“ဩစကာဝိုင်းနှင့် ဦးချန်ထွန်း” အမည်နှင့်ဆောင်းပါးတစ်စောင်ကို ၁၉၈၂ ခု စက်တင်ဘာစန္ဒာရုပ်စုံမဂ္ဂဇင်းမှာ ဆရာတိုက်စိုးရေးဖူးသည်။ ဆရာ၏ “စာရေးစားပွဲပေါ်က ပုံရိပ်များ” ဆောင်းပါးပေါင်းချုပ်ထဲ ယင်းဆောင်းပါးကို ထည့်သွင်းပုံနှိပ်ထား သည်။ (၂၀၀၅ ဩဂုတ်၊ စာအုပ်စျေး) ဩစကာဝိုင်းကွယ်လွန်ပြီးနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် တစ်ကြိမ်တစ်ခါမျှပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့်ပြဇာတ်တစ်ပုဒ်အကြောင်းရေးထားတဲ့ဆောင်းပါးဖြစ်သည်။
ဒီပြဇာတ်က ဗမာပြဇာတ်ဟုအမည်တပ်ထားသော်လည်း တကယ်ကရခိုင်နောက်ခံပြဇာတ်၊ ဇာတ်လမ်းကိုပြောပြသူက ရခိုင်အမျိုးသားဦးချန်ထွန်း။ ဩစကာဝိုင်းကွယ်လွန်ပြီး ကာလအတန်ကြာမှ ဒီပြဇာတ်စာမူကိုပုံနှိပ်ခွင့်ပြုခဲ့သူကလည်း ဦးချန်ထွန်း၏ဇနီးသည် အိုင်းရစ်လူမျိုးဝတ္ထုရေးဆရာမ။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဩစကာဝိုင်းလို ပုဂ္ဂိုလ်ကျော်က အာရှအရှေ့ဖျား မြန်မာနိုင်ငံက ရခိုင်ဘုရင် တစ်ပါးရဲ့ အချစ်ဇာတ်လမ်းကို ပြဇာတ်အဖြစ် ရေးဖွဲ့တယ် ဆိုတာစိတ်ဝင်စားဖို့မကောင်းပေဘူးလားဗျာ။
ဩစကာဝိုင်း (၁၈၅၄-၁၉၀၀) နှင့် ဦးချန်ထွန်း / ဦးချန်ထွန်းဇနီးတို့ ဘယ်လိုဆက်စပ်ပတ်သက်ခဲ့ပါလိမ့်။ ဒီပြဇာတ်ကို သူသက်ရှိထင်ရှားရှိစဉ်က ပုံနှိပ်ထုတ်ဝေခြင်းမရှိဘဲ ဘာ့ကြောင့်သူသေမှပုံနှိပ်ခဲ့ပါလိမ့်။ ဆရာတိုက်စိုးဆောင်းပါး၌ ဤပြဿနာများကို ရှင်းလင်းတင်ပြထားသည်။
ဩစကာဝိုင်း၏ ပြဇာတ်များကို သူအသက်ရှိစဉ်ကရော ကွယ်လွန်ပြီးကာလ၌ပါ စင်တင်ခဲ့ကြလေသည်။ ထို့အတူ သူ့စာများကို အစဉ်တစိုက်ထုတ်ဝေခဲ့ကြလေသည်။ သို့ရာတွင် သူ့ပြဇာတ်တစ်ပုဒ်မှာမူ ၁၉၂၂ ခုနှစ်အထိ ပုံနှိပ်သည့် အဆင့်သို့ မရောက်ဘဲရှိလေသည်။ အကြောင်းကိုဆိုရသော် ဩစကာဝိုင်းသည် ထိုစာမူကို အမျိုးသမီး မိတ်ဆွေတစ်ဦး အတွက်တမင်ရေးကာ ထိုမိတ်ဆွေထံသို့ ပေးပို့ခဲ့လေသည်။ ထိုမိတ်ဆွေကလည်း စာမူကို ၁၉၂၂ ခုနှစ်တွင်မှ ပုံနှိပ် ထုတ်ဝေခွင့် ပြုသဖြင့် နောက်ကျခဲ့ရခြင်း ဖြစ်လေသည်။
