အလာစကာမှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတော့ တချို့က မျှော်လင့်ချက်နဲ့ စောင့်ကြည့်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ပဥ္စလက်ဆန်ဆန် ဘာများ ထုတ်ပြလိုက် မလားပေါ့။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ခဲ့ကြတာပါ။ တွေ့ခဲ့တဲ့ နေရာက အလာစကာမှာရှိတဲ့ အမေရိကန် ကြည်း-လေ ပူးတွဲ စစ်အခြေစိုက်စခန်း (Elmendorf Richardson) ပါ။
ဒီ ကြည်း-လေ ပူးတွဲ စစ်အခြေစိုက် စခန်းမှာ သမ္မတ ပူတင် လေယာဥ်မဆိုက်ခင် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ရဲ့ သမ္မတစီး လေယာဥ်ပျံပေါ်မှာ မီဒီယာနဲ့ တွေ့ပြီး “ကျွန်တော်တို့ ဒီကိုရောက်နေတာ အပစ်အခတ် ရပ်စဲရေးအတွက်ပါ၊ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးကို လိုနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ထိပ်သီး အစည်းအဝေး အပေါ် မျှော်လင့်ချက်ကို ဒီစကားမှာ မြင်တွေ့နိုင်ပါတယ်။ သမ္မတ ပူတင်ရဲ့ လေယာဥ်ပျံ ဆိုက်ရောက်လာချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က ကော်ဇောနီပေါ်ရပ်ပြီး စောင့်နေပါတယ်။ လေယာဥ်ပျံပေါ်က ဆင်းလာတဲ့ သမ္မတ ပူတင်ဟာ ကော်ဇောနီဆီ လျှောက်လာပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ လက်ဆွဲ နှုတ်ဆက်ပါတယ်။ ပြီးတော့ ကော်ဇောနီ တစ်လျှောက် သမ္မတ နှစ်ယောက် အစည်းအဝေး နေရာဆီ ယှဥ်တွဲ လျှောက်လာကြပါတယ်။ ဒီအချိန်မှာ အမေရိကန်တို့ရဲ့ ဘီ-၂ ကိုယ်ပျောက် ဗုံးကြဲ လေယာဥ် (Stealth Bomber) ဟာ ဂျက်တိုက်လေယာဥ်ပျံ လေးစင်းနဲ့ အတူ ကောင်းကင်ကနေ ဖြတ်သန်းသွားကြပါတယ်။ သမ္မတ ပူတင်ကို ဂုဏ်ပြုတဲ့ လုပ်ရပ်လို့ ပြောနိုင်သလို အင်အားပြ ခြိမ်းခြောက်တယ်လို့လည်း ပြောနိုင်ပါတယ်။

သမ္မတ ပူတင်ဘက်ကလည်း ဒီထိပ်သီး အစည်းအဝေးအတွက် ပြင်ဆင်ရာမှာ ထူးခြားချက်တွေ တွေ့ရပါတယ်။ သမ္မတ ပူတင်နဲ့ အတူ ပါလာတဲ့ ရုရှားအဖွဲ့က လူအင်အား ၅၀၀ လောက် ရှိပါတယ်။ မီဒီယာ အဖွဲ့ဝင် တွေက အများစုပါ။ တကယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ အရေးပါတဲ့ ပုဂ္ဂိုလ် လေး ငါး ဆယ်ယောက်ထက် ပိုလိုတာ မဟုတ်ပါဘူး။ ရုရှားအဖွဲ့ဟာ အလာစကာကို နှစ်ရက် ကြိုရောက်နေကြတာပါ။ လူအင်အား များလွန်းတော့ အမေရိကန်ဘက်က နေရာထိုင်ခင်း စီစဥ်တာ မမိုက်ဘူးဆိုပြီး ရုရှားဘက်က အပြစ်တင်တာတွေ ရှိပါတယ်။ ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် ရုရှား အဖွဲ့ဝင် တွေဟာ သူတို့ရဲ့ အကြွေးဝယ်ကတ် (credit card) တွေ အလာစကာမှာ သုံးမရတဲ့ ကိစ္စအတွက်လည်း မကျေ မနပ် ပြောကြပါတယ်။
ထိပ်သီး အစည်းအဝေးအဖွင့် မြင်ကွင်းကို ကြည့်လိုက်ရင် နှစ်ဖက်စလုံးမှာ “အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး” ဆိုတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ချိန်ထိုးကြည့်လိုက်ရင် အဆီအငေါ်မတည့်တဲ့ မြင်ကွင်းလေးတွေကို တွေ့နေရပါတယ်။ ယူကျုမှာ ရုရှားနိုင်ငံအကြောင်းကို “Inside Russia” ဆိုတဲ့ အစီအစဥ်ကို ပုံမှန် တင်ဆက်နေတဲ့ ကွန်စတန်တင် ဆမ်မွိုင်းလော့ဗ် (Konstantin Samoilov) က ထိပ်သီးအစည်းအဝေးတင်ဆက်မှုကို မြင်ကွင်း နှစ်ခုဖွင့်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ မြင်ကွင်းတစ်ခုက ရုရှားရုပ်သံဌာန (Channel one) ရဲ့ တင်ပြမှုပါ။ နောက်မြင်ကွင်းက Newsmax ဆိုတဲ့ အမေရိကန် ရုပ်သံဌာနရဲ့ တင်ဆက်မှုပါ။ ဒီရုပ်သံဌာနက ရီပတ်ဘလီကန် ပါတီဘက် ယိမ်းတဲ့ ရုပ်သံဌာန တစ်ခုဖြစ်ပါတယ်။
အမေရိကန် ရုပ်သံဌာန Newsmax ကို ကြည့်လိုက်ရင် “ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး” ဆိုတဲ့ အသံတွေ “ဟိန်း” နေတာကို တွေ့ရမှာပါ။ ရုရှား ရုပ်သံဌာန (Channel one) ရဲ့ တင်ဆက်မှုကို ကြည့်လိုက်တဲ့အခါ “ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးဆိုတာ မှုန်ဝါးဝါးတောင် မမြင်ရပါဘူး။ ရုရှား ရုပ်သံဌာန (Channel one)က မီးမောင်းထိုး တင်ပြတာက “သမ္မတ ပူတင် အလာစကာ ရောက်နေတာရဲ့ ရည်ရွယ်ချက်က ရုရှား-အမေရိကန် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ပါ” တဲ့။ ထိပ်သီး အစည်းအဝေးမှာ နှစ်နိုင်ငံရဲ့ ရပ်တည်ချက်ကို သုံးသပ်ကြည့်ရင် “မျဥ်းပြိုင် နှစ်ကြောင်း မဆုံ…. ကောင်း” ဖြစ်နေတာကို တွေ့ရမှာပါ။
အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒား ဒါချီယက်ဗ် (Alexander Darchiev) ရဲ့ မီဒီယာမှာ ပြောဆို ချက်ကို ကြည့်လိုက်ရင်လည်း ဒီအချက်ကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ရုရှားသံအမတ်ကြီး ဒါချီယက်ဗ်က ရုရှား နိုင်ငံရဲ့ ဦးစားပေး ကိစ္စသုံးရပ်ကို တင်ပြသွားပါတယ်။ ပထမ ကိစ္စကတော့ ရုရှားနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးက ရုရှား နိုင်ငံသားတွေကို ဗီဇာ ထုတ်မပေးနိုင်တဲ့ ကိစ္စပါ။ ဒါက အမေရိကန်က ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ကြောင့်ပါ။ ဒုတိယ ကိစ္စက အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် ချိပ်ပိတ်ခံထားရတဲ့ ရုရှားပိုင် အဆောက်အအုံ ခြောက်လုံး ပြန်ပေးရေး ကိစ္စပါ။ တတိယ ကိစ္စကတော့ ရုရှားနဲ့ အမေရိကန် နိုင်ငံကြား ပုံမှန် လေကြောင်းလိုင်း ဖွင့်လှစ်နိုင်ရေးပါ။ ဒီသုံးချက် စလုံးဟာ “ရုရှား-ယူကရိန်း စစ်ပွဲ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး” ဆိုတာတွေနဲ့ လုံးဝ (လုံးဝ) မပတ်သက်ပါဘူး။
