ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာခံနေကြသူ ရှိပါလား။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချေ့စ် (Pedro Sanchez) အဖို့ သမ္မတ ထရမ့်ကို အဖော်မဲ့ တစ်ကိုယ်တော် ဆန့်ကျင် အာခံနေရသလို ဖြစ်နေတာ လို့ သုံးသပ်ရပေမည်။

စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ် အထီးကျန် ဖြစ်နေပုံကို သဘောပေါက်ချင်လျှင် ဒါကိုပဲကြည့်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် သမ္မတ အိမ်ဖြူတော်၌ ပြုလုပ်သည့် ယူကရိန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဆန်းချေ့စ်ကို မဖိတ်ဘဲ ချန်လှပ် ထားခဲ့သည်။ မက်ဒရစ်မြို့တော်မှ စပိန်အစိုးရ နိုင်ငံခြားရေး မူဝါဒချမှတ်သူများအတွက် မျက်နှာမလှ အရှက်ရစရာ ဖြစ်ရသည်က ထိုနေ့မှာပင် ဖင်လန်နိုင်ငံ သမ္မတကို ယူကရိန်း အစည်းအဝေးသို့ တက်ရောက်ရန် အိမ်ဖြူတော်က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။ ဖင်လန်ဆိုသည်မှာ စပိန်နိုင်ငံ လူဦးရေ၏ ရှစ်ပုံတစ်ပုံမျှပင် မပြည့်သော ဥရောပနိုင်ငံတစ်ခု ဖြစ်သည်။ ထို ဖင်လန်သမ္မတကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဥရောပကော်မရှင်၊ နေတိုးနှင့် ယူကရိန်းနိုင်ငံတို့မှ ထိပ်သီး ခေါင်းဆောင်များနှင့်အတူ အိမ်ဖြူတော် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။
စပိန်နိုင်ငံသည် ဇာတိပုညဂုဏ်မာနဖြင့် သက်တမ်းရင့် သမ္ဘာရင့် နိုင်ငံတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂ အီးယူတွင် စတုတ္ထမြောက် စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံနှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် သမိုင်းကြောင်းအရရော ပြောဆိုသုံးစွဲသည့် ဘာသာစကားအရပါ ဆက်နွှယ်နေခဲ့သည်ဖြစ်ရာ အနောက်ဥရောပ စက်မှုနိုင်ငံကြီးများနှင့် ဖွံ့ဖြိုးဆဲ ကမ္ဘာအကြား ဆက်သွယ် ပေါင်းကူး လုပ်ပေးလိုသောဆန္ဒ စပိန်မှာ ရှိသည်။ ယူကရိန်းကို ရုရှားက စတင်ကျူးကျော် တိုက်ခိုက်ခဲ့ချိန်မှစ၍ ဝန်ကြီးချုပ် ဆန်းချေ့စ်သည် ယူကရိန်းဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့သူ ဖြစ်သည်။ ဩဂုတ် ၁၈ ရက် အိမ်ဖြူတော် ထိပ်သီးအစည်းအဝေးတွင် စပိန်ပါဝင်လာပါက ဥရောပနှင့် ယူကရိန်းအကျိုးကို ထိခိုက်နိုင်သည်ဟု နိုင်ငံရေးသုံးသပ်သူများနှင့် မက်ဒရစ်မြို့တော်ရှိ သံတမန် အသိုင်းအဝိုင်းက တစ်ပြေးညီ သဘောချင်း ကိုက်ညီကြသည်။ အကြောင်းကတော့ မစ္စတာထရမ့်က မစ္စတာဆန်းချေ့စ်ကို မကြိုက်သောကြောင့်ပင်တည်း။
