The Corner

The Corner

cropped-Logo_round_grey-background.png

ခံစားခွင့်

Share မယ်

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသဘောတရားကိုလေ့လာတဲ့အခါ ခံစားခွင့်တွေအကြောင်းက ချန်ထားခဲ့လို့မရတဲ့ အဓိက အကြောင်းအရာတစ်ခုပေါ့။ လုပ်ခလစာဆိုတာ လူတစ်ယောက်အပေါ်မှာ စီးပွားရေး အရရော၊ လူမှုရေးအရရော၊ စိတ်ပိုင်း ဆိုင်ရာ အရပါ သက်ရောက်မှုရှိတတ်ပါတယ်။

Illustration: Freepik

အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝန်ထမ်းတွေဆီကနေ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေအောင်မြင် လာအောင် တစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ လုပ်ငန်း စွမ်းဆောင်ရည်တွေကို ထိထိရောက်ရောက်အသုံးချပြီး ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ကြိုးပမ်း အကောင်အထည်ဖော်ဖို့ စတဲ့စတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဝန်ထမ်းတွေဘက်က အများကြီးကြိုးစားပေးဖို့မျှော်လင့်ပိုင်ခွင့်ရှိသလိုပဲ ဝန်ထမ်းတွေအနေနဲ့လည်း အဖွဲ့အစည်း ဘက်က သင့်တင့်မျှတတဲ့လုပ်ခလစာပေးဖို့၊ ခံစားခွင့်တွေပေးဖို့ မျှော်လင့်ပိုင်ခွင့်ရှိပါတယ်။ တချို့ကကျတော့လည်း လစာတွေ အများကြီးပေးထားပေမယ့် အလုပ်ကျတော့ သိပ်မလုပ်ချင်ဘူးဆိုတဲ့ အမြင်မျိုးလည်းရှိတတ်ပြန်တယ်။ အခြားတစ်ဖက်မှာ ကျတော့လည်း လစာကသာတိုးမလာ၊ အလုပ် ဝန်တွေကပိပိလာတယ်လို့ မြင်လာတတ်တဲ့သဘောရှိတယ်။ လူတိုင်း ကျေနပ်တဲ့ အထိ ခံစားခွင့်တွေ ပေးနိုင်ဖို့ဆိုတာက အဖွဲ့အစည်းဘက်မှာလည်း အခက်အခဲပေါင်းစုံရှိနေမှာပါပဲ။ ဒီတော့ အဖွဲ့အစည်း အတွက်ရော၊ အဖွဲ့အစည်းဝင်တွေအတွက်ပါ အဆင်အပြေဆုံးဖြစ်နိုင်မယ့် အခြေအနေတစ်ရပ်ကို အပေးအယူ၊ အလျှော့အတင်း သဘောနဲ့ ရှာယူ၊ ညှိယူကြရမှာပါ (Berman et al, 2021)။

ခံစားခွင့်ဆိုတဲ့အထဲမှာ လစာအပြင် ရက်မှန်ကြေးတို့၊ အချိန်ပိုကြေးတို့လိုဟာမျိုးတွေလည်းပါသလို သက်ဆိုင်ရာ အဖွဲ့အစည်းက ပေးတဲ့ အခြားအခြားသော ခံစားခွင့်ကလေးတွေလည်း ပါတယ်ပေါ့။ ငွေကြေးမဟုတ်တဲ့ ကိစ္စလေးတွေလည်း ပါတာပါပဲ။ အသိအမှတ်ပြုမှု၊ ချီးကျူးဂုဏ်ပြုမှု၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းတွေမြှင့်တင်ပေးမှု စသည်စသည် အားဖြင့်ပေါ့ (Armstrong, 2009)။ ခွင့်ခံစားတာတွေ၊ အားလပ်ရက်သတ်မှတ်ပေးတာတွေ၊ အချိန်ပိုကြေးတွေ၊ ကျန်းမာရေး အာမခံ၊ အသက်အာမခံ စတဲ့အာမခံကြေးတွေ၊ ပရီမီယံကြေးတွေ၊ ဘောနပ်စ်တွေ၊ ပင်စင်တွေ၊ လူမှုဖူလုံရေးဆိုင်ရာ စောင့်ရှောက် မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ မိသားစုဝင်တွေအတွက်စဉ်းစားပေးတဲ့ကိစ္စတွေ စတဲ့စတဲ့အကြောင်းအရာတွေကိုလည်း ထည့်သွင်းစဉ်းစားကြတာပါပဲ။

