The Corner

The Corner

cropped-Logo_round_grey-background.png

ကုန်သွယ်ရေးစစ် အတွန်းအတိုက်များ ကြားထဲက အက်ကြောင်းများ

Share မယ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ပင်တို့ နှစ်ယောက်စလုံးဟာ သူတို့ ထင်သလောက် အင်အားမရှိကြပါဘူး။

လျှပ်စစ်ကား (EV) တစ်စီးအတွက် လစ်သီယမ် အိုင်းယွန်း ဘက်ထရီတစ်ခု လုပ်ရတာဟာ ကိတ်မုန့်တစ်လုံး ဖုတ်ရ သလိုပါပဲ။ ပထမ အိုင်းယွန်းဓာတ် ကြွယ်ဝတဲ့ သတ္တုမှုန့်တွေကို အနှစ်ရည်မှာ ရောမွှေဖျော်ပြီးတော့ အနှစ်ရည်ကို သတ္တုပြားပေါ်မှာ ညီညီညာညာ လောင်းချ၊ ပြီးရင် သတ္တုပြားကို မုန့်ဖုတ်သလို မီးဖိုထဲထည့်ပြီး ရေတွေကုန်သွားအောင် အခြောက်ခံ အပူပေး၊ အဲဒီနောက် ရလာတဲ့ ဘက်ထရီချပ်ပြားတွေကို စနစ်တကျ စီရရီ တင်ထားရုံပါပဲ။ အခြေခံ ဓာတုဗေဒ ဖြစ်စဉ်သဘောမို့ ဘာမှ မခက်လှပါဘူး။ ဒါပေမဲ့ အကောင်းဆုံး ဘက်ထရီ ထုတ်လုပ်သူတွေဟာ အတော်ဆုံး မုန့်ဖုတ်သမားတွေလိုပဲ။ မုန့်ဖိုထဲမှာ နှစ်ပေါင်း များစွာ ရလာတဲ့ သူတို့အတွေ့အကြုံအရ သူတို့ လက်ရာတွေ ကောင်းလာသလို သူတို့ ထုတ်လုပ်တဲ့ ဘက်ထရီတွေကလည်း အရည်အသွေး မြင့်လာတာပါပဲ။

အခု အဲဒီဘက်ထရီ ပညာရှင် အများစုဟာ တရုတ်ပြည်ထဲမှာ ရှိနေကြပါတယ်။ အောက်တိုဘာလက တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနက အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဘက်ထရီ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ ကုန်ပစ္စည်းတွေနဲ့ ဘက်ထရီထုတ်လုပ်ရာမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ပြည်ပသို့ တင်ပို့ရာတွင် ပို့ကုန်လိုင်စင် လျှောက်ထားရမယ်လို့ ပါရှိပါတယ်။ ဒါဟာ တရုတ်ပြည်က မြေရှားသတ္တု အပါအဝင် ပို့ကုန်တွေအပေါ် ကန့်သတ်လိုက်တာပါပဲ။ ဒီအမိန့်ကြောင့် တရုတ်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် လှုပ်ခတ်သွားစေသလို သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ဒေါသ အမျက်ခြောင်းခြောင်း ထွက်စေခဲ့ပါတယ်။ လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ပြည်က သွင်းကုန်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း တိုးကောက်မယ်၊ နောက်ပြီး အမေရိကန်က တရုတ်ပြည်ကို တင်ပို့နေတဲ့ ပို့ကုန်တွေကိုလည်း ကန့်သတ်တော့မယ်လို့ ပြန်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘာ့ ဓနအင်အားကြီး နှစ်နိုင်ငံဟာ ဒီပျက်စီးရာ ပျက်စီးကြောင်းဖြစ်တဲ့ ကုန်သွယ်ရေး အကျပ်အတည်းကြီးက ရှောင်ရှား နိုင်ကြလိမ့်မယ်လို့ ယုံကြည်နေကြဆဲပါ။ အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို တရုတ်က ရှုတ်ချခဲ့ပေမယ့် အလားတူ တုံ့ပြန်မှုမျိုးတော့ ပြန်မလုပ်ခဲ့ပါဘူး။ နှစ်နိုင်ငံက အရာရှိတွေဟာ အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ဆုံ ခဲ့ကြပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အစည်းအဝေးတွေမှာ ထပ်ပြီး တွေ့ဆုံခဲ့ကြပါတယ်။ ထရမ့်နဲ့ ရှီတို့ဟာ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အောက်တိုဘာ ၂၉ ရက်နေ့မှာ သဘောတူညီချက်တစ်ခု ရနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ရေရှည်ခံမယ့် တည်ငြိမ် အေးချမ်းမှုရဖို့ ဆိုရင်တော့ နှစ်ဖက်စလုံးက ကိုယ့်ပြိုင်ဘက်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ကောင်းကောင်း သိရှိထားရမယ့် အပြင် ကိုယ်ကိုယ်တိုင်ရဲ့ အားနည်းချက် အားသာချက်တွေကို နားလည်ထားရပါမယ်။ ခုလောလော ဆယ်မှာတော့ ဒါမျိုး ဖြစ်လာနိုင်မယ့်ပုံ မပေါ်သေးပါဘူး။

