စင်္ကာပူနိုင်ငံက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့နိုင်ငံတွေကို စော်ကားလိုက်တယ်လို့ မြင်ပါတယ်
ငယ်ငယ်တုန်းက ကျောင်းက ကစားကွင်းကို အတန်းထဲက အနိုင် ဗိုလ်ကျလေ့ရှိတဲ့ ကျောင်းသားတစ်စုက အုပ်စီး ထားတယ် ဆိုပါတော့။ လိမ္မာပြီး စည်းကမ်းတကျ နေတတ်တဲ့ ကျောင်းသားလေးတွေ ဘာလုပ်ကြမယ် ထင်ပါလဲ။ ဒီလို အကျပ်အတည်းမျိုး ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းမှာ ဖြစ်နေပါပြီ။ ဒီနှစ် ဇန်နဝါရီလမှာ သမ္မတအဖြစ် နောက်တစ်ဖန် ပြန်ရောက်လာတဲ့ ဒေါ်နယ်ထရမ့် တစ်ယောက်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေကို အစွန်းရောက် အာဏာရှင်ဆန်ဆန် ဖိနှိပ် ဆက်ဆံလာပါတယ်။ ဒီ အပြုအမူ မျိုးဟာ သူရဲ့ အရင် သမ္မတသက်တမ်းတုန်းကနဲ့ မတူတဲ့ လုပ်ရပ်တစ်ခုပါ။ အဲဒီတုန်းကတော့ အစိုးရ အာဏာပိုင်တွေက ကမ္ဘာ့ နိုင်ငံတွေကို ထိန်းချုပ်နိုင်ဖို့ စည်းကမ်းတွေ ပိုတင်းကျပ်ဖို့ ဟန်တပြင်ပြင်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံတွေက အမေရိကန်ကို ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်လို့ ထရမ့်ရဲ့ အနီးတစ်ဝိုက်က လူတွေက စွပ်စွဲကြတယ်။ သူတို့က အမေရိကန် နိုင်ငံကို အခြေခံ ကနေ ပြန်ပြုပြင် ဖို့လိုတယ်။ ဒါမှသာ အမေရိကန်လူမျိုးတွေရဲ့ အလုပ်တွေ၊ နည်းပညာတွေကို ကမ္ဘာ့ ကုန်သွယ်ရေး ဆိုင်ရာ ဥပဒေတွေကို ခုတုံး လုပ်ပြီး ခိုးယူနေတဲ့ နိုင်ငံ (ဥပမာ တရုတ်လို) တွေ ရဲ့ ရန်က ကာကွယ်ဖို့ လိုတယ်လို့ အကြောင်းပြ ကြတယ်။
အခု ထရမ့်ရဲ့ ဒုတိယအကြိမ် သက်တမ်းမှာတော့ ဘယ်လို ပြစ်ဒဏ်တွေ ပေးမလဲဆိုတာပါ ထွက်လာပြီ။ စိတ်ကူး ပေါက်ရာ အတိုင်း လုပ်မယ့် သမ္မတကလည်း အဆင်သင့်ပဲ။ ဘယ်နိုင်ငံမှ အမေရိကန် ရဲ့ သွင်းကုန်ခွန် အသစ်နဲ့ မလွတ်ပါဘူး။ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အသာစီး ရတဲ့ နိုင်ငံတွေ တောင်မှ မလွတ်ဘူး။ အသာစီးရတယ်ဆိုတာ အဲဒီနိုင်ငံတွေရဲ့ ပို့ကုန်က နည်းပြီး အမေရိကန်ကနေ ဝယ်နေတဲ့ ပစ္စည်းတွေ ပိုများတာကို ပြောတာပါ။ ဒီလုပ်ရပ်က နိုင်ငံတော်တော်များများအတွက် လက်ကို လှန်ချိုးပြီး အပြစ်ပေးထားသလို