The Corner

The Corner

cropped-Logo_round_grey-background.png

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား

Share မယ်

ယီမင်နိုင်ငံက ဟူသီအဖွဲ့ ပြဿနာဟာ အရှေ့အလယ်ပိုင်းအတွက် နောက်ထပ်တောက်လောင် လာနေတဲ့ စစ်ပွဲကြီးဖြစ်လာနေပြီလားလို့ နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတယ်။

အစ္စရေးရဲ့  သြဂုတ် ၂၈ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ရှိ သူပုန် အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် အာမက် အယ်လ် ရာဟာဝီ(Ahmed al-Rahawi) သေဆုံးသွားကြောင်း ဟူသီ အဖွဲ့က ဩဂုတ် ၃၀ ရက်မှာ ကြေညာခဲ့တယ်။ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဟူသီသူပုန် အဖွဲ့ အပေါ် အစ္စရေး-အမေရိကန် တိုက်ခိုက်မှုအတွင်း အဆင့်အမြင့်ဆုံး ဟူသီ ခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သူပုန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

Source: Washington Institute

ယီမင်မြို့တော် ဆာနားကို ဩဂုတ် ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ‘အာမက် အယ်လ်-ရာဟာဝီ’ အပါအဝင် အခြားဝန်ကြီး အချို့လည်း သေဆုံးခဲ့တယ်လို့ သူပုန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တယ်လို့ ဆိုတယ်။ ဝန်ကြီးအချို့နဲ့ အရာရှိအချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့  ဖော်ပြထားပေမယ့် အသေးစိတ် ထုတ်ဖော်ပြောကြားတာတော့ မရှိဘူး လို့ဆိုတယ်။ ဝန်ကြီးချုပ်ဟာ အခြားအစိုးရအဖွဲ့ဝင်တွေနဲ့ အတူ “လွန်ခဲ့တဲ့နှစ်အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့  စွမ်းဆောင် ရည်ကို ဆန်းစစ်အကဲဖြတ်မှု ပုံမှန် အလုပ်ရုံဆွေးနွေးပွဲ” အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာဖြစ် တယ်လို့ ဆိုတယ်။ ယီမင် သတင်းစာ Al-Jumhuriya နဲ့ အေဒင် သတင်းစာ Aden Al-Ghad တို့ကလည်း  ‘အာမက် အယ်လ်-ရာဟာဝီ’ အပါအဝင် အခြား ဝန်ကြီး အချို့ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တယ်။

ဟူသီတွေဟာ ယီမင်က လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ရှီယာမွတ်စလင် လူနည်းစုဖြစ်တဲ့ ဇိုင်ဒီ ကနေ ပေါ်ပေါက် လာတာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ သူတို့အဆိုအရ အဂတိလိုက်စားတယ်ဆိုတဲ့ ‘အလီ အက်ဘ်ဒူလာ ဆာလေး’ (Ali Abdullah Saleh) ကို တိုက်ခိုက်ဖို့ ၁၉၉၀ ခုနှစ်တွေမှာ ဖွဲ့စည်းခဲ့တာလို့ ဆိုတယ်။ အဲဒီအဖွဲ့ဟာ သူတို့လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ‘ဟူစိန် အယ်လ် ဟူသီ’ ရဲ့ နာမည်ကို အစွဲပြုပြီး ‘ဟူသီ အဖွဲ့’ လို့ နာမည်ပေးခဲ့ကြောင်း သိရတယ်။ ‘ဟူသီအဖွဲ့’ ဟာ သူတို့ကိုယ်သူတို့ ‘အန်ဆာ အလာ’ တစ်နည်း အားဖြင့် ဘုရားသခင်ရဲ့ သာဝကတွေလို့ ခေါ်ဆိုကြတယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ အီရတ် ကျူးကျော်မှုဖြစ်ပြီးတဲ့နောက်မှာ ဟူသီအဖွဲ့ဟာ ‘‘ဘုရားသခင်က ကြီးမြတ်တယ်။ အမေရိကန် သေဆုံးရမယ်။ အစ္စရေး သေဆုံးရမယ်။ ဂျူးတွေအတွက် ကျိန်စာဖြစ်ရ မယ်။ အစ္စလာမ်အတွက် အောင်ပွဲဖြစ်ရမယ်’’ ဆိုတဲ့ဆောင်ပုဒ်ကို ကျင့်သုံး ခဲ့ကြတယ် လို့ ဆိုတယ်။

