The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် အစွန်း နှစ်နေရာ

Share မယ်

မကြာသေးမီ လပိုင်းတွေ အတွင်းမှာ ကျွန်တော်မှတ်တမ်းတင်ကာ သိမ်းထားတဲ့ သတင်းအချက်အလက် စာအုပ်ကလေးကို ကျွန်တော် လှန်လှောကြည့်နေမိတယ်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းဘီလျံနာကြီးတွေနဲ့ ပိုင်ဆိုင်တဲ့ ဓနဥစ္စာ တန်ဖိုးစာရင်းကို ပထမဆုံးတွေ့ရတယ်။

Photo: The Indian Express

အီလွန်မက်စ်က ဒေါ်လာ ၃၄၂ ဘီလီယံ၊ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မတ်ဇူကာဘတ်က ဒေါ်လာ ၂၁၆ ဘီလီယံ၊ အမေဇုံ (Amazon) ပိုင်ရှင် ဂျက်ဖ်ဘီဇော့က ဒေါ်လာ ၂၁၅ ဘီလီယံ၊ Tech Giant ကို ပူးတွဲတည်ထောင်သူ လာရီ အယ်လီဆန်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဒေါ်လာ ၁၉၂ ဘီလီယံ၊ LVMH ဇိမ်ခံ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းကြီးကို ပိုင်ဆိုင်တဲ့ ဘားနတ် အာနိုးနဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ ၁၇၈ ဘီလီယံ၊ Berkshire Hathway ရဲ့ စီအီးအိုနဲ့ ဥက္ကဋ္ဌဖြစ်သူ ဝါရင်းဘတ်ဖတ်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဒေါ်လာ ၁၅၄ ဘီလီယံ၊ ဂူဂဲလ်ကို ပူးတွဲတည်ထောင်သူနဲ့ Alphabet ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း လာရီပေ့ချ်ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁၄၄ ဘီလီယံ စသဖြင့် တွေ့ရပါတယ်။

ဒါ့အပြင် ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အားကစား အကျော်အမော်တွေရဲ့ ဝင်ငွေ ပမာဏ စာရင်းကိုလည်း တွေ့ရတယ်။ ကမ္ဘာ့ ဘောလုံးအကျော်အမော် ရော်နယ်ဒိုရဲ့ ဝင်ငွေက ဒေါ်လာ ၂၇၅ သန်း၊ စတီဖင် ကာရီ (ဘတ်စကတ်ဘော) ရဲ့ ဝင်ငွေက ဒေါ်လာ ၁၅၆ သန်း၊ တိုင်ဆန် ဖျူရီ (လက်ဝှေ့) ရဲ့ ဝင်ငွေက ဒေါ်လာ ၁၄၆ သန်း၊ ပရက်စကော့ (NFL – အမေရိကန် ဘောလုံး) ရဲ့ ဝင်ငွေက ဒေါ်လာ ၁၃၇ သန်း၊ မက်ဆီ (ဘောလုံး) ရဲ့ ဝင်ငွေက ဒေါ်လာ ၁၃၅ သန်း စသည်ဖြင့် တွေ့ရပြန်ပါတယ်။

အခြား အားကစား အကျော်အမော်တွေရဲ့ ဝင်ငွေကလည်း မနည်းပါဘူး။ ဂေါ့ဖ် အားကစားသမား ဂျွန်ရမ်ရဲ့ ဝင်ငွေက ဒေါ်လာ ၁၆၁ ဒသမ ၃၂ သန်းပါ။ ကမ္ဘာ့ ဘတ်စကက်ဘော အကျော်အမော် တစ်ဦးဖြစ်တဲ့ လီဘရွန်းဂျိမ်းစ်ရဲ့ ဝင်ငွေက ၉၄ ဒသမ ၈၇ သန်း နောက် ဘတ်စကက်ဘော ချန်ပီယံတစ်ဦးဖြစ်သူ အန်တေတို ကွမ်ပို (Antetokounmpo) ရဲ့ ဝင်ငွေက ဒေါ်လာ ၈၂ ဒသမ ၁၄ သန်း ဖြစ်ပါတယ်။

