The Corner

The Corner

cropped-Logo_round_grey-background.png

ဖင်လန်နိုင်ငံသမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံ

Share မယ်

ကမ္ဘာ့ကုလသမဂ္ဂ အကြိမ်(၈၀) မြောက် အထွေထွေညီလာခံ၌ ဖင်လန်သမ္မတနိုင်ငံ သမ္မတ ‘အလက်ဇန္ဒာ စတပ်ဘ်’ (Alexander Stubb) ပြောကြားသည့် မိန့်ခွန်း၊

နယူးယောက်မြို့၊ ၂၄ ရက်နေ့  စက်တင်ဘာလ ၂၀၂၅။

ဥက္ကဋ္ဌကြီးနှင့်တကွ အထွေထွေအတွင်းရေးမှူးချုပ်၊ သံအမတ်ကြီးများ၊ ဂုဏ်သရေရှိ အမျိုးသမီးများ၊ ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား –

နိုင်ငံခြားရေးမူဝါဒဆိုတာ အရိုးရှင်းဆုံး ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် စံတန်ဖိုး၊ အကျိုးစီးပွားနဲ့ စွမ်းအားဆိုတဲ့  မဏ္ဍိုင် သုံးခု အပေါ်မှာ အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ 

ကျွန်တော်ဟာ နိုင်ငံငယ် ကလေး တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံက လာရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြဲတမ်း အဓိက လက်စွဲလျက် ရှိနေတာကတော့ ‘စံတန်ဖိုး’ နဲ့ ‘အကျိုးစီးပွား’  ဖြစ်ပါတယ်။ ‘စွမ်းအား’ ကိုတော့ ‘အပျော့ထည်’ နဲ့ ‘အမာထည်’ ဆိုပြီး နှစ်မျိုး ခွဲခြား အသုံးပြုပါတယ်။ အင်အားကြီး နိုင်ငံတွေအဖို့တော့ စွမ်းအား ‘အပျော့’ နဲ့ ‘အမာ’တွေဟာ ဇိမ်ခံ ပစ္စည်းတွေ အဖြစ်တောင် အသုံးပြုနေကြပါပြီ။ 

နိုင်ငံငယ်ကလေး တစ်နိုင်ငံရဲ့ ‘စွမ်းအား’ဆိုတာကတော့ အခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်နိုင်ရေးအတွက် သူ့ရဲ့ ‘လုပ်နိုင်စွမ်း’ကို တိုးမြှင့်လုပ်ဆောင်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ စနစ်ကျတဲ့ သံခင်းတမန်ခင်း ဆိုတာမျိုး ကတော့ နိုင်ငံငယ်ကလေးတစ်ခုကို အနည်းဆုံးတော့ အတန်အသင့် သြဇာတိက္ကမ ရှိလာအောင်  လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ဒီကိစ္စအတွက် ဆွေးနွေးစရာ အကြောင်းအရာပါပဲ။ အင်အားကြီးနိုင်ငံတွေအဖို့ တော့ သူတို့က လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေလေတော့ သြဇာအာဏာ ရှိပေတာပေါ့။ ဒါပေမဲ့ ကျွန်တော် တို့လို နိုင်ငံငယ်ကလေးတွေအဖို့မှာတော့  သံတမန်နယ်ပယ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အတက်အကျ ရှိတဲ့  နိုင်ငံတကာ ဆက်ဆံရေး ရေစီးကြောင်းအပေါ် သြဇာသက်ရောက်အောင် ထိန်းညှိ ဆောင်ရွက် ရပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂစင်မြင့်မှာ ဒီကနေ့ ပြောကြားခဲ့ကြတဲ့ မိန့်ခွန်းအများစုကတော့ ကမ္ဘာ့ဖွဲ့စည်းဖြစ်တည်မှု အခြေ အနေ၊ အင်အား ချိန်ခွင်လျှာ ထိန်းညှိမှု နဲ့ အင်အား ရွေ့လျားမှု အရှိန်အဟုန် စတဲ့အကြောင်းအရာတွေကို အများဆုံး ပြောသွား ကြတာတွေ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ပေါ်ပေါက်လာချိန်မှာ ပြောဆို ဆွေးနွေး ခဲ့ကြတဲ့ ကိစ္စတွေနဲ့ တော်တော် ဆင်တူတာတွေ့ရပါတယ်။

စစ်အေး တိုက်ပွဲဖြစ်စဉ်ကတော့ ပြီးဆုံးသွားပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ဖြစ်စဉ် အသစ် က ဘာနဲ့ အလားသဏ္ဌာန် တူမှာလဲဆိုတာကို ကျွန်တော်တို့ မသိရှိကြသေးပါဘူး။ အဲဒါကို သိရဖို့အတွက် အခြေအနေတွေ အနည်ထိုင်သွားတဲ့အထိ အနည်းဆုံး ငါးနှစ် ကနေ ၁၀နှစ်လောက်  အချိန်ယူရပါလိမ့်မယ်။

ဒီကနေ့ ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအရွယ် ပမာဏကို ခဏဘေးဖယ်ထားပြီ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းမှာ ကိုယ်စားလှယ်အဖွဲ့တွေ အသီးသီး ရှိကြပါတယ်။ ကမ္ဘာ့ ဖြစ်စဉ် အသစ်က ဘယ်လို ပုံသဏ္ဌာန်နဲ့ တူမှာလဲဆိုတာကို ကိုယ်စားလှယ်အဖွဲ့ အသီးသီးကို ပြောခွင့် ပြုစေ ချင်ပါတယ်။ ဒီ စွမ်းဆောင်နိုင်ခွင့်ကို ကျွန်တော်တို့အားလုံး ဆင်ခြင်တုံတရားရှိရှိ၊ တာဝန်ယူလိုစိတ် ရှိရှိနဲ့ အသုံးပြု နေကြတာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံ အသီးသီးဟာ ပထဝီဝင် တည်နေရာအရ၊ သမိုင်းနောက်ခံအနေအထားအရ၊  ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ အရ သို့မဟုတ် ယဉ်ကျေးမှု အခြေအနေအရ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားရလဒ်တွေ မတူခြားနားကြတဲ့ အချက်ကို ကျွန်တော့်အနေနဲ့ အပြည့်အဝ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အခြေခံ စံတန်ဖိုးတွေကတော့ ကျွန်တော်တို့ အားလုံးရဲ့  ယေဘုယျစံနှုန်းတွေအဖြစ် မျှဝေကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး မရှိမဖြစ်တဲ့ လိုအပ်ချက် အများစုကို ယေဘုယျ စံတွေအဖြစ် ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းမှာ ထည့်သွင်း ဖော်ပြထားပြီးဖြစ်ပါတယ်။

