အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။

အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို ဆူဘီ ယန်တို’ (Prabowo Subianto) အစိုးရ တစ်နှစ်မပြည့်ခင်မှာ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ မူဝါဒရေးရာ လွဲမှားမှု တွေကြောင့် ထင်မှတ်မထားတဲ့ လူထုအုံကြွမှုတွေနဲ့ စတင်ရင်ဆိုင်နေရပြီဖြစ်တယ်။ ဒီပြဿနာကို လိမ္မာပါးနပ်မှုရှိရှိ ကိုင်တွယ် ဖြေရှင်း နိုင်ခြင်း မရှိရင် အလုပ်သမား လူတန်းစားတွေရဲ့ တော်လှန်ပုန်ကန်မှုတွေဆီ ဦးတည်သွားနိုင်ဖွယ်ရာရှိနေတယ် လို့ နိုင်ငံရေး အကဲခတ်တွေက ရှုမြင်နေကြတယ်။
ဆီအုန်းထုတ်လုပ်မှုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပြီး အင်ဒိုနီးရှားဟာ ကမ္ဘာ့ ဆီအုန်း အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်။ လက်ရှိအခြေအနေအရ စီးပွားရေးကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု မြင့်တက် လာနေသလို အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်လာဘ်စားမှုနှုန်းကလည်း မြင့်လာနေတယ်လို့ ဆန်းစစ်ချက်တွေက ဆိုတယ်။ ဒါကြောင့် အခုလတ်တလော ဖြစ်ပေါ်လာတဲ့ လူထုအုံကြွဆန္ဒပြပွဲတွေရဲ့ မူလအကြောင်းခံဟာ အဆိုပါအချက်တွေကြောင့် ဖြစ်တယ်လို့ ဝေဖန်သုံးသပ်ကြတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဩဂုတ်လ ၂၁ ရက်နေ့က ပြောင်းလဲ သတ်မှတ်လိုက်တဲ့ ပါလီမန်လွှတ်တော် အမတ်တွေရဲ့ လစာနဲ့ နေထိုင်မှုသက်သာချောင်ချိရေးအကျိုးခံစားခွင့် အပိုဆောင်း ငွေကြေးထောက်ပံ့မှု များပြားလွန်းတဲ့အပေါ် လူများစု ဆင်းရဲသား အလုပ်သမားလူတန်းစားတွေ မကျေမနပ်ဖြစ်ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ စတင်ခဲ့တာဖြစ်ကြောင်း သိရတယ်။ ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ အင်ဒိုနီးရှားလူထုအုံကြွဆန္ဒပြပွဲတွေဟာ တစ်နေ့တခြား ပြင်းထန်လာခဲ့တယ်။
ဩဂုတ် ၂၉ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း မာကာဆာမြို့ (Makassar) မြို့လယ်ရှိ အုပ်ချုပ်ရေး ကောင်စီ အဆောက်အအုံကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြောင်း အာဏာပိုင်တွေက ပြောတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ဖြစ်ပွားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဖြိုခွင်းရာမှာ ရဲကားက ဆိုင်ကယ်တက္ကစီသမားကို ဝင်တိုက်ခဲ့ တဲ့အတွက် လူသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆန္ဒပြသူတွေရဲ့ ဒေါသကို နှိုးဆွသလိုဖြစ်ပြီး ဆန္ဒပြပွဲတွေကျယ်ပြန့်ခဲ့တယ်လို့ ဆိုတယ်။
မာကာဆာမြို့ ဆန္ဒပြပွဲတွေဟာ မင်းမဲ့စရိုက်ဆန်ပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တယ်။ မြို့တော်အုပ်ချုပ်ရေး ကောင်စီ အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေကို ဆန္ဒပြသူတွေ မီးရှို့ရိုက်ခွဲတာ၊ လက်လုပ် ပုလင်းဗုံးတွေနဲ့ ပစ်သွင်း တိုက်ခိုက် တာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ လူသေဆုံးမှုလည်း ဖြစ်ခဲ့တယ်။ ဆန္ဒပြသူတွေက ရဲတွေကို ကျောက်ခဲတွေ၊ မီးရှူး မီးပန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားခဲ့တယ်လို့ ဆိုတယ်။