ခံရခက် လှပါတယ်။ အထူးသဖြင့် နိုင်ငံခြား တိုင်းပြည် တစ်ပြည်မှာ ရင်းနှီးမြှုတ်နှံမှု စီးပွားရေး လုပ်ရတာလွယ်အောင် လုပ်ပေးထားတဲ့ လုပ်နိုင်ကိုင်နိုင် တိုးတက်တဲ့ နိုင်ငံတွေအတွက် အထိနာသွား စေပါတယ်။ ဒီလို လိမ္မာပြီး စည်းကမ်းတကျ နေတတ်တဲ့ ကျောင်းသားလေးတွေလို ဥပမာပေးရတဲ့ မာရစ်တို ကရေစီ (Meritocracy) နိုင်ငံတွေဟာ ၂၀ ရာစုနှစ် နောက်ပိုင်း ကမ္ဘာ့အလယ်မှာ ဝင်ရောက်လာကြပြီး အကျွမ်းတဝင် ဖြစ်လာကြပါတယ်။ (မာရစ်တို ကရေစီဆိုတာ ကျွမ်းကျင်လိမ္မာသူတွေ၊ ထုတ်လုပ်မှုအား ကောင်းသူတွေ၊ အလုပ်ကြိုးစားသူတွေ၊ ပညာတတ်တွေကို ရှေ့တန်းတင်ကာ အုပ်ချုပ်သူများကလည်း ထို့နည်းလည်းကောင်း စွမ်းဆောင်ရည် မြင့်မားသူများ နဲ့ ဖွဲ့စည်းထားတဲ့ စနစ်တစ်ရပ်ကို ဆိုလိုတာပါ။ စာရေးသူ) ကြိုးစားအားထုတ်မှု အပြည့်နဲ့၊ ထက်မြက်တဲ့ လုပ်ရည်ကိုင်ရည်တွေ နဲ့အတူ အသိဉာဏ်နဲ့ ယှဥ်တဲ့ စီမံကိန်းတွေ ကနေ တစ်ဆင့် တိုးတက်မြင့်မားတဲ့ နိုင်ငံတစ်ခုတည်ဆောက်ဖို့ ကြိုးစားရင်း ကမ္ဘာ့ စီးပွားရေး မျက်နှာစာမှာ သူတို့ရဲ့ အကျိုး စီးပွားတွေ ကို ရအောင် ယူတတ်ကြတယ်။ အခုတော့ ဒီလိုကြိုးစားခဲ့ကြတဲ့ အစိုးရတွေ နားလည် လိုက်တာက လုပ်နေ ကိုင်နေကျ ကမ္ဘာ့ စီးပွားရေး ပုံစံတစ်ခု ပျောက်သွားပြီ။ မရှိတော့ဘူး။ အဲဒီနေရာမှာ အလုပ်မဖြစ် တစ်ပိုင်းတစ်စစီ ဖြစ်နေတဲ့ ကမ္ဘာ့ စီးပွားရေး စနစ် ပုံစံတစ်ခု အစား ဝင်လာပါတယ်။ ဝင်လာတဲ့ စနစ်သစ်မှာ နိုင်ငံရေးအရ ဆုံးဖြတ်လိုက်တဲ့ အကောက်ခွန် စနစ်တွေ ပထဝီ နိုင်ငံရေး အရ ပြိုင်ဘက်တွေကို အပြစ်ပေးတာတွေအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်စည် စီးဆင်းမှုတွေ ဖြစ်လာပါတယ်။ နောက်တစ်မျိုး အလွယ်ခေါ်ရရင် “ထရမ့်ရဲ့ စိတ်အခြေခံကို မူတည်နေတဲ့ ကမ္ဘာ့စီးပွားရေး” ပေါ့။
စည်းကမ်းကြီးတဲ့ ဖခင်က ထိန်းကျောင်းပေးခဲ့သလို စနစ်ကျတဲ့ စင်္ကာပူကျွန်း နိုင်ငံလေးဟာ အပတ်တကုတ် ကြိုးစား၊ စေ့စေ့စပ်စပ် စဥ်းစား တွေးခေါ်ပြီး လူမှုကျင့်ဝတ် တွေပါ မကျန်အောင် အချိန်ယူ သင်ကြားပေးခဲ့လို့ ဆင်းရဲတွင်း နက်နက် ထဲကနေ ကမ္ဘာ့အချမ်းသာဆုံးတစ်နိုင်ငံ ဖြစ်လာခဲ့ တာပါ။ တက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်း လိုင်းကောင်းကောင်း ရအောင် စနစ်တကျနဲ့ ပုံသွင်းပေးနိုင်တဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း အကြီးစားလို့ အမွှမ်းတင်ရင်တောင် မလွန်ဘူးလို့ ထင်ပါတယ်။ မကြာသေးခင်က ဒီနိုင်ငံငယ်လေးမှာ စင်္ကာပူ စတိုင်နဲ့ ကျင်းပတဲ့ နိုင်ငံတည် နှစ် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ စင်္ကာပူရဲ့ ခေါင်းဆောင်နဲ့ ထင်ရှားသူတွေ ပြောကြားတဲ့ ကမ္ဘာ့ အခြေအနေ သုံးသပ်ချက် တွေကို လေ့လာ နားထောင် ကြည့်ကြရအောင်။ စင်္ကာပူက ပညာတတ် စီးပွားရေးသမားနဲ့ အုပ်ချုပ်သူ လူတစ်စုကတော့ စိတ်စောနေကြပြီး စိတ်ပျက်နေပုံလည်း ရပါတယ်။ သူတို့နိုင်ငံဟာ ပညာတတ်ပြီး အရည်အချင်းရှိရင် ရှိသလို အမြှောက်စား ခံရတဲ့ အခြေခံနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံ တစ်ခုပါ။ အနှစ် ၆၀ အတွင်းမှာ ဗွက်အိုင်တွေကို ရေစုပ်ထုတ်ပြီး စုတ်ပြတ်သတ်နေတဲ့ ရပ်ကွက်တွေကို ရှင်းလင်းကာ တဖိတ်ဖိတ် တောက်နေပြီး လူမျိုးဘာသာ မျိုးစုံကို အခြေခံတဲ့ ပြယုဂ်ဖြစ်တဲ့ မိုးမျှော်တိုက်တွေ၊ အစိုးရက သူ့လူတွေ နေထိုင်ဖို့ ဆောက်ပေး ထားတဲ့ အထပ်မြင့် အိမ်ရာတွေ၊ ကွန်တိန်နာများစွာကို ထိရောက်စွာ ကိုင်တွယ်ပေးနိုင်တဲ့ ဆိပ်ကမ်းကြီးတွေ၊ အဆင့်မြင့် နည်းပညာ ဆိုင်ရာ စက်မှုဇုန်ကြီးတွေအပြင် ကမ္ဘာပေါ်က ထိပ်တန်း တက္ကသိုလ်ကြီးတွေကနေ ဆင်းလာတဲ့ ပညာတတ်တွေ သင်ကြားပေးတဲ့ နာမည်ကျော်ကြားတဲ့ တက္ကသိုလ်တွေလည်း ရှိကြတယ်။ နည်းပညာတွေ စနစ်တွေ ခေတ်နောက်ကျ သွားပြီဆိုရင် ဒီနေရာတွေ အသုံးနည်းလာပြီဆိုရင် ဇီဝဆေးပညာဆိုင်ရာ အဆင့်မြင့် ဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ တာဘိုင် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ အစားထိုးနိုင်အောင် လုပ်ငန်းဟောင်း ပညာရှင်တွေကို နည်းပညာအသစ်တွေ သင်ကြား မွမ်းမံပေးတယ်။ ဘဏ္ဍာရေးနဲ့ ဝန်ဆောင်လုပ် လုပ်ငန်းတွေဟာလည်း ခေတ်မီ စက်မှုလုပ်ငန်းတွေလိုပဲ အရည်အချင်း ပြည့်ဝစွာနဲ့ ဆက်လက် ရှင်သန်နိုင်ကြတယ်။