ဒီနေ့အဖို့ ကျွန်တော့် အနေနဲ့ အပိုင်းနှစ်ပိုင်း တင်ပြလိုပါတယ်။ တစ်ပိုင်းက ကျွန်တော်တို့ ဘယ်အဆင့် ဘယ်နေရာမှာ ရောက်နေတာလဲဆိုတာကို ပိုင်းခြား စိတ်ဖြာ တင်ပြလိုပါတယ်။ နောက်တစ်ပိုင်းက ကျွန်တော်တို့ အတူလက်တွဲပြီး ဘာတွေလုပ် ချင်သလဲဆိုတဲ့ ကျွန်တော့်ရဲ့ အကြံပြုတင်ပြချက်ဖြစ်ပါတယ်။

* * *     

အခု လတ်တလော ကာလ ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်ပွားနေသလဲ ဆိုတာကို နားလည် သဘောပေါက်ဖို့အတွက် မတူခြားနားတဲ့ တိုးတက် ဖြစ်ပေါ်မှု သုံးခု အကြောင်းကို ကျွန်တော် တင်ပြလိုပါတယ်။

ပထမဦးစွာ ဥပဒေစိုးမိုးရေးကို အခြေခံတဲ့ နိုင်ငံစုံ ပါဝင်မှု အယူအဆကို မြှင့်တင်လိုကြသူတွေ အချင်းချင်း အကြားမှာ မပြေလည်ကြဘဲ တင်းမာမှုတွေ မြင့်တက် လာနေပုံရတယ်လို့ ကျွန်တော့် အနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒီအပြင် ဝင်ရိုး အများ ဗဟိုပြု အယူအဆ လက်ခံသူတွေနဲ့ အများသဘောအယူအဆတွေကို ညှိနှိုင်းလုပ်ဆောင်လိုသူတို့ အကြားမှာ လည်း သဘောထားကွဲလွဲမှုတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ 

ဝင်ရိုး အများ ဗဟိုပြု အယူအဆကို ထောက်ခံသူတွေပဲဖြစ်ဖြစ်၊ အများ သဘောထားကို ညှိနှိုင်း လုပ်လိုတဲ့ အယူအဆ ထောက်ခံသူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော့်အနေနဲ့ သူတို့ကမ်းလှမ်းမှုနဲ့ သူတို့ရဲ့ ဆင်ခြင်ကြံဆချက်တွေကို အသိအမှတ်ပြု လက်ခံ နိုင်ပါတယ်။  ဒါပေမဲ့ မေးစရာရှိတာက သူတို့အနေနဲ့ ကမ္ဘာ့အကြီးဆုံး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလား။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှု ဒါမှမဟုတ် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှု စတဲ့ စိန်ခေါ်မှုတွေပေါ့။

ဒီကနေ့ ကျွန်တော်မြင်တာက နိုင်ငံအကြီးတွေရော နိုင်ငံအသေးတွေရော  နိုင်ငံအများအပြားဟာ အရောင်းအဝယ် ဆန်ဆန် သို့မဟုတ် မူဝါဒ အမျိုးစုံသုံး နိုင်ငံခြားရေး မူဝါဒတွေကို ကျင့်သုံးနေကြတာ တွေ့ရတယ်။ အနှစ်ချုပ်ပြီး ပြောရရင် သူတို့ ရည်ရွယ်ချက်က သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို အမျိုးမျိုး သုံးလို့ရအောင် ဖြန့်ကြက် ချဲ့ထွင် ထားတယ်။ သဘောကိုက်ညီတဲ့ အုပ်စု တစ်ခုနဲ့ ဆက်ဆံရေး သဘောမျိုး ဆိုတာထက် အုပ်စုအသင်းအဖွဲ့ အမျိုးမျိုးနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်အောင်  မူဝါဒ အမျိုးမျိုး ခွဲခြားချမှတ်ပြီး ကြိုးပမ်းနေကြတာ ဖြစ်တယ်။

ဒီလို ကျင့်သုံးတာကို မူမဲ့တဲ့ သဘော၊ အချောင်လမ်း လိုက်တဲ့သဘောလို့ ဆိုရင်လည်း ရတယ်။ ဒါပေမဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးတာလို့ ဆင်ခြေပေးရင်လည်း ရပါတယ်။ ဒါကတော့ သူတို့ရဲ့ လက်တွေ့ ရွေးချယ် ဆောင်ရွက်ပုံ တွေအပေါ်မှာ မူတည်ပါတယ်။

အရောင်းအဝယ်ဆန်ဆန် ဆက်ဆံတဲ့ မူဝါဒ ‘သို့မဟုတ်’ မူဝါဒ အမျိုးစုံသုံးတဲ့ နိုင်ငံခြား ဆက်ဆံရေးဆိုတာ အကျိုးစီးပွား ရယူလိုမှုသဘော လွှမ်းမိုးနေတာ ဖြစ်တယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ လက်တွေ့ ရွေးချယ်မှု တွေဟာ အကျိုးစီးပွားတွေ ကိုအခြေခံပြီး ဆောင်ရွက်စေခြင်း ဖြစ်တယ်။ အဲဒီသဘောက လုံးဝ ဥဿုံ တရားဝင်တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်။

ဒီလို ဆောင်ရွက်တဲ့ နိုင်ငံခြားရေး မူဝါဒမျိုးက မိမိနိုင်ငံရဲ့ စွမ်းအားကို မှန်မှန်ကန်ကန် နားလည် သဘော ပေါက်ခြင်း အပေါ်မှာ အခြေခံပါတယ်။ ဘယ်အရာတွေက နိုင်ငံအချင်းချင်း နှစ်ဦးနှစ်ဖက်အကြား အပေးအယူ လုပ်နိုင်တယ်ဆိုတဲ့ စည်းမျဉ်းအကန့်အသတ်တွေဟာ နိုင်ငံရဲ့ စွမ်းအားလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။

