ဆာကီယားစတာမာ ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတုန်းက လေဘာပါတီ ဝန်ကြီးတွေက မိမိတို့ရဲ့ အစိုးရဟာ ဗြိတိန်နိုင်ငံမှာ လူထုအကျိုးစီးပွားကို လုပ်ဆောင်တဲ့ နောက်ဆုံးမြင်တွေ့ရမယ့် အစိုးရပဲ ဖြစ်တယ်လို့ သတိပေး ပြောဆိုခဲ့ကြတယ်။ ကြိုတင် သတိပေးထားတာထက် စောပြီး နိုင်ငံရေး ဗဟိုချက်မဟာ လျင်မြန်စွာပဲ ပြောင်းလဲကာ ဟာကွက်တွေ စတွေ့လာကြပါတယ်။ ယခုအခါမှာတော့ မဲဆန္ဒရှင် ငါးဦးမှာ တစ်ဦးလောက်ပဲ အစိုးရကို ထောက်ခံကြပါတော့တယ်။ ဆာ ကီယားရဲ့ ဝန်ကြီးချုပ် ရာထူးအပေါ် ထောက်ခံမှုဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက် အောင် လျော့ကျလာပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့တုန်းက သူ့ရဲ့လက်ထောက် အန်ဂျီလာရေနာဟာ အခွန်တိမ်းရှောင် မှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြီး နောက်ပိုင်း သူ့အစိုးရအဖွဲ့ကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြန်လုပ်ခဲ့ရတယ်။

အဲဒါနဲ့ အချိန်ကိုက် တစ်ဖက်စွန်း ရောက်သူများကလည်း ထကြွလာကြပါတယ်။ ဆန့်ငင် ဆန့်ငင် ဖြစ်နေတဲ့ ကွန်ဆာဗေး တစ်ပါတီ အသက်ငင်နေချိန်မှာ လက်ယာစွန်း ပါတီဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး ယူကေ (Reform UK) ပါတီရဲ့ ခေါင်းဆောင် နိုင်ဂျယ်ဖာရတ်ချ်က သူဟာ ၂၀၂၇ ခုနှစ်ရောက်တဲ့အခါမှာ ဝန်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ပါတီ ကွန်ဖရင့်မှာ ပြောခဲ့ပါတယ်။ အမတ်လေးယောက်သာရှိတဲ့ ပြုပြင် ပြောင်းလဲရေး ပါတီဟာ အခုအချိန်မှာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ခေါင်းပန်းလှန် သလောက်ပဲ အခွင့်အရေးပဲ ရှိသူပါ။ ဒါပေမဲ့ ခေါင်းဆောင်ကြီးက ခပ်အေးအေးပါပဲ။ အခြား ကျားချောင်းချောင်း နေကြသူများ ကလည်း သူတို့ရဲ့ အလှည့်ရောက်လာဖို့ အခွင့်အရေးကို စောင့်နေကြပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ဇက် ပိုလန်စကီးက တော့ လက်ဝဲဝါဒီ ဖာရက်ချ်ထက် အနည်းငယ် အသာရပြီး တစ်ချိန်က ရှေးရိုးဆန်ခဲ့တဲ့ ဂရင်းပါတီရဲ့ ခေါင်းဆောင်သစ် ဖြစ်လာပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု တစ်ရွေးသားမှ အပွန်းအပဲ့မရှိခဲ့ဘဲ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ လေးနှစ်ခွဲ ကာလလုံးလုံး လေဘာပါတီခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့တဲ့ ဂျီရီမင် ကော်ဘင်ကတော့ အမာခံ လက်ဝဲအဖွဲ့တစ်ဖွဲ့ကို စည်းရုံးလည်ပတ်လျက်ရှိတယ်။