ဒီအထဲကမှ ကျွန်တော်တို့ မြန်မာပရိသတ်နဲ့ ရင်းနှီးနေကြတဲ့ ဘောလုံးအကျော်အမော်တွေ ဖြစ်ကြတဲ့ အမ်ဘာပေရဲ့ ဝင်ငွေက ဒေါ်လာ ၈၁ ဒသမ ၄ သန်းဖြစ်ပြီး နေမာရဲ့ ဝင်ငွေက ဒေါ်လာ ၇၉ ဒသမ ၉၂ သန်း ဖြစ်ကာ ဘန်ဇီမာရဲ့ တစ်နှစ် ဝင်ငွေကတော့ ဒေါ်လာ ၇၈ ဒသမ ၄၄ သန်း ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေမှာ သူတို့လို ဝင်ငွေကောင်းသူတွေ၊ သူတို့ထက် ဝင်ငွေကောင်းသူတွေလည်း အများအပြား ရှိပါတယ်။ ရူးပတ်မားဒေါ့တို့လို ပုံနှိပ်လုပ်ငန်းရှင် မီဒီယာ လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေ ဟာလည်း ဝင်ငွေကောင်းကြပါတယ်။ ဒါ့အပြင် တစ်ချိန်က ရုပ်သံ အစီအစဥ် တင်ဆက်သူဖြစ်ခဲ့တဲ့ အော်ပရာ ဝင်းဖရေးတို့လို အမျိုးသမီးတွေဟာလည်း ဝင်ငွေကောင်း ကြပါတယ်။

ထိုသို့ ဝင်ငွေကောင်းသူတွေ၊ ချမ်းသာကြွယ်ဝသူတွေဟာ ကမ္ဘာ့အဆင့် နိုင်ငံကြီးတွေမှာ နေထိုင်ကြသူတွေ၊ ထိုနိုင်ငံတွေရဲ့ နိုင်ငံသားတွေသာ ဖြစ်ကြတယ်။ သူတို့ရဲ့ နိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံတွေ (developed countries) ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး နယ်ပယ်မှာ လက်တံရှည်ရှည်နဲ့ ခြယ်လှယ်လွှမ်းမိုး နိုင်ကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စီးပွားရေး သာမကပဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာလည်း တိုးတက် ကြတယ်။ သိပ္ပံပညာနဲ့ နည်းပညာတွေလည်း တိုးတက်ကြတယ်။ လူနေမှု အဆင့်အတန်းဟာလည်း မြင့်မားလာတယ်။ ကျန်းမာရေးနဲ့ စားဝတ်နေရေး အဆင့်အတန်းတွေ မြင့်မားလာတာနဲ့အမျှ လူ့သက်တမ်းဟာလည်း ပိုရှည်လာပါတယ်။

စီးပွားရေးနဲ့ ပညာရေးအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်နေမှုကြောင့်လည်း ထိုနိုင်ငံတွေဟာ ကဏ္ဍအသီးသီးမှာ ထူးချွန် ထက်မြက် တဲ့ လူငယ်လူကြီးတွေ အများကြီး ပေါ်ထွက်လာပါတယ်။ သိပ္ပံ ပညာရှင်တွေ၊ အိုင်တီ ပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေ၊ အာကာသသိပ္ပံပညာရှင်တွေ စတဲ့ ပညာရှင်တွေ ပေါ်ပေါက်ခဲ့တယ်။ ပေါ်ပေါက်နေဆဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အဆင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားတွေ ပေါ်ပေါက်လာတယ်။ ဘောလုံး၊ အလေးမ၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ် စတဲ့ အားကစား နယ်ပယ်တွေမှာလည်း ထူးချွန်ထက်မြက်တဲ့ အားကစားသမားတွေ ပေါ်ပေါက်လာတာတွေ့ရတယ်။