သို့ပေမယ့်လည်း ‘စံတန်ဖိုး’တွေက ကျွန်တော်တို့ လုပ်ဆောင်သမျှ ကိစ္စတိုင်းကို ကျောထောက်နောက်ခံ ပြုပေးထား ပါတယ်။ အရောင်းအဝယ်ဆန်တဲ့ နိုင်ငံခြားရေး ဆက်ဆံရေးမူဝါဒကို ကျင့်သုံးတာပဲဖြစ်စေ ဒါမှမဟုတ် မူဝါဒ မျိုးစုံသုံး တဲ့ နိုင်ငံခြား ဆက်ဆံရေးကို ကျင့်သုံးတာဖြစ်စေ အဓိကအားဖြင့် အခြေခံစံတန်ဖိုးတွေအပေါ်မှာ တည်မှီ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။  အဲဒီလို အခြေခံစံတန်ဖိုးတွေ မရှိတဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒဆိုရင်တော့ နောက်ဆုံးမှာ နံရံကို ခေါင်းနဲ့ ဝင်တိုက်မိသလို ဖြစ်ပါလိမ့်မယ်။

အကယ်၍ စံတန်ဖိုးတွေကို ဘေးဖယ်ထားပြီး လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွား ရရှိရေးကို အဆီးအတားမဲ့ ရှာဖွေဖို့ ဆောင်ရွက်မယ် ဆိုရင် သင်ဟာ နောက်ဆုံးမှာ သင်ရှောင်ရှားလိုတဲ့ ပြဿနာတွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုးမိနေ လိမ့်မယ်။

ဒုတိယအနေနဲ့ ပြောလိုတာက ကမ္ဘာ့ ဖွဲ့စည်းဖြစ်တည်မှုအသစ်မှာ အာဏာချိန်ခွင်လျှာညှိရေးကိစ္စဟာ တောင်ဘက်နဲ့ အရှေ့ဘက်ဆီကို ရွေ့လျားနေပြီဖြစ်တယ်။ အထူးသဖြင့် အာဖရိကတိုက်၊ အာရှတိုက် နဲ့ လက်တင် အမေရိကတိုက် တွေမှာ တည်ရှိတဲ့ နိုင်ငံအများအပြားဟာ ကမ္ဘာ့ဖွဲ့စည်းဖြစ်တည်မှုအသစ်ရဲ့ လမ်းညွှန်မှု အဆုံးအဖြတ် ပေးရေးအတွက် ပဓာနကျတဲ့ သော့ချက်နေရာမှာ ရောက်ရှိနေကြပြီဖြစ်တယ်။ အရိုးရှင်းဆုံး ပြောရရင် အဲဒီနိုင်ငံတွေဟာ ကိုယ်စားပြုမှုနဲ့ လုပ်ပိုင်ခွင့် အာဏာ နှစ်ခုစလုံး လက်ဝယ်ရှိနေ ကြပြီဖြစ်တယ်။ 

အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ စီးပွားရေးအင်အားတွေကို တိုးချဲ့လာကြပြီဖြစ်တယ်။ သူတို့ရဲ့ လူဦးရေ တိုးတက် ဖွံ့ဖြိုး လာမှုအရှိန်ကို ဟန့်တားလို့ မရနိုင်တော့ဘူး။ သူတို့ရဲ့စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူဦးရေတိုးများလာမှုက ဒီနိုင်ငံတွေကို နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အင်အားစုတွေ ဖြစ်လာစေဖို့ အကြောင်းရင်းဖြစ်တယ်။ အဲဒီ အကြောင်းအချက်တွေကပဲ ဒီနိုင်ငံတွေကို စွမ်းရည် ‘အပျော့ထည်’ နဲ့ ‘အမာထည်’တွေကို ပိုင်ဆိုင်လာစေမှာ ဖြစ်ပါတယ်။ စွမ်းရည် ‘အပျော့ထည်’ နဲ့ ‘အမာထည်’တွေ ကို ပိုင်ဆိုင်လာတာနဲ့ ဒီနိုင်ငံတွေဟာ အဲဒီစွမ်းရည်တွေကို အသုံးပြုလာကြမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ အဲဒီလို အသုံးပြုဖို့ လည်း ဖြစ်သင့်ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိပါတယ်။ ကုလသမဂ္ဂ အစည်းအဝေးဆုံးဖြတ်ချက် အသီးသီးရဲ့ စံတန်ဖိုး တွေကို နိုင်ငံတိုင်းက သဘောတူညီကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အခြေခံ စံတန်ဖိုးတွေ ကိုတော့ ဘုံသဘောတူတဲ့ နားလည်မှုအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ အဲဒီအထဲမှာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်ဆိုင်မှု၊ အင်အားအသုံးပြုခြင်းကို တားမြစ်မှု၊ လူ့အခွင့်အရေးကို လေးစားမှုနဲ့ အခြေခံ လွတ်လပ်ခွင့် စတာတွေကို အသိအမှတ်ပြုမှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ဖော်ပြပါ စံတန်ဖိုးတွေဟာ ကုလသမဂ္ဂ အဖွဲ့ကြီးကို တည်ဆောက်ရာမှာ အသုံးပြုတဲ့ ပဓာနအမာခံ ပစ္စည်းတွေ ဖြစ်သလို ကျွန်တော်တို့ဟာ ဘယ်သူတွေလဲ၊ ဘာအတွက် ကျွန်တော်တို့ဟာ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ရပ်တည် နေကြတာလဲ ဆိုတာကိုပါ ဖော်ပြနေတဲ့ တန်ဖိုးတွေဖြစ်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အဖွဲ့ဝင်နိုင်ငံ တွေကို လက်ခံ ထိန်းသိမ်းထားနိုင်တဲ့ အတွက် ထူးကဲတဲ့ အကျိုးကျေးဇူးတွေ ရရှိနေပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို ဆက်လက် ဗိုလ်ကျ ဖိနှိပ် ကျူးကျော် တိုက်ခိုက်ပိုင်ခွင့် မရှိပါဘူး။ အစ္စရေးနိုင်ငံ အနေနဲ့လည်း ပါလက်စတိုင်းဒေသမှာ နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ပိုင်ခွင့် မရှိပါဘူး။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့လည်း ဆူဒန်နိုင်ငံ ဒါမှမဟုတ် ကွန်ဂိုနိုင်ငံတွေရဲ့ အချုပ်အခြာပိုင်နက် နယ်မြေတွေကို အသုံးပြုပြီး သူတို့ရဲ့ မဟာဗျူဟာမြောက် ကိုယ်ကျိုးစီးပွားတွေအတွက် ကိုယ်စားပြုစစ်ပွဲတွေ ဆင်နွှဲပိုင်ခွင့် မရှိပါဘူး။