ခံစားခွင့်အစီအစဉ်တစ်ခုကောင်း၊ မကောင်းဆိုတာက အဖွဲ့အစည်းဝင်အချင်းချင်းကြားမှာ မျှတမှုဘယ်လောက်ရှိသလဲ၊ ကြိုးစားအားထုတ်ချင်စိတ်ကို ဘယ်လောက်အထိလှုံ့ဆော်ပေးနိုင်သလဲဆိုတာနဲ့ ကိုယ့်လူတွေကို ကိုယ်လိုချင်တဲ့အပြုအမူတွေ၊ စွမ်းဆောင်ရည်တွေရှိလာအောင် ဘယ်အတိုင်းအတာအထိ ဆောင်ကြဉ်းပေးနိုင်သလဲဆိုတဲ့အချက်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ် (Adeniji & Osinbajo, 2012)။ အပြန်အလှန်အားဖြင့် အဖွဲ့အစည်းဝင်တွေထဲမှာ ကြိုးစားအားထုတ်ချင်စိတ်ကျဆင်းနေတဲ့ အရိပ် လက္ခဏာတွေ၊ အဖွဲ့အစည်းကမျှော်လင့်ထားတဲ့ စံချိန်စံညွှန်းအတိုင်းပြုမူလှုပ်ရှားမှုတွေမရှိတာတွေ၊ စွမ်းဆောင်ရည်တွေ ကျနေတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရပြီဆိုရင် စီမံခန့်ခွဲမှုအပိုင်းမှာဘယ်လို ချွတ်ချော် တိမ်းပါးမှုတွေဖြစ်နေသလဲဆိုတဲ့အချက်ကိုရှာရာမှာ ခံစားခွင့်ကိစ္စကိုလည်း သေချာပြန်ကြည့်သင့်တယ်လို့ ပြောနိုင်ပါတယ်။

လစာနဲ့ခံစားခွင့်သတ်မှတ်တဲ့ပုံစံတွေထဲမှာ လူနေမှုကုန်ကျစရိတ်တွေကိုအခြေခံပြီးပေးတဲ့ပုံစံ၊ လုပ်သက်ကို အခြေခံပြီး ပေးတဲ့ပုံစံ၊ ထူးချွန်ထက်မြက်မှုကိုအခြေခံပြီးပေးတဲ့ပုံစံနဲ့ ကျွမ်းကျင်မှုအပေါ် အခြေခံပြီးပေးတဲ့ပုံစံဆိုပြီး အခြေခံအားဖြင့် လေးမျိုးခွဲကြည့်ကြတာမျိုးလည်းရှိပါတယ်။ ဘောနပ်စ်ပေးတာ၊ အထူးအခြေအနေ တစ်ရပ်ရပ် အရ ပေးတာမျိုးလည်း ရှိသေးတာပေါ့။ ဒီပုံစံတွေကိုရောယှက်ပြီးသုံးတာ မျိုးလည်းရှိပြန်ပါတယ်။ လူနေမှုကုန်ကျစရိတ်ကိုကြည့်တယ်ဆိုတာကတော့ ငွေကြေးဖောင်းပွမှု အခြေအနေကိုကြည့်တဲ့အပြင် လုပ်ငန်းတာဝန်တူရင်တောင်မှ တာဝန်ကျနေရာဒေသရဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး စဉ်းစားတာမျိုးလည်း ပါပါတယ် (Berman et al, 2021)။ ဥပမာ- လူနေမှု ကုန်ကျစရိတ်နဲ့ စဉ်းစားတဲ့ ကိစ္စ ဆိုပါတော့။ လူတစ်ယောက်က ကိုယ့်ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်ပိုတဲ့ပမာဏကို အခြေခံ စားဝတ်နေရေး လိုအပ်ချက် အတွက်သုံးနေရပြီဆိုရင် ဆင်းရဲမွဲတေတဲ့ လူတန်းစားထဲရောက်သွားပြီဆိုတဲ့ အယူအဆမျိုးရှိကြတယ်။ ကိုယ်ပေးမယ့် ခံစားခွင့်က ဒီလိုပမာဏထဲ ရောက်မသွားဖို့တော့ လိုတာပေါ့။