ပြောင်းလဲ သတ်မှတ်လိုက်တဲ့ လွှတ်တော်အမတ်တွေရဲ့ လစာအပြင် အပိုဆောင်း အကျိုးခံစားခွင့် ရူပီး သန်း ၁၀၀ ဟာ တစ်လကို အခြေခံလစာ ရူပီး သုံးသန်းဝန်းကျင်သာရှိတဲ့ သာမန်ပြည်သူတွေရဲ့ လစာထက် အဆများစွာ ပိုလွန်နေတဲ့ အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ရတယ်လို့ သတင်းတွေက ဆိုတယ်။ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ သြဂုတ်လ ၃၁ ရက်နေ့ စတင်ပြီး လူထုဆူပူအုံကြွမှုတွေ ဖြစ်ပွားလာခဲ့ပြီး ရဲတပ်ဖွဲ့အပေါ် အကြမ်းဖက် တိုက် ခိုက်မှုတွေ မြင့်တက် လာခဲ့တယ်လို့ နိုင်ငံ တကာသတင်းတွေမှာ ဖော်ပြထားတယ်။ သာမန်ပြည်သူတွေရဲ့ လုပ်ခ လစာငွေ အလွန်နိမ့်ကျ နည်းပါး နေချိန်မှာ ဥပဒေပြုလွှတ်တော်အမတ်တွေကို အထူးဘဏ္ဍာရေး ခံစားခွင့် အခွင့်အရေးတွေ ပေးနေခြင်းကို ပြန်လည်ရုပ်သိမ်း ပေးဖို့ မကြာသေးခင် သီတင်းပတ်တွေက စတင်ပြီး ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာခဲ့တယ်။
လူထုဆူပူအုံကြွမှုတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့ပေါင်း ၃၀ လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ အတွက် တစ်နိုင်ငံလုံးကို ကိုင်လှုပ်လိုက်သလို ဖြစ်ခဲ့တယ်လို့ဆိုတယ်။ အလုပ်သမားလူတန်းစားတွေ ခံစားနေရတဲ့ ဆင်းရဲ ကျပ်တည်းမှု အခြေအနေကို အစိုးရနဲ့ အထက်တန်းလွှာလူတန်းစားတွေက လျှော့တွက်ခဲ့ကြခြင်းကြောင့် အခုအခါ လူထုရဲ့ ထိန်းမရတဲ့ ဒေါသပေါက်ကွဲမှုနဲ့ ရင်ဆိုင်ကြရတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြတယ်။ ဒီ့အပြင် ရဲတပ်ဖွဲ့ရဲ့ ကြမ်းတမ်း တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေကြောင့် မင်းမဲ့စရိုက်ဆန်ဆန် ပြင်းပြင်းထန်ထန် ဆန္ဒပြ တောင်းဆိုမှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့တာတွေ့ရတယ်။
လူထုအုံကြွမှု အခြေအနေ မြင့်တက်လာမှုကြောင့် အင်ဒိုနီးရှားအာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်နေ့က လုံခြုံရေး တိုးမြှင့် လိုက်တယ်လို့ ဆိုတယ်။ စီးပွားရေးကျပ်တည်းမှုက အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာ စတင်ခဲ့ ကြပေမယ့် အသက် ၂၁ နှစ်အရွယ် ပစ္စည်းပို့ ဆိုင်ကယ်တက္ကစီသမား ‘အက်ဖန် ကူရ်နီယာဝမ်’(Affan Kurniawan)ကို အထူး စစ်ရဲတပ်ဖွဲ့ သံချပ်ကာယာဉ်က ဆန္ဒပြလူအုပ်ကို ရှင်းစဉ် တက်ကြိတ်မိလို့ သေဆုံးသွား ခဲ့တာကြောင့် အကြမ်းဖက်မှုဖြစ်လာတယ်လို့ ဆိုတယ်။ အဲဒီ ဖြစ်စဉ် ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်တက်လာခဲ့ပြီး နောက် သြဂုတ် ၂၈ ရက်နေ့ ညနေပိုင်းကစပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့ကြောင်း မီဒီယာသတင်းတွေက ဖော်ပြတယ်။
