ မြေရှားသတ္တု စိုးစဉ်းမျှ ပါရှိတဲ့ ပစ္စည်းဆိုရင် ပြည်ပတင်ပို့ဖို့ ပို့ကုန်လိုင်စင် ရှိဖို့ လိုအပ်တယ်။

ဒီလို ထိန်းချုပ် ထားတာတွေကို ဖျက်သိမ်းပေးဖို့ မစ္စတာရှီကို သူ စည်းရုံး နိုင်လိမ့်မယ်လို့ မစ္စတာထရမ့်က မျှော်လင့် နေတယ်။ ထင်သလို ဖြစ်မလာရင်တော့ သူစိတ်ပျက် သွားပါ လိမ့်မယ်။ ဒီအချက်တွေဟာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး စီးပွားရေး လက်နက်တွေ အတွက် ထိန်းသိမ်းဖို့ အာဏာ အပ်နှင်းထားတဲ့ ဘောင်တစ်ရပ် တည်ဆောင်ဖို့ တရုတ်ရဲ့ ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်း ဥပဒေကို သိမ်သိမ်မွေ့မွေ့နဲ့ တဖြည်းဖြည်းချင်း အနိမ့်ဆုံး တွန်းအား ပေးတာမျိုးနဲ့ လက်တွေ့ အကောင်အထည် ဖော်သွားမှာဖို့ တရုတ်က ငြိမ်းချမ်းရေး သင်္ကေတ သံလွင်ခက်ကို ကမ်းသလို ပြေရာပြေကြောင်း ကမ်းလှမ်း ထားပါတယ်။ ဒါပေမဲ့ ဒီစကားတွေက မရိုးသားဘူး၊ ယုံကြည် စိတ်ချလို့ မရပါဘူး။ ခွင့်ပြုမိန့်တွေကို လက်မှတ် ရေးထိုးပေမယ့် တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက အရာရှိကြီးတွေ ကိုယ်တိုင်က ပျော့ပျော့ ပျောင်းပျောင်း ပြေရာပြေကြောင်း ကိုင်တွယ်ရမှာကို စိုးရိမ်ပုံ ပေါ်လိမ့်မယ်။ တရုတ်မှာ ဖိအားပေးတာကို လိုအပ်သလို တိုးမြှင့်ဖို့ ဒါမှမဟုတ် လျှော့ချဖို့ နည်းလမ်း တစ်မျိုး ရှိကောင်း ရှိပါလိမ့်မယ်။
မျှော်လင့်စရာ တစ်ခုရှိတာက ဘယ်ဘက်ကမှ ကုန်သွယ်ရေး စစ်ပွဲတစ်ရပ်ကို ဆင်နွှဲရမယ့် အခြေအနေမျိုးကို တကယ်တမ်းမှာ နှစ်ဖက်စလုံးက မလိုလားတဲ့ အချက်ပါပဲ။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး စီးပွားရေး နိုင်ငံကြီး နှစ်နိုင်ငံဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် မှီခို နေကြရတာပါ။ ဒီအချက်က သူတို့မှာ အကြီးအကျယ် ပျက်စီးမယ့် အန္တရာယ် ကြုံရလောက်အောင် ဒုက္ခပေးဖို့ စွမ်းရည်တွေ ရှိတယ်လို့ ဆိုလို တာလည်း ဖြစ်တယ်။ အမေရိကန်မှာ တစ်ပိုင်း လျှပ်ကူး ပစ္စည်း ပို့ကုန်တွေနဲ့ စပ်လျဉ်းလို့ ကန့်သတ် ပိတ်ပင်မှုတွေက ကာလ အတော်ကြာ ကတည်းက ရှိခဲ့တာပါ။ အခုတော့ တရုတ်က မြေရှားသတ္တုတွေနဲ့ စပ်လျဉ်းလို့ ပိုပြီး ထိန်းချုပ်တာတွေ ရှိလာပါပြီ။ အပြန်အလှန် ခြိမ်းခြောက်မှု တွေက ပျက်စီးဖို့ သေချာပေါက် အခြေအနေ ရှိတာဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အခြေအနေ ကောင်း ဖန်တီးဖို့ အနိုင်နိုင် ဖြစ်နေတယ်။ အဲဒီအချက်က ပင်ကိုအားဖြင့်ကို မတည်မငြိမ် ဖြစ်စေတာပါ။ တရုတ်မှာ ရော အမေရိကန်မှာပါ မလှုပ်သာအောင် ထိန်းချုပ် ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံစလုံးက အဲဒီ အချုပ်အနှောင် ကနေ လွတ်မြောက်ဖို့ လူးလွန့်ပြီး တွန်းထွက်နေကြတယ်။ သူတို့ တစ်နိုင်ငံချင်းစီရဲ့ အပြုအမူတွေက သူရဲ့ ပြိုင်ဘက် တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် မလွတ်ရအောင် ချုပ်နှောင် ထားစေတယ်။ အခုတော့ အဲဒီ သံသရာက အခြေအနေ ပိုဆိုးဖို့ ကံစီမံလာနေတာ ပုံပေါ် နေပါပြီလို့ The Economist မဂ္ဂဇင်းက သုံးသပ်ထားပါ။
ရည်ညွှန်း – The America vs China spat reveals a dangerous dynamic, The Economist Oct 2025.