နိုင်ငံတကာ လူမှုအဖွဲ့အစည်းကြီးရဲ့ ဒီသတင်းစကားကို ကျွန်တော်တို့အားလုံး ဂရုပြုလေးစားကြဖို့၊ နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေနဲ့အညီ ပြုမူ ကျင့်ကြံ ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ စစ်ပွဲတွေ ဆင်နွှဲခြင်းဟာ လူသားမျိုးနွယ်တို့အတွက် အစဉ်အမြဲ ဆုံးရှုံးနစ်နာမှုကိုသာ ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ စစ်ပွဲဟာ ကျွန်တော်တို့ လူသား မျိုးနွယ်တို့အတွက် အခြေခံ စံနှုန်း တန်ဖိုးတွေကို စုပေါင်း ဆုံးရှုံးရခြင်းဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအကြောင်းကို ကျွန်တော် အနည်းငယ်ပြောပြလိုပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင် ပေးဖို့အတွက် ဖြစ်ပါတယ်။ နောက်ပြီး အဖွဲ့ဝင်နိုင်ငံ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးစေဖို့ဖြစ်ပါတယ်။

ဖော်ပြပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးနိုင်ရေးအတွက် မဏ္ဍိုင်သုံးရပ် ချိန်ခွင်လျှာ ညီမျှနေဖို့ လိုပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အင်အား တန်ခိုးအာဏာကို ‘လုံခြုံရေးကောင်စီ’က ကိုယ်စား ပြုပါတယ်။

ကျယ်ပြန့်လှတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေ မျှတရေးအတွက် ‘အထွေထွေညီလာခံ’ မှာ သဟဇာတဖြစ် ပြီး ပြေငြိမ်းမှုရရှိအောင် ညှိနှိုင်း ဆောင်ရွက်ကြရပါတယ်။ စံတန်ဖိုးတွေကို ကမ္ဘာ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ထည့်သွင်း ဖော်ပြထားပြီး နိုင်ငံတကာ ဥပဒေစည်းမျဉ်း အဖြစ် ခိုင်မာအောင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ သူ့ရဲ့ အဓိက ကတိကဝတ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖြည့်ဆည်း ဖော်ဆောင်နိုင်ဖို့အတွက် ကြိုးစား ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နိုင်ငံအတော်များများဟာ နိုင်ငံတကာဥပဒေ စည်းမျဉ်း တွေကို လွတ်လွတ်လပ်လပ်ကြီး ချိုးဖောက်နေကြပါတယ်။ အင်အားသုံးပြီး အခြားနိုင်ငံက ပြည်သူတွေ ပိုင်တဲ့ နယ်မြေတွေ ကို ကျူးကျော်လုယူနေကြတယ်။ အခြားနိုင်ငံတွေအပေါ် အင်အားသုံး ဗိုလ်ကျနေကြတယ်။

ဒီနေ့ခေတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဟာ အင်အားချိန်ခွင်လျှာထိန်းညှိပေးရေးကိစ္စနဲ့ပတ်သက်တဲ့ ဖြစ်ရပ်အမှန်တွေကို လုံလုံလောက်လောက် ထင်ဟပ်မပြနိုင်တာတွေ့နေရတယ်။ မကြာမကြာဆိုသလို ကိစ္စအတော်များများနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂအဖွဲ့ကြီးဟာ အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေကို စီမံဖြေရှင်းပေးရေးအတွက် ညီလာခံခေါ်ပေးဖို့တောင် ပျက်ကွက် နေတာတွေ့ရတယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အနှစ်သာရတန်ဖိုးတွေကိုတောင် ရံဖန်ရံခါ ယုံကြည်လေးစားရကောင်း မှန်း မသိတာမျိုး တွေ့လာရတယ်။

ကျွန်တော်တို့ အားလုံးဟာ ကိုယ်နှစ်သက်တဲ့ အရာတွေကို ရွေးချယ်ဖို့အတွက် လွတ်လပ်ခွင့် ရလိုပါတယ်။ ဒီ့အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင်လောကကိုလည်း အားပေးတိုက်တွန်းနှိုးဆော်နိုင်ရေးအတွက် အခွင့်အလမ်းရဖို့လည်း လွတ်လပ်ခွင့် ရလိုပါတယ်။ ဒီကနေ့  နိုင်ငံအတော်များများဟာ အရောင်းအဝယ်ဆန်ဆန် ဆက်ဆံတဲ့ နိုင်ငံခြားရေး မူဝါဒကို လက်ခံကျင့်သုံးသင့် သလား။ ‘ဒါမှမဟုတ်’ မူဝါဒအမျိုးစုံ ရေလဲသုံးတဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒကို ကျင့်သုံးသင့် သလား၊ စသဖြင့် ကြံဆ အဖြေရှာနေကြပြီဖြစ်တယ်။ အကယ်၍သာ ကုလသမဂ္ဂ အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ရင် ဒီ သဘော အလားအလာဟာ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာမှာဖြစ်တယ်။ 

ဒါကြောင့် မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ‘စံတန်ဖိုး’၊ ‘အကျိုးစီးပွား’နဲ့ ‘အင်အား’ (တန်ခိုးအာဏာ)တွေအပေါ်မှာ အခြေခံပြီး ကျွန်တော် ပေါင်းရုံး သုံးသပ်ပြပါရစေ။ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေက ကျွန်တော်တို့ အချင်းချင်းကို ခြားနား စေပါတယ်။ အခြေခံအနှစ်သာရအားဖြင့် ‘စံတန်ဖိုး’တွေက လူသားမျိုးနွယ်ရဲ့ အခြေခံစည်းမျဉ်း ကျင့်ဝတ်ဘောင် အတွင်းမှာ ကျွန်တော်တို့ အချင်းချင်းကို ဘယ်နည်းနဲ့မဆို စည်းလုံးညီညွတ်အောင် လုပ်ပေးသင့် ပါတယ်။ ဥပဒေ စိုးမိုးရေးနဲ့ ဗိုလ်ကျလွှမ်းမိုးမှုမှ အကာအကွယ်ပေးရေးတို့ ဖော်ဆောင်ပေးသင့်တယ်။