တရုတ်အပေါ် ဂဏန်း သုံးလုံး (ရာဂဏန်း) အခွန်ရာခိုင်နှုန်း တိုးမြှင့်မှုလိုက်ခြင်းအားဖြင့် အမေရိကန် စီးပွားရေးဟာ ပိုပြီး ခံနိုင်ရည် ရှိနိုင်တယ်လို့ ထရမ့်က ယုံကြည်ထားတယ်။ ကုန်သွယ်ရေးစစ်ပွဲ စောစောပိုင်း ကာလတွေတုန်းက တရုတ်လုပ် ကုန်ပစ္စည်းတွေအပေါ် အမေရိကန် အစိုးရရဲ့ သွင်းကုန်ခွန်ပျမ်းမျှ ၁၀၀ ရာခိုင်နှုန်းကျော် ခဏတက် သွားတုန်းက စတော့ ဈေးကွက်တွေ ထိုးဆင်း သွားခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့ဖူးတာတောင်မှ ဒီတစ်ကြိမ်မှာ သူက ဒီလို ယုံကြည်နေတာပါ။ တရုတ်ရဲ့ လက်တုံ့ပြန်မှုဟာ အမေရိကန်အဖို့ သီတင်းပတ် အနည်းငယ်ကြာအောင် အတော် အထိနာ ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ မေလထဲမှာ ကုန်သွယ်စစ်ပွဲ ခဏရပ်စဲကြဖို့ တောင်းဆိုခဲ့ကြရပါတယ်။

အမေရိကန်ရဲ့ မူးဝေ သွားစေလောက်တဲ့ စတော့ဈေးကွက်ကလည်း စိတ်သက်သာဖွယ်ရာ မမြင်ပါ။ ထရမ့်က သူ့ရဲ့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှုတွေကို လျှော့ချပေးလိုက်လို့ ဧပြီလကစပြီး စတော့ဈေးကွက်ဟာ ပြန်ပြီး ထူထူ ထောင်ထောင် ဖြစ်လာခဲ့ပါတယ်။ ထရမ့်က နောက်ထပ် ရုပ်သိမ်း ပေးလိမ့် ဦးမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆနေကြလို့ အောက်တိုဘာ ၁၀ ရက်ကတည်းက ကျဆင်းနေတဲ့ စတော့ဈေးတွေ ပြန်တက်လာခဲ့တယ်။ သူက ၁၀၀ ရာခိုင်နှုန်း အခွန်တွေနဲ့ ဆက်သွားနေမယ်ဆိုရင်တော့ ထင်ကြေးတွေ မြောင်းထဲရောက် သွားပြီပေါ့။ ထရမ့်က သူတို့ကို မကြောက်ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက ထင်နေတယ်ဆိုရင် သူတို့က ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံတွေကို သူတို့ တစ်ဖန် ပြန်ကြောက် လာကြလိမ့်မယ်။

