အရှေ့ အာရှက ဘွဲ့ဒီဂရီတွေက ဈေးသက်သာပြီး ပိုပြီး အထင်ကြီးလေးစား ခံလာရတယ်။
အသက် ၁၃ နှစ်ကတည်းက မစ္စယန်းက အမေရိကားမှာ ပညာသင်ယူချင်ခဲ့တာပါ။ အမေရိကန်နိုင်ငံ ဘော်စတွန်ကို သွားရောက်လည်ပတ်တုန်း ကျောင်းသားတွေ မြက်ခင်းပြင်ပေါ် လဲလျောင်းရင်း စာဖတ်နေကြတာတွေ့တော့ သူ အားကျ ခဲ့ရပါတယ်။ နိုင်ငံခြားမှာ ပညာသင်တယ်ဆိုတာ ဒါမျိုးနေမယ်လို့ တွေးမိခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ ကော်နဲလ် တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် ပါရဂူဘွဲ့ ဆက်ယူဖို့ ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံတကာ ဆက်ဆံရေးတွေက တင်းမာလာတယ်။ အမေရိကားက သူ့ရဲ့ ဗီဇာ စည်းမျဉ်းတွေကို တင်းကျပ်လိုက်တယ်။ ဒါကြောင့် သူက ဗီဇာကိစ္စ ပြဿနာမရှိတဲ့ စင်္ကာပူမှာ ကျောင်းဆက် တက်ဖြစ်တယ်။ တရုတ်ပြည် အလယ်ပိုင်း ဟူဘေး ပြည်နယ်မှာရှိတဲ့ သူရဲ့ မိသားစုနဲ့ နီးနီးနားနား နေရတဲ့အတွက် နှစ်ခြိုက်ပါတယ်။
နှစ်များစွာ ကြာအောင် အာရှတိုက်က ကျောင်းသားတွေက အင်္ဂလိပ် စကားပြောတဲ့ နိုင်ငံကြီး လေးခုဖြစ်တဲ့ အမေရိကန်၊ ဩစတေးလျ၊ ဗြိတိန်နဲ့ ကနေဒါ နိုင်ငံတွေက တက္ကသိုလ်တွေမှာ အစုအပြုံလိုက် သွားရောက် ပညာ သင်ကြားခဲ့ကြတာပါ။ ဒီနိုင်ငံတွေက အကျိုးအမြတ်များစွာ ရရှိခဲ့ကြပါတယ်။ အရည်အချင်းရှိတဲ့ လူငယ်များစွာကို ရရှိလိုက်သလို ငွေကြေးအမြောက်အမြားလည်း ရရှိခဲ့ကြတယ်။ သို့သော် မကြာသေးမီကစပြီး ဒီနိုင်ငံတွေကို လူကြိုက်များမှုက အနည်းငယ် လျော့နည်းလာပါတယ်။ ခန့်မှန်းချက် တစ်ခုအရ ဒီနိုင်ငံတွေက ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ နိုင်ငံတကာ ကျောင်းသား ၄၀ ရာနှုန်းကို လက်ခံခဲ့ပေမယ့် ယခုအခါ ၃၅ ရာနှုန်းအထိ ကျဆင်းသွားပါတယ်။ နိုင်ငံခြားမှာ ပညာသင်ယူချင်တဲ့ အာရှကျောင်းသားတွေက ယခုအခါ အာရှတိုက်အတွင်းကိုပဲ ပိုစိတ်ဝင်စားလာကြပါတယ်။

ဒီလေးနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ တင်းကျပ်လာခြင်းက အာရှကျောင်းသားတွေ အာရှတိုက်အတွင်းမှာ ပညာသင်ရတဲ့ အကြောင်းချက် တစ်ရပ်ဖြစ်လာတယ်။ တခြား အကြောင်းချက် တစ်ရပ်မှာ အာရှက တက္ကသိုလ်တွေ ကလည်း အထင်ကြီး လေးစားခြင်း ခံရလာတယ်။ အထူးသဖြင့် အရှေ့အာရှက တက္ကသိုလ်တွေက နှစ်အတန်ကြာ ကတည်းက နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ် စာရင်းမှာ အဆင့်တွေ ခုန်တက်လာပါတယ်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဆိုင်မွန် မာဂျစ်ဆန် က ပြောပါတယ်။ ကျောင်းစရိတ် သက်သာခြင်းကလည်း တတိယမြောက် အကြောင်းချက် တစ်ရပ်ဖြစ်တယ်။ အိန္ဒိယ ကျောင်းသားများ နိုင်ငံခြားမှာ ပညာသင်ရန် အကူအညီပေးနေတဲ့ အတိုင်ပင်ခံ တစ်ဦးက ပြောကြားရာမှာ ဒါကြောင့် သူက ဂျပန်၊ တရုတ် (တိုင်ပေ)၊ တောင်ကို ရီးယားနိုင်ငံတွေအတွက် စုံစမ်းမှုတွေ ပိုမိုရလာတယ်လို့ ပြောပါတယ်။ အရင်ကဆို အင်္ဂလိပ် စကားပြော လေးနိုင်ငံ အတွက်ပဲ စုံစမ်းမှုတွေ ရှိခဲ့တာပါ။