ဆန္ဒပြပွဲတွေဟာ မြို့တော် ဂျကာတာက စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အဓိကမြို့ကြီးတွေ ဖြစ်တဲ့ ဂျာဗားကျွန်း ရှိ ယော့ဂျာကာတာ၊ ဘန်ဒေါင်း၊ ဆီမာရမ်၊ ဆူရာဘာယာ နဲ့ မြောက်ဆူမားတြားရှိ မီဒန် မြို့တွေအထိ ကျယ်ပြန့်သွားခဲ့တယ်။ ဒီ ဆန္ဒပြပွဲတွေဟာ ‘သမ္မတ ပရာဘိုဝို’ အာဏာရလာပြီးနောက် အခြေအနေ အဆိုးဝါးဆုံးဆန္ဒပြပွဲတွေဖြစ်တယ်လို့ ဆိုတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေက နိုင်ငံအရှေ့ပိုင်း မာကာဆာမြို့ ရှိ ဒေသဆိုင်ရာ လွှတ်တော် အဆောက်အအုံကို မီးရှို့ခဲ့တဲ့အတွက် လူ သုံးဦး သေဆုံး ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှား အဓိကရုဏ်း ထိန်းသိမ်းရေး အေဂျင်စီက အစီရင်ခံခဲ့ကြောင်းသိရတယ်။ ဒီ ကိစ္စဟာ သက်တမ်းတစ်နှစ် မပြည့်သေးတဲ့ ‘သမ္မတ ပရာဘိုဝို ဆူဘီယန်တို’ အစိုးရအတွက် အဓိက စိန်ခေါ်မှု ဖြစ်လာတယ်။ အဆောက်အအုံမီးလောင်မှုမှာ လူတွေပိတ်မိနေရာက သေဆုံး ခဲ့ရတဲ့ အထိ ဖြစ်ရတယ်လို့ ‘အန်တာရာ’သတင်းအေဂျင်စီရဲ့ ပြောကြားချက်အရ သိရတယ်။
‘သမ္မတ ပရာဘိုဝို ဆူဘီယန်တို’ က “သြဂုတ် ၂၈ ရက်နေ့ လုံခြုံရေးတာဝန် ထမ်းဆောင်သူတွေရဲ့ အလွန်အကျွံ လုပ်ရပ်တွေကြောင့် တုန်လှုပ်ချောက်ချား စိတ်ပျက်စရာဖြစ်ရတယ်” လို့ ပြောကြောင်း သတင်းအချို့ မှာ ဖော်ပြထားတယ်။
လူထုအုံကြွဆန္ဒပြမှုတွေကြောင့် တရုတ်နိုင်ငံ မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း စစ်ရေးပြ အခမ်းအနားကို ‘သမ္မတ ပရာဘိုဝို’ တက်ရောက်ဖို့အစီအစဉ်ကို သြဂုတ် ၃၀ ရက်က ပယ်ဖျက်ခဲ့ရတယ်။ ဖိတ်ကြားချက်ကို မတက်ရောက် နိုင်ခဲ့တဲ့အတွက် တရုတ်အစိုးရကို တောင်းပန်ခဲ့တယ်လို့ ဆိုတယ်။ နိုင်ငံခြားရေးဝန်ကြီး ‘ဆူဂီယိုနို’ (Sugiono) က ‘သမ္မတ ပရာဘိုဝို’ ကိုယ်စား အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရတယ်။
‘သမ္မတ ပရာဘိုဝို’ က အခြေအနေကို စောင့်ကြည့်ပြီး အကောင်းဆုံး ဖြေရှင်းချက်ရရှိဖို့ ကြိုးစားနေကြောင်း သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ‘ဟာဒီ’ (Prasetyo Hadi) က သြဂုတ် ၃၀ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ဆိုတယ်။ စက်တင်ဘာလမှာ ပြုလုပ်မယ့် ‘ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေး’ ကိုလည်း တက်ရောက်နိုင်ဖွယ်မရှိကြောင်း ‘ဟာဒီ’ ကဆိုတယ်။
အင်ဒိုနီးရှားနိုင်ငံ အနှံ့ရှိ ကျွန်းစုတွေပေါ်မှာ စနေ/တနင်္ဂနွေနေ့တွေက ဆန္ဒပြသူတွေ ပြန်လည်စုရုံးနေကြတယ်လို့ သတင်းတွေမှာဖော်ပြထားတယ်။ ရာပေါင်းများစွာသော ကျောင်းသားတွေနဲ့ ဆိုင်ကယ်တက္ကစီသမားတွေဟာ ဘာလီကျွန်း ပေါ်ရှိ ရဲဌာနချုပ်ရှေ့မှာ ဆန္ဒပြနေကြတယ်လို့ ဆိုတယ်။ ဘာလီမြို့ဟာ ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက် လည်ပတ်လေ့ ရှိတဲ့ လူသိများတဲ့ နေရာဒေသဖြစ်တယ်။ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ‘ဆူရာဘာယာမြို့’က ကျောင်းသားတွေ ကလည်း အရှေ့ ဂျာဗား ရဲဌာနချုပ်ရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြသူတွေဟာ အစိုးရအုပ်ချုပ်ရေးမှူး ရုံးဝင်း ခြံစည်းရိုး တွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ အစိုးရ မော်တော်ယာဉ်တွေကို မီးရှို့ခဲ့ကြတယ်။