လုပ်ခလစာပေးမှု၊ ခံစားခွင့်ပေးမှု၊ ချီးမြှင့်မြှောက်စားမှုတွေနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေ ဆိုတာမျိုးက တကယ် အရေးကြီးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ခိုင်မာတိကျတဲ့ အချက်အလက်အထောက်အထား တွေကို စနစ်တကျခွဲခြမ်းစိတ်ဖြာကြည့်ပြီး သေသေချာချာ အချိန်ယူဆောင်ရွက်နိုင်မှ တန်ကာကျတာမျိုးပါ။ ဒီလိုမလုပ်နိုင်ရင်တော့ မမျှတမှုတွေ၊ အလိုမကျမှုတွေဖြစ်ပြီး စိတ်ဓာတ်ပျက်ပြားကုန်တာတွေ၊ လုပ်ငန်းခွင်မှာ လက်ရည်ကျသွားတာမျိုးတွေအထိဖြစ်နိုင်ပါတယ်  (Armstrong, 2014)။ အချက်အလက်အထောက်အထား အပေါ်အခြေခံပြီး လုပ်ခလစာချီးမြှင့်တဲ့စနစ်ကို ကျင့်သုံးနိုင်မယ်ဆိုရင်တော့ အဖွဲ့အစည်း အတွင်းမှာ မျှတမှုပိုအားကောင်းလာစေမယ်။ ပြင်ပအဖွဲ့အစည်း တွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထိန်းထားနိုင်မယ်။ ပွင့်လင်း မြင်သာမှုကိုလည်း ဖော်ဆောင်ရာရောက်မယ်ပေါ့ (Shaw, 2014)။

Illustration: Freepik

လစာနှုန်းသတ်မှတ်ရာမှာ အဓိကအခြေခံကျတဲ့အချက်ကတော့ လုပ်သားဈေးကွက်ပါပဲ။ တစ်နည်း အားဖြင့် ပတ်ဝန်းကျင် အခြေအနေတွေပေါ့။ အခြားအဖွဲ့အစည်းတွေမှာ ကိုယ့်အလုပ်နဲ့ဆင်တူတဲ့အလုပ် တာဝန်မျိုးအတွက် လစာတွေ၊ ခံစားခွင့်တွေဘယ်လောက်ပေးနေကြသလဲဆိုတဲ့အချက်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ သူများနဲ့ ရင်ပေါင် မတန်းနိုင်တဲ့ ခံစားခွင့်မျိုး လောက်ပဲ ပေးထားမယ် ဆိုရင်တော့ ကိုယ်မျှော်လင့်ထားတဲ့ အနေအထားမျိုးရှိတဲ့လူတွေကို ကိုယ့်အဖွဲ့အစည်း ထဲရောက်လာအောင် ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးပေါ့။ အပြန်အလှန်အားဖြင့် ရှိပြီးသားလူတော်ကလေးတွေကလည်း ဟိုတစ်ဖက်မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်၊ တစ်ဖက်ကလည်း ဖိတ်ခေါ်ကမ်းလှမ်းနေတယ်ဆိုရင် ဟိုတစ်ဖက် နောက် ကောက်ကောက်ပါအောင် လိုက်သွားနိုင်ခြေ ရှိတာပေါ့။ အလုပ်ခွင်တည်မြဲမှုကို ထိခိုက် စေနိုင်တယ်ပေါ့။