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း ဒီတိုးတက်မှုက လျင်မြန်လာခဲ့တယ်။ အာရှက ကျောင်းသားတွေနဲ့ မိဘတွေက အိမ်နဲ့ နီးတဲ့ နေရာမှာပဲ ပညာသွားသင်တာ ပိုကောင်းမယ်လို့ ဆုံးဖြတ်လာကြတယ်။ ဒီအလေ့အကျင့်က ယခုထိ ဆက်လက်တည်တံ့နေခဲ့တာပါ။ တချို့တွေက အနောက်တိုင်းကို အန္တရာယ်ရှိတဲ့နေရာ ခန့်မှန်းရခက်တဲ့ နေရာအဖြစ် ရှုမြင်ကြတယ်။ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်အတွင်း အရှေ့အာရှမှာ သွားရောက်ပညာသင်နေတဲ့ အာရှကျောင်းသား အရေအတွက်က ၄၀ ရာနှုန်းအထိ တိုးလာတယ်လို့ နိုင်ငံ ခုနစ်နိုင်ငံကို စစ်တမ်းကောက်ယူခဲ့တဲ့ ဗြိတိသျှ ကောင်စီက ပြောတယ်။
နိုင်ငံခြား ကျောင်းသားတွေကို လက်ခံနေတဲ့ အရှေ့အာရှ နိုင်ငံတွေကလည်း အခွင့်အလမ်းကောင်းတွေကို မြင်နေကြတယ်။ ၂၀၂၃ ခုနှစ်မှာ ဂျပန်၊ တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယား နိုင်ငံတွေက နိုင်ငံခြားသား ကျောင်းသားများကို ဆွဲဆောင်ရန် ရည်ရွယ်ချက် အသစ်တွေ ချမှတ်လာတယ်။ ဂျပန်က ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား ကျောင်းသား ၃၃၇,၀၀၀ ကို လက်ခံခဲ့တယ်။ ဒါက ၂၀၂၃ ခုနှစ်ကထက် ၂၁ ရာနှုန်း တိုးလာတာ ဖြစ်တယ်။ ၎င်းတို့ထဲက ၉၀ ရာနှုန်းက အာရှတိုက်ကပဲ ဖြစ်တယ်။ ဂျပန်က ၂၀၃၃ ခုနှစ်မှာ နိုင်ငံခြားကျောင်းသား ၄၀၀,၀၀၀ အထိ လက်ခံဖို့ ဆန္ဒရှိနေတယ်။ တရုတ် (တိုင်ပေ) က ၂၀၃၀ ခုနှစ်မှာ လက်ရှိထက် နှစ်ဆကျော်ဖြစ်တဲ့ ၃၂၀,၀၀၀ ကို လက်ခံဖို့ ရည်ရွယ်ထားတယ်။ ဒီသုံးနိုင်ငံ စလုံးက အင်္ဂလိပ် ဘာသာစကား သင်ရိုးတွေ ကိုလည်း ပိုမိုသင်ကြားလာတယ်။ သူတို့က ပညာတော်သင် ဆုတွေကိုလည်း ရက်ရက်ရောရော ပေးလာတယ်။ ဒါ့ပြင် ဘွဲ့ရပြီးတဲ့အခါ အလုပ်ရှာဖို့ လွယ်ကူအောင်လည်း ပိုမိုလုပ်ဆောင်ပေးလာတယ်။ ဟောင်ကောင်ကလည်း အခြား ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်တယ်။ ဟောင်ကောင် အာဏာပိုင်တွေက ပြည်သူပိုင် တက္ကသိုလ်တွေမှာ ဟောင်ကောင်ပြင်ပမှ ကျောင်းသား ၅၀ ရာနှုန်းအထိ လက်ခံမယ်လို့ ဆိုလာပါတယ်။ ဒါက ၂၀၂၄ ခုနှစ်မှာ ၄၀ ရာနှုန်း ခွင့်ပြုခဲ့ရာမှ တိုးလာတာဖြစ်တယ်။ ၂၀၂၃ ခုနှစ်ကတော့ ၂၀ ရာနှုန်းသာ ရှိခဲ့တာပါ။