ဒါကြောင့် လုံခြုံရေးရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်။ မီးသတ်ရေပိုက်တွေနဲ့လည်း လူအုပ်ကို ဖြိုခွဲခဲ့တယ် လို့ဆိုတယ်။ ဆန္ဒပြသူတွေ ကလည်း လက်လုပ်ဗုံးတွေ တုတ်ချောင်း လက်နက်တွေ အသုံးပြုပြီး ရဲတွေကို ပြန်လည် တိုက်ခိုက် ခဲ့တယ်လို့ ဆိုတယ်။ အဲဒီလို အပြန်အလှန် တိုက်ခိုက်နေကြကြောင်း ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ TikTok မှာ ဖော်ပြ ခဲ့တယ်။ ဒါကြောင့် အာဏာပိုင် တွေက TikTok ကို ယာယီပိတ်ပင်ထားတယ်လို့ ဆိုတယ်။ အင်ဒိုနီးရှားမှာ TikTok အသုံးပြု သူ သန်း ၁၀၀ကျော် ရှိတယ်လို့ သိရပါတယ်။
မြို့တော် ဂျကာတာမှာရှိတဲ့ အထူး ရွေ့လျား ရဲတပ်မဟာ ဌာနချုပ်ရှေ့မှာလည်း သြဂုတ်လ ၂၉ ရက်နေ့က ဆန္ဒပြသူ ရာပေါင်းများစွာ ဆန္ဒပြနေကြတယ်။ အဲဒီ အထူးစစ်ရဲတပ်ဖွဲ့ ဟာ ဆိုင်ကယ်တက္ကစီသမား ‘အက်ဖန် ကူရ်နီယာဝမ်’(Affan Kurniawan) သေဆုံးခဲ့ရတဲ့ အမှုကိစ္စအတွက် အဓိက ပြစ်တင် ရှုတ်ချ ခံနေရတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သတင်းတွေအရ သိရတယ်။
“ဆန္ဒပြပွဲအတွင်း အမှားတွေ ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ လုံခြုံရေး အရာရှိတွေကို အမျိုးသား ရဲတပ်ဖွဲ့က ဌာနအတွင်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒီ စုံစမ်းစစ်ဆေးရေးအစီအစဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိ အများပြည်သူ မြင်သာထင်သာအောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော် မေတ္တာရပ်ခံ ညွှန်ကြား ထားပါတယ်” လို့ သမ္မတ ‘ပရာဘိုဝို ဆူဘီယန်တို’ က သြဂုတ် ၃၁ ရက်နေ့က မာဒေးကားနန်းတော် မှာ ပြောကြားခဲ့ကြောင်း ‘အန်တာရာ’သတင်းမှာ ဖော်ပြခဲ့တယ်။

တာဝန်ရှိတဲ့ လုံခြုံရေးအရာရှိတွေအနေနဲ့ ဥပဒေဘောင်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့ကြောင်း သက်သေ ခိုင်လုံခဲ့ရင် တရား ဥပဒေ ထိန်းသိမ်းရေးအဖွဲ့က အရေးယူသင့်သူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းဖို့ သမ္မတ ‘ပရာဘိုဝို’ က အမိန့်ပေး ထားတယ်လို့ ဆိုတယ်။ လတ်တလောမှာ ဂျကာတာအခြေစိုက် အထူးစစ်ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးဟာ အမှုနဲ့ပတ်သက်လို့ စစ်ဆေးခံနေရတယ်လို့ ဆိုတယ်။