ကျွန်တော်တို့ အကျိုးစီးပွားတွေကလည်း မတူခြားနားကြပါတယ်။ ကိုယ့်အကျိုးစီးပွားကို ကိုယ်တိုင် မြှင့်တင်ရေး ဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေမှာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ကိုယ်ကျိုးရှာတဲ့ အချောင်သမားဝါဒဖြစ်ခဲ့ရင် နောက်ဆုံးမှာ ကိုယ် မတွေ့ကြုံ လိုတဲ့ ပြဿနာမျိုးစုံနဲ့ ထိပ်တိုက်တိုးရတဲ့ အခြေအနေဆီ တွန်းပို့ခံရပါလိမ့်မယ်။

‘အင်အား’ (တန်ခိုးအာဏာ) အနေနဲ့ ချိန်ခွင်လျှာ မျှခြေအသစ် တစ်ခုကို ရှာရပါလိမ့်မယ်။ အပြောင်းအလဲကို ကျွန်တော် တို့ ညှိနှိုင်းလက်ခံရပါလိမ့်မယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ မျက်လုံးတွေကို တိမ်သလာ ဖုံးစေမယ့် စစ်အင်အား အသုံး ပြုတာမျိုးကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဥပဒေကြောင်းအရ တရားဝင်မှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ စည်းမျဉ်း ဥပဒေ ကျင့်သုံးမှုတွေ ဆက်လက် တောင့်တင်းခိုင်မာနေရမှာ ဖြစ်ပါတယ်။

* * *

ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျား –

ကမ္ဘာ့ အရေးအကြီးဆုံးပြဿနာတွေကို ဖြေရှင်းရေးအတွက် လက်ရှိ နည်းပညာတွေနဲ့ ဆန်းသစ် တီထွင်မှု တွေ ကို ပစ်ပယ်ခဲ့တာမျိုး ရှေးက လူ့သမိုင်းမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။

သို့သော်ငြားလည်း လက်ရှိ သွားနေတဲ့ လမ်းကြောင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ကို မှားယွင်းနေတာ တွေ့ရ တယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက လက်ရှိအချိန်ကာလဟာ ဘယ်တုန်းကနဲ့မှမတူအောင် စစ်ပွဲတွေ များလွန်း နေတယ်။ ကမ္ဘာကြီးဟာ သဘောကွဲလွဲမှု ပဋိပက္ခတွေ များသည်ထက်များလာနေတယ်။ လူ့အဖွဲ့အစည်းတွေ အတွင်းမှာလည်း အလား တူပါပဲ။ ရာသီဥတုပြောင်းလဲမှုကိစ္စနဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဟာ အများကြီးနောက်ကျ ကျန်ရစ်နေပြီ။  

ကမ္ဘာကြီးရဲ့ မတူခြားနားတဲ့ နေရာဒေသတွေမှာ အရပ်သူအရပ်သားပြည်သူတွေ ဒုက္ခအကြီးအကျယ် ခံစားနေကြ ရတာကို ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့မျက်မြင် ကြုံတွေ့နေရတယ်။ လူသားမျိုးနွယ်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း မလေးမစား ပြုလုပ် လာကြတာတွေ တွေ့မြင်နေရတယ်။

ကျွန်တော် ဖင်လန်နိုင်ငံသားတ‌စ်ယောက်အနေနဲ့ ပြောရရင် ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ အတိတ်က ကျွန်တော်တို့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို သတိပေးနှိုးဆော်နေရုံမက လက်ရှိ ကျွန်တော် နေထိုင်ရာ ကမ္ဘာ့ အစိတ်အပိုင်းရဲ့ လုံခြုံရေး ကိစ္စနဲ့ပါ ဆက်စပ်ပတ်သက်နေတာ တွေ့ရတယ်။

အခြားတစ်ဖက်မှာ အကြမ်းဖက်အနိုင်ကျင့်မှုတွေ ဆက်ရှိနေတယ်။ နောက်ပြီး အရပ်သားပြည်သူလူထုရဲ့ ဘဝ တည်ရှိမှုကို လေးစားမှုမရှိဘဲ လုံးဝမျက်ကွယ်ပြုထားကြတာတွေ့နေရတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုနှုန်းစံတွေ အပေါ် မှာ အခြေပြုထားတဲ့ အခြေခံ ဥပဒေစည်းမျဉ်း တွေကို အထင်အမြင်သေးစရာဖြစ်အောင် ကြိုးပမ်း အားထုတ်မှု တွေလုပ်လာ ကြတာလည်း တွေ့လာရတယ်။  နောက်တစ်ဖက်မှာကတော့ လွတ်လပ်ရေးကို ခုခံကာကွယ်နေကြတဲ့ အုပ်စုရှိတယ်။ သူတို့က သူတို့ရဲ့ အသက်ရှင်ရပ်တည်ပိုင်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကို ခုခံ ကာကွယ် နေကြတာ ဖြစ်တယ်။

ဗိုလ်ကျစိုးမိုးလိုမှုကြောင့် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေဟာ ရပ်စဲ သွားခြင်း မရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်။ မကြာသေးမီက စစ်ရပ်စဲရေးအတွက် ပဏာမ ခြေလှမ်းတစ်ရပ်ကို သံခင်းတမန်ခင်း နည်းလမ်းနဲ့ စတင်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့  အထူးကြိုးပမ်း အားထုတ်မှုကို တွေ့ရ ပါတယ်။