ဖင်လန်နိုင်ငံ အပေါ် ညီတူညီမျှ အခွင့်အရေး ပေးသည့်အနေဖြင့် ဖင်လန် သမ္မတ Alexander Stubb အတွက် အိမ်ဖြူတော် အစည်းအဝေးတွင် ထိုင်ခုံတစ်နေရာ ရသွားခဲ့လေသည်။ တာဝန်မဲ့သော မဟာမိတ်နိုင်ငံများကို အပြစ်ပြောစကား တင်းဆိုမနေဘဲ ဖင်လန်နိုင်ငံသည် ကောင်းစွာလေ့ကျင့်ထားသော စစ်တပ်နှင့် ကိုယ့်အားကိုယ်ကိုးကာ ၁၃၄၀ ကီလိုမီတာ ရှည်လျားသော ရုရှားနိုင်ငံနှင့် နယ်နိမိတ်ကို ကာကွယ်ရန် အသင့်ပြင်ထားသော စံပြနိုင်ငံ ဖြစ်သည်။ ၄င်းအပြင် သမ္မတ စတပ် သည် ဂေါက်ရိုက် ကျွမ်းသူလည်းဖြစ်ရာ ဝါသနာတူ ဒေါ်နယ်ထရမ့်ကို ဖမ်းစားနိုင်သူ ဖြစ်သည်။
ဥရောပတန်ဖိုးများကို ကာကွယ်ရန်ဟုဆိုကာ မစ္စတာဆန်းချေ့စ် သည် မစ္စတာထရမ့်နှင့် ထိပ်တိုက်တွေ့မည့် လမ်းကို ရွေးခဲ့သည်။ မမျှတသော၊ တရားနည်းလမ်း မကျသော ထရမ့်၏ ကုန်သွယ်ခွန်များကို ဆန့်ကျင် တိုက်ဖျက် ရန်နှင့် လက်တုံ့ပြန် တိုးမြှင့်ချမှတ်မည့် ကုန်သွယ်ခွန်များဖြင့် ထိခိုက်နစ်နာမှု ကြီးမားသော ဥရောပ စီးပွားရေး လုပ်ငန်းများကို ထောက်ပံ့ ကျားကန် ပေးရေး လုပ်ဆောင်ရန် ဥရောပသမဂ္ဂကို ဆန်းချေ့စ် က တိုက်တွန်းသည်။
ဇန်နဝါရီလက ဆွစ်ဇာလန်နိုင်ငံ Davos မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ် က အဆမတန် အင်အားကြီးထွား လာနေသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့် နည်းပညာ ဘီလျံနာများသည် ဒီမိုကရေစီစနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းပေါ်မှ သတင်းမှားများနှင့် အမုန်းစကားများ ဟန့်တားရေး အထူးသဖြင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ဥပဒေများ ပြဋ္ဌာန်းရန် အီးယူကို ဆန်းချေ့စ် က တိုက်တွန်းသည်။ ဤသည်မှာ ရန်စကား ပြောလိုက်ခြင်းပင် ဖြစ်သည်။ သမ္မတ ထရမ့်က အီးယူ ဒစ်ဂျစ်တယ် ဥပဒေသည် အမေရိကန် ကုမ္ပဏီများအပေါ် အခွန် တိုးကောက်ရန်နှင့် ဆင်ဆာလုပ်ရန်ပင် ဖြစ်သည်ဟု ဆိုကာ ကန့်ကွက်ရှုတ်ချသည်။
ဇွန်လအတွင်းကျင်းပခဲ့သည့် NATO ထိပ်သီး အစည်းအဝေးတွင် သမ္မတထရမ့်က နေတိုးအဖွဲ့ဝင်နိုင်ငံများအား နိုင်ငံ့ GDP ၏ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုရန် တောင်းဆိုခဲ့ရာ စပိန်တစ်နိုင်ငံတည်းကသာ သမ္မတထရမ့်၏ တောင်းဆိုမှု ကို ဘွင်းဘွင်းရှင်းရှင်း အပြတ် ငြင်းပယ်ခဲ့သည်။ ထို ၅ ရာခိုင်နှုန်းဆိုသော ရည်မှန်းချက်မှာ အပြသက်သက်သာ ဖြစ်ပါသည်။ တကယ်တမ်းတွင် GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း အထိသာ သုံးစွဲရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပိုငွေကို လုံခြုံရေးကိစ္စတွင် သုံးရန် ဖြစ်ကြောင်း အခြားအစိုးရတွေ အားလုံးက နားလည်ထားပြီး ဖြစ်ကြပါသည်။ ဆန်းချေ့စ် အနေနှင့် ရေလိုက်ငါးလိုက် နေရမည့် အစား ၅ ရာခိုင်နှုန်း ဆိုသော ကာကွယ်ရေး အသုံးစရိတ်သည် ကျွန်ုပ်တို့၏ ပစ္စက္ခ ကမ္ဘာ့အမြင်နှင့် လိုက်လျောညီထွေ မရှိပါ။ စပိန်နိုင်ငံအနေနှင့် GDP၏ ၂ ဒသမ ၁ ရာခိုင်နှုန်းသာ ကာကွယ်ရေးအတွက် သုံးနိုင်ပါမည်ဟု ထုတ်ဖော်ကြေညာသည်။ ဤသည်မှာ စပိန် နိုင်ငံ၏ လက်ရှိကာကွယ်ရေး အသုံးစရိတ် မဖြစ်စလောက်နှင့်စာလျှင် များစွာတိုးတက် သုံးစွဲလိုက်ခြင်းပင် ဖြစ်သည်။ စပိန် ဝန်ကြီးချုပ် ဆန်းချေ့စ် သည် ဇူလိုင်လအတွင်း လက်တင်အမေရိက နိုင်ငံများသို့ ခရီးထွက်ခဲ့သည်။ ခရီးစဥ်အတွင်း သမ္မတ ထရမ့်အပေါ် အဆိုးမြင်ထားသော ဘရာဇီး သမ္မတ Luis Inacio Lula da Silva နှင့်အတူ မိန့်ခွန်းတွေ ခြွေသည်။ လက်ယာစွန်း ဘီလျံနာ တစ်စုနှင့် အာဏာရှင် အစိုးရတို့ မဟာမိတ် ဖွဲ့နေမှုကို တိုက်ဖျက်ကြရမည်။ ထိုအုပ်စုတွေက မုန်းတီးမှုနှင့် မုသားစကား ပျံ့နှံ့ရေး နိုင်ငံတကာ လှုပ်ရှားမှုကို လုပ်ဆောင်နေကြသည်ဟု စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ်က ပြောကြားခဲ့ပါသည်။ သူ၏ ရပ်တည်မှု သည် လူထုထင်မြင်ချက် အယူအဆနှင့် ကိုက်ညီမှုများ ရှိသော်လည်း ဥရောပ မြို့တော်များတွင် စပိန်ဝန်ကြီးချုပ်၏ အရှိန်အဝါမှာမူ တိုးတက်မလာခဲ့ချေ။ တွေးခေါ်ပညာရှင်များအဖွဲ့ Royal Elcano Institute Think Tank က မေလတွင် ပြုလုပ်ခဲ့ သော စပိန်နိုင်ငံသားတို့၏ နှစ်စဥ် စစ်တမ်းအရ သမ္မတ ထရမ့်အပေါ် မလိုလားမုန်းတီးမှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေပြီး ထရမ့်၏ ရမှတ်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ပင် အောက်သို့ပင် ရောက်ရှိနေသည်။ ဝါရှင်တန် အခြေစိုက် Pew Research Center က ယခုနှစ် ဇန်နဝါရီနှင့် ဧပြီလအတွင်း နိုင်ငံပေါင်း ၂၄ ခုတွင် ပြုလုပ်သော စစ်တမ်းအရ ၂၀၂၄ ခုနှစ်နောက်ပိုင်း အမေရိကန် အပေါ် အကောင်းမြင်မှုမှာ နိုင်ငံ ၁၅ ခုတွင် ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

စပိန်လူမျိုးတို့၏ အမေရိကန်အပေါ် အမြင်မှာ အကောင်းအဆိုး နှစ်မျိုး ဒွန်တွဲလျက် ရှိသည်။ စစ်အေး ကာလအတွင်းက အမေရိကန်သည် စပိန်စစ်အာဏာရှင် (Francisco Franco) ဖရန့်စစ်ကို ဖရန်ကို နှင့် မဟာမိတ်အဖြစ် ဆက်ဆံရေး ထားရှိ ခဲ့သည်ကို စပိန်နိုင်ငံရှိ လက်ဝဲအုပ်စုက ယနေ့တိုင် မမေ့နိုင်သေးပေ။ ၁၉၇၅ ခုနှစ်တွင် အာဏာရှင် ဖရန်ကို ကွယ်လွန်သွား ပြီးနောက် စပိန်နိုင်ငံ သည် အနောက်အုပ်စု အဖွဲ့အစည်းများတွင် ပါဝင်လာသဖြင့် လွတ်လပ်ပြီး ခေတ်မီသော