‘ဟူသီအဖွဲ့’ ဟာ အစ္စရေး-အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်ဖို့ အီရန် ဦးဆောင်တဲ့ ‘‘တော်လှန်ဝင်ရိုး’’အဖွဲ့မှာ ဟားမတ်စ်အဖွဲ့၊ ဟစ်ဇ်ဘိုလာအဖွဲ့တို့နဲ့အတူ တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ ဘီဘီစီသတင်းအရ သိရတယ်။ ဟူသီတွေဟာ ပင်လယ်ကွေ့မှာ အစ္စရေးကို ဦးတည်တဲ့ သင်္ဘောလမ်းကြောင်းကို ဘာကြောင့် တိုက်ခိုက်ကြောင်း ပေါ်လွင်နေတယ်လို့  ဥရောပ ငြိမ်းချမ်းရေး အင်စတီကျု  [European Institute of Peace (EIP)] က ယီမင်ရေးရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုတယ်။

ဟူသီအဖွဲ့ဟာ သမ္မတ ‘အလီ အက်ဘ်ဒူလာ ဆာလေး’ အပြီးဆက်ခံတဲ့ သမ္မတ ‘အက်ဘ်ဒ် ရာဘူ မန်ဆော ဟာဒီ’ (Abd-Rabbu Mansour Hadi)ကို ဆန့်ကျင်ရင်း အောင်မြင်လာပြီးနောက် ၂၀၁၄ ခုနှစ်အတွင်း ယီမင်မှာ နိုင်ငံရေး အင်အား ခိုင်မာလာ ခဲ့တယ်လို့ ဆိုတယ်။ ဟူသီအဖွဲ့ဟာ ရန်သူ ဟောင်း သမ္မတဟောင်း ‘အလီ အက်ဘ်ဒူလာ ဆာလေး’ နဲ့ သဘော တူညီချက် ရရှိပြီးနောက် ‘ဆာလေး’ ကို အာဏာပြန်ပေးဖို့ ‘ဟူသီ’ တွေက ရည်ရွယ်ခဲ့ကြတယ်လို့ ဆိုတယ်။ ဟူသီအဖွဲ့ဟာ ၂၀၁၅ ခုနှစ် အစောပိုင်းမှာ ယီမင်နိုင်ငံမြောက်ပိုင်းရှိ ဆာဒါး ပြည်နယ်ကို ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီး မြို့တော် ‘ဆာနား’ ကိုလည်း သိမ်းပိုက် ခဲ့တယ်။ ဒါကြောင့် သမ္မတ ‘ရာဘူ မန်ဆော ဟာဒီ’ လည်း ပြည်ပကို ထွက်ပြေးခဲ့ရ တယ်။

ဟူသီတွေဟာ လက်ဘနွန်နိုင်ငံက ရှီယာ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘ဟစ်ဇ်ဘိုလာ’ကို စံနမူနာ ယူပြီး သူတို့ အဖွဲ့ကို သူတို့ ထူထောင် ခဲ့တယ်လို့ ဆိုတယ်။ ‘ဟစ်ဇ်ဘိုလာ’အဖွဲ့ဟာ ဟူသီတွေကို ၂၀၁၄ ခုနှစ်လောက် ကတည်းက စစ်ဘက် ရေးရာ သင်တန်းပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရင်း ကူညီ ထောက်ပံ့ နေတယ်လို့ United States Military Academy (USMA) ရဲ့ ဌာနတစ်ခုဖြစ်တဲ့ အမေရိကန် သုတေသန အင်စတီကျု အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ (Combating Terrorism Center) က လေ့လာ တွေ့ရှိထား တယ်လို့ ဆိုတယ်။

ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျ နိုင်ငံက သူတို့ရဲ့ ဘုံရန်သူဖြစ်တာကြောင့် အီရန်ကို မဟာမိတ် အဖြစ် မှတ်ယူ ထားကြောင်း သိရတယ်။ ဒါကြောင့် အီရန်ဟာ ဟူသီ သူပုန်တွေကို လက်နက်ခဲယမ်း ထောက်ပံ့နေတယ်လို့ သံသယ ဝင်ခံ ထားရပါတယ်။ ဆော်ဒီမြို့တော် ‘ရီယဒ်’ ကို ဟူသီအဖွဲ့က အီရန်က ထောက်ပံ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အမေရိကန်နဲ့ ဆော်ဒီအာရေဗျက အီရန်ဒုံးတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုတယ်။