စစ်ပွဲတွေရပ်ဖို့ အဖြေရှာကြရာမှာ ပြီးပြည့်စုံတဲ့ ဖြေရှင်းရေးနည်းလမ်းမျိုးဆိုတာတော့ မရှိပါဘူ။ တစ်ချိန်တည်းမှာ လက်ရှိပြဿနာတွေနဲ့ပတ်သက်လို့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကမှ လက်လှမ်းမမီနိုင်တဲ့ ယူကရိန်း အရေးထက် ကျော်လွန် တဲ့ နောက်ဆက်တွဲကိစ္စတွေ ပေါ်ပေါက်နေတာ တွေ့ရတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ကျယ်ပြန့်လှတဲ့ အဖွဲ့ဝင်တွေအကြားမှာ ပိုမိုတောင့်တင်းခိုင်မာတဲ့ တစည်းတလုံးထဲ ရှိမှုဆိုတဲ့ စည်းလုံးညီညွတ်မှုမျိုးကို ရရှိဖို့ကတော့ အတော်ခက်ခဲနိုင်ပါတယ်။ အဲဒါထက်စာရင် ကျွန်တော်တို့ရဲ့ အတိုက်အခံ တွေအပေါ် စစ်နိုင်အောင်တိုက်တာကမှ ဖြစ်နိုင်ပါသေးတယ်။ ဗိုလ်ကျစိုးမိုးရေးအယူဝါဒကို ကျွန်တော်တို့ အနေနဲ့ မျက်နှာသာပေးလို့ မရပါဘူး။  ဗိုလ်ကျ စိုးမိုးရေးဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်ပါတယ်။ အဲဒီရာဇဝတ်မှုအတွက် တာဝန်ယူမှု ရှိလာအောင် ကျွန်တော်တို့ ဆက်လက်အရေးယူနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်း ဒေသမှာဆိုရင် ဂါဇာမှာနေထိုင်ကြတဲ့ အရပ်သူအရပ်သားပြည်သူတွေဟာ ဒုက္ခပေါင်းစုံကို ခါးစည်းပြီးခံနေရပါတယ်။ အလွန်တရာ နက်ရှိုင်းတဲ့ လူသားချင်း စာနာမှု အကူအညီတွေ မျှဝေနိုင်ရေးမှာ အကျပ်အတည်း တွေ့နေရပါတယ်။ အခြေအနေက သည်းမခံနိုင်လောက်တဲ့ အထိ ဖြစ်နေခဲ့တယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု အကူ အညီပေးရေး စနစ်ကြီး တစ်ခုလုံးရဲ့ ကျဆုံးမှုကို ကိုယ်စားပြုထင်ဟပ်နေသလိုပါပဲ။ တချိန်တည်းမှာ ‘ဟားမတ်စ်’အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ဆက်လက် ထိန်းသိမ်းထားတာကို တွေ့ရတယ်။ အဲဒီအထဲက ဓားစာခံအတော်များများ အသက်ဆုံးရှုံးခဲ့ကြရတာ တွေ့ရတယ်။

ဂါဇာမှာ အမြန်ဆုံး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ လိုအပ်နေပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အန္တရာယ် ကင်းကင်း မျှဝေနိုင်ရေးအတွက် အချိန်မဆိုင်းဘဲ ဆောင်ရွက်နိုင်အောင် လုပ်ကြရပါလိမ့်မယ်။ ဓားစာခံတွေကို ခြွင်းချက် မရှိ ချက်ချင်းလွှတ်ပေးဖို့လိုပါတယ်။

ပြင်သစ်နိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က ဦးဆောင်တင်ပြထားတဲ့ “နှစ်နိုင်ငံတည်ရှိရေးမူ” ကို ဆက်လက် ဖော်ဆောင်ဖို့ ကျွန်‌တော့် အနေနဲ့  ထောက်ခံကြောင်း ပြောလိုပါတယ်။

ဆွေးနွေး ညှိနှိုင်းပွဲတွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံနှစ်ခုစလုံးရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံ ရမှာဖြစ်ပါ တယ်။ ပါလက်စတိုင်း နိုင်ငံရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ကိုလည်း အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ ပါလက်စတိုင်းနိုင်ငံ ရဲ့ တရားဝင်မှုရှိတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ထူထောင်ရေး ရည်မှန်းချက်ကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်က သိမ်းယူထားတဲ့ နယ်မြေပိုင်ဆိုင်မှုဟာ နိဂုံးချုပ်သွားရမှာဖြစ်တယ်။ အမြဲတမ်း တည်ရှိမှုဆိုင်ရာ ပြဿနာ တွေကိုလည်း ညှိနှိုင်း ဖြေရှင်း အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ တည်ရှိမှုကို အသိအမှတ်မပြုခဲ့တဲ့ နိုင်ငံတွေ အနေနဲ့လည်း အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် အစ္စရေး တည်ရှိမှုကို အသိအမှတ်ပြုကြရပါလိမ့်မယ်။

တစ်ချိန်တည်းမှာ ပါလက်စတိုင်းနိုင်ငံ နယ်နိမိတ်ပိုင်ဆိုင်မှုတစ်ခုလုံးကို ပါလက်စတိုင်းအာဏာပိုင်အစိုးရအနေနဲ့ ထိထိရောက်ရောက် အုပ်ချုပ်ပိုင်ခွင့်ကို နိုင်ငံတကာလူ့အဖွဲ့အစည်းကြီးက ထောက်ခံပေးခြင်းဖြင့် ပါလက်စတိုင်းကို ခိုင်ခိုင်မာမာရပ်တည်နိုင် အောင်လုပ်ဆောင်ပေးကြရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ကြမှသာ  “နှစ်နိုင်ငံ တည်ရှိရေးမူ” ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တည်ငြိမ်မှုရှိတဲ့ ပါလက်စတိုင်းနိုင်ငံတည်ရှိမှုဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးစိတ်ချရတဲ့ အကျိုးအမြတ်ကို အဓိပ္ပာယ်ပြည့်ပြည့်ဝဝ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့နေရာဒေသအနှံ့အပြားမှာ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ‌ဒေသဆိုင်ရာ ဒုက္ခ သုက္ခကို ဖြစ်ပေါ်နေပြီး ‌ဒေသအလိုက် မတည်မငြိမ်ဖြစ်မှုတွေဟာ ကမ္ဘာကြီး တစ်ခုလုံးအပေါ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေပါ တယ်။ အထူးသဖြင့် ဆူဒန်နိုင်ငံ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ လူမဆန်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကျွန်တော်တို့အားလုံး မျက်မြင် ကိုယ်တွေ့ သိရှိနေ ကြရပါတယ်။ အရပ်ဘက် ပြည်သူလူထုတွေအနေနဲ့ ဆက်လက်ပြီး ငတ်မွတ် ခေါင်းပါးမှုဘေးကြုံရတယ်။ စစ်ဘေးဒဏ် ကြောင့် ရွှေ့ပြောင်း ပြေးလွှားနေထိုင်နေကြရတဲ့ အိမ်ခြေရာခြေမဲ့ လူဦးရေကလည်း ကြောက်ခမန်းလိလိ မြင့်တက် နေတယ်။