လူ့အဖွဲ့အစည်း ဖြစ်ပေါ် လာခဲ့သည်။ စပိန်သည် အီးယူတွင် ပါဝင်ခဲ့ရုံမျှမက နေတိုးစစ်အုပ်စုတွင် ပါဝင်လာခဲ့ရာ စပိန်စစ်တပ်မှာ ဒီမိုကရေစီစံနှုန်း များနှင့်အညီ စစ်တပ်ဖြစ်လာသည်။ ယနေ့ထက်တိုင်အောင် စပိန်နိုင်ငံသား အများစုသည် နေတိုးအဖွဲ့ဝင်ဖြစ်ခြင်း ယူကရိန်းကို ကူညီခြင်းကို ထောက်ခံလျက် ရှိသော်လည်း အစ္စရေးနိုင်ငံ၏ ဂါဇာဒေသအပေါ် ထားရှိသော ပေါ်လစီကိုမူ အလွန် ထိတ်လန့်ရွံ့မုန်း နေကြသည်။ စစ်အာဏာရှင် ဖရန်ကို ခေတ်က အထီးကျန် အပယ်ခံ နိုင်ငံအဖြစ် နေခဲ့ရသော ခေတ်ဆိုးကြီးကို စပိန်လူမျိုးတို့ ယနေ့တိုင် မေ့မရနိုင်သေးပေ။ ထို မေ့မရနိုင်သော စစ်အာဏာရှင်ခေတ် အတိတ်ဆိုးကြောင့်ပင် စပိန်နိုင်ငံသားတို့သည် ကမ္ဘာပေါ်မှ နျူကလီးယား လက်နက်အလုံးစုံ ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ ဥပဒေ လေးစားလိုက်နာရေးကို လိုလား နှစ်သက်နေကြခြင်း ဖြစ်သည်ဟု Royal Elcano Institute မှ ညွှန်ကြားရေးမှူး Charles Powell က ယူဆသည်။ ဒေါ်နယ်ထရမ့်က စပိန်လူမျိုးတွေရဲ့ ယုံကြည်ချက် အားလုံးရဲ့ ရန်သူလို ဖြစ်နေတာပေါ့ ဟု ပြောပါသည်။
မစ္စတာ ဆန်းချေ့စ်က စပိန်နိုင်ငံသားတို့၏ ထို အမြင်အယူအဆများကို အတိအကျ ကိုယ်စားပြုသူ ဖြစ်နေလေသည်။ သူ၏ နိုင်ငံရေး မဟာမိတ် သူ့မိတ်ဆွေ သတင်းမီဒီယာများက စပိန်နိုင်ငံသည် ဘရပ်ဆဲလ် နှင့် အခြား ဥရောပ မြို့တော်များတွင် သြဇာအရှိန်အဝါ ကျဆင်းနေပြီဟု စိုးရိမ်နေကြသည်။ ဒေါ်နယ်ထရမ့် ကို ရန်လုပ် ဆန့်ကျင်ရခြင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေသည်ဟု မက်ဒရစ်၏ နိုင်ငံရေး မူဝါဒ အသိုင်းအဝိုင်းက တီးတိုးရေရွတ်စ ပြုလာသည်။ ဝန်ကြီးချုပ် ဆန်းချေ့စ် အနေဖြင့် နေတိုးထိပ်သီး ညီလာခံတွင် တစ်ဦးတည်း တစ်ကိုယ်တော် တိုက်ခိုက်ဖို့ တကယ် လိုအပ်လို့လားဟု သူတို့က မေးခွန်းထုတ် လာကြသည်။ သမ္မတထရမ့် ကို စိုးရိမ် ထိတ်လန့်သော အမြင်ဖြင့် ရှုမြင်ထားကြသော လက်တင်အမေရိကလို ဒေသမျိုးမှာပင် သူတို့၏ ကိုလိုနီ အရှင်သခင် ဟောင်းဖြစ်သူ စပိန်နိုင်ငံက ဦးဆောင်သော ထရမ့် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်လိုသူ သိပ်မရှိလှပေ။ ဘရာဇီးကို အပထား၍ အမေရိကန်၏ ဒေါသကို နှိုးဆွခြင်းကြောင့် ရလဒ်ကောင်း ရလိမ့်မည်ဟု လက်တင် အမေရိက နိုင်ငံ အစိုးရတို့ သိပ်မမြင်ကြပေ။ ထိုမျှမက ဥရောပတိုက်ကြီး ကိုယ်နှိုက်က လက်ယာသို့ ယိမ်းနေပြီး ထိုနိုင်ငံများမှ ကွန်ဆာဗေးတစ် ရှေးရိုးစွဲ ခေါင်းဆောင်များကလည်း မစ္စတာ ဆန်းချေ့စ် ကို သိပ်မယုံကြည်ကြပေ။