ဩစကာဝိုင်း၏ မိတ်ဆွေမှာ အခြားမဟုတ်။ မေဗယ် (Mabel Cosgrove) ဆိုသူဝတ္ထုရေးဆရာဖြစ်လေသည်။ သူရေးသော စာမူမှာ For Love Of The King (ဘုရင့်အတွက် သူ့မေတ္တာ) ခေါ် ရခိုင်(နောက်ခံ) ပြဇာတ်ဖြစ်လေသည်။ အမှန်စင်စစ် ဩစကာဝိုင်းသည် မြန်မာ-ရခိုင်ဒေသသို့ တစ်ရံတစ်ဆစ်မှ မရောက်ဖူးလေ။ သို့ရာတွင် အကြောင်းဆုံ ဆည်း၍ ရခိုင် ပြဇာတ်ကို ရေးသားခဲ့ခြင်းဖြစ်လေသည်။
ရခိုင်လူမျိုး မြေပိုင်ရှင်ဘဏ်သူဌေး ဦးရဲကျော်သူ၏သားခြောက်ဦးအနက် တစ်ဦးဖြစ်သူ ဦးချန်ထွန်းသည်လန်ဒန်၌ ဥပဒေပညာလိုက်စားရင်း မေဗယ်နှင့်အိမ်ထောင်ကျသည်။ မေဗယ်က ထိုခေတ်က နာမည်ကျော် စာရေးဆရာ ဩစကာဝိုင်းနှင့် ခင်မင်ရင်းနှီးသည်ဟုဆိုသည်။ ဆရာတိုက်စိုးက ဤသို့ရေးသည်။
ဩစကာဝိုင်းသည် မေဗယ်မှတစ်ဆင့် ဦးချန်ထွန်းနှင့်သိကျွမ်းလာကာ အတူသွားအတူလာဖြစ်ခဲ့သည်။ ထို့ကြောင့် မြစ်ထဲတွင်အပျော်ခရီးထွက်ရင်း၊ ကျောင်းတွင်တွေ့ဆုံရင်း ဦးချန်ထွန်းထံမှ ရခိုင်ဘုရင်မင်းဘင်နှင့် မဖြူတို့၏ အချစ်ဇာတ်လမ်းကိုကြားရလေသည်။
ဆောင်းပါးနိဂုံး၌ ပြဇာတ်နှင့်ပတ်သက်၍ ဆရာတိုက်စိုးက ဤသို့မှတ်ချက်ပေးသည်။
… ပြဇာတ်တွင် ဇာတ်ခုံအခင်းအကျင်းဖွဲ့ပုံခမ်းနား၏။ စကားအသုံးအနှုန်းလှပ၏။ သို့ရာတွင် ဇာတ်ကွက် အချိတ်အဆက် မကောင်းလှ။ ထို့ပြင် မှော်ဆရာလုပ်သူမှာလည်း တရုတ်ဖြစ်နေလျက် သဘာဝယုတ္တိနှင့် ကင်းကွာနေလေသည်။ ဩစကာဝိုင်းသည် ရပ်ဝေးမှပုံပြင်ကိုနားထောင်ရ၍ ဇာတ်မှာ မမိတစ်ချက် မိတစ်ချက် ဖြစ်နေသည်ဟု ဆိုရန်ရှိလေသည်။ ဩစကာဝိုင်းကိုယ်တိုင်က (ဦးချန်ထွန်း၏ဇနီး) မေဗယ်ချန်ထွန်း ထံသို့ ရေးသော စာတွင် မြန်မာပြည်က ကျွန်တော့်ကို ခေါ်နေပါသည် Burmah calls to me ဟုပါလေသည်။ အကယ်၍သာ ရခိုင်ရေမြေအစဉ်အလာထုံးစံလေ့လာခွင့်ရ၍ရေးရသော် ဩစကာဝိုင်း၏ ပါရမီဉာဏ်သည် အထွတ်အထိပ်သို့ ရောက်နိုင်ကောင်း၏ဟု ထင်စရာရှိလေသည်။
(၂)
ထိုပြဇာတ်စာအုပ်တွင် နိဒါန်းနှင့်အတူ ဩစကာဝိုင်းက မေဗယ်သို့ ပေးသောပုဂ္ဂိုလ်ရေး စာတစ်စောင်ကိုပါ ထည့်သွင်း ဖော်ပြထားသည်။ ယင်းတို့ကိုအခြေပြု၍ အထက်ပါကောက်ချက်များကို ဆရာတိုက်စိုးချခဲ့ဟန်တူသည်။ အဆိုပါ နိဒါန်းထဲမှအချို့ကို ကောက်နုတ်ဖော်ပြပါမည်။