သို့တိုင်အောင် ဂျကာတာမြို့လယ်ကောင် ‘ကွစ်တန်း’မြို့နယ်မှာ ရှိတဲ့ ရဲဌာနချုပ်ကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီးနောက် အနီးရှိ ငါးထပ်တိုက် အဆောက်အအုံကို ဆန္ဒပြသူတွေက မီးရှို့ခဲ့တယ်လို့ဆိုတယ်။ သြဂုတ် ၂၉ ရက်နေ့ မိုး သဲသဲ မဲမဲ ရွာနေတဲ့ ကြားမှာ ဆက်လက် ဆန္ဒပြနေခဲ့ ကြတာဖြစ်တယ်။ သြဂုတ် ၃၀ သတင်းတွေအရ မီးလောင်မှုကြောင့် လူ သုံးယောက်သေ တယ်လို့သိရတယ်။ ၂၀၂၄ အောက်တိုဘာလမှာ အာဏာရယူခဲ့တဲ့ သမ္မတ ‘ပရာဘိုဝို ဆူဘီယန်တို’ အစိုးရကို အကြီးအကျယ် စမ်းသပ် စိန်ခေါ်လိုက်တဲ့ လူထုစုရုံးဆန္ဒပြပွဲကြီးဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြတယ်။
ဒီနေရာမှာ ဘာကြောင့် လူထု စုရုံးဆန္ဒပြပွဲကြီး ဆက်လက်ဖြစ်ပွားနေရသလဲဆိုတာ သိဖို့လိုတယ်လို့ ဆိုတယ်။ ဆန္ဒပြ သူတွေက ဘယ် ကိစ္စတွေကို မကျေမနပ်ဖြစ်နေကြတာလဲ။ လူထုအုံကြွပေါက်ကွဲမှုဖြစ်စေတဲ့အချက်က လပေါင်း များစွာ ကြာနေ ပြီဖြစ်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ဘေးကျပ်နံကျပ်ဖြစ်နေမှု ကိစ္စအပေါ်မှာ အခြေခံတယ်လို့ ဆိုတယ်။
ပြဿနာအစက ပါလီမန်လွှတ်တော် အမတ် ၅၈၀ကို လစာငွေအပြင် အပိုဆောင်း နေထိုင်မှုသက်သာ ချောင်ချိ ရေးစရိတ်အဖြစ် တစ်ဦးကို ဒေါ်လာ ၃,၀၀၀ နဲ့ညီမျှတဲ့ ရူးပီးယားငွေ (သန်း ၅၀) ထောက်ပံ့ခဲ့တဲ့ ကိစ္စကြောင့် ဖြစ်တယ်။ အဲဒီ အပိုဆောင်းငွေ ထောက်ပံ့မှုကို ၂၀၂၄ ဘဏ္ဍာရေးနှစ်က ခွင့်ပြုခဲ့တာဖြစ်တယ်။ အဲဒီငွေ ပမာဏဟာ အင်ဒိုနီးရှားနိုင်ငံရှိ ဆင်းရဲတဲ့ ဒေသတွေက အနိမ့်ဆုံးလစာငွေရဲ့ အဆ(၂၀)နဲ့ ညီမျှတယ်လို့ ဆိုတယ်။ ဂျကာတာမြို့နေ အနိမ့်ဆုံးဝန်ထမ်းလစာငွေ (၁၀)ဆနဲ့ ညီမျှကြောင်း သိရတယ်။
လူဦးရေ သန်း ၂၈၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပါလီမန်အမတ်တွေနဲ့ ရဲအဖွဲ့ဝင်တွေဟာ လာဘ်စားမှုအများဆုံး ကျူးလွန်သူတွေလို့ ပြည်သူထူထုက စွပ်စွဲကြတယ်လို့ ဆိုတယ်။ လူထုစုရုံးဆန္ဒပြပွဲကြီးဖြစ်လာအောင် စည်းရုံးလှုံ့ဆော်သူ တွေထဲက တစ်ဦးဖြစ်တဲ့ ‘ဂေဂျယန် မေမန်ဂီလ်’ (Gejayan Memanggil)က ဆန္ဒပြပွဲရဲ့ အဓိကတောင်းဆိုချက်က ပါလီမန် လွှတ်တော်အမတ်တွေရဲ့ လစာငွေဖြတ်တောက်ရေးဖြစ်တယ်လို့ ပြောတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပါလီမန်အမတ်တွေဟာ ကိုယ်ကျင့်သီလ အပျက်ပြားဆုံး ရေပေါ်ဆီ လူတန်းစားဖြစ်တယ်လို့ ‘ဂေဂျယန် မေမန်ဂီလ်’ က ဆိုတယ်။
ဒီ့အပြင် တစ်ချိန်တည်းမှာ ဆန္ဒပြသူတွေက အခွန်ငွေကောက်ခံမှု နဲ့ ငွေကြေးဖောင်းပွမှုကြောင့် အများပြည်သူလူထုအဖို့ ဘဝ ရပ်တည်ရေး အလွန်ခက်ခဲနေရတယ်လို့ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲ စည်းရုံးလှုံ့ဆော်သူ ခေါင်းဆောင်တွေက ငွေကြေး ဖောင်းပွမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုနေကြ တယ်လို့ သိရတယ်။