အိုင်းစတိုင်း ပေါ်ပေါက်လာခဲ့တယ်။ စတီဖင် ဟော့ကင်း ပေါ်ပေါက်လာခဲ့တယ်။ ပီလီ ပေါ်ပေါက်လာခဲ့တယ်။ မာရာဒိုနာ ပေါ်ပေါက်လာခဲ့တယ်။ ရော်ကီ မာဇီယားနိုး ပေါ်ပေါက်လာခဲ့တယ်။ မိုက်တိုက်ဆန် ပေါ်ပေါက်ခဲ့တယ်။

ထိုနေ့က ကျွန်တော်ဟာ ကမ္ဘာ့နိုင်ငံကြီးတွေက ချမ်းသာကြွယ်ဝသူတွေရဲ့ ငွေကြေးပမာဏ ပိုင်ဆိုင်မှု စာရင်းကို လေ့လာကြည့်ရှုရင်း အံ့သြဘနန်း ခံစားမိပါတယ်။ ဒီနောက် ဆက်လက်ပြီး ကျွန်တော့်ရဲ့ မှတ်တမ်းစာအုပ်ကို လှန်လှောကြည့်တဲ့ အခါမှာတော့ ကျွန်တော်တို့နိုင်ငံက ခရိုနီလို့ အခေါ်ခံကြရတဲ့ လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှု စာရင်းကိုလည်း တွေ့လာရပြန်တယ်။

စာရင်းအရ မြန်မာနိုင်ငံက အချမ်းသာဆုံး လူတစ်ဦးရဲ့ ပိုင်ဆိုင်မှုက အများဆုံး ဒေါ်လာ ခုနစ် ဘီလီယံ ကနေ  အနည်းဆုံး ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အသီးသီး ပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။ ဘီလီယံနဲ့ ချီပြီးချမ်းသာတဲ့ သူကြွယ် ခုနစ်ဦး တောင်ရှိပါတယ်။ စာရင်းထဲမှာ မပါသူများလည်း ရှိနိုင်ပါသေးတယ်။

ကျွန်တော်ဟာ ထိုသတင်းကို ဖတ်ရှုရချိန်မှာတော့ မုဒိတာ ပွားရမှလား သို့မဟုတ် ဒေါမနဿ ပွားရမှာလားဆိုတဲ့ အမျိုးအမည် မခွဲခြားနိုင်တဲ့ ခံစားမှုတစ်ခုကို ခံစားလာရတယ်။

အာရှ၊ အာဖရိက နိုင်ငံတွေက မြေပြိုမှု၊ ရေလွှမ်းမိုးမှု စတဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်း ကြရသူတွေ၊ နှစ်ဖက် အုပ်စုတွေရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အကြား ကျည်သင့်ပြီး သေဆုံးကြရသူတွေ၊ ရွာလုံးကျွတ် မီးရှို့ခံကြရသူတွေ၊ မီးရှို့ခံရတဲ့ စာသင်ကျောင်းတွေ၊ ပညာသင်ချင်ပါလျက်နဲ့ ပညာမသင်ရတဲ့ ကလေးငယ်တွေ အရာရာကို ကြောက်ရွံ့နေကြရပြီး အမြဲတစေ စိုးရိမ်ထိတ်လန့် နေရတဲ့ စိတ်ခံစား နေရသူတွေ စတဲ့ မြေနိမ့်ရာ ရပ်ဝန်းမှာ မှီတင်း နေထိုင်ကြတဲ့ လူသားတွေအကြောင်းကို ကျွန်တော် စဥ်းစားတွေးတောနေတယ်။