……… ဤပြဇာတ်ကို စာအုပ်အဖြစ်ယခုမှမြင်ရသော်လည်း ၁၈၉၄ ခုနှစ် သို့တည်းမဟုတ် ၎င်းအရင် နှစ်များ ကတည်းက ရေးခဲ့ပြီးဖြစ်ပါလိမ့်မည်။ ဤပြဇာတ်ကို ပုံနှိပ်ထုတ်ဝေဖို့ရေးသားခဲ့ခြင်းမဟုတ်ပါ။ စာရေးသူနှင့် သူ့မိသားစုတို့၏မိတ်ဆွေတစ်ဦးဖြစ်သူ မစ္စက်ချန်ထွန်းအတွက် လက်ဆောင်မွန် အဖြစ်ပေးအပ်ရန် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသောပေးစာနှင့်အတူ ပူးတွဲပေးပို့ခဲ့ပါသည်။ ဤပြဇာတ် ဖြစ်ပေါ်လာပုံကိုလည်း ယင်းစာတွင်ဖော်ပြထားပါသည်။

ထို့နောက် မစ္စက်ချန်ထွန်းဆိုသူမှာ အပျိုစင်ဘဝက မစ္စမေဗယ်ကော့စ်ဂရို့ဗ် ဖြစ်ကြောင်း၊ သူမ,ဖခင်မှာ ဩစကာဝိုင်း မိဘများ၏မိတ်ဆွေဖြစ်ကြောင်း၊ မေဗယ်ကိုယ်နှိုက်က ဩစကာ၊ ဝီလီ (ဩစကာ့အစ်ကို) တို့နှင့် အတူ ကြီးပြင်း ခဲ့ရကြောင်း ဆက်ပြောသည်။ မေဗယ်၏ခင်ပွန်းဖြစ်သူ ဦးချန်ထွန်းကို ဂုဏ်သရေရှိဗမာလူကြီးမင်းတစ်ဦးဖြစ်ပြီး ဗမာဘုရင်နှင့် တူတော်စပ်ကြောင်း၊ မစ်ဒယ်တင်ပယ်ဥပဒေအသင်းကြီးမှ ရှေ့နေတစ်ဦးဖြစ်ကြောင်းဖော်ပြထားသည်။
သူ့ခင်ပွန်းကွယ်လွန်သွားပြီးသည့်နောက် မစ္စက်ချန်ထွန်းတစ်ဖြစ်လဲ မစ္စက်ဝုဒ်ဟောက်စ်ပီးယားစ်က ဤပြဇာတ်ကို ပုံနှိပ်ထုတ်ဝေခွင့် မပေးဘဲငြင်းဆန်နေခဲ့သည်မှာ နှစ်ကာလအတန် ကြာမြင့်ခဲ့ပါသည်။ ကွယ်လွန်သူရောဘတ်ရော့စ်က ဩစကာဝိုင်း၏စာပေါင်းချုပ်ထဲ ဤပြဇာတ်ကို ထည့်သွင်းပုံနှိပ်ရန်ဆန္ဒပြင်းပြလှသော်လည်း စာမူပိုင်ရှင်၏ ခွင့်ပြုချက်ကို မရယူနိုင်ခဲ့ပါ။ ယခုအခါ ဤကိစ္စကိုတိုင်ပင်ညှိနှိုင်းကြရာ ပြေလည်သွားပြီဖြစ်ပါ၍ အများပြည်သူ ဖတ်ရှုနိုင်ရန် အလို့ငှါ တင်ဆက်လိုက်ပါသည်။
မေဗယ်ထံသို့ ဩစကာဝိုင်းရေးသားပေးပို့ခဲ့သည့် ပုဂ္ဂိုလ်ရေးပေးစာ (ရက်စွဲ ၂၇ နိုဝင်ဘာ ၁၈၉၄) ထဲ၌ ပြဇာတ် ပေါက်ဖွား လာပုံအကြောင်းပါရှိသည်။
“ဘုရားပေါ်ပြောခဲ့တဲ့ မြန်မာပုံပြင်များ” (Told on the pagoda) ဆိုတဲ့ခင်ဗျားရဲ့စာအုပ်လက်ခံရရှိကြောင်း ပြောဖို့ရာ အလွန်နောက်ကျသွားတဲ့အတွက် ကျွန်တော်အကြီးအကျယ်နောင်တ ရမိပါတယ်။ ဒီပုံပြင်တွေကို ကျွန်တော် နှစ်ခြိုက်မိ ပါတယ်။ သူတို့ရဲ့ဆန်းပြားပြီးသိမ်မွေ့တဲ့ ဆွဲဆောင်မှုကိုလည်း အလွန်သဘောကျပါတယ်။ ဗမာပြည်က ကျွန်တော့်ကို လှမ်းခေါ်နေပါတယ်။