အမေရိကန် အစိုးရ အရာရှိတွေဟာ သူတို့နိုင်ငံရဲ့ အားနည်းချက်တွေအတွက်တော့ စိတ်မပူဘဲ တရုတ်ရဲ့ အားနည်းချက် တွေကို ပုံကြီးချဲ့ နေကြတယ်။ မှန်ပါတယ်။ တရုတ်ပြည်မှာတော့ ဝယ်လိုအားတွေ ကျဆင်းလာပြီး ကုန်ဈေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေပါတယ်။ ကုန်ပစ္စည်းတွေရဲ့ စက်ရုံထုတ် တန်ဖိုးဟာ နှစ်စဉ်ဆက်တိုက် ကျနေရာ စက်တင်ဘာလ အထိမှာတော့ ၃၆ လ မြောက် ဆက်တိုက် ကျနေခဲ့ပါတယ်။ ဒီနှစ် ဖွံ့ဖြိုးမှု ကိုလည်း ပြည်ပပို့ကုန်နဲ့ ကျားကန် ထားရ ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ဟာ အမေရိကန် ဈေးကွက်ပေါ်မှာချည်း ချည့်နဲ့စွာနဲ့ မှီခိုနေရတယ်လို့ မပြောနိုင်ပါဘူး။

တကယ်တော့ တရုတ်ဟာ သူတို့ထုတ်ကုန်တွေကို အမေရိကန် ဈေးကွက်ကနေ အခြားဈေးကွက်တွေကို ပြောင်းရွှေ့ ခဲ့ရာမှာ အောင်မြင်မှုတွေ အတော်ရခဲ့ပါတယ်။ ဥပမာ ဒီနှစ် စက်တင်ဘာလအထိ တရုတ် ကုန်ပစ္စည်းတွေ ပြည်ပ တင်ပို့မှုဟာ ၈ ရာနှုန်းကျော် တိုးတက်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ကို တင်ပို့မှု ၂၇ ရာနှုန်း ကျဆင်းသွားတဲ့ ကြားကပဲ ရရှိခဲ့တဲ့ တိုးတက်မှုပါ။ တရုတ်ဟာ ပြည်ပပို့ကုန် တင်ပို့ရောင်းချရမှု တုံ့ဆိုင်း နှေးကွေးသွားရင်လည်း တရုတ်အစိုးရက လူထုလုပ်ငန်း အသုံးစရိတ်တွေ တိုးချဲ့သုံးပြီး လွတ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးမှာပါပဲ။ အမေရိကန်က သွင်းကုန်ခွန် တွေ တိုးမြှင့်လိုက်ရင် တရုတ်က သူ့ရဲ့ ဖွံ့ဖြိုးမှု ရည်မှန်းချက် ပြည့်မီအောင် နည်းလမ်းရှာပြီး လိုက်ပြောင်း မှာပါပဲလို့ Macquarie ဘဏ်က လယ်ရီဟူက ပြောပါတယ်။

တရုတ်က သူတို့ဟာ အမေရိကန်ထက် သွင်းကုန် ဝေဒနာကို ပိုပြီး ခံနိုင်ရည်ရှိတယ်လို့ တွက်နေနိုင်ပါတယ်။ ဒါပေမဲ့ သွင်းကုန်ခွန် ဆိုတာက အမေရိကန်ရဲ့ တစ်ခုတည်းသော စီးပွားရေး လက်နက် မဟုတ်ပါဘူး။ သူ့ရဲ့ ပြည်ပ ပို့ကုန်တွေကို ထိန်းချုပ်တဲ့ နည်းလမ်းလည်း ရှိနေပါတယ်။ အမေရိကန်က သူ့ရဲ့ နောက်ဆုံးပေါ် နည်းပညာ ပြည်ပ တင်ပို့မှုတွေကို တားဆီး ထိန်းချုပ် လိုက်နိုင်ပါတယ်။ တကယ်တော့ တရုတ်ဟာ အဲဒီ နည်းပညာ ပစ္စည်းတွေအပေါ် အကြီးအကျယ် မှီခိုနေရတာပါ။