အလယ်ဗဟိုမှာ အိုးနင်းခွက်နင်းဖြစ်နေတဲ့ နိုင်ငံဟာ ဗြိတိန်နိုင်ငံ တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ စက်တင်ဘာလ ၈ ရက်နေ့ ကလည်း ပြင်သစ်နိုင်ငံရဲ့ အလယ်ဗဟိုဝါဒီ အစိုးရဟာ အသုံးစရိတ်ဖြတ်တောက်မှုတွေကြောင့် လက်ဝဲဝါဒီ အမာခံတွေနဲ့ လက်ယာဝါဒီ အမာခံတွေရဲ့ ကြားညပ်ခံနေရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ နိုင်ငံရေး စနစ်ဟာ အပိုင်းပိုင်း ကွဲအက်လာတာကြောင့် အခြေခိုင်ပြီးဖြစ်တဲ့ အလယ်ဗဟို ပါတီတွေဟာ ဆန္ဒမဲတွေ ဖြည်းဖြည်းချင်း ဆုံးရှုံးနေပါတယ်။ လူနည်းစု အစိုးရအား ကိုယ်စားပြုမှု ကို တိုက်ခိုက်နေတဲ့ လက်ဝဲသမားတွေ အနေနဲ့ သမ္မတထရမ့် ရဲ့ အမာခံ (MAGA – Make America Great Again) လှုပ်ရှားမှု တွေအကြား မှာ မဲဆန္ဒရှင်တွေဟာ နှစ်ခြမ်း ကွဲနေမှုကြောင့် အမေရိကန်နိုင်ငံရဲ့ အလယ်ဗဟိုမှာ အခေါင်းပွကြီး ဖြစ်နေပါတယ်။ ဒီဟာတွေနဲ့ ကွဲပြား ခြားနားတာက ဗြိတိန်က ဆာကီယားကတော့ အောက်လွှတ်တော်မှာ အဆုံးအဖြတ် ပေးနိုင်တဲ့အမတ်နေရာ အများစုကို ရရှိထားခြင်းပါပဲ။ သူ့အနေနဲ့ ထိုအခြေအနေကို အသုံးချနိုင်ပါတယ်။
သူရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ဗြိတိသျှနိုင်ငံရေးဟာ အဓိပ္ပာယ် ဖွင့်ဆိုဖို့ မလွယ်ကူလှတဲ့ ရှုပ်ရှုပ်ထွေးထွေး အခြေအနေအတွင်း မှာ နစ်မြုပ်နေခြင်းပဲ ဖြစ်တယ်။ စီးပွားရေး ဖွံဖြိုးမှု နိမ့်ကျခြင်းနဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေ မအောင်မမြင် ဖြစ်နေခြင်းတို့ အပေါ် စိတ်ပျက်နေကြတဲ့ မဲဆန္ဒရှင် တွေဟာ ကျွဲမြီးတိုလာရုံသာမကဘဲ စိတ်တွေ ပြောင်းလဲလာကြတယ်။ သူတို့ဟာ မိမိတို့ရဲ့ စိတ်အနှောင့် အယှက် ဖြစ်နေမှုကို သက်သာအောင် ထွက်ပေါက်ပေးနိုင်မယ့် ဘယ်ပါတီနောက်ကို မဆို လိုက်ဖို့ အသင့်ရှိနေကြတယ်။ နောက်သီအိုရီ တစ်ခုကတော့ လူဝင်မှု ပြဿနာတွေကို စိတ်ကုန်လာပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ရုတ်တရက်ဆိုသလို ဇာတိနိုင်ငံဝါဒ နောက်ကို လိုက်ပါ သွားခဲ့ကြတယ်။ မဲဆန္ဒရှင်တွေဟာ ဗဟိုလက်ဝဲဝါဒက အစွန်းရောက် လက်ယာဝါဒဆီကို အုံလိုက်ကျင်းလိုက် ပြောင်းရွှေ့သွားကြခြင်းကြောင့် လေဘာပါတီကို ထောက်ခံသူ အရေအတွက်ဟာ ကျဆင်းလာပြီး ပြုပြင်ပြောင်းလဲရေး ထောက်ခံသူ အရေအတွက်က မြင့်တက်လာတယ်။ သို့ပေမယ့် ဘယ်သီအိုရီမှ မှန်ကန်ခြင်း မရှိပါဘူး။