ခင်ဗျားအပျင်းဖြေဖတ်ဖို့ရာအတွက် “ဘုရင်ကိုချစ်မိလို့” ဆိုတဲ့ဒဏ္ဍာရီဆန်ဆန်ပြဇာတ်တစ်ပုဒ်ကို တခြား အထုပ်တစ်ခုနဲ့ ပို့လိုက်ပါတယ်။ ခင်ဗျားရဲ့ထူးခြားထင်ရှားတဲ့ခင်ပွန်းသည်နဲ့အတူ ဥပဒေအသင်းကြီးမှာ၊ မြစ်ထဲအပျော်လှေစီးစဉ်မှာ လင်းလက်တောက်ပစွာ အချိန်ကာလကြာကြာစကားစမြည်ဆိုရာကထွက်ပေါ်လာတဲ့ရလဒ်ပါပဲ။ အဲဒီအချိန်က ကျွန်တော်က ပါရှန်းဝတ်ပြုကော်ဇောလို လှပသလောက်အကွက်စိပ်တဲ့ ဝတ္ထုတစ်ပုဒ်ရေးထုတ်ဖို့ စဉ်း စားခန်း ဝင်နေချိန်လေ။ ကျွန်တော့်ပြဇာတ်က ရခိုင့်အငွေ့အသက်ကို ဖမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ဒီပြဇာတ်ကို ကောင်းကင်ယံ ခရမ်းရောင်အပြည့်သွေးနေချိန်၊ ကြယ်တာရာတွေက အမျိုး သမီးရဲ့ မျက်ဝန်းလို လင်းလက်နေချိန် … ဒီလိုညတစ်ညမှာ ခင်ဗျားရဲ့ဥယျာဉ်ထဲ တင်ဆက်တာကို ကျွန်တော်ကြည့်ချင်လိုက်တာဗျာ။ အင်း … ဖြစ်နိုင်ဖို့တော့ ကျဲသပေါ့လေ။
ထို့နောက် သူကဆက်ရေးသည်။ သူအခု အသောဇာတ်တစ်ခုရေးနေကြောင်း၊ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့သူ တစ်ယောက်အကြောင်းဇာတ်အိမ်ဖွဲ့နေကြောင်း။ တလောကသူ့အမေအိမ်ရောက်သွားကြောင်း၊ အမေက မေဗယ့်ဆီအပတ်စဉ်လိုလို စာရေးဖြစ်တယ်လို့ပြောပြကြောင်း၊ သူ့ဇနီးသည်ကလည်း သတိရပါကြောင်း … စသည်။ ဩစကာဝိုင်းရဲ့ပုဂ္ဂိုလ်ရေးပေးစာက သူ့ပြဇာတ် / ဝတ္ထုစကားပြေလိုပဲ ရွှန်းရွှန်းဝေနေသည်။
(၃)
အထက်ဖော်ပြပါ စာအုပ်နိဒါန်းနှင့်ပေးစာပါအချက်အလက်များကိုကောက်နုတ်ကြည့်ရာ ဤသို့တွေ့ရသည်။
- မေဗယ်ကော့စ်ဂရို့ဗ် (မစ္စက်ချန်ထွန်း) မိသားစုနှင့်ဩစကာဝိုင်းမိသားစုက ယခင်ကတည်းက ရင်းနှီးခင်မင်ပြီး မိတ်ဆွေရင်းချာများဖြစ်သည်။
- မေဗယ်က ဩစကာဝိုင်းတို့ ညီအစ်ကိုနှင့်အတူတူကြီးပြင်းခဲ့သည်။
- မေဗယ်ကသူနှင့်ခင်မင်ရင်းစွဲ ဩစကာဝိုင်းကို ခင်ပွန်းသည် ဦးချန်ထွန်းနှင့် မိတ်ဆက်ပေးခဲ့သည်။
- ဤပြဇာတ်က ဦးချန်ထွန်းပြောပြခဲ့သည့် ရခိုင်ပုံပြင်ကို ဩစကာဝိုင်းက ပြဇာတ်အဖြစ် ပြန်လည် ရေးသား တင်ဆက်ခြင်း ဖြစ်သည်။
- ဩစကာဝိုင်းက သူ့ရခိုင်ပြဇာတ်ကို မေဗယ်အားလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ ထိုအချိန် (၁၈၉၄၊ နိုဝင်ဘာ) မေဗယ်ရေးသားခဲ့သော “ဘုရားပေါ်ပြောခဲ့တဲ့ မြန်မာပုံပြင်များ” စာအုပ်က ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။