ထရမ့် ပထမ သမ္မတ သက်တမ်းတုန်းက စင်္ကာပူက သူ့နိုင်ငံအတွက် အရေးပါတဲ့ မဟာမိတ် ကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ပေါ်ပေါက်လာတဲ့ တင်းမာမှု တွေကြောင့် နိုင်ငံရေးနဲ့ စီးပွားရေးဆိုပြီး ကွဲထွက်သွားတဲ့ ကမ္ဘာ့အခြေအနေကို စိုးရိမ် ပူပန်ခဲ့တယ်။ ဒီနေ့ စင်္ကာပူရဲ့ ခေါင်းဆောင်ပိုင်းက ထရမ့်ရဲ့ ဒုတိယ သက်တမ်းမှာ ဒီလိုကွဲထွက်မှုဟာ နည်းနည်း သက်သာရာ ရလာပြီလို့ မြင်ကြတယ်။ ဒါပေမဲ့လည်း အဲလို သက်သာသွားတဲ့ နေရာကို ဝင်ရောက်လာတာက ပထဝီနိုင်ငံရေး အုပ်စုကွဲမှု အကြီးကြီးဖြစ်နေတာ တွေ့လိုက်ကြတယ်။ ဒါကြောင့် သေးသေးမွှားမွှား ပေမယ့် မသတီစရာ ကောင်းတဲ့ ကိစ္စရပ်တွေဟာ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချဖို့ အနှောင့်အယှက် ပေးလာတတ်ကြတယ်။
အမေရိကန် သမ္မတက ပညာနဲ့ ယှဥ်ပြီး ကျိုးကြောင်းကျလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဂရုမစိုက်တော့ဘဲ ခင်ရာ ဆွေမျိုး လက်သင့်ရာ စားတော်ခေါ်တဲ့ စနစ်နဲ့ အစားထိုး ပစ်လိုက်တယ်။ သူ နားလည်တဲ့ ကမ္ဘာကြည့်ကြည့်တယ်ဆိုတာ နိုင်ငံတွေက သူ့ကို ဖော်လံဖားလုပ်ချင်တာနဲ့ ထရမ့်ကို ထောက်ခံမဲပေးခဲ့ကြတဲ့ ပြည်နယ်တွေမှာ ရှိတဲ့ စက်ရုံတွေကနေ ဘာဖြစ်ဖြစ် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဝယ်မယ်ဆိုတာကိုပဲ ပြောတာဖြစ်တယ်။ အချို့ နိုင်ငံတွေကလည်း သမ္မတရဲ့ မိသားစု အတွင်းလူ တစ်စုက တည်ထောင် ထားတဲ့ မရေရာ မသေချာတဲ့ ခရစ်တို ငွေကြေးတွေကို အာသာငန်းငန်းနဲ့ စိတ်ဝင်စားယောင် ပြနေကြတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကိုကြည့်မယ်ဆိုရင်လည်း နိုင်ငံတွေဟာ ဒေသတွင်း ကုန်သွယ်မှုကို မြှင့်တင်ရမယ့် အစား အမေရိကဆီကို သွင်းကုန်ခွန် နှုန်းသစ်ကို ပေးဆောင်ပြီး လုပ်ကိုင်ဖို့ ကြိုးစားနေကြတယ်။

သြဂုတ်လ ၁၇ ရက်နေ့က အမျိုးသားနေ့ အတွက် ပြောကြားတဲ့ စင်္ကာပူ ဝန်ကြီးချုပ် လောရင့်ဝေါင်းရဲ့ မိန့်ခွန်းမှာ စင်္ကာပူနိုင်ငံသားတွေ လှိုင်းထန် လေထန်လာမယ့် နေ့တွေကို ပြင်ဆင် ထားကြဖို့ သတိပေးသွားတယ်။ သူက “ဆယ်စုနှစ်နဲ့ ချီပြီး စင်္ကာပူနိုင်ငံဟာ အမေရိကန် ဦးဆောင်တဲ့ စည်းမျဥ်းအတိုင်း ဆောင်ရွက်ခဲ့တဲ့ ကမ္ဘာ့ အစဥ်အလာကနေ အကျိုးအမြတ်တွေ ရခဲ့တယ်။ ဒါဟာ အကောင်းဆုံးလား ဆိုတော့ မဟုတ်ပါဘူး။ သို့သော် ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကိုတော့ ဆောင်ကြဥ်း ပေးနိုင်ခဲ့တယ်။ နောက် ကျောသားရင်သား မခွဲခြားတဲ့ စည်းမျဥ်း စည်းကမ်းတွေဆိုတော့ တို့လို နိုင်ငံ သေးသေးလေး တွေတောင်မှ သူများနဲ့ တန်းတူ ယှဥ်ပြိုင်ခွင့် ရခဲ့တယ်” လို့ပြောသွားတယ်။ ဒီနေ့တော့ အမေရိကန်က ဒါတွေကို ပြန်ရုပ်သိမ်း သွားတဲ့ အပြင် နိုင်ငံအချင်းချင်း လေးစားလိုက်ဖို့ ထားရှိခဲ့တဲ့ ကတိ ကဝတ်တွေကို ဖြေလျှော့လိုက်ပြီ၊ အရင်ကရှိတဲ့ စည်းမျဥ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေကို မထီမဲ့မြင် လုပ်သွားခဲ့ပြီ။ နိုင်ငံတွေကို လမ်းကျဥ်းကျဥ်းလေးထဲမှာ ဦးသူ အစာရှာဖို့ မောင်းသွင်းသလို လုပ်နေတယ်လို့ ဖြည့်စွက် ပြောသွားခဲ့တယ်။
ဇူလိုင်လ နှောင်းပိုင်းတုန်းက ဝါရှင်တန်ကနေပြန်လာတဲ့ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ကုန်သွယ်ရေး ဝန်ကြီး လည်းဖြစ်တဲ့ ဂမ်ကင်ရောင်းက သူရောက်ရောက်ချင်း သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့တယ်။ အဲဒီမှာ စင်္ကာပူအတွက် သွင်းကုန် ၁၀ ရာခိုင်နှုန်းဟာာ ပုံသေပဲလား၊ နောင်မှာ ထပ် တက်သွားနိုင်သေးလားလို့ မေးလာတဲ့ မေးခွန်းကို အမေရိကန် တာဝန်ရှိသူတွေဘက်က “အာမခံချက် မပေးနိုင်ဘူး” လို့ ပြောကြောင်း သူက ဖြေပါတယ်။ နောက်ဆက်ပြီး စင်္ကာပူရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့ တစ်ပိုင်းလျှပ်ကူး (ချစ်ပ်) ပစ္စည်း နဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ အတွက် လည်း သွင်းကုန်ခွန် ပိုကောက်လာနိုင်မယ်လို့ ယူဆရတဲ့အတွက် “မသေချာ မရေရာတဲ့ ရှေ့ရေးကတော့ အသေအချာပဲ” လို့ မစ္စတာ ဂမ်က ဝန်ခံသွားတယ်။ ဂျပန်၊ ဥရောပ သမဂ္ဂနဲ့ အခြားနိုင်ငံတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်ဆီမှာ သွားလုပ်ကြဖို့ ကမ်းလှမ်း နေကြ တဲ့အတွက် စင်္ကာပူနိုင်ငံမှာ စီစဥ်ထားတဲ့အတိုင်း ဒီနိုင်ငံတွေက ငွေကြေးတွေ အရင်းအနှီး ပြုလာမှာလား အမေရိကန်ဆီကို လမ်းကြောင်းပြောင်းသွားမှာလား ဆိုတဲ့ အမေးကိုလည်း မစ္စတာ ဂမ် တစ်ယောက် တိတိပပ မဖြေနိုင်ခဲ့ပါဘူး။