သမ္မတ ‘ပရာဘိုဝို’ဟာ အရင်က အင်ဒိုနီးရှားစစ်တပ်က ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တယ်။ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးစဉ်က ကြွေးကြော်သံနဲ့ ကတိကဝတ်က နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ငါးနှစ်အတွင်း (၈)ရာခိုင်နှုန်း အထိ တိုးတက်အောင် လုပ်မယ်လို့ ပြောခဲ့ပြီး အာရှဒေသရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဆွဲဆောင်မှု အကောင်းဆုံး နိုင်ငံ ဖြစ်စေရမယ် စသဖြင့် ကတိပေးထားခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ အမြင်အရ သူ့ ကတိကဝတ် တွေက ဖြစ်နိုင်ခြေထက် လွန်ကဲနေတယ်လို့ သုံးသပ်ပြီး မယုံကြည်ကြဘူးလို့ ဆိုတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်ကောက်မူဝါဒ ပေါ်လာတဲ့အချိန်မှာ ‘ပရာဘိုဝို’ရဲ့ နိုင်ငံ စီးပွားရေးမူဝါဒ လုံးဝ ဖြစ်နိုင်ခြေမရှိတော့တာ သေချာ သွားတယ်လို့ ဆိုကြတယ်။ အင်ဒိုနီးရှားကုန်စည်တွေအပေါ် အမေရိကန်က အခွန် ၁၉ ရာခိုင်နှုန်းကောက်ဖို့ သတ်မှတ်လိုက်တယ်။ ဒါပေမဲ့ ဝါရှင်တန်အစိုးရက အင်ဒိုနီးရှားရဲ့ စားအုန်းဆီ၊ ကိုကိုးနဲ့ ရော်ဘာ ထုတ်ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ဆိုထားတယ်။ အင်ဒိုနီးရှားဟာ တရုတ်ပြီးရင် အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယအကြီးဆုံး သွင်းကုန်တင်ပို့ရာ နိုင်ငံဖြစ်ကြောင်း သိရတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက် အရ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ်အကြား အင်ဒိုနီးရှားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းဟာ ပျမ်းမျှ (၄ ဒသမ ၈) ရာခိုင်နှုန်းခန့်သာ ရှိမယ်လို့ဆိုတယ်။ ဒါဟာ ‘ပရာဘိုဝို’ ရဲ့ ကတိပေးချက်ရဲ့ ထက်ဝက်တောင် မရှိတာတွေ့ရတယ်။
သတိပြုသင့်တဲ့ အချက်က အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၀ ခုနှစ်က စပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့တယ်။ ဘက်မလိုက် နိုင်ငံများလှုပ်ရှားမှု အဖွဲ့ (NAM)နဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ကို တည်ထောင်ရာမှာ အင်ဒိုနီးရှားပါဝင်ခဲ့တယ်။ အာဆီယံအဖွဲ့ ထူထောင်စဉ်ကလည်း ပါဝင်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့မှာလည်း အင်ဒိုနီးရှား ပါဝင် လက်မှတ် ရေးထိုး ခဲ့တယ်။ အိုပက်အဖွဲ့ (OPEC)မှာလည်း အခါအားလျော်စွာ ပါဝင်လေ့ရှိတယ်။ အရေးကြီးတဲ့ အချက်က အင်ဒိုနီးရှား နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအနက် စီးပွားရေးအင်အား အကြီးဆုံး ဖြစ်တဲ့ အတွက် ဂျီ-၂၀ (G20) အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဒါကြောင့် အင်ဒိုနီးရှား နိုင်ငံအနေနဲ့ လက်ရှိနိုင်ငံရေး စီးပွားရေး မတည်မငြိမ် ဖြစ်နေတဲ့အခြေအနေကို ဒီမိုကရေစီနည်းကျ အမြန်ဆုံး ပြန်လည်တည့်မတ်နိုင်ဖို့လိုတယ်။ အင်ဒိုနီးရှား တည်ငြိမ်မှုဟာ အာဆီယံ ဒေသကြီး တစ်ခုလုံးအတွက် အရေးပါခြင်း ကြောင့်ဖြစ်တယ်။