 လစာနှုန်းတစ်ခုစဉ်းစားတဲ့အခါ အလုပ်တာဝန်တစ်ခုခုနဲ့ပတ်သက်ပြီး စံနှုန်းတစ်ခုယူထားလိုက်တယ်။ ဒီစံထဲကို ဝင်တဲ့ရာထူး တာဝန်မျိုးမှာ အခြားသူတွေ ဘယ်လို ပေးနေကြသလဲ ဆိုတဲ့အချက်ကိုကြည့်တယ်ပေါ့။ ပတ်ဝန်းကျင် အချက်အလက် တွေကို လေ့လာ၊ နေရာတစ်ခုအတွက် အနိမ့်ဆုံး၊ အမြင့်ဆုံးလစာ သတ်မှတ်ချက်တွေသတ်မှတ်၊ အမှန်တကယ် ပေးတာကျတော့ တစ်ယောက်ချင်းစီရဲ့ လုပ်ငန်းအတွေ့အကြုံ၊ ကြိုးစားအားထုတ်မှုနဲ့ လုပ်ကိုင်နိုင်စွမ်းတွေအပေါ်မူတည်ပြီး ပေးတာမျိုးပါ။

မျှတမှုရှိဖို့ အတော်လေးအရေးကြီးပါတယ်။ ဘယ်သူတွေ လစာဘယ်လောက် ရနေတယ်ဆိုတာ မသိရအောင် စီစဉ်ပြီးပေးကြတာမျိုးရှိတတ်ပေမယ့် အဖွဲ့အစည်းတစ်ခုတည်းမှာအတူလုပ်နေကြတဲ့သူ အချင်းချင်းဆိုတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့သိကြတာပါပဲ။ အချင်းချင်းယှဉ်ကြည့်နေတယ်။ သူ့ကိုဘယ်လောက်ပေးသလဲ၊ ကိုယ့်ကိုဘယ်လောက်ပေးသလဲ။ သူဘာတွေလုပ်နေသလဲ၊ ကိုယ်ဘာတွေလုပ်နေရသလဲ။ သိပ်ပြီးမမျှတတော့ဘူးလို့ထင်လာရင် အလုပ်ကနေနုတ်ထွက်သွားတဲ့ အခြေအနေမျိုးအထိ ရောက်သွားတတ်ပါတယ်။

ခံစားခွင့် စီမံခန့်ခွဲမှုစနစ်က လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်အား ထက်သန်မှုမြင့် မမြင့်၊ စိတ်ကျေနပ်မှု ရှိ မရှိ၊ အလုပ်ခွင် တည်မြဲမှု အခြေအနေ ကောင်း မကောင်း၊ လုပ်ရည်ကိုင်ရည်မြင့် မမြင့် ဆိုတဲ့ အချက်တွေအပေါ် သက်ရောက်မှုတွေ ရှိနေတတ် ပါတယ်။ လုပ်ခလစာ ဆိုတဲ့အထဲမှာ အခြေခံလစာ၊ စွမ်းဆောင်ရည် အခြေပြု ထပ်ဆောင်းချီးမြှင့်မှု၊ အကျိုးအမြတ်နဲ့ ငွေကြေးမဟုတ်တဲ့ အခြားခံစားခွင့်တွေလည်းပါတာပေါ့။ အိန္ဒိယမှာ လုပ်တဲ့ သုတေသန တစ်ခုမှာတော့ ဝန်ထမ်းတွေက သူတို့ကိုပေးနေတဲ့ လုပ်ခလစာပေးတဲ့စနစ်မှာ မျှတမှု ရှိနေတယ်လို့ယူဆရင် လုပ်ရည်ကိုင်ရည် မြင့်နေတတ်ပြီး မမျှတဘူးလို့ယူဆတဲ့အခါမျိုးကျရင်တော့ လုပ်ရည်ကိုင်ရည် ကျနေတတ်တယ်ဆိုတဲ့ အချက်ကို တွေ့ရပါသတဲ့။ ဒီစနစ်မှာ မျှတမှု၊ ပွင့်လင်းမြင်သာမှုရှိတာတွေက ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှု၊ အလုပ်ခွင် တည်မြဲမှု တွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ်။ လုပ်ခလစာပေးတဲ့စနစ်အပေါ်မှာ ကျေနပ်မှု ရှိနေတဲ့သူ တစ်ယောက်က အလုပ်ကောင်းကောင်းလုပ်ဖို့ အလားအလာများသလို လက်ရှိအဖွဲ့အစည်းထဲမှာမြဲနေဖို့လည်း အလားအလာ ကောင်းပါသတဲ့။ ဒါ့ကြောင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုမှာ ဒီစနစ်ကလည်း အတော်လေးအရေးပါတယ်လို့ဆိုပါတယ်။ ခံစားခွင့် ပေးတဲ့စနစ်က ညီမျှမှု သီအိုရီ၊ မျှော်လင့်ခြင်းသီအိုရီတွေနဲ့ချိတ်ဆက်နေပါတယ်။ ညီမျှမှု သီအိုရီဆိုတာကတော့ ဝန်ထမ်း အချင်းချင်း ကြားမှာ ဘယ်သူ တွေက ဘာတွေလုပ်နေရသလဲ၊ ဘာတွေရနေသလဲဆိုတာတွေကို နှိုင်းယှဉ် ကြည့်လေ့ရှိကြသလို တွေ့ရှိချက်အပေါ်မူတည်ပြီး စိတ်ကျေနပ်မှု၊ မကျေနပ်မှုတွေလည်းဖြစ်တတ် ကြတယ်လို့ဆိုပါတယ် (Jogeswaran, Giriprakash, & Selvakumar, 2025)။