- ဤပြဇာတ်ကို ဩစကာဝိုင်းသက်ရှိထင်ရှားရှိစဉ်က ထုတ်ဝေခြင်းမပြုခဲ့ဘဲ သူသေပြီး နှစ်ပေါင်း ၂၀ ကျော်မှ မေဗယ်၏ခွင့်ပြုချက်အရထုတ်ဝေခဲ့ရသည်။
ဤပြဇာတ်ကို ဩစကာဝိုင်း၏ တိမ်မြုပ်နေသောလက်ရာအဖြစ် အများကလက်ခံပြီးနောက် ၁၉၂၁ ခုနှစ်တွင် လစဉ်မဂ္ဂဇင်းနှစ်စောင်၌ စတင်ဖော်ပြခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဤပြဇာတ်ကို စာအုပ်အဖြစ် Methuen က ထုတ်ဝေဖြန့်ချိခဲ့သည်။ လူသိနည်းတဲ့အရှေ့တိုင်းနိုင်ငံတစ်ခုကနတ်သမီးပုံပြင်တစ်ပုဒ်ကို ခမ်းနား ကြီးကျယ်တဲ့ နန်းတော်ကြီးတွေ၊ နန်းတွင်းသူနန်းတွင်းသားတွေ၊ ဥဒေါင်းတွေ၊ မှော်ဆရာတွေနှင့် တန်ဆာဆင်ခြယ်မှုန်းထားသည်။ သူစွဲကိုင်ခဲ့သည့် အလှသည်သာကိုးကွယ်ရာ၊ အလှဟူသည်သစ္စာမည်၏ဟူသောသဘောထား၊ ပျော်သလိုနေ ကိုယ့်လူရေ ဆိုသောသူ့ဘဝနေထိုင်မှုစတိုင်တွေနှင့် ကိုက်ညီတဲ့ပြဇာတ်မျိုးဖြစ်လေတော့ သူ့လက်ရာအစစ်ဟု အားလုံးကတညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြဟန်တူသည်။ သူ့လက်ရာတော့သူ့လက်ရာပဲ၊ သို့ပေမယ့် သူ့ရဲ့တခြားလက်ရာတွေကိုမမီဘူး၊ ဒါကြောင့် မျက်နှာပူပြီး ထုတ်ဝေသူတွေဆီမပို့ဖြစ်ခဲ့တာနေမှာဟု စာပေ ဝေဖန်သူတွေက သုံးသပ်ကြသည်။
စာအုပ်ထုတ်ဝေပြီး သုံးနှစ်အကြာ ၁၉၂၅ ခုနှစ်တွင် ဩစကာဝိုင်း၏လက်ရာဟုအမည်ခံထုတ်ဝေ သည့် ဤပြဇာတ်က အတုအပကြီးဖြစ်ကြောင်း၊ ဤပြဇာတ်က ဩစကာဝိုင်း၏လက်ရာမဟုတ်ဘဲ မစ္စက်ချန်ထွန်းအမည်ခံ မေဗယ် (ထိုအချိန်သူက မစ္စက်ဝုဒ်ဟောက်စ်ပီးယားစ်ဖြစ်နေပြီ) ၏အတု အပ လက်ရာ (literary fraud) ဖြစ်ကြောင်း ဖွင့်ချထားသော Christopher Millard (ဩစကာဝိုင်း၏ အတ္ထုပ္ပတ္တိကိုပြုစုသူ) ၏စာထွက်လာသည်။ ၁၉၂၆ ခုတွင် မီးလဒ်နှင့် ပုံနှိပ်တိုက်တို့တရားတပေါင်ဖြစ်ရာ မီးလဒ်ရှုံးနိမ့်သွားသည်။ နောက်ပိုင်း ဤပြဇာတ်ကို လူအများ စိတ်ဝင်စားမှု မရှိသလောက် ဖြစ်သွားသည်။ စာပေအဆင့်မရှိတာရော၊ အတုအပစာပေ ဆိုတဲ့အရှုပ်အထွေး ကြီးကြောင့် ရောဖြစ်ပါ လိမ့်မည်။
(၄)