‘ပရာဘိုဝို’ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရစဉ်က သူ့အနေနဲ့ “ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ တိုင်းပြည်ကို စီမံ အုပ်ချုပ်သွားမှာ ဖြစ်တယ်” လို့ကတိပေးခဲ့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ အရင် ဗိုလ်ချုပ်ကြီး ဟောင်းဖြစ်ခဲ့တဲ့ ‘သမ္မတ ပရာဘိုဝို’အနေနဲ့ သူအာဏာ ဆက်လက် ချုပ်ကိုင်နိုင်ဖို့ အတွက် အာဏာရှင် နည်းနာတွေ အသုံးပြု လာမယ့် အရေးကို အတိုက်အခံတွေ၊ လေ့လာစောင့်ကြည့်သူတွေက စိုးရိမ်နေကြတယ်လို့ ကြားနေရတယ်။
ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဟာ အရင် အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သမက်ဟောင်း ဖြစ်ပြီး ‘ဆူဟာတို’ စိုးမိုး တဲ့ အမှောင်ခေတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သူ၊ စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံရသူ ဖြစ်ခဲ့တယ်။ အခု အင်ဒိုနီးရှားနိုင်ငံရဲ့ ခေတ်သစ်ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်လာခဲ့တယ်။ ပရာဘိုဝိုရဲ့ ဆူဟာတိုခေတ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်နဲ့ ဩစတြေးလျက ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတယ်။ မကြာသေးခင်ကမှ ပြည်ဝင်ခွင့် ပိတ်ပင်မှု ပြန်ရုပ်သိမ်းပေးခဲ့တာ ဖြစ်တယ်။
အင်ဒိုနီးရှားနိုင်ငံ လက်ငင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေး စီးပွားရေး ပြဿနာ အခက်အခဲတွေကို ဒီမိုကရေစီနည်းကျ ပြန်လည်တည့်မတ်ဖြေရှင်းနိုင်ရေးဟာ ‘သမ္မတပရာဘိုဝို’ အပေါ် မူတည်နေတယ်။ ဆန္ဒပြပွဲတွေကြောင့် အင်ဒိုနီးရှား စတော့ ဈေးတွေ (၁ ဒသမ ၅) ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုတယ်။ ဒေါ်လာနဲ့ ရူးပီးယားငွေ လဲလှယ်နှုန်းမှာလည်း အင်ဒိုနီးရှားငွေ (၀ ဒသမ ၈) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွေဖော်ပြခဲ့တယ်။ သမ္မတ‘ပရာဘိုဝို’ က စီးပွားရေး ကျဆင်းရခြင်း အတွက် ပြည်သူလူထုကို နှစ်သိမ့်စကားတွေပြောခဲ့ပေမယ့် ဆက်လက် ကျဆင်းလာနေတဲ့ ငွေကြေးမတည် ငြိမ်မှုတွေ ကြောင့် ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို လက်တွေ့ကျကျ ဖြေရှင်းမရဘဲ ဖြစ်နေတယ်လို့ ဆိုတယ်။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကြောင့် အိမ်ရာထောက်ပံ့ကြေး ရူးပီးယာ သန်း ၅၀ (ဒေါ်လာ ၃,၀၀၀ ခန့်) အပါအဝင် လွှတ်တော်အမတ်တွေရဲ့ အကျိုးခံစားခွင့်တချို့ကို လျှော့ချဖို့ နိုင်ငံရေးပါတီတွေက သဘောတူလိုက်ပြီလို့ ဩဂုတ် ၃၁ ရက်က ကြေညာခဲ့ရတယ်။ လွှတ်တော်မူဝါဒ အများအပြားကိုလည်း ရုပ်သိမ်းသွားမယ့်အကြောင်း ပါလီမန်လွှတ်တော် ခေါင်းဆောင် တွေက ပြောခဲ့ကြောင်း ‘ပရာဘိုဝို’က ပြောကြားခဲ့တယ်လို့ သိရတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဘေဂျင်းမှာ သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၁ ရက် အထိ ကျင်းပနေတဲ့ “ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်း အမှတ်”အခမ်းအနား စစ်ရေးပြပွဲကို ပြည်တွင်းမငြိမ်သက်မှုကြောင့် ‘ပရာဘိုဝို’ မတက်ရောက် နိုင်ခဲ့ဘူးလို့သိရတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂ ရက်နေ့ညနေက ‘ပရာဘိုဝို’ဟာ အစိုးရအဖွဲ့အတွင်းရေးမှူး ဖြစ်သူ ‘တက်ဒီ အင်ဒရာ ဝိဇယ’(Teddy Indra Wijaya)နဲ့အတူ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ထွက်ခွာသွားတယ်လို့ ‘အန်တာရာ’သတင်းအရ သိရတယ်။