မျှော်လင့်ခြင်း သီအိုရီရဲ့ ယူဆချက်ကတော့ ကိုယ်စိုက်တဲ့အပင်ကိုယ်ပြန်ရိတ်သိမ်းရမယ်၊ ကြိုးစားရင် ကြိုးစားသလောက် အရာထင်မယ်၊ များများ ကြိုးစားရင် လစာကောင်းကောင်း ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်မျိုးပိုင်ဆိုင်ခွင့်ရနေရင် စိတ်အား ထက်သန်မှုရှိနေတယ် လို့ဆိုတယ်။ ဒါ့ကြောင့် တချို့ အဖွဲ့အစည်းတွေက လုပ်သလောက်ပေးတယ်ဆိုတဲ့စနစ်မျိုး၊ အရည်အချင်း အပေါ်အခြေခံတဲ့ လစာစနစ်မျိုးကို ဖန်တီးကြတယ်။ ဒီလိုလုပ်တဲ့အခါ လုပ်ငန်း သဘောအရတရား မျှတမှု ရှိတယ်ဆိုတဲ့ အမြင်များလာပြီး လုပ်ငန်း စွမ်းဆောင်ရည်တွေလည်း တက်လာကြတယ်လို့ဆိုတယ် (Han et al., 2023)။

အလုပ်ရှင်တွေအနေနဲ့ မြေပြင်ကွင်းဆင်းကောက်ယူထားတဲ့သုတေသနရလဒ်တွေအပေါ် အခြေခံတဲ့ ခံစားခွင့် စနစ်တွေ တည်ဆောက်နိုင်မယ် ဆိုရင် စိတ်အားထက်သန်မှုတွေ ရှိနေစေမယ့်၊ စိတ်ကျေနပ်မှုတွေ ရစေမယ့်၊ အလုပ်ခွင် တည်မြဲမှုကို အထောက်အကူ ပြုမယ့်အခြေအနေတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ငွေကြေး ဆိုင်ရာအကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး မျှမျှတတ ဖြစ်တယ်၊ တခြားအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေရသူတွေနဲ့ တန်းတူရည်တူရှိတယ်ဆိုတဲ့ခံစားမှုမျိုးရှိတာနဲ့ အလုပ်အပေါ်စိတ်ကျေနပ်မှု၊ လုပ်ငန်း စွမ်းဆောင်မှု၊ ဒါတွေကြားမှာ အတော်လေးဆက်နွှယ်မှုရှိနေတယ်ဆိုတာကို သုတေသန ပြုချက် တချို့မှာ တွေ့ရှိထားပါတယ် (Krishnan et al., 2018; Lee & Chen, 2018)။