စာပေစုံထောက်တို့၏ထောက်လှမ်းချက်များအရ ဤပြဇာတ်အရှုပ်တော်ပုံကြီးအကြောင်း သိသည်ထက် ပိုသိလာရသည်။ သိလာလေလေ၊ စာပေအတုအပလုပ်ကြံသူ၏စွမ်းရည်ကို အံ့မခန်းဖြစ်ရလေလေ။ သူမဖန်တီးထားတဲ့ အတုအယောင်ကို အများယုံကြည်မှုရလေအောင် သူမနှင့်၊ သူမမိသားစုနှင့် ဩစကာဝိုင်းတို့မိသားစု ဟိုးကတည်းက ရင်းနှီးကျွမ်းဝင်ချစ်ခင်ခဲ့တဲ့အကြောင်း မေဗယ်ကစခင်းသည်။ (အခုခေတ်မှာလည်း အချောင်နာမည်ကြီးချင်သူတွေက ဆယ်လီတွေနှင့်သူတို့ဘယ်ကာလကတည်းက ဘယ်လောက်ရင်းနှီးခဲ့ကြောင်းစပြောကြတာ။ ဆယ်လီတွေကို ချဉ်းကပ်တဲ့ပုံသေနည်းပါပဲ။) ဩစကာဝိုင်းနည်းတူ သူမသည်လည်း အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တော်မှာ မွေးဖွား ခဲ့တာမှန်သည်။ သို့ပေမယ့် ဩစကာဝိုင်း (၁၈၅၄ ဖွား) မွေးပြီး ၁၉ နှစ်အကြာ ၁၈၇၃ ခုနှစ်မှ သူ့ကိုမွေးတာ။ ဩစကာဝိုင်းအစ်ကို ဝီလီခေါ် ဝီလျံနှင့် သူငြိတိတိဖြစ်ခဲ့သေးသယောင်ပြောသေးသည်။ ဝီလီက ဩစကာဝိုင်းထက် နှစ် နှစ်ကြီး လေရာ သူ့ထက် ၂၁ နှစ်ကြီးသူဖြစ်သည်။ ဒီတော့ ဝီလီနှင့်သူအတူတူကြီးပြင်းစရာ၊ ရင်းနှီးစရာ မည်သို့မျှ အကြောင်းမရှိလေ။ ထို့အတူ ဩစကာဝိုင်း၏မိခင်နှင့် မေဗယ်တို့နှစ်ယောက်သား အပတ်စဉ် ရင်းရင်းနှီးနှီး စာရေးဆက်သွယ်ဖို့မပြောနှင့် သူတို့အချင်းချင်းတွေ့ဖူးဆုံဖူးဖို့ရာပင်ဖြစ်နိုင်ဖွယ်မရှိ။ ၁၈၉၄ ခုနှစ်မှာ ဩစကာဝိုင်းရဲ့ အမေ ဂျိန်းဝိုင်းက အသက် ၇၃ နှစ်အရွယ်အဘွားကြီး၊ မေဗယ်က အသက် ၂၁ အရွယ်မိန်းမငယ်။ သူတို့ချင်း ပြောစရာ ဘာသာစကားရှိမည်မထင်။
အငြင်းပွားဖွယ်ဖြစ်တဲ့ ဒီပြဇာတ်ကို ဘာ့ကြောင့်စောစောပုံနှိပ်ခွင့််မပေးခဲ့ဘဲ ဘာ့ကြောင့် စာရေးဆရာကွယ်လွန်ပြီး နှစ် ၂၀ ကျော်မှပုံနှိပ်ခွင့်ပြုရသလဲ။ ဒီနေရာမှာလည်း မေဗယ်၏ကွက်ကျော်မြင်မှု၊ ဉာဏ်ကြီးမှုကို မြင်ရသည်။ ၁၉၂၁ ခုနှစ်အဝင်မှာ ဩစကာဝိုင်းမိသားစုအကြောင်း အတွင်းသိအစင်းသိတဲ့သူတွေအားလုံးကွယ်လွန်သွားခဲ့ပြီ။ ဒီတော့ကာ သူ့အဆိုကိုထောက်မည့်၊ အတွန့်တက်မည့်သူ တစုံတဦးမှမရှိတော့ပြီ။ စာပေစုံထောက်က ဤသို့ရေးသည်။
…… in 1921, however, all the salient members of this group were conveniently dead. With no one from the Wilde clan to dispute her claims, her story proved tantalizingly plausible.