လက်ရှိ ခြိမ်းခြောက်မှုအန္တရာယ်တွေကြားမှာ ငြိမ်းချမ်း‌ရေးရရှိရေးအတွက် ဆက်လက် အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်‌များကို ကျွန်တော့်အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဇွန်လအတွင်းက ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ဘက် ပိုင်းမှာ ဆက်လက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပါတယ်။ အခြားသော ငြိမ်းချမ်းရေး သဘောတူစာချုပ်တွေလိုပဲ လက်တွေ့စမ်းသပ်မှုခံယူရင်း ငြိမ်းချမ်းရေး ဆက်လက် တည်ဆောက် ရမှာ ဖြစ်ပါ တယ်။ အဲဒီမှာလည်းပဲ လူသားချင်းစာနာမှုအထောက်အကူတွေရရှိရေးအတွက် အခက်အခဲ တွေ ကြုံနေရကြောင်း သတိပေး နှိုးဆော်မှု အတော်အတန်တော့ ရှိနေပါတယ်။ အဲဒီအခြေအနေတွေကို တုံ့ပြန် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီမှုလုပ်ငန်းစဉ်တွေဟာ အရောင်းအဝယ်သဘောမျိုး အပေးအယူလုပ်တာမျိုး မဖြစ်သင့် ဘူး။ ငြိမ်းချမ်းရေး ကိစ္စ ဆောင်ရွက်ကြတဲ့အခါ နိုင်ငံတကာဥပဒေစည်းမျဉ်းတွေရဲ့ ရှေ့ဆောင် လမ်းညွှန်မှု ရှိရမှာ ဖြစ်ပါတယ်။ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ကိုယ်စားပြုအဖွဲ့အစည်းတွေအားလုံးအနေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အရယူ နိုင်ဖို့အတွက် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ တည်ရှိမှုနဲ့ ပါဝင်ပတ်သက်မှုဟာ လက်ရှိအခြေအနေမှာ အလွန် အရေးကြီး ပါတယ်။

နောက်ထပ် ကျွန်တော်ပြောလိုတဲ့ ကိစ္စက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ခက်ခဲတဲ့အခြေအနေတွေအကြားမှာ အလုပ်လုပ် နေကြရတဲ့ သတင်းမီဒီယာသမားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ကျွန်တော့်အနေနဲ့ တင်ပြ ချင်တယ်။ ဒီလိုအနေအထားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကိစ္စဟာ လုံးဝ လက်ခံ နိုင်စရာမရှိပါဘူး။

သတင်းစာလွ တ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီတည်ဆောက်ရာမှာ အခြေခံကျတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ သတင်းစာ လွတ်လပ်ခွင့်ဟာ ပွင့်လင်းတဲ့လူ့အဖွဲအစည်းတည်ဆောက်ရာမှာ အခြေခံလိုအပ်ချက်လည်း ဖြစ်ပါတယ်။ သတင်း မီဒီယာလုပ်ငန်းဆောင်တာရဲ့ သတင်းတင်ဆက်မှု စွမ်းရည်ဆိုင်ရာ အရည်အချင်းဟာ ကျွန်တော်တို့ အားလုံး အတွက် အရေးကြီးတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

* * *

ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်များခင်ဗျား

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံဟာ ၁၉၄၅ ခုနှစ်က ကမ္ဘာကြီးရဲ့ အခြေအနေကို အခုထက်တိုင် အများကြီး ထင်ဟပ်နေတုန်းဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အခြေအနေဟာ အကြီးအကျယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါ တယ်။ အပြောင်းအလဲနဲ့ လိုက်လျောညီထွေစွာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ချပုံနည်းလမ်းကိုလည်း ပြုပြင် ပြောင်းလဲဖို့ လိုနေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ဒီ ခန်းမကြီးထဲမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ကျွန်တော်ဆွေးနွေးတင်ပြခဲ့ဖူးပါတယ်။ လက်ရှိလုံခြုံရေးကောင်စီဖွဲ့စည်းပုံအရ ဒေသဆိုင်ရာ ကိုယ်စား ပြုခွင့် အတွက် အင်နဲ့အားနဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို အမြဲတမ်းကိုယ်စားပြုပြောဆိုခွင့်နေရာတွေ ပေးပြီး ပြောခွင့် ဆိုခွင့်ပေး သင့်ပြီဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် အရေအတွက်ကို တိုးချဲ့သင့်ပြီလို့ တင်ပြလိုပါတယ်။ အနည်းဆုံး လုံခြုံရေး ကောင်စီမှာ အာရှတိုက်အတွက် အမြဲတမ်းကိုယ်စားလှယ် နှစ်နေရာ၊ အာဖရိကတိုက်အတွက် အမြဲတမ်း ကိုယ်စားလှယ် နှစ်နေရာ၊ လက်တင်အမေရိကအတွက် တစ်နေရာ တိုးသင့်ပါတယ်။ ဘယ်နိုင်ငံမှ ဗီတိုအာဏာ ပိုင်ခွင့် မရှိ သင့်ပါ။ ဒီ့အပြင် အကယ်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းကို ချိုးဖောက်ခဲ့ မယ်ဆိုရင် အဲဒီနိုင်ငံကို ‘မဲပေးခွင့်’ ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်သင့်ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ ထိပ်ဆုံးအပိုင်းကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ဒါမှသာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ရဲ့ ဗဟိုချက်မနေရာမှာ ကုလသမဂ္ဂအဖွဲ့ ဆက်လက် တည်ရှိနေနိုင်မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ကုလသမဂ္ဂအဖွဲ့ကြီးကို အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေကြောင်း ကျွန်တော့် အနေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂ-နှစ် ၈၀ ပြည့်ချိန်မှာ  အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပဏာမခြေလှမ်းအနေနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ရဲရဲရင့်ရင့် ရည်မှန်းချက် ခိုင်ခိုင်မာမာနဲ့ အလုံးစုံ ပြုပြင် ပြောင်းလဲရေးလုပ်သင့်တဲ့ အချိန်ရောက်ပြီဖြစ်ကြောင်း ကျွန်တော်အားပေး တိုက်တွန်းအပ်ပါတယ်။