ခံစားခွင့်စနစ်တွေက ကိုယ့်ဝန်ထမ်းတွေရဲ့ ငွေကြေးဆိုင်ရာမျှော်လင့်ချက်တွေနဲ့လိုက်လျောညီထွေ ရှိဖို့လိုသလို စိတ်အားထက်သန်မှုကိုလှုံ့ဆော်ပေးနိုင်မယ့်စနစ်မျိုးဖြစ်ဖို့လိုပါတယ်။ ဥပဒေတွေနဲ့ညီဖို့လိုသလို စွမ်းဆောင်ရည် အခြေပြု ချီးမြှင့်မြှောက်စားမှုကိုအခြေခံတဲ့စနစ်မျိုး၊ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်စေမယ့်စနစ်မျိုး၊ ယှဉ်ပြိုင်မှုကိုအားပေးတဲ့ စနစ်မျိုးဖြစ်ဖို့လိုပါတယ် (Bhattacharyya, 2015)။ စွမ်းဆောင်ရည်အခြေပြု၊ အရည်အချင်းအခြေပြု ချီးမြှင့်မြှောက်စားမှုစနစ်ကျင့်သုံးရာမှာ အကဲဖြတ် စနစ်တွေ ခိုင်ခိုင်မာမာ ရှိထားဖို့တော့လိုတာပေါ့။ Zhu et al., (2022) ရဲ့ အလိုအရတော့ လုပ်ခလစာပေးတဲ့စနစ်ကို အမျှတဆုံး ဖြစ်အောင် စီမံ ထားနိုင်မယ် ဆိုရင် ဝန်ထမ်းတွေရဲ့စိတ်မကျေမနပ်ဖြစ်မှုတွေကိုလျှော့ချနိုင်တဲ့အပြင် လုပ်ငန်းစွမ်းဆောင်ရည်လည်း မြင့်လာစေ နိုင်တယ်လို့ဆိုပါတယ်။

ခံစားခွင့်ကိစ္စ၊ လုပ်ခလစာကိစ္စတွေနဲ့ပတ်သက်လို့ လေ့လာစရာ၊ ဆွေးနွေးစရာတွေကတော့ အများကြီးရှိနေမှာပါပဲ။ ဘယ်လောက်လေ့လာရင်လုံလောက်ပြီဆိုတာမျိုးလည်းပြောဖို့ လွယ်မှာမဟုတ် ပါဘူး။ ဒီစာကိုတော့ ဒီလောက်နဲ့ပဲ နားလိုက် ပါရစေ။

References

Adeniji, A. A., & Osinbajo, O. S. (2012). Compensation management and organizational

performance. International Journal of Management Sciences, 4(1), 35-41.

Armstrong, M. (2009). Armstrong’s Handbook of Human Resource Management Practice. Kogan Page.

Armstrong, M. (2014). Reward Management: A Handbook of Remuneration Strategy and Practice. Kogan Page.

Berman, E. M., Bowman, J. S., West, J. P., & Van Wart, M. R. (2021). Human resource management in public service: Paradoxes, processes, and problems. Cq Press.

Bhattacharyya, D. K. (2015). Compensation Management. Oxford University Press.

Han, J., Shi, J., & Green, F. (2023). A cognitive evaluation and equity-based perspective of pay

for performance: Implications for employee justice and performance. Frontiers in Psychology. https://doi.org/10.3389/fpsyg.2022.956523

Jogeswaran, M., Giriprakash, A., & Selvakumar, T. S. (2025). Evaluating the impact of compensation management on employee performance with special reference to ABT Dairy, Pollachi. EPRA International Journal of Economics, Business and Management Studies, 12(5), 141-145. https://doi.org/10.36713/epra1013

Krishnan, R., et al. (2018). Employee monetary compensation and job satisfaction: A quantitative study. Journal of Human Resource Management, 10(3), 45-58. https://www.scirp.org/journal/paperinformation?paperid=119441

Lee, C., & Chen, R. (2018). Effects of compensation on employee retention: A study of the retail sector. Journal of Business Research, 78, 123-130.

Zhu, B., et al. (2022). The impact of employee compensation restrictions on labor productivity in SOEs. Frontiers in Psychology, 13, 956523.

https://www.frontiersin.org/journals/psychology/articles/10.3389/fpsyg.2022.956523/full
Click to rate this post!
[Total: 1 Average: 5]