စပယ်ပန်းကုံး ဆွဲထားသည့် ဟူသီ စစ်သည်တစ်ဦး ဆာနာမြို့ ယီမင်နိုင်ငံတွင် ပါလက်စတိုင်းများနှင့် တစ်သားတည်း ရှိကြောင်း အင်အားပြနေစဥ်  (Source: Foreign Policy)

၂၀၁၉ ခုနှစ်က ဆော်ဒီရဲ့ ရေနံတူးစင်တွေကို တိုက်ခိုက်ဖို့ ‘ဟူသီအဖွဲ့’က အသုံးပြုခဲ့တဲ့ ဒရုန်းတွေ နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်က ထောက်ပံ့မှုအတွက် ပြစ်တင်ရှုတ်ချကြောင်း ဘီဘီစီသတင်းကဖော်ပြ ခဲ့တယ်။ ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျ နိုင်ငံ ထဲကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ထောင်ချီ ပစ်ခတ်ခဲ့ ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံထဲက ပစ်မှတ်တွေ ကိုလည်း တိုက်ခိုက်ခဲ့ဖူးကြောင်း သိရတယ်။ အီရန်က ဟူသီတွေကို ဒုံးလက်နက်တွေ ထောက်ပံ့တာဟာ ကုလသမဂ္ဂရဲ့ လက်နက် ဆိုင်ရာ ပိတ်ပင်မှုကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပေမယ့် အီရန်ကတော့ စွဲဆိုချက်တွေကို ငြင်းဆိုခဲ့တယ်။

အစ္စရေးအရာရှိတွေရဲ့ အဆိုအရ ဟူသီ ကာကွယ်ရေးဝန်ကြီး ‘မိုဟာမက် အယ်လ် အတီဖီ’ (Mohamed al-Atifi) နဲ့ ကာကွယ်ရေးဦးစီးချုပ် ‘မူဟာမက် အက်ဘ်ဒူ အယ်လ် ကရင်မ် ဂါမာရီ’ (Muhammad Abd Al-Karim al-Ghamari)တို့လည်း လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့ကြတယ် လို့ ဆိုတယ်။

ဩဂုတ် ၂၈ ရက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုဟာ ဟူသီအဖွဲ့ရဲ့ ခေါင်းဆောင် ‘အဗ္ဗဒူ မာလစ်ခ် အယ်လ်-ဟူသီ’ က သူပုန်အဖွဲ့ပိုင် ရုပ်မြင်သံကြားက တစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ မိန့်ခွန်းမှာ ‘အဗ္ဗဒူ မာလစ်ခ် အယ်လ်-ဟူသီ’ က ဂါဇာမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပြောကြားခဲ့တာဖြစ်ပြီး ဟားမက်စ်အဖွဲ့ပိုင် နယ်မြေ အတွင်း အစ္စရေးရဲ့ လုပ်ရပ်များအပေါ် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့တယ်။ ဟူသီအရာရှိတွေဟာ ကြိုတင်ပြီး ရိုက်ကူးထားတဲ့ အယ်လ်-ဟူသီရဲ့ မိန့်ခွန်းတွေကို ရံဖန်ရံခါ စုဝေးနားထောင်လေ့ရှိကြောင်း သိရတယ်။

အယ်လ်-ရာဟာဝီ ဟာ ယီမင်တောင်ပိုင်း အေဗြန် (Abyan) ပြည်နယ်က ဖြစ်တယ်။ ၂၀၁၇ ခုနှစ် က လုပ်ကြံခံခဲ့ရတဲ့ ယီမင်သမ္မတဟောင်း ‘အဗ္ဗဒူလာဆာလေး’ ရဲ့ မဟာမိတ်ဖြစ်တယ်။ ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ဟူသီသူပုန်အဖွဲ့က မြို့တော်ဆာနား နိုင်ငံမြောက်ပိုင်းနဲ့  အလယ်ပိုင်းဒေသ အများအပြားကို သိမ်းပိုက်ခဲ့တယ်။ ဒီနောက် ‘အယ်လ်-ရာဟာဝီ’ က ဟူသီအဖွဲ့နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ ၂၀၂၄ ဩဂုတ်လမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ဆိုတယ်။