အမှန်က ထိပ်သီး အစည်းအဝေးကို ခြောက်နာရီ၊ ခုနစ်နာရီ လောက်ကြာမယ်လို့ အမေရိကန်ဘက်က တွက်ဆ ထားတာပါ။ အမှန်တကယ် ကျင်းပတဲ့အခါ နှစ်နာရီ ၄၅ မိနစ်ပဲ ကြာပါတယ်။ နှစ်ဖက်ရဲ့ ချဥ်းကပ်ပုံ ကွာဟချက်ကြီးမားနေတာကို အခြေခံ စဥ်းစားလိုက်ရင် အစည်းအဝေးကို နှစ်နာရီ ၄၅ မိနစ် ကြာ ကျင်းပ နိုင်တာကပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။ အစည်းအဝေး ကျင်းပတဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်က “ရုရှားနိုင်ငံနဲ့ ဆက်ဆွေးနွေးရမယ်” ဆိုတဲ့ သဘောမျိုး ပြောခဲ့ပေမယ့် သတင်းထောက် တွေရဲ့ မေးခွန်းများကို လုံးဝ ဖြေမသွားပါဘူး။ ဒါက လုပ်လေ့ လုပ်ထရှိတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အတွင်းစည်းက ပုဂ္ဂိုလ်တွေကတော့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတပူတင်ရဲ့ လုပ်ရပ်အပေါ် အတော်ခံပြင်း ဒေါသထွက်နေတယ်လို့ ဆိုပါတယ်။ သမ္မတ ပူတင်ကတော့ “ရုရှားနဲ့ အမေရိကန် နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အရေးကြီးပုံ” ကို ထောက်ခံပြီး ရုရှား-ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး သမ္မတ ဘိုင်ဒင်နဲ့ ဒီမိုကရက်တစ် အစိုးရတွေ အပေါ် ပြစ်တင် ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ ယူကရိန်း ကျူးကျော်မှုနဲ့ ပတ်သက်ပြီး သမ္မတ ပူတင်အစိုးရ အဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြန် ခြေရာခံ ကြည့်ရ အောင်ပါ။ ယူကရိန်း ကျူးကျော်စစ် အစမှာ သမ္မတ ပူတင်က “အထူးစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ နာဇီအင်အားစု ဖြိုခွင်းရေးနဲ့ ယူကရိန်း စစ်ရေး တည်ဆောက်မှု ဖြိုဖျက်ရေး” လို့ ဆိုခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇာလန်စကီးဟာ ဂျူးလူမျိုးဖြစ်လို့ နာဇီ အင်အားစု ဖြိုခွဲရေးဆိုတာ အမြီးအမောက် မတည့်ပါဘူး။ ယူကရိန်းစစ်ရေး တည်ဆောက်မှု ဖြိုဖျက်ရေး ဆိုတာကလည်း ရယ်စရာပါ။ ယူကရိန်း စစ်အင်အား ဆိုတာ ရုရှား စစ်အင်အားနဲ့ ယှဥ်လိုက်ရင် ဂေါ်ဇီလာနဲ့ ဆိတ်လို့ ပြောရမယ့် အခြေအနေ မျိုးပါ။ သမ္မတ ဘိုင်ဒင်ရဲ့ ဦးဆောင်မှု အောက်မှာ ဥရောပ သမဂ္ဂနဲ့ နေတိုး အဖွဲ့က ယူကရိန်းဘက်က ရပ်တည်တဲ့အခါ ယူကရိန်း-ရုရှား စစ်ပွဲဆိုတာ အနောက်နိုင်ငံတွေက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ချေမှုန်းရေး ဖြစ်လာပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် တက်လာတဲ့ အခါမှာတော့ ယူကရိန်း-ရုရှား စစ်ပွဲဟာ သမ္မတဘိုင်ဒင်နဲ့ ဒီမိုကရက်တစ် အစိုးရအဖွဲ့တွေရဲ့ မလိမ္မာ မိုက်မဲမှုကြောင့် ဖြစ်လာပါတယ်။