ကလေး မွေးဖွားနှုန်း နည်းပါးခြင်းကြောင့် ဒီနိုင်ငံတွေက နိုင်ငံခြားသား ကျောင်းသားများကို လိုလားကြတယ်။ နိုင်ငံခြားသား ကျောင်းသားတွေက လုပ်သားရှားပါးမှုကို ဖြေရှင်းပေးနိုင်မယ်လို့ ဂျပန်နိုင်ငံ ဟီတိုဆူဘာရှီ တက္ကသိုလ်မှ ဟီရိုရှီ အိုတာက ပြောပါတယ်။ တချို့ ဂျပန် တက္ကသိုလ်တွေက နိုင်ငံခြားသား ကျောင်းသားသာ မရှိရင် ပိတ်ပစ် ရနိုင်တယ်လို့ သူက ဆိုပါတယ်။ တိုင်းပြည်အတွက် သိမ်မွေ့တဲ့ စွမ်းအား ရရှိစေခြင်းကလည်း တခြား အကြောင်းချက် တစ်ရပ်ဖြစ်တယ်။ တရုတ် (တိုင်ပေ)က သူ့ရဲ့ တောင်ဘက်မျှော် မူဝါဒသစ်နဲ့ အရှေ့တောင်နဲ့ တောင်အာရှက ကျောင်းသားများကို လက်ခံဖို့ ရည်မှန်းထားတယ်။ ၎င်းဖြင့် အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ ရည်ရွယ်ပါတယ်။
စိန်ခေါ်မှုတွေကတော့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက တရုတ်ကျောင်းသားတွေ တစ်ဟုန်ထိုး များပြားလာတဲ့ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား နိုင်ငံတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဘာသာစကား အတားအဆီးကလည်း တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နိုင်ငံတွေရဲ့ ဆွဲဆောင်နိုင်စွမ်းကို ကန့်သတ် ထားပါတယ်။ တချို့ကျောင်းသားတွေက ဘွဲ့ရပြီးရင် ထိုနိုင်ငံမှာပဲ အလုပ်ရှာချင်ကြတဲ့အတွက် ဖြစ်တယ်။ လူဝင်မှု ကြီးကြပ်ရေးအတွက် အများပြည်သူ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ဂျပန်နိုင်ငံက လက်ယာစွန်း ပါတီဝင်များက တရုတ်ပြည်က ကျောင်းသားတွေ များပြားလာမှုကို စိုးရိမ်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ် ကျောင်းသားဦးရေ ၁၁၅,၀၀၀ ခန့်အထိ ရှိလာပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကဆို ၁၀၀,၀၀၀ အောက်သာ ရှိနေခဲ့တာပါ။
အာရှက တက္ကသိုလ်တွေမှာ အများဆုံး တက်ရောက်နေကြတဲ့ နိုင်ငံခြားသားတွေက တရုတ်ကျောင်းသားတွေ ဖြစ်ပါတယ်။ ၎င်းတို့က ရရှိတဲ့ အကျိုးအမြတ်ကလည်း နည်းပါးလာတော့မှာပါ။ ဘာလို့လဲဆိုရင် တရုတ်ပြည်မှာ လူငယ် အရေအတွက်က လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံသားတွေက နိုင်ငံရပ်ခြား ဘွဲ့ကို လိုချင်သူ များလာပါတယ်။ သုတေသန ကုမ္ပဏီတစ်ခုဖြစ်တဲ့ Quacquarelli Symonds က ပြောကြားရာမှာ နိုင်ငံရပ်ခြား ပညာသွားသင်သူများက ယခုတွင် ခုနစ်သန်းခန့် ရှိနေရာက ၂၀၃၀ တွင် ၈.၅ သန်းခန့်အထိ တိုးလာမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အလုပ်အကိုင်ပေးရန် အရည်အချင်း ပြည့်ဝသူတွေ အများကြီး ပေါ်ထွက်လာနိုင်ပါသေးတယ်။
ကိုးကား – Asian countries are nabbing a lot more foreign students, The Economist September 2025