စင်္ကာပူကတော့ ကမ္ဘာကို ရင်ပေါင်တန်းဖို့ လက်လျှော့သွားပုံတော့ မရသေးပါဘူး။ နှာတစ်ဖျား သာတယ် ဆိုတဲ့ နိယာမဟာ “လွယ်လွယ်နဲ့တော့ ပေါ်လာတာ မဟုတ်ပါဘူး” လို့ ဘဏ်အကြီး အကဲဟောင်း ရာဗီ မာနွန်က အဲဒီ သတင်းစာ ရှင်းလင်းပွဲ မှာပဲ ပြောပါတယ်။ “ရေလို တစ်ချိန်ကျရင်တော့ ထွက်ပေါက် ရှာတွေ့မှာပါ” လို့ သူက ဆက်ပြောတယ်။ မစ္စတာ မာနွန်က ဒီနေ့ ကမ္ဘာမှာ ဒီလိုဖြစ်လာတာတွေက နိုင်ငံတွေအနေနဲ့ သူတို့မှာရှိတဲ့ လူ့စွမ်းအား ရင်းမြစ်ဖြစ်တဲ့ လုပ်သားထုကြီးကို သွေးသစ်မလောင်း နည်းပညာအသစ်တွေနဲ့ ရင်းနှီးအောင် မလုပ်လို့ ဖြစ်ရတာလို့ မြင်ပါတယ်။ စင်္ကာပူကတော့ အမြော်အမြင် ကောင်းကောင်းနဲ့ ဒီမျိုး တောက်လျှောက် လုပ်ပေးခဲ့ပါတယ်။ ကမ္ဘာမှာဆို ဆွစ်ဇာလန်တို့ ဒိန်းမတ်တို့ ဆိုရင်လည်း ဒီလိုမျိုးတွေ လုပ်ကြတယ်။ တချို့က စင်္ကာပူက ပျင်းစရာကောင်းတယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့ “ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ပဲ၊ ရှေ့ဘာ ဖြစ်မယ် ဆိုတာကိုလည်း မှန်းဆနိုင်တယ်” လို့ ဝန်ကြီးချုပ် မစ္စတာ ဝေါင်းက ဆိုပါတယ်။ “ကျွန်တော်တို့ ကို ယုံကြည်လို့ရတယ် ဆိုတာဟာ တန်ဖိုးဖြတ်လို့မရတဲ့ ပိုင်ဆိုင်မှုပါ။ တချို့ဆို ဒါကို အသေအလဲ လိုချင်နေကြတာ” လို့ သူက ထပ်ပြောပါသေးတယ်။
စင်္ကာပူကတော့ သူဦးတည်နေတဲ့ လမ်းကြောင်းကနေ တစ်စွန်းတစ်စမှ ပြောင်းလိုပုံမရပါဘူး။ အစမှာပေးခဲ့တဲ့ ကျောင်း ကစားကွင်း ဥပမာကိုပဲ ပြန်ကြည့်ရအောင်။ အနိုင်ကျင့်တဲ့ သူတွေကိုလည်း ဘယ်သူမှ မချစ်ပါဘူး။ ဒီလိုပဲ လိမ္မာပြီး စည်းကမ်းတကျ နေကြတဲ့ ကျောင်းသားများဟာလည်း တသီးတခြား ဖြစ်နေတတ်ပါတယ်။ နိုင်ငံတွေအားလုံး စုစည်းပြီး လုပ်ဆောင်ကြမှသာ မစ္စတာ ထရမ့်ရဲ့ ကမ္ဘာအပေါ် ထင်တိုင်း ကြဲနေတာကနေ ကာကွယ်နိုင်မှာပါ။ အထင်ကရ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်နေတဲ့ တစ်ဦးချင်း အနေနဲ့ ဆိုရင်တော့ လွယ်ကူမယ် မထင်ပါ။
ကိုးကား – Was globalisation ever a meritocracy? The Economist Aug-25