ဥပမာ မေလထဲတုန်းက အမေရိကန်က တရုတ်ပြည်တွင်း လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ COMAC ထံ ကိရိယာ ပစ္စည်းတွေ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အမေရိကန်က သူတို့လုပ်ချင်ရင် ဒီထက် လုပ်လို့ ရပါ သေးတယ်။ တရုတ်တို့ ဝယ်ထားတဲ့ Boeing လေယာဉ်တွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေ မရောင်းတော့ဘဲ ပိတ်လိုက်ပြီဆိုရင် အနောက်နိုင်ငံ တွေဆီမှာ ထောက်ခံစာ ယူပြီး အာမခံထားဖို့ ကြိုးပမ်း ရပါတော့မယ်လို့ အတိုင်ပင်ခံ ကုမ္ပဏီ Capital Economics က ထောက်ပြပါတယ်။ အရေးပါတဲ့ ကွန်ပျူတာ software တွေ တရုတ်နိုင်ငံကို တင်ပို့နေတာကို ကန့်သတ်တော့မယ်လို့ ထရမ့်က ပြောဖူးပါတယ်။ မေလအတွင်း ကတောက်ကဆတ် ဖြစ်ကြတုန်းက ချစ်ပ် ဒီဇိုင်းထုတ် ကိရိယာတစ်ခုဖြစ်တဲ့ Electronic Design Automation (EDA) ရဲ့ ပြည်ပ တင်ပို့ ရောင်းချမှုကို ပိတ်ပင် ထိန်းချုပ်လိုက်တယ်။ ဒီပစ္စည်းမျိုး ထုတ်လုပ်တဲ့ အကြီးဆုံး ကုမ္ပဏီ သုံးခုဖြစ်ကြတဲ့ Cadence၊ Synopsys၊ Siemens EDA တွေ အားလုံးဟာ အမေရိကန်မှာ အခြေစိုက် ထားကြပြီး တရုတ်ဈေးကွက်ရဲ့ ၈၂ ရာနှုန်းကို ရယူ ထားကြတာ ဖြစ်ပါတယ်လို့ Morgan Stanley အတိုင်ပင်ခံ ကုမ္ပဏီက ပြောပါတယ်။ ကမ္ဘာပေါ်မှာ EDA ကုမ္ပဏီတွေ အများဆုံး ရှိနေတာက တရုတ်ပြည်ပါ။ ဒါပေမဲ့ ဒီကုမ္ပဏီကြီး သုံးခုလောက် စွမ်းဆောင်ရည်ရှိတဲ့ ကုမ္ပဏီမျိုး တစ်ခုမှ မရှိပါဘူး။ ချစ်ပ် လုပ်တဲ့ နည်းပညာတွေ တရုတ်လက်ထဲ မရရှိနိုင်အောင် အမေရိကန်က သူ့ရဲ့ ဥရောပ မဟာမိတ်တွေနဲ့ လည်း ပူးပေါင်းလုပ်ဆောင် နိုင်ပါသေးတယ်။