ဒီနောက် ကျွန်တော်ဟာ လွန်ခဲ့တဲ့ နေ့ရက်တွေ အတွင်းက ထုတ်ဝေခဲ့တဲ့ သတင်းစာအချို့ကို ကောက်ယူကာ လှန်လှော ဖတ်ရှု မိခဲ့တယ်။ ထိုသတင်းစာတွေထဲမှာ ကြေကွဲစရာ အကောင်းဆုံးလို့ ယူဆရတဲ့ သတင်းအချို့ကို တွေ့ရတယ်။ ထိုသတင်းက တော့ လူငယ်ပိုင်း လူလတ်ပိုင်း အရွယ်အမျိုးသား အမျိုးသမီး အချို့ မိမိကိုယ်မိမိ အဆုံးစီရင် သွားကြတဲ့ သတင်းတွေပါပဲ။

သတင်းတစ်ပုဒ်ကတော့ မြောက်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်း မြို့နယ်ကို ဆက်သွယ်ထားတဲ့ ငမိုးရိပ် တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သတင်းပါ။ ထို အမျိုးသမီးငယ်ဟာ ချောင်းထဲကို ခုန်မချမီမှာ သူမရဲ့ ဖိနပ်ကလေးနဲ့ လက်ကိုင်ဖုန်းကို တံတားပေါင်ပေါ်မှာ တင်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုမိန်းကလေးငယ် ရေထဲခုန်ချခဲ့တဲ့ နေရာဟာ လွန်ခဲ့တဲ့ တစ်ပတ်က သူ့ရဲ့ အမျိုးသား ဖြစ်သူ ချောင်းထဲ ခုန်ချကာ အဆုံးစီရင်ခဲ့တဲ့ နေရာလို့ ဆိုပါတယ်။

ဒါ့အပြင်လွန်ခဲ့တဲ့ လေးငါးရက်ကလည်း အသက်နှစ်ဆယ်ကျော် လူငယ်စုံတွဲ တစ်တွဲဟာ မြောက်ဒဂုံ ဘေလီတံတား ပေါ်ကနေ လက်ချင်းချိတ်ပြီး ခုန်ချကာ အဆုံးစီရင်သွားခဲ့ပါတယ်။ နောက် လေးငါးရက်အကြာမှာတော့ ထိုလူငယ်စုံတွဲရဲ့ အလောင်းတွေဟာ ဘေလီတံတားအောက် ကမ်းစပ်မှာ ပြန်ပေါ်လာတာ တွေ့ခဲ့ရပါတယ်။

ထိုသတင်းတွေကြောင့် စိတ်မကောင်း ဖြစ်နေမိတဲ့ စာရေးသူဟာ နောက်တစ်နေ့မှလာလည်း နောက်ထပ် စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ကို ဖတ်ရပါတယ်။

တောင်ဥက္ကလာပမြို့နယ်ရဲ့ ရပ်ကွက်တစ်ခုမှာ ညစောင့်လုံခြုံရေးဝန်ထမ်းတစ်ဦး ကြိုးဆွဲချကာ မိမိကိုယ် မိမိ အဆုံးစီရင်သွားတဲ့ သတင်းပါပဲ။ သူ့ရဲ့ ရုပ်အလောင်းကို မနက်စောစီး အရုဏ်မတက်မီ အချိန်မှာ လမ်းထဲမှာ အမှိုက်သိမ်း တာဝန်ကို ထမ်းရွက်နေတဲ့ စည်ပင်အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုသတင်းတွေ ဖတ်ရှုပြီးနောက်မှာတော့ ကျွန်တော်ဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ငေးမောကာ တွေးတော နေမိပါတယ်။ တကယ်တော့ ဘဝတစ်ခုကို ရလာတဲ့ သတ္တဝါတိုင်း အထူးသဖြင့်လူသတ္တဝါတိုင်း ဘယ်သူမှ မိမိကိုယ် မိမိ သတ်မသေချင်ကြပါဘူး။ လူသတ္တဝါ မဆိုထားနဲ့ ခြင်ကလေးတစ်ကောင်လို အင်းဆက်ပိုးမွှားကလေးပင် မသေလိုကြပါဘူး။ လူတွေက သူ့ကိုသတ်ဖို့ မျက်လုံးနဲ့ လှမ်းကြည့်နေရင်တောင်မှ ထွက်ပြေးတတ်ကြပါတယ်။ သတ္တဝါမှန်သမျှ ဘဝတဏှာဆိုတဲ့ အစွဲအလမ်း ရှိနေကြပါတယ်။