လက်တွေ့မှာတော့ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Brexit ဆန္ဒခံယူပွဲ က လူတန်းစား အခြေခံမှုထက် အသက်အရွယ်နဲ့ ပညာ အရည်အချင်းဟာ လူတွေ ဘယ်လို မဲပေးတယ်ဆိုတာကို ပြသတဲ့ အကောင်းဆုံး ဥပမာ ဖြစ်ခဲ့တယ်။ သုတေသန ပရောဂျက် တစ်ခုဖြစ်တဲ့ ဗြိတိသျှ ရွေးကောက်ပွဲ လေ့လာမှု (British Election Study) က စစ်တမ်းကောက်ယူမှုမှာ လက်ဝဲယိမ်း လူငယ်ဘွဲ့ရ တွေဟာ လက်ယာယိမ်း ပင်စင်စား အုပ်စုမှ ဘယ်လို ကွဲပြားတယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ မဲဆန္ဒရှင်တွေ ကလည်း နိုင်ငံရေးပါတီတွေက လက်ဝဲနဲ့ လက်ယာဆိုတဲ့ နိုင်ငံရေး သဘောထား အုပ်စုကြီး နှစ်ခု ကွဲပြားနေကြတယ်လို့ ရှုမြင် ကြပါတယ်။
ပြောင်းလဲမှုတွေထဲက အများစုကတော့ ဗြိတိန်နိုင်ငံသားတွေဟာ ပါတီတွေအတွင်းမှာ အုပ်စုတစ်ခုကနေ အခြားအုပ်စုကို ပြောင်းရွှေခြင်းမဟုတ်ပဲ သူတို့ရဲ့ အုပ်စုတူအတွင်းမှာ ကူးပြောင်းနေခြင်းပဲ ဖြစ်ပါတယ်။ လေဘာပါတီဟာ မိမိတို့ရဲ့ မဲဆန္ဒရှင်တွေဟာ မိမိပါတီရဲ့ လက်ဝဲအုပ်စုဆီကို ပြောင်းရွှေ့သွားတဲ့အတွက်ကို မဲဆန္ဒရှင်တွေကို ဆုံးရှုးခဲ့ရတယ်။ တိုရီပါတီ (ကွန်ဆာဗေးတစ်ပါတီ) ကတော့ မိမိတို့ရဲ့ မဲဆန္ဒရှင်တွေ ပြုပြင်ပြောင်းလဲရေးအုပ်စုဆီကို ပြောင်းရွှေ့သွားတဲ့အတွက် ဆုံးရှုံး ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ သက်တမ်းရင့်ပါတီကြီးနှစ်ခုပေါင်းဟာ ဆန္ဒမဲအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းကိုသာ ရရှိခဲ့ကြတယ်။ ထိုအရေအတွက်ဟာ ၁၉၁၀ ခုနှစ်ကစပြီး အနိမ့်ဆုံး အရေအတွက်ပဲ ဖြစ်တယ် ဆိုပေမယ့် ထိုအရေအတွက်ဟာ ယနေ့အချိန်မှာ ရရှိတဲ့ ဆန္ဒမဲ အရေအတွက်နဲ့ နှိုင်းစာရင် အောင်ပွဲတစ်ရပ်လို့ ဆိုရမှာပါ။ ယနေ့အချိန်မှာ ထိုပါတီနှစ်ရပ်ပေါင်း ရရှိတဲ့ ဆန္ဒမဲပေါင်း ၃၉ ရာခိုင်နှုန်းသာရှိပါတယ်။
ပုပ်သိုးနေတဲ့ ဗြိတိန်နိုင်ငံရဲ့ နှစ်ပါတီစနစ် အတွင်းကို လတ်ဆတ်တဲ့ ယှဥ်ပြိုင်မှုဆိုတဲ့ ဆေးကို ထိုးပေးခြင်းဖြင့် ကျန်းမာ လာစေနိုင်ပါတယ်။ မဲဆန္ဒရှင်တွေဟာ ဆိုးရွားစွာ ဆက်ဆံပြုမူခြင်းခံနေရကြရတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အရာ တစ်စုံတစ်ရာ ရရှိရေး