ဒီထိန်းချုပ်မှုတွေကို တရုတ်က ထည့်တွက်ထားလို့ အထိတ်တလန့် ရှိနေတုန်းပါပဲ။ စက်တင်ဘာ ၂၉ ရက်နေ့မှာ အမေရိကန်က ၅၀ ရာခိုင်နှုန်း ဥပဒေ ဆိုတာကို ကြေညာလိုက်ပါတယ်။ ဒီဥပဒေက အမည်ပျက် စာရင်းထဲမှာ အများစု ပိုင်တဲ့ လက်ခွဲ ကုမ္ပဏီလေးကိုပါ ပါဝင်လာအောင် ချဲ့လိုက်တဲ့ သဘောပါ။ အမေရိကန် အရာရှိတွေက ယိုပေါက်တွေ ပိတ်ဖို့လောက်ပဲ အာရုံထားတာပါ။ တရုတ်ဘက်က တခြားယိုပေါက်တွေကို မြင်နေရင် သူတို့ ဘယ်လုပ်ကြမလဲ ဆိုတာ သူတို့ အခုတော့ နားလည်လာပြီ။ ကလေးတွေ ငယ်ငယ်တုန်းက အပူကို မထိကိုင်ရဲအောင် ဘယ်လို သင်ယူခဲ့ကြသလဲ မြင်ကြည့်လိုက်ပါ။ အမေရိကန်တွေ တစ်ကြိမ်တစ်ခါတော့ အပူလောင်ခံပြီး သင်ခဲ့ကြရတယ်။ နောက်တော့ ဒီထက်ပိုပြီး သတိထား တတ်လာကြမှာပါလို့ ယခင် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ရဲ့ မြေးတစ်ဦးဖြစ်သူ Ran Yi ရမ်ရီက ဆိုရှယ် မီဒီယာမှာ ရေးပါတယ်။

တရုတ်ရဲ့ ထိန်းချုပ်မှုသစ်ဟာ အမေရိကန်ရဲ့ ထိန်းချုပ်မှု ပုံစံကို အတုယူထားတာပါ။ ၎င်းရဲ့ လိုင်စင်လိုအပ်ချက်တွေမှာ စက်ပစ္စည်းနဲ့ နည်းပညာတွေပါတဲ့ နိုင်ငံခြား ထုတ်ကုန်တွေ ပါဝင်နေရာ အမေရိကားရဲ့ ပြည်ပ တိုက်ရိုက် ထုတ်ကုန် ဥပဒေကို အတုယူထားတာပါ။ တရုတ်ရဲ့ အဆင့်မြင့် ချစ်ပ်ကို အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာလည်း အမေရိကန်ရဲ့ ရှိပြီးသား အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အတော်နီးစပ်ပါတယ်။

ဟိုတုန်းက အမေရိကန်တို့ ချမှတ်ပြဋ္ဌာန်းသော ဥပဒေ သက်ရောက်မှု နယ်ပယ် လက်တံ ရှည်လွန်းကြောင်း တရုတ်တို့က မကျေမနပ် ပြောဆိုခဲ့ကြတယ်။ ယခုတစ်ဖန် တရုတ်တို့က သူတို့ ဥပဒေတွေကို အတုယူကာ ချမှတ် လာပြန်ပါပြီ။ ဒီလောက် နယ်ပယ် ကျယ်ကျယ် သက်ရောက်မှုရှိအောင် တရုတ်တို့ စွမ်းနိုင်ကြပါ့မလား။ အမေရိကန် မြေရှား (rare earth) တူးဖော် ထုတ်လုပ်သူ မဲလ် ဆန်ဒါဆန် (Mel Sanderson) ဒီလောက်ကတော့ တရုတ်တို့ လုပ်နိုင်ကြောင်း ပြောပါတယ်။

တရုတ် အစိုးရဟာ ဘယ်သူတွေ ဘာပစ္စည်းတွေ ထုတ်လုပ်နေတယ်။ ဒီပစ္စည်းတွေကို ဘယ်သူ့ကို ရောင်းနေတယ် ဆိုတာ ကောင်းကောင်းသိတယ်။ ဒါတွေကို အနီးကပ် ထောက်လှမ်းနေခဲ့တာ ကြာလှပြီ။ အစိုးရက အရာရာကို လိုက်မကြည့်နိုင်ဘူး ထားဦးတော့။ တရုတ်ပြည်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေရတဲ့ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ဥပဒေ ချိုးဖောက်နေတာ အစိုးရ သိသွားမှာမျိုးကို မလိုလားကြပါဘူး။

အစိုးရရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ပို့ကုန်လိုင်စင် လိုအပ်မှုဟာ ပြည်ပတင်ပို့မှု တားဆီးပိတ်ပင်မှုနဲ့ မတူကြောင်း၊ ကုန်ပစ္စည်း ထောက်ပံ့မှု ကွင်းဆက်တွေ မပြတ်တောက်ရအောင် ခြွင်းချက်တွေထားပြီး ကျယ်ပြန့်တဲ့ လိုင်စင်တွေ ချပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အာမခံမှုတွေကို ယုံကြည်မှုလွန်ပြီး တွက်ကိန်းတွေ မှားတာလည်း ဖြစ်နိုင်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Scott Bessent က တရုတ်က ပြင်ပကမ္ဘာ အတွက် မယုံရတဲ့ ကုန်သွယ်ဖက်လို့ သတ်မှတ်ခံချင်ရင်တော့ ကမ္ဘာကလည်း တရုတ်နဲ့ လမ်းခွဲကြရုံပါပဲလို့ တရုတ်ကို သတိပေးလိုက်ပါတယ်။

တရုတ်တို့ ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်များဟာ ၎င်းတို့ ဆက်ထိန်းထားချင်တဲ့ ဖောက်သည်တွေအတွက် ဘယ်လောက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတယ်ဆိုတာကို တရုတ်တို့ လျှော့တွက်နေကြပုံ ရပါတယ်။ ဥပမာ ဒီဥပဒေက တရုတ်မြေရှားသတ္တု မဆိုစလောက် အနည်းငယ်မျှသာ ပါဝင်တဲ့ ထုတ်ကုန်တွေတောင် အကျုံးဝင်နေပါတယ်။ တရုတ်လုပ် အမြဲတမ်း သံလိုက် permanent magnets (coating or catalysts) ဝယ်ယူတဲ့ နိုင်ငံခြား ကုမ္ပဏီတွေဟာ ကုန်ပစ္စည်း တန်ဖိုးရဲ့ ၀.၁ ရာခိုင်နှုန်းထက်ပိုပြီး ဒီဒြပ်စင်တွေ ပါဝင်နေတယ်ဆိုရင် ထုတ်လုပ်သူ ကုမ္ပဏီ ပြောသမျှ ယုံကြည်ပြီး ပေးချေ ရတော့မယ့် သဘောဖြစ်နေပါတယ်။ ဒီဒြပ်စင်တွေ ပါဝင်တဲ့ အလေးချိန် အတိအကျ ပမာဏဆိုတာကလည်း တစ်ခါတစ်ရံမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတတ်ပါတယ်။

ဒီဥပဒေသစ်မှာ အကျုံးဝင်တဲ့ ကုမ္ပဏီ အတော်များများဟာ အရင်က ဒီလိုလိုင်စင် လျှောက်ခဲ့ကြပုံ မရပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေကို သူတို့ပေးဖို့ ဝန်မလေးဘူး ဆိုရင်တောင်မှ ဒီအချက်အလက်တွေ ရှာဖွေစုဆောင်းဖို့ အချိန် အတော် ယူရဦးမှာပါ။ Application တွေကို တရုတ်ဘာသာပြန်ရဦးမယ်။ ဥပဒေသစ်ရဲ့ နောက်ဆက်တွဲတွေကို တရုတ် ဆော့ဖ်ဝဲ ကုမ္ပဏီ Kingsoft က လုပ်ပေးတဲ့ format မှာ အချက်အလက်တွေ ထည့်သွင်းရမှာပါ။ PDF နဲ့ အပြန့်လိုက် စာရွက်တွေ ပေးလိုက်ရမှာ မဟုတ်ပါဘူး။ ဥပဒေ ထိန်းကွပ်သူတွေဟာ ကုမ္ပဏီတွေ၊ စက်မှုလုပ်ငန်းတွေ အတော် များများကို လေ့လာ ထားရမှာပါ။ မတိကျ မသေချာတဲ့ အောက်ခြေ ဝန်ထမ်းတွေ ကြောင့် လိုင်စင်တစ်ခု ရဖို့ဟာ ထင်တာထက် ကြန့်ကြာမှုတွေ ဖြစ်လာ နိုင်ပါတယ်။

နွေဦးရာသီအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုကြောင့် အမြင်သာဆုံး ထိခိုက်ခဲ့ရတဲ့ သူတွေကတော့ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတွေပါ။ အခု ဒီပြဿနာက ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်မျိုးတည်းတင် မဟုတ်တော့ပါဘူး။ ဥပမာ အမေရိကန် ပြည်နယ်အချို့မှာ အချက်အလက် သိုလှောင်ရေး ဌာန (data center) အသစ်တွေကို လျှပ်စစ် စွမ်းအင်ပေးဖို့ မီးလိုင်းတွေ ဆွဲဖို့မှာ စွမ်းအင်မြင့် ဘက်ထရီတွေ သုံးဖို့ ဝယ်ယူဖို့ လိုအပ်နေပါတယ်။ တရုတ် ကုမ္ပဏီတွေဆီက ဘက်ထရီတွေ ဝယ်လို့ မရနိုင်တော့ရင် တခြား ရနိုင်တဲ့နေရာက ရှာရပါတော့မယ်လို့ S&P Global rating agency က ထောက်ပြပါတယ်။

ဒီလို မတည်မငြိမ် ပြတ်တောက်မှုတွေကတော့ ရှောင်လွှဲလို့ ရမယ့်ပုံ မပေါ်ပါဘူး။ ထရမ့်နဲ့ ရှီ တို့ တောင်ကိုရီးယားမှာ တွေ့ဖြစ်ခဲ့ရင်တောင်မှ ဒီကန့်သတ် ထိန်းချုပ်မှု အသစ်တွေကို တရုတ်က ပြန်ရုပ်သိမ်း ပေးမယ့်ပုံ မပေါ်ပါဘူး။ သူတို့ ဘယ်လို လုပ်မယ်ဆိုတာ အာမခံချက် ပေးပြီး သူတို့ရဲ့ စိတ်ကောင်း စေတနာကောင်းကို တခြားနည်းတစ်မျိုးနဲ့ ပြသ ကြပါလိမ့်မယ်။

Graphic: Depositphotos

အမေရိကန်နဲ့ တရုတ်နိုင်ငံ နှစ်ဖက်စလုံးကို ထိခိုက်စေမယ့် ပို့ကုန်ခွန် တိုးကောက်မှုကို ရှောင်ရှားနိုင်ဖို့ အတွက်သာ အောင်မြင်မှုကို ကြေညာဖို့ ထရမ့်ရဲ့ အကြံပေးတွေက သမ္မတ ထရမ့်ကို တိုက်တွန်းကြပါလိမ့်မယ်။ ဒီတော့မှသာ တရုတ်နိုင်ငံဟာ သူ့ရဲ့ အုပ်ချုပ်မှု စနစ်သစ်ကို တတ်နိုင်သရွေ့ မသိသာအောင် ပြောင်းလဲကျင့်သုံးလာလိမ့်မယ်လို့ ကမ္ဘာက မျှော်လင့်ရလိမ့်မယ်။ နှစ်ဖက်စလုံးက အရေးကြီးတဲ့ ပို့ကုန်တွေကို အပြန်အလှန် ကန့်သတ်ထိန်းချုပ်မှု သံသရာတွေ ဖြစ်လာမှာကြောင့် ရှောင်ရှားကြပြီး နောက်ဆုံးမှာတော့ ကုန်သွယ်ရေးစစ်ကို ရပ်စဲလိုကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအဆင့် ရောက်လာဖို့ကတော့ ငှက်ပျောသီး အခွံခွာရတာလောက် လွယ်ကူမှာ မဟုတ်ပါဘူး။

ကိုးကား – Donald Trump and Xi Jinping: both weaker than they think, The Economist Oct 25

Click to rate this post!
[Total: 0 Average: 0]