တရုတ်နိုင်ငံ တီယန်ကျင်း (Tianjin) မှာ ကျင်းပတဲ့ ရှန်ဟိုင်းထိပ်သီးအစည်းအဝေး (Shanghai Cooperation Organization (SCO) ကို ‘ပရာဘိုဝို’ မတက်ရောက်နိုင်ခဲ့ဘူး။ ဘေဂျင်းမှာ စစ်ရေးပြပွဲအခမ်းအနား တက်မယ်လို့ဆိုတယ်။ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေး မပျက်စေဖို့ တက်သုတ်ရိုက် မျက်နှာပြဖို့ သွားခဲ့တာလို့ ဆိုတယ်။ စက်တင်ဘာ ၃ ညနေမှာ ဂျကာတာကို ပြန်ရောက်တယ်လို့ သိရတယ်။
ဒီအခြေအနေကို ကြည့်ရင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ခဲ့တဲ့ ‘သမ္မတ ပရာဘိုဝို’ ဟာ အကျင့်ပျက်လာဘ်စားမှုတွေ ကြောင့် ဖြစ်ပေါ် လာတဲ့ ဆင်းရဲမွဲတေမှုပြဿနာ၊ ငွေကြေးဖောင်းပွမှုပြဿနာတွေကြားမှာ ပိတ်မိနေဆဲဖြစ်တယ်။ ဒါကြောင့် သူ့အနေနဲ့ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားးရေးအကျပ်အတည်းနဲ့ လူမှုရေးအကျပ်အတည်းတွေကို ဒီမိုကရေစီနည်းကျ ဖြေရှင်းဖို့ ကြိုးစားရမှာ ဖြစ်တယ်။ ဆန္ဒပြပွဲ ဦးဆောင်သူတွေနဲ့ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးမှသာ ပြည်သူလူထုရဲ့ ဒေါသကို ပြေလျော့ စေမှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။
အလုပ်သမားလူတန်းစားတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေကို ‘သမ္မတ ပရာဘိုဝို’ အနေနဲ့ လျှော့မတွက်ဘဲ လုပ်ခလစာ အချိုးညီအောင် ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ် ပြောဆိုမှုတွေ ရှိနေတယ်။ ‘ပရာဘိုဝို’ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရစဉ်က သူ့အနေနဲ့ “ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ တိုင်းပြည်ကို စီမံ အုပ်ချုပ် သွားမှာဖြစ်တယ်” လို့ ကတိပေးခဲ့တာကို မမေ့ဖို့လိုတယ်။
References:
(1) Prabowo calls for transparency in probe of Affan Kurniawan’s death, August 31, 2025, Antara News.
(2) Why are anti-government protests taking place in Indonesia? August 30, 2025, Al Jazira Staff.
(3) Indonesia’s president cancels China trip as protests continue, Reuters
(4) The many hot triggers of Indonesia’s working-class revolt -by-Paulus Panggabean, Sept 1, Asia Times.
(5) Indonesia tightens security after deadly protests, Jakarta (AFP), 1 Sept 2025, France 24
(6) Prabowo visits Beijing for military parade after delay over unrest, September 3, 2025 Antara News.
(7) Indonesia, From Wikipedia, the free encyclopedia