ဒေါ်မေဗယ်ကတော့ ပြဇာတ်ကိုပုံနှိပ်ခွင့်မပေးတာက သူ့တစ်ယောက်တည်းအတွက် ရေးပေးထားလို့၊ ဩစကာဝိုင်းရဲ့ လက်ရာကို တန်ဖိုးထားလွန်းလို့ မပေးရက်တာလိုလိုဘာလိုလိုပုံချိုးလိုက်သေးသည်။ ဩစကာဝိုင်း၏ ပေးစာဟု အများကယုံ ကြည်ယူဆထားတဲ့ပေးစာကိုက အတုကြီး။ အပေါ်ဆုံးစာပိုဒ်ထဲပါတဲ့ မေဗယ်ပို့လိုက်တဲ့ “ဘုရားပေါ် ပြောခဲ့တဲ့ မြန်မာပြည်ပုံပြင်များ”ဆိုတဲ့စာအုပ်ကစလွဲနေတာ။
Mimosa ဆိုတဲ့ကလောင်အမည်နှင့် သူရေးသားခဲ့တဲ့စာအုပ်က ၁၈၉၅ ခုနှစ်ကျမှထုတ်ဝေခဲ့တဲ့စာအုပ်။ ၁၈၉၃ ခုနှစ်မှာ ဦးချန်ထွန်းနှင့်လက်ထပ်ပြီး သူမြန်မာပြည်လိုက်သွားပြီး နှစ်နှစ်အကြာမှာထုတ်ဝေခဲ့တဲ့တာ။ ဩစကာဝိုင်းကို ဒီစာ အုပ် လက်ဆောင်ပေးဖို့နေနေသာသာ ဒီစာအုပ်ရေးဖို့ရာ သူ့မှာကုန်ကြမ်းစုနေရတုန်း။
ဒီပြဇာတ်က စာအုပ်နိဒါန်းအရ ၁၈၉၄ ခုနှစ် တစ်ဝိုက်မှာ ရေးတာဖြစ်မည်။ အဲဒီအချိန်၊ အဲဒီကာလ ဩစကာဝိုင်း ဘာလုပ်နေသလဲ။ ၁၈၉၄ နိုဝင်ဘာလက Oscariana ခေါ် သူ့ဆောင်ပုဒ် (aphorism) ပေါင်းချုပ် စာအုပ်အတွက် အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်သည်။ ဒီကြားထဲသူ့ပြဇာတ်အသစ်ဖြစ်တဲ့ “စံပြလင်” (An ideal husband) ပြဇာတ်အတွက် သူ့မှာဇာတ်ဆောင်ရွေးရ၊ ဇာတ်တိုက်ရနှင့် အလုပ်နှင့်လက်မပြတ်ချိန်ဖြစ်သည်။ ဒီလိုအချိန်အခါမှာ သူ့အတွက် အစိမ်းသက်သက်ဖြစ်တဲ့ ရခိုင်ဘုရင်ပြဇာတ်လိုဟာမျိုး သူရေးနိုင်ပါ့မလား။
မေဗယ့်ကိုချီးကျူးဖို့ကောင်းတဲ့အချက်က ဩစကာဝိုင်းရဲ့စာတွေကို သူကျေကျေညက်ညက်ဖတ်ရှု ထားတဲ့အပြင် ဩစကာဝိုင်းရဲ့”လေ” ကိုပါ သူအမိအရဖမ်းနိိုင်ခြင်းပါပဲ။ ဩစကာဝိုင်း၏”လေ”နှင့် သူမ,သိမှတ်ခံစားထားတဲ့ ဗမာပြည်ရဲ့အငွေ့အသက်တွေကိုလှပစွာရက်သီလိုက်တဲ့အခါ ဩစကာဝိုင်း လက်ရာနှင့် ခပ်ဆင်ဆင် ပြဇာတ်တစ်ပုဒ် ပေါက်ဖွားလာသည်။ ဩစကာဝိုင်းဖြစ်ချင်လှတဲ့ သူမဆန္ဒပြည့်ဝသွားပြီ။ တစ်နည်းပြောရလျှင် fan နှင့် idol တစ်သားတည်းဖြစ်သွားပြီ။ သာမန်အတုအပ အပပြုသူမဟုတ်တော့၊ သူမက တကယ်ကို artist-criminal ဖြစ်သွားပြီ။
(၅)