သို့ပေမယ့် လူရင့်မာကြီး ဖြစ်သူတွေဟာ ဘာကြောင့်များ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါလိမ့်။ ဘာကြောင့်များ အရှုံးပေး စိတ်ဓာတ်နဲ့ ထွက်ပြေးကြတာလဲ။ ဘာကြောင့် escapism (ထွက်ပြေးရေးဝါဒ) ကို ကျင့်သုံးနေကြတာလဲ။

သို့ပေမယ့် စာရေးသူဟာ သူတို့ကို ပြစ်တင်ရှုတ်ချခြင်း မပြုလိုတော့ပါဘူး။ ထွက်ပြေးရေး ဝါဒနဲ့ အရှုံးပေးဝါဒ (defeatism) ကို စာရေးသူအနေနဲ့ လက်မခံပေမယ့် လက်မြှောက်အရှုံးပေးသွားကြတဲ့ သူတို့ကို စာရေးသူအနေနဲ့ နောက်ထပ် ရိုက်နှက်ထုထောင်းခြင်း မပြုလိုပါဘူး။ သူတို့ရဲ့ အရှုံးပေး ဝါဒဟာ မမှန်ကန်ပါဘူး။

သို့ပေမယ့် သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားဟာ ဘယ်လောက်ထိ ကုန်ခန်းနေပြီလဲ။ သူတို့ရဲ့ ဘဝတွေမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေဟာ ဘယ်လောက်အထိ ကြီးမားနေတာလဲ။ သူတို့ဟာ မိမိတို့ရဲ့ ဘဝရှင်သန်ရပ်တည်ရေး (Survival) အတွက် ဘယ်လောက်အထိ ပေးဆပ်ပြီးခဲ့ကြပြီလဲ စတာတွေကို ကျွန်တော်မသိပါဘူး။

တကယ်တော့ တချို့သော အကျပ်အတည်း ပြဿနာတွေဟာ လူတစ်ဦးချင်းစီက ခံစားနေရပေမယ့် လူတစ်ဦးချင်းစီရဲ့ အကျပ်အတည်းမဟုတ်ဘဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အကျပ်အတည်းတွေပဲ ဖြစ်ပါတယ်။ ထိုအကျပ်အတည်း ပြဿနာကို အများပြည်သူရဲ့ ညီညွတ်တဲ့ စွမ်းပကားနဲ့သာ ဖြေရှင်းမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ တရားမျှတပြီး မှန်ကန်တဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်တစ်ရပ်ကို ထူထောင်နိုင်မှာသာ လူတစ်ဦးချင်းစီရဲ့ အကျပ်အတည်းတွေပါဝင်တဲ့ အများပြည်သူရဲ့  အကျပ်အတည်း အခက်အခဲ ပြဿနာတွေဟာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Picture: Pixabay

ထို့ကြောင့်ပဲ သမိုင်းတစ်လျှောက်မှာ ဒဿနိကဗေဒ ပညာရှင်တွေ၊ နိုင်ငံရေး တွေးခေါ်ပညာရှင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေလို့ မိမိတို့ ယုံကြည်တဲ့ ဒဿနတွေ၊ အတွေးအခေါ်တွေ၊ စနစ်တွေ၊ နည်းလမ်းတွေကို ရေးသား တင်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ယနေ့ကမ္ဘာမှာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်လို ကွာခြားနေတဲ့ ဆင်းရဲချမ်းသာ ကွာဟမှု ပြဿနာကိုတော့ ယနေ့တိုင်အောင် ဘယ်သူမှ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

Click to rate this post!
[Total: 1 Average: 5]