အတွက် လှည့််လည်ရှာဖွေနေကြရတာဟာ တကယ်တော့ အံ့သြစရာ မရှိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့မှာတော့ ယင်းကိစ္စက ဗြိတိန်နိုင်ငံကို အုပ်ချုပ်ဖို့အတွက် ပိုမိုခက်ခဲစေမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဆိုင်ရာ အပိုင်းပိုင်းကွဲပြတ်မှုက ဗြိတိန်နိုင်ငံရဲ့ ရှေးကျလှတဲ့ “မဲ အများဆုံးရသူ အနိုင်ယူ” ဆိုတဲ့ မဲဆန္ဒပေးတဲ့ စနစ်ကို တွေ့ဆုံလာရပြီး ကြိုတင်မခန့်မှန်းနိုင်တဲ့ ရလဒ်တွေကို ထွက်ပေါ်စေပါတယ်။

မဲဆန္ဒပေးရာမှာ သေးငယ်တဲ့ အရွေ့တွေက ပါတီတစ်ခုစီရဲ့ လွှတ်တော် အမတ်နေရာတွေ ရရှိမှုမှာ ကြီးမားတဲ့ ကွာဟမှု တွေ ဖြစ်ပေါ်စေပါတယ်။ ဆန္ဒမဲ အများဆုံး ရရှိသူ အနိုင်ရတဲ့ စနစ်ဟာ နည်းပညာဆိုင်ရာ မဲဆန္ဒပေးမှုရဲ့ အရေးပါမှုကို ပိုမိုကြီးထွား စေပါတယ်။ ဒါ့အပြင် ပြည်သူတွေက မဲဆန္ဒပေးပုံပေးနည်းနဲ့ ပြည်သူတွေရရှိလာတဲ့ အစိုးရတွေအကြား ဆက်ဆံရေးကို နောက်ထပ် လှည့်ဖြားမှုကို ပေါ်ပေါက်လာစေပါတယ်။
ရွေးကောက်ပွဲတစ်ခု ပြီးဆုံးခဲ့ပြီးနောက်မှာ ပါတီတစ်ရပ်အတွက် ထောက်ခံမှုတွေ ကျဆင်းလာတဲ့အခါမှာ လွှတ်တော် အမတ် အများအပြားဟာ “သူတို့ရဲ့ အမတ်နေရာ ဆုံးရှုံးသွားတော့မှလား” ဆိုတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ ထိုအဖြစ်ကြောင့် အရဲစွန့်ပြီးလုပ်ရတဲ့ အလုပ်တွေကို လုပ်ဖို့ စိတ်ဝင်စားမှု လျော့ကျ လာကြတယ်။ ဒါ့ကြောင့်ပဲ လေဘာပါတီဟာ ပင်လယ်ကမ်းစပ်မှာ လာတင်နေတဲ့ ဝေလငါးတစ်ကောင်နဲ့ တူလာပါတယ်။ ယင်းပါတီဟာ ပါလီမန်အတွင်း အမတ်နေရာ အများစုကြီး ရှိနေပေမယ့် ၄င်းအပေါ် ထောက်ခံမှု က လျော့ကျလာပြီး သွက်ချာပါဒ ဖြစ်လာနေပါတယ်။
၂၀ ရာစုနှစ်ရဲ့ အများစုကာလတွေမှာတော့ ကျယ်ပြန့်ပြီး ခိုင်မာတဲ့ အခြေအနေတွေရှိတဲ့ ပါတီတွေ အနေနဲ့ ဗဟိုချက်နေရာ ကနေ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိရေး အလားအလာဟာ အလယ်အလတ်ဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရတွေအတွက် အင်အား တစ်ရပ်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဗဟိုချက်မဟာ ကသောင်းကနင်းဖြစ်လာတော့ အဖျားအနား အဆွယ်အပွားတွေဟာ ထိခိုက်နာကျင် ကြရပါတယ်။ ဝန်ကြီးချုပ်တွေဟာ ထိတ်လန့်တကြား ဖြစ်လာကြတယ်။ သူတို့ဟာ မိမိတို့ရဲ့ အခြေခံ နယ်မြေ တွေမှ ပြည်သူတွေကို လက်ဆောင်ပဏ္ဏာတွေ ပေးတာတွေ၊ ကိုယ်အမူအရာ နှုတ်အမူအရာတွေနဲ့ နှုတ်ဆက်တာတွေ စတဲ့ အလုပ်တွေ လုပ်လာကြတယ်။ ဒါ့အပြင်သူတို့ဟာ ရန်သူကို ဆန့်ကျင်ဖို့အတွက် မိမိတို့ရဲ့ ခြေကုပ်စခန်းတွေကို စုစည်းဖို့ နိုင်ငံရေး အရင်းအနှီးတွေ သုံးစွဲကြတယ်။ ဆာ ကီယားဟာ ဝန်ကြီးချုပ် နေရာအတွက် နောက်အရွေးခံမယ့် ဖာရတ်ချ်ရဲ့ အခွင့်အလမ်း အတွက် ထိုနည်းအတိုင်းပဲ စိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်ခဲ့တယ်။
အဆိုပါ ရေတို ဆောင်ရွက်မှုတွေဟာ ဗဟိုအတွက် နည်းဗျူဟာဆိုင်ရာ အသာစီးရမှုတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ ထိုလုပ်ဆောင်မှု တွေဟာ မဟာဗျူဟာအရတော့ မိမိကိုယ်မိမိ ရှုံးနိမ့်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အာဏာရ ပါတီတွေ ဟာ အကျိုးရလဒ်တွေ ခံစားရဖို့ အချိန်ပေးရမယ်။ နာကျင်စရာကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှောင်ရှားပြီး အဆုံးစွန် မှာတော့ ရွေးကောက်ပွဲ ပြန်လည်အရွေးခံနိင်မယ့် အခွင့်အလမ်းတွေကို မြှင့်တင်ပေးမယ်။ တိုးတက်မှုတွေကို စွန့်လွှတ် ပစ်ကြ တယ်။
တိုရီတွေကို ကြည့်ပါ။ သူတို့ဟာ မစ္စတာ ဖာရတ်ချ်ကို အရယူဖို့အတွက် ဆယ်စုနှစ် တစ်ခုကြာ အချိန်ယူပြီး ကြိုးပမ်းခဲ့ ကြတယ်။ သူတို့ဟာ ထိုသို့လုပ်ဆောင်ရင်း ဥရောပ ပြဿနာကို ရွေးကောက်ပွဲဆိုင်ရာ လမ်းခွဲ အဖြစ်သို့ရောက်အောင် ကျယ်လောင် စူးရှစွာ အော်ဟစ်ရင်း အဓိပ္ပာယ်ကင်းမဲ့ပြီး ခက်ခဲမှုလည်းဖြစ်တဲ့ Brexit (ဥရောပမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး) လမ်းပေါ်ကို တက်လှမ်းခဲ့တယ်။
ယခုလုပ်ဆောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ထိရောက်မှုရှိလှတဲ့ မကျေနပ်မှုတွေက မစ္စတာ မာရတ်ချ်ကိုသာ မီးလောင်ရာ လေပင့် လုပ်သလို ဖြစ်စေခဲ့တယ်။ ကွန်ဆာဗေးတစ်တွေဟာ “ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တဲ့ ညွန့်ပေါင်းအဖွဲ့တစ်ရပ်ကို ထူထောင်ဖို့ အတွက် လုပ်ငန်းတာဝန်တွေကို အလေးအနက် ဆောင်ရွက်တဲ့ အစိုးရ” ဆိုတဲ့ နာမည်ကောင်း ရရှိအောင် ဆောင်ရွက် ခဲ့တယ်။
ထိုအဖြစ်ဟာ ဆာကီယားအတွက် သတိပေးမှုဖြစ်သင့်ပါတယ်။ လေဘာပါတီနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကတော့ ဗြိတိန်နိုင်ငံရဲ့ အားရစရာ မကောင်းတဲ့ ဖွံ့ဖြိုးမှုကို ပြန်လည်မြင့်တက်လာအောင် ကူညီဖို့နဲ့ ပြည်သူတွေရဲ့ ဒေါသကို လျော့ပါး လာစေဖို့အတွက် ပြုပြင် ပြောင်းလဲရေးတွေကို တစိုက်မတ်မတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဆာကီယားအနေနဲ့ ထိုအချက်ကို သိရှိနားလည်တဲ့ လက္ခဏာတွေတော့ တွေ့ရပါတယ်။
သူဟာ “တည်ဆောက်ပါ၊ ဆက်လက် တည်ဆောက်ပါ” ဆိုတဲ့ ဂါထာ မန္တရားကို လက်ကိုင်ထားတဲ့ သစ္စာရှိ လူယုံ စတိဖ်ရိထ်ကို စီမံကိန်းရေးဆွဲရေး လုပ်ငန်းတွေကို လွှဲအပ်ထားပါတယ်။ ဘလဲယားဝါဒီတစ်ဦး ဖြစ်တဲ့ ပက် မက်ခ်ဖက်ဒင်ကတော့ အချိန်ပြည့် အလုပ်အကိုင်တွေ ရရှိခြင်းမရှိတဲ့ လူငယ်တွေကို အလုပ်အကိုင်ရရှိရေး အတွက် အားပေးကူညီမှာ ဖြစ်ပါတယ်။
လေဘာပါတီဟာ သူ့ကို ထောက်ခံသူတွေကို လက်ဝဲပါတီဆီကို ရောက်ရှိသွားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် ဆာကီယားဟာ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် လေဘာပါတီ ညီလာခံမှာ ထိုကိစ္စအတွက် ဖိအားပေးတာတွေ ခံရမှာ ဖြစ်ပါတယ်။ လူမှုဖူလုံရေး အသုံးစရိတ် တွေကို ဖြတ်တောက်မှု မှန်သမျှဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့ ကြုံရမှာ ဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂ ထောက်ခံသူတွေဟာ ပိုမိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြတယ်။ တရားဝင် ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ ဖြစ်တဲ့ “ဘက်ဂျက်ဆိုင်ရာ တာဝန်ယူမှုရုံးရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ရေး” အတွက် စာတမ်း တစ်စောင် ရေးဆွဲဖို့ ရွေးချယ်ခြင်းခံရတဲ့ လေဘာပါတီရဲ့ ဝါရင့်လွှတ်တော်အမတ် တွေက လုပ်ငန်းကို ရပ်ဆိုင်းဖို့ တောင်းဆို ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ငွေတွေကို ပိုမိုပြီး ချေးငှားနိုင်မှာ သုံးစွဲနိုင်မှာ ဖြစ်တယ်။
ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းရင်းနဲ့ပဲ ဗြိတိန်နိုင်ငံရဲ့ နာမကျန်းဖြစ်နေမှုဟာ ပိုမိုပြင်းထန်လာပြီး မဲဆန္ဒရှင်တွေရဲ့ မပျော်ရွှင်မှုကိုလည်း ဖြေရှင်းမရဘဲ ဖြစ်နေမှာပါ။ ဆာကီယားကတော့ ဗြိတိန်နိုင်ငံရဲ့ ပြိုကွဲနေတဲ့ ဗဟိုချက်ကို ပြန်လည် ပြင်ဆင် ပေးသူ အဖြစ်ပေါ်ထွက်လာမယ့်အစား ထို ဗဟိုချက်ကို ကယ်တင်နိုင်မယ့် အခွင့်အလမ်းကောင်းကို အလဟဿ ဖြစ်အောင် လုပ်သူပဲ ဖြစ်ပါလိမ့်မယ်။
ကိုးကား – Is UK politics broken? Its center is cracking., The Economist, September 2025