ဩစကာဝိုင်း၏”လေ”ကိုအောင်အောင်မြင်မြင်တုပနိုင်ခဲ့တဲ့မေဗယ်တစ်ယောက် ပြဇာတ်ထဲ၌ အမှားအယွင်း ကြီး တစ်ခုကို ကျူးလွန်လိုက်သည်ဟု စာပေစုံထောက်ကဆိုသည်။ ဒီအမှားကတော့ သူမ,သိထားတဲ့ ဗမာ / ရခိုင်ဆိုင်ရာ ဗဟုသုတတွေ၊ အချက်အလက်တွေကို အသေးစိတ်ထည့်မိခြင်းဖြစ်ပါသတဲ့။ ကွမ်းအစ်ကိုင်တွေ၊ ဗောဓိညောင်ပင်တွေ၊ ဆေးပေါ့လိပ်ကြီးတွေသောက်တဲ့ မြန်မာသမီးပျိုတွေ၊ သခင်ဆိုတဲ့အခေါ်အဝေါ်တွေ၊ မန္တလေးပိုးလုံချည်တွေ …။ ဩစကာဝိုင်းသာ ဒီပြဇာတ်မျိုးရေးခဲ့လျှင်ဖြင့် ဤသို့အသေးစိတ်ဖော်ကျူးမည်မဟုတ်၊ အရှေ့တိုင်းလေ၊ အရှေ့တိုင်း အငွေ့ရရုံသာ သရုပ်ဖော်မည်ဖြစ်သည်။ သူမ,လေ့လာသိရှိထားတဲ့ ဗမာလူမျိုး၊ ဗမာ့ ယဉ်ကျေးမှု အကြောင်းတွေကို ပြဇာတ်ထဲ အသေးစိတ်ထည့်သွင်းဖော်ပြလိုက်သည့်အတွက် ပြဇာတ်က အတုအယောင် ဖြစ်ကြောင်း ကြေညာသလို ဖြစ်သွားသည်ဟု စာပေစုံထောက်ကမှတ်ချက်ချသည်။
စာပေစုံထောက်၏နောက်ဆုံးကောက်ချက်က စိတ်ဝင်စားစရာ။ မေဗယ်က ဩစကာဝိုင်းရဲ့စာတွေကို ကြိုက်နှစ်သက် လွန်းလို့ သူ့ကိုတုပရေးတာဖြစ်သတဲ့ (imitation)။ စာရေးဆရာ တစ်ယောက်ရဲ့ စာတွေကို တုပရေးတယ်ဆိုတာက စာရေးဆရာကို အရိုးသားဆုံးချီးကျူးခြင်း၊ ဂုဏ်ပြုခြင်းဖြစ်သတဲ့။စာရေးဆရာကို ကိုးကွယ်ခြင်းလို့ လည်းဆိုနိုင်သတဲ့။ တစ်ပါးသူရဲ့အသံကို တုပပြီးပြန်ပြောတာက ကြက်တူရွေးတွေရဲ့အလုပ်တဲ့။ တကယ်တော့ မေဗယ်က ဩစကာဝိုင်း ဖြစ်ချင်တာ။ အဲသလိုဖြစ်မလာတော့ ဩစကာဝိုင်းရဲ့နာမည်ကို မောင်ပိုင်စီး လိုက်ခြင်းပဲတဲ့။ တစ်နည်းပြောရလျှင် ကြက်တူရွေးတစ်ကောင်လို နှုတ်တက်လိုက်ရွတ်သလို ဩစကာဝိုင်း အသံကိုနှုတ်တက်ရွတ်ဖို့ကြိုးစားခြင်းဖြစ်သတဲ့။ မေဗယ့်ကို ကြက်တူရွေးနှင့် တင်စားခြင်းက အကြောင်းမဲ့ သက်သက်မဟုတ်။ သူမ,သွားလေရာ ပခုံးပေါ် တင်ခေါ်သွား တဲ့ ကိုကိုးအမည်ရတဲ့ ကြက်တူရွေးလေး ကိုလှမ်းချိတ် လိုက်ခြင်းပဲ ဖြစ်သည်။

(၆)
သို့ဖြင့် “ဘုရင်ကိုချစ်မိလို့” ပြဇာတ်က ဆရာမောင်ခင်မင် (ဓနုဖြူ)၏ “ချစ်သူများကို အဆုံးစီရင်ခြင်း” စာရင်းထဲ ဝင်သွားပါလေ တော့သည်။
ဩဂုတ် ၂၃ ၂၀၂၅
စာညွှန်း။
Forging Oscar Wilde: Mrs. Chan-Toon and For Love of the King by Gregory Mackie
English Literature in Transition, 1880-1920, Volume 54, Number 3, 2011, pp. 267-288 (Article)
Oscar Wilde. 2022. For Love of the King: A Burmese Masque. DigiCat, 2022