အလာစကာ ထိပ်သီးအစည်းအဝေး တစ်ရပ်လုံးကို ခြုံကြည့်မယ်ဆိုရင် သမ္မတ ဒေါ်နယ်ထရမ့်ဘက်က “အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး” နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောတူချက် ရလေမလားဆိုတဲ့ လက်တွေ့ မကျသော မျှော်လင့်ချက် များ ထားခဲ့တာကို တွေ့ရမှာပါ။ သမ္မတ ပူတင်ကတော့ ဒီထိပ်သီး အစည်းအဝေးမှာ သူနဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ လက်ဆွဲ နှုတ်ဆက်ပြီး ရုရှားနိုင်ငံဆိုတာ အမေရိကန်နဲ့ တန်းတူ ရည်တူ ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ ပိတ်ဆို့ခံ အပယ်ခံ နိုင်ငံမဟုတ် ဆိုတာကို မီးမောင်းထိုးပြဖို့ကိုပဲ ဦးတည် ရည်ရွယ်ခဲ့တာပါ။ သမ္မတ ပူတင်ဘက်က ကြည့်လိုက်ရင် ကော်ဇောနီပေါ်မှာ သမ္မတဒေါ်နယ်ထရမ့်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ချိန်မှာ ဒီထိပ်သီးအစည်းအဝေးမှာ သူလိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ရယူလိုက် နိုင်ပါပြီ။ ဒီလက်ဆွဲ နှုတ်ဆက်တဲ့ မြင်ကွင်း လွှမ်းမိုးထားတဲ့ ထိပ်သီး အစည်းအဝေးပွဲကို ဘက်ပေါင်းစုံက တင်ပြနိုင်ဖို့ ရုရှားမီဒီယာသမား ၅၀၀ အထိ ခေါ်လာခဲ့တာပါ။
ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီး ယူကျု တင်ဆက်နေသူ ကွန်စတန်တီ ဆမ်မွိုင်းလော့ဗ်က သမ္မတပူတင်ဟာ သမ္မတ ဒေါ်နယ် ထရမ့် အပေါ် “ခေါင်းတုံးပေါ် ထိပ်ကွက်” လုပ်ခဲ့တာကို ထိထိမိမိ ထောက်ပြခဲ့ပါတယ်။ ရုရှား ရုပ်သံဌာန (Channel one) နဲ့ အမေရိကန် ရုပ်သံဌာန Newsmax တို့ တင်ပြပုံတွေကို နှိုင်းယှဥ်ပြီး ထောက်ပြ သွားတာပါ။
အလာစကာ ထိပ်သီး အစည်းအဝေးကနေ ရလိုက်တဲ့ သမိုင်း သင်ခန်းစာကတော့ စစ်ရေး ပဋိပက္ခကို သံတမန်ရေး နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းတယ်ဆိုတာ ကြိုဆိုအပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် ဆွေးနွေးဖက် နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး အပေါ် အမှန်တကယ် လိုလားမှု မရှိခဲ့ရင် အနိမ့်ဆုံး ငြိမ်းချမ်းရေးကို နှစ်ဖက် စလုံးက လိုလားခဲ့တယ် ဆိုရင်တောင်မှ ဆွေးနွေးဖက် နှစ်ဖက်ရဲ့ ဦးတည်ရာဟာ ကျောခိုင်း လျှောက်လှမ်းနေ သလို ဆန့်ကျင်ဘက်ကို ဦးတည်နေခဲ့ရင်တော့ လုံးဝ (လုံးဝ) အောင်မြင်မှာ မဟုတ်ပါဘူး။