အစ္စရေးနိုင်ငံနဲ့ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဟူသီအဖွဲ့က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်-အစ္စရေးတို့က လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့တယ်လို့ ဆိုတယ်။ အဲဒီနောက်ပိုင်း ‘အယ်လ်-ရာဟာဝီ’ သတ်ဖြတ် ခံခဲ့ရပြီး အဆင့်အမြင့်ဆုံး ဟူသီခေါင်းဆောင်သေဆုံးခဲ့ရမှု ဖြစ်တယ်။ ဟူသီအဖွဲ့ဟာ ဂါဇာကမ်းမြောင် ဒေသအတွင်း အစ္စရေး-ဟားမက်စ် စစ်ပွဲကို တုံ့ပြန်တဲ့သဘောနဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်။ ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက်  သင်္ဘောတွေကို ပစ်ခတ် တိုက်ခိုက်တာဖြစ်တယ်လို့ဆိုတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၃-၂၀၂၄ နှစ်တွေအတွင်း အစ္စရေးတို့ တိုက်ခိုက်မှု ကြောင့် နှစ်စဉ် ဒေါ်လာ တစ်ထရီလီယံဖိုးခန့် ပင်လယ်နီအတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ထိခိုက် နစ်နာခဲ့တယ်လို့ ဆိုတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု နဲ့ အစ္စရေး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‘အီယယ် ဇမီယာ’ (Eyal Zamir) တို့နဲ့အတူ ကာကွယ်ရေးဝန်ကြီး ‘အစ္စရယ် ကတ်ဇ်’ (Israel Katz) က ဟူသီတွေအနေနဲ့ အစ္စရေးနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ရလဒ် တွေကို သိရှိထားပြီးဖြစ်ပါတယ်လို့ ပြောကြားထားတယ်။

ယီမင်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဟူသီတွေကို ကျွန်တော်တို့ သတိပေးထားတာရှိပါတယ်။ အမှောင် ခေတ်ဆိုးကြီး ကျရောက် ပြီးရင် ပထမဆုံး အသစ် ဖြစ်ထွန်းမှု ပေါ်ထွန်းရ စမြဲ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အစ္စရေးနိုင်ငံကို ဆန့်ကျင် တိုက်ခိုက်ဖို့ ရှေ့ထွက် လာတဲ့ လက်ဆိုရင် ဘယ်သူ့လက်ပဲ ဖြစ်ဖြစ်  ကျွန်တော်တို့ အနေနဲ့ ဖြတ်တောက်ပစ်မှာဖြစ်တယ်လို့ သတိပေး လိုက်ပါတယ်” လို့ အစ္စရေး ကာကွယ် ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) က ပြောကြားခဲ့တယ်။

ဟူသီသူပုန် အစိုးရရဲ့ မြို့တော်ဆာနားမှာ အခြေစိုက်တဲ့ စစ်ရေးပစ်မှတ်တွေကို ဩဂုတ် ၂၈ ရက်က လေကြောင်း တိုက်ခိုက် ချေမှုန်းခဲ့တာ မှန်ကန်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အတည်ပြုခဲ့ကြောင်း သိရတယ်။ တီဟီရန်က ကျောထောက် နောက်ခံပေးထားတဲ့ ဟူသီအဖွဲ့ဟာ အီရန်အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရယူပြီး  အစ္စရေးနိုင်ငံနဲ့ မဟာမိတ်တွေကို အန္တရာယ်ပြု ဆန့်ကျင်တိုက်ခိုက်နေကြတယ်လို့ အစ္စရေး ကာကွယ် ရေးဝန်ကြီးဆိုတယ်။ ဒီလို တိုက်ခိုက်မှု လုပ်ရပ်တွေကြောင့် အရှေ့ အလယ်ပိုင်း ဒေသ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရုံမက နိုင်ငံတကာ ‌ရေကြောင်း သွားလာမှု ခရီးစဉ်တွေရဲ့ လွတ်လပ်ခွင့်ကိုပါ ထိခိုက်ပျက်ပြားမှုဖြစ်စေတယ်လို့ လည်း သတိပေးပြောကြားထားတာတွေ့ရတယ်။

References –

  1. Israeli airstrike kills Houthi prime minister in Yemen, rebels say, Associated Press 31 August 2025, The Guardian.
  2. ဟူသီဆိုတာ ဘယ်သူတွေလဲ၊ ပင်လယ်နီမှာ သင်္ဘောတွေကို ဘာကြောင့်ပစ်ခတ်တာလဲ BBC Burmese.
  3. Yemen, Wikipedia, the free encyclopaedia
Click to rate this post!
[Total: 0 Average: 0]