စပိန်တို့က ကမ္ဘာကို ပွင့်ပွင့်လင်းလင်း ချပြလိုက်တာ သဘောကျဖို့ ကောင်းပါသည်။ ကာလရှည်ကြာ ရပ်တန့်နေသော လက်တင်အမေရိက နိုင်ငံများ၏ Mencosur အုပ်စုနှင့် အီးယူအကြား ကုန်သွယ်ရေး သဘောတူညီချက်ကို မစ္စတာ ဆန်းချေ့စ်က ထောက်ခံသည်။ ဒီနည်းလမ်းနှင့် ကမ္ဘာမှာ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြသနိုင်သည်ဟု သူ၏ ပြောကြားချက်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ့နိုင်ငံ ပြည်တွင်းရေး အကျိုးအတွက် လုပ်ဆောင်နေပုံ ပေါ်နေသောကြောင့် ဆန်းချေ့စ် ၏ ကြိုးပမ်း မှုများ အားပျော့သွားခဲ့ရသည်။ ထရမ့်ဝါဒအပေါ် သူ၏ မလိုလား မနှစ်သက်မှုမှာ ရိုးရိုးသားသားပင် ဖြစ်သော်လည်း သူ၏ ညွန့်ပေါင်း အစိုးရကို ကျားကန်ပေးရန်အတွက် ဆန်းချေ့စ် လက်ဝဲဘက်သို့ ယိမ်းလာနေသည်ဟု မက်ဒရစ်မြို့မှ သူနှင့် ရင်းနှီးသူများ ကပင် ယူဆနေကြသည်။ ဥပမာတစ်ခု ပြရလျှင် နေတိုးအုပ်စု ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရေး ကိစ္စကို သူ အပြင်းအထန် ကန့်ကွက်နေရခြင်းက သူ၏ နိုင်ငံရေး အားနည်းချက်ကို ပြနေသည်။ သူ၏ ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် အမာခံ လက်ဝဲစွန်းများက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို ဆန့်ကျင် ကန့်ကွက်နေကြသောကြောင့် ဖြစ်သည်။
ဥရောပ အနေဖြင့် လစ်ဘရယ် ဒီမိုကရက်တစ် စံတန်ဖိုးများကို ကာကွယ်ရန်မှာ ဥရောပ ပိုမို၍ အင်အား တောင့်တင်း ခိုင်မာဖို့ လိုအပ်ပါသည်။ ဒီအထဲမှာ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ လိုပါသည်။ အထူးသဖြင့် စပိန်နိုင်ငံ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရပါမည်။ သမ္မတ ထရမ့်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထား ရပါမည်။ စပိန်နိုင်ငံ အနေဖြင့် အမေရိကားကို အလွန်အကျွံ ဆန့်ကျင်ရန် လုပ်လာလွန်းလျှင် အခြား ဥရောပ နိုင်ငံများ နှင့်ပါ သဟဇာတဖြစ်မှု လျော့ပါး လာနိုင်တတ်ကြောင်း သမိုင်းက ဖော်ပြနေပါသည်ဟု အငြိမ်းစား စပိန်သံအမတ်ကြီး တစ်ဦးက မှတ်ချက်ပြုပါသည်။
မှန်ပါသည်။ စပိန်နိုင်ငံမှာ သမ္မတထရမ့်ကို အာဏာဖီဆန် အာခံရန်နှင့် နိုင်ငံစုံ ပါဝင်သော ငြိမ်းချမ်းရေးကို ကာကွယ်ရန် အခွင့်အရေး အပြည့်အဝ ရှိပါသည်။ သို့သော် အနိုင်ကျင့် ဗိုလ်ကျသူကို ရင်ဆိုင်ဆန့်ကျင်ရန် ကိုယ့်ဘက်သားတွေ ပါဝင်သော စုစည်းညီညွတ်သော ညွန့်ပေါင်းဖြစ်ဖို့ လိုပါသည်။ တစ်ဦးတည်း တစ်ကိုယ်တော် ဖြစ်နေပါမူ အချည်းနှီး အကျိုးမဲ့ ဖြစ်တတ် ပါသည်။
ကိုးကား – Meet the leader of Europe’s anti-Trump resistance, The Economist September 2025