ဖင်လန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အလုံးစုံပြုပြင်ပြောင်းလဲရေးကိစ္စ အောင်မြင်စေလိုတဲ့ ဆန္ဒရှိတဲ့ အလျောက်  အင်တိုက်အားတိုက် ထောက်ခံ ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ ကြီးကို ယုံကြည်အားကိုးထိုက်တဲ့၊ အရေးပါအရာရောက်တဲ့၊ အဘက်ဘက်က ကျွမ်းကျင်ပြီး အစွမ်းအစ ရှိတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းကြီးဖြစ်လာအောင် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုနေပြီဖြစ်ကြောင်း တင်ပြ ရခြင်းဖြစ်ပါတယ်။ ပြုပြင် ပြောင်းလဲရေး လုပ်လိုက်ခြင်းအားဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ဆောင် နိုင်စွမ်းရှိမှုကို ပိုပြီး သေချာစေမှာလည်း ဖြစ်ပါ တယ်။

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မိမိရဲ့ အရေးအကြီးဆုံး ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်ရေးအတွက် အားထုတ်မှု တွေအပေါ် စူးစိုက်အာရုံပြုဖို့ လိုပါတယ်။ စစ်ပွဲတွေကို အဆုံးသတ်နိုင်ရေး၊ စစ်ပွဲတွေ ဖြစ်မလာအောင် ကြိုတင် ကာကွယ်ရေး၊ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ အတွက်  အထောက်အကူပေးနိုင်သူအဖြစ် တာဝန်ယူဆောင်ရွက်နိုင်သူ ဖြစ်ဖို့လိုပါတယ်။

ကုလသမဂ္ဂအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကြားဝင်စေ့စပ်သူ အကျိုးဆောင်နေရာကိုပြန်လည် ထမ်းဆောင် သင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ တစ်ခြားဘယ်အဖွဲ့အစည်းမှ ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ တရားဝင်မှုအရ ကုလသမဂ္ဂကို မယှဉ်နိုင်ပါဘူး။ အကယ်၍ ဒီတာဝန်ထမ်းဆောင်ဖို့ ကုလသမဂ္ဂအနေနဲ့ပျက်ကွက်ခဲ့မယ်ဆိုရင် ပဋိပက္ခတွေကို ကုလသမဂ္ဂ အဖွဲ့မပါဝင်ဘဲ ဖြေရှင်းရတာမျိုးဖြစ်ပါလိမ့်မယ်။ အဲဒီလိုဖြစ်ခဲ့ရင် အဲဒီဖြေရှင်းမှုဟာ ကျွန်တော်တို့ ဘုံအကျိုးစီးပွားဘောင်ထဲ မှာ ပါဝင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကြားဝင်စေ့စပ်သူ အကျိုးဆောင် နေရာမှာ ကုလသမဂ္ဂအဖွဲ့ ရှိနေဖို့လိုအပ်ပါတယ်။  ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ ပါဝင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ဝိုင်းဝန်းထောက်ခံ ကူညီကြဖို့လိုပါတယ်။

ဖင်လန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ကူညီသွားမှာဖြစ်ပြီး အစဉ် တစိုက်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဖင်လန်နိုင်ငံအနေနဲ့လည်း  ၂၀၂၉ ကနေ ၂၀၃၀ အတွင်း လုံခြုံရေးကောင်စီ ရွေးချယ်တင်မြှောက်ပွဲမှာ ပါဝင်ကိုယ်စားပြုဖို့ ရပ်တည်နေပါတယ်။

ကျွန်တော်တို့ ဖင်လန်နိုင်ငံအနေနဲ့ ရွေးချယ်တင်မြှောက်ခံရမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဥပဒေ စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ လက်တွေ့အကျိုးရှိအောင် တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ရဲ့ ကတိကဝတ်နဲ့ နိုင်ငံတကာဥပဒေစည်းမျဉ်းကို လေးစား လိုက်နာကြပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် အဖြေရှာတဲ့အခါ လက်တွေ့ အကျိုးရှိမှု အပေါ် အခြေခံပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အမှန်တကယ် တိုးတက်မှုရှိမှုအပေါ် မူတည် အဖြေရှာခြင်းဖြစ်ပါတယ်။ တိုးတက် ဖွံ့ဖြိုးမှုဆိုတာ အချိန်နဲ့အမျှ ဆင့်ကဲဆင့်ကဲတိုးတက်နေတဲ့ သဘော ဖြစ်တာကိုလည်း ကျွန်တော်တို့ သိရှိ နားလည် ပါတယ်။

* * *

ကျွန်တော့် ဆွေးနွေး တင်ပြမှု အစပိုင်းမှာ ကျွန်တော်တို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းမှာ ကိုယ်စားလှယ် အဖွဲ့တွေ အသီးသီး ရှိကြတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဖြစ်စဉ် အသစ်က ဘယ်လို ပုံသဏ္ဌာန်နဲ့ အလားတူမှာလဲ ဆိုတာကို ကိုယ်စားလှယ်အဖွဲ့အသီးသီးကို ပြောခွင့်ပြုဖို့လည်း တင်ပြခဲ့ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ နှစ်သက်တာကို ရွေးချယ်ခွင့်ပေးဖို့ လိုလားပါတယ်။ ကျွန်တော်တို့ ရွေးချယ်မှု က ကျွန်တော်တို့ ပတ်ဝန်းကျင် လောကအပေါ် သက်ရောက်မှုရှိတာမျိုး ဖြစ်ချင်ပါတယ်။

ပဋိပက္ခတွေနဲ့ သဘောကွဲလွဲမှုတွေဖြစ်ပွားနေတဲ့ နိုင်ငံများစွာအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ‘အမှန်တရား’ နဲ့ ‘ပြန်လည် သင့်မြတ်ရေး’ ဖြစ်တယ်ဆိုတဲ့ အချက်ကို ‘နယ်ဆင်မန်ဒဲလား’ က သိမြင်ခဲ့တယ်။  နိုင်ငံတွေ အချင်းချင်း ဆက်ဆံရေးကိစ္စ မှာလည်း အလားတူ သဘောနည်းနာကိုပဲ အသုံးပြုသင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့ သမိုင်းဖြစ်စဉ်တွေကနေ သင်ခန်းစာယူရင်း သင်ယူကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အနာဂတ်အတွက် ကြည့်ကြဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ အနာဂတ်ကို ပုံဖော်ကြမှာ ဖြစ်တယ် ဆိုတဲ့အချက်ကို နှလုံးသွင်းထားကြရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

ဇင်လင်း

Click to rate this post!
[Total: 2 